Monday, October 15, 2012

ကျေးဇူး “သဘာဝ”


by Nyein Aye Eain on Monday, October 15, 2012 at 8:14am 


၁။ ကျွန်တော့်မှာ “သဘာဝ” မဂ္ဂဇင်းကို ကျေးဇူးစကားဆိုရမည့် တာဝန်ရှိလာပါသည်။
လွန်ခဲ့သော လေးငါးခြောက်လက ဖြစ်မည်ထင်သည်။ မန်းရဲဘော်ကြီးက ကျွန်တော့်ထံတွင် မဂ္ဂဇင်းသစ်တစ်ခုလုပ်ကြမည်ဖြစ်၍ စာမူပေးပါရန် တောင်းခံသည်။ (မည်သည့် မဂ္ဂဇင်း မည်သည့်အမည်ဖြင့် ထုတ်ကြမည်ကို ကျွန်တော်မသိသေး)။
ကျွန်တော်ချစ်သော ဆူးဆရာက စာမူလေးပေးလိုက်ပါလားဟု အကြံပြုသည်။ ကျွန်တော်ခင်မင်နေပြီဖြစ်သော ရဲဘော်ကြီးနှင့် ကျွန်တော်ချစ်ခင်သော ဆူးဆြာတို့ကို လွန်ဆန်ရန် မည်သည့်အကြောင်းမျှမရှိ။ ပျော်ပျော်ပါးပါး ပေးမည်ဟု ကတိပြုသည်။ သို့သော်။ သို့သော်။ ကျွန်တော့်မှာ ထိုထိုလား ဤဤလား မသိသေးသည့် မက်ကဇိန်၏ လမ်းကြောင်းကိုမသိ။ ထို့ကြောင့် ပေးရန်စာမူမရှိ။ ဓါတ်ပုံတွေလည်း ပါရမည်ဟုဆိုသောအခါ စိတ်ညစ်မိ၏။ ကိုယ့်ကိုယ်ကိုယ် ဓါတ်ပုံရိုက်တတ်သူဟု မထင်။ နိုင်ငံကျော်ဓါတ်ပုံဆြာများကြားတွင် ကျွန်တော့်ဓါတ်ပုံများအတွက် ရှက်နေမိ။ သို့နှင့်၊ ရေးဖြစ်ပြီးသော ဓါတ်ပုံပါ စာမူတစ်ခုရှိကြောင်း/ထိုစာမူသည် စိစိညက်ညက်ကျေအောင်ချေမွဖျက်ဆီးတတ်သော စာပေစိစစ်ရေးမှ ခွင့်မပြုသော စာမူဖြစ်ကြောင်း၊ ဖတ်ကြည့်ပြီး သုံးလို့ရပါက သုံးပါမည့်အကြောင်း ပြောကြား ပေးပို့ခဲ့သည်။ အချိန်သိပ်မဆိုင်းပဲ သုံးပါမည်ဟု (သူတို့အချင်းချင်းလည်း တိုင်ပင်ပြီးမှ ဖြေကြားကြသည်လား ကျွန်တော်မသိ) ပြောကြားလာသည်။ ကျွန်တော်လည်း ပျော်ပျော်ကြီးစိတ်ဖြင့် သုံးပါဟု ခွင့်ပြုခဲ့သည်။ သူတို့မက်ကဇိန် တော်တော်နှင့် ထွက်မလာ။ ကျွန်တော်လည်း မေ့မေ့ ပျောက်ပျောက်။ ကျွန်တော်တို့ စာပေါလောကတွင် ထွက်မည်ပြောပြီး မထွက်ဖြစ်သည်က အများကြီးမို့ ရွာ့ထုံးစံပင်ဖြစ်နေပြီ။
သို့နှင့် ပြီးခဲ့သည့်လက စာအုပ်ထွက်လာသည်။ ကျွန်တော့်နာမည်နှင့် စာမူအမည်ကို အဖုံးတွင် တင်ထားသည်။ အမှန်တော့ သူတို့ မကြံကောင်းမစည်ရာ လုပ်လိုက်ကြခြင်းဖြစ်သည်။ ကျွန်တော့်အတွက်တော့ အလွန်အကျူးချီးမြှင့်ခံခဲ့ရသည်ဟု ထင်မြင်မိသည်။ မနေတတ်။ အားနာနေမိ။ ရှက်နေမိသည်။
၂။ ထိုစာမူ ယခု “သဘာဝ”တွင် ပထမပိုင်းအဖြစ်ဖေါ်ပြခဲ့သည့် စာမူသည် “ညှို့ငင်တောင်”တွင် ပါဝင်သော အခန်းတစ်ခန်းသာဖြစ်သည်။ “ညှို့ငင်တောင်”ကို စိစစ်ရေးတင်သောအခါ ထိုတစ်ခန်းလုံးကိုဖြုတ်ပယ်ရန် အမိန့်ပေးခံခဲ့ရသည်။ “ညှိုငင်တောင်”စာအုပ်ကို ရေးသားဖြစ်စေသော စိတ်အခံသည် ထိုဆောင်းပါးသာဖြစ်သည်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခဲ့သူများနှင့် သွားခဲ့ရသော ခရီးတစ်ခုတွင် ကိုယ့်တိုင်းပြည်ကို ကိုယ်ကပေးလိုက်ရသည်လား၊ သူကပေး၍ ကိုယ်က ရယူပိုင်ဆိုင်ခွင့်ရှိခဲ့သည်လားဆိုသည်ကို ကွဲကွဲပြားပြား မသိသည့်၊ သူ့အမှားကိုဝန်မခဲပဲ သုပဲမှန်လေဟန်ဇွတ်ငြင်းခုန်နေတတ်သည့် လူကြီးမင်းများကိုတွေ့ရပြီးနောက် ထိုစာအုပ်ရေးဖြစ်ဖို့ စေ့ဆော်လာခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က တိုင်းပြည်အုပ်ချုပ်မင်းလုပ်ခဲ့သူလူကြီးများကို ချဉ်စိတ်ကြီးစွာဖြင့် အကျဉ်းကိုအကျယ်ဖြစ်အောင်ရေးပြီး စာအုပ်ထုတ်ရန်ကြိုးစားကာမှ ထိုဆောင်းပါးကို ပယ်ခဲ့သည်။အမှန်တော့ ဤဆောင်းပါး၏ အကျဉ်းစာမူသည် ပုံနှိပ်မူ သုံးကြိမ်ဖြစ်ပြီးသား စာမူဖြစ်သည်။ ထိုစာမူကို အကျယ်ချဲ့ရေးသောအခါ၊ ဘာမသိညာမသိ သဘာပတိများက ပယ်မိန့်ချသည်။ ကျွန်တော်သည်းခံနိုင်စွမ်းမျဉ်းကို သူတို့ကျော်ခဲ့ပြီ။ ကျွန်တော်သည် စာအုပ်ထုတ်ပြီး စာရေးဆရာဖြစ်ရန်လုံးပမ်းနေသည့် စာရေးဆရာရုးတစ်ယောက်မဟုတ်ခဲ့တာ ကိုယ့်ဖာသာကိုယ်သိသည်။ (စာပေလောကမှ လူတစ်ချို့က စာအုပ်မထုတ်ရလျှင် ရူးတော့မည့် လူတစ်ယောက်ဟု ထင်မြင်နေတာရှိကောင်းရှိနိုင်သည်)။ ထိုကြောင့် ယခုဆောင်းပါး မပါလျှင် စာအုပ်မထုတ်တော့ဟု ဆုံးဖြတ်နေထိုင်လိုက်သည်။ စာဖတ်သူများ “သဘာဝ”တွင် ပါနေသည့်ယခုဆောင်းပါးကိုဖတ်ပါ။ ဖြတ်သင့် ပယ်သင့်သလား။ ထိုစဉ်က မုချလိုက်နာကြရမည်ဟု သတ်မှတ်ထားသည့် ဒို့တာဝန်အရေးတွေရော ဦးတည်ချက်တွေကိုရော ဘယ်အချက်ဖြင့် ဖေါက်ဖျက်ထားသည်လဲဟု စေ့ငုကြည့်ကြစေချင်ပါသည်။ ထိုသို့ဖြင့် “ညှို့ငင်တောင်”သည် သားလျှောခဲ့သည်။
၃။ ယခုမူ ခေတ်လည်း တစ်စုံတရာပြောင်းခဲ့ပြီ။ ကြပ်မပြည့်သူ(ကျွန်တော်က စွပ်စွဲသော)တို့ပယ်ခဲ့သော ဆောင်းပါးလည်း ပုံနှိပ်မူ ဖြစ်ခဲ့ပြီ။ ထို့ကြောင့် ကျွန်တော်သည် “ညှိုငင်တောင်”ကို ပြန်ထုတ်ဝေရန်ဆုံးဖြတ်ခဲ့သည်။ အကယ်၍ “ညှို့ငင်တောင်”သာ မကြာမီလပိုင်းအတွင်း (ယခုနှစ်မကုန်မီအတွင်း) စာအုပ်ဖြစ်လာခဲ့မည်ဆိုလျှင် ပထမဆုံး ကျေးဇူးတင်ရမည်မှာ ကျွန်တော့်စာမူကို မြွေမကြောက်ကင်းမကြောက် ရွေးချယ်ဖေါ်ပြခဲ့သော “သဘာဝ”ကို ကျေးဇူးတင်တော့မည်ဖြစ်ပါသည်။
၎။ “သဘာဝ”အဖွဲ့သားအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ဤစာဖြင့် မှတ်တမ်းပြုပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...