Tuesday, October 9, 2012

အညွန့်ကျိုး၍ အဖူးကြွေ ...။ ( ပထမပိုင်း)


by ကိုဝိုင် ဝိုင်ကေ on Thursday, September 27, 2012 at 3:03pm ·


'' သံပြားရေ..........'
'"ဟာ... ဟေ့ကောင်တွေ.. "
"ငါ့ မေ ခေါ်နေပြိ.. " ဟု ပြောပြောပြေးပြေး ဖြင့် သံပြား တစ်ယောက် သောင်ပြင်ပေါ်မှ ပြေးသွားလေသည်။ ပြေးရင်း ရုတ်တရက် ရပ်လိုက်ပြီး သူ့ခေါင်းကိုကုတ်သည် ။ ထိုနောက် ဆက်လျှောက်သည်... မပြေးတော့... နှစ်လှမ်း သုံးလှမ်းအရောက် ရပ်လိုက်ပြန်သည် ။
 လက်ဝါးနှစ်ဖက်ကို ကြည့်လိုက်သည်... ထို့နောက် ပြုံးလိုက်ပြီး သူ၏ဆော့ကစားထား၍ မည်းသည်းနေသော ချေးထူလက်ဝါးနှစ်ဖက်ဖြင့် သူ၏ခေါင်းမှ ဆံပင်များကို စိတ်ရှိတိုင်း ဖွ ပစ်လိုက်သည်..။ ၃-၄ လ မညှပ်ရသေးသော ဆံပင်မှာ ဖွာလန်ကျဲကုန်သည်....။ထို့နောက် တချက်ပြုံးလိုက်ပြီး(သဘောကျစွာ).......
 " အမေရေ ............ လာပြီဗျို့ ........... "ဟု အော်ရင်းဆက်ပြေးလေတော့သည်။ 
သောင်ခုံစပ်အတက်နားက ဝါးဖောင်တွေ အနီး ကုန်းလေးတွင် ကွမ်းယာ၊ ဆေးလိပ်ရောင်းသော ဆိုင်ကလေးရှိသည်..။ အချဉ်ပေါင်း၊ နေကြာစေ့၊ မုန့်အနည်းငယ်ချိတ်ဆွဲထားသော ( သုခစံ)ဟုနာမည်ပေးထားသည့် ဆိုင်ကလေးရှိသည်။ ထိုဆိုင်လေးတွင် အသက်(၁၅)နှစ် သာသာ အရွယ်ကောင်မလေး က ဈေးဝယ်သူမရှိခိုက် မှန်ဝိုင်းကိုင်ပြီး တစ်ယောက်တည်း ပြုံးလိုက် မဲ့လိုက် သူ့ပါးလေးတွေကို လက်နှင့်ထောက်လိုက် တစ်ယောက်တည်း မူလိုက် နွဲ့လိုက် နှင့် လိုက်လုပ်နေသည်..။
" မမ အမေကော..."
" ဘယ်သိမလဲဟ.. ငါ့ဟာနဲ့ ငါ မအားဘူး ..."
" မှန်ကြည့်နေတဲ့သူကများ... တော်တော် အပျိုကြီး ဖြစ်ချင်နေ..."
" ဘာဖြစ်လဲ... ငါ ယောကျာင်္းရမှ လာမဖားနဲ့...ဟွန်း "
" ဝေးသေး.... ဝေးသေး.. ငါ ဒီနေ့ ဘယ်သွားရမယ် ပြောလဲ "
" သိဘူးလေ..ဟာ အော် နင့်ကို မှာစရာ ရှိတယ်ဟ.."
" ဘာလဲ... မမ"" တကယ်လို့ ဘူတာကြီးဘက်ဆိုရင် ... ဟိုလေဟာ..."
" ဘာလဲ.. ကိုကောင်း ကို ကြည့်ခဲ့စမ်းပါ ရှိရင် မမကမေးနေတ ယ် ဒါပဲ မဟုတ်လား..."
" နင်ကလဲဟာ.... သူက ဆိုင်ကယ် တက်စီ ဆိုတော့ ငါ ရောက်တဲ့ အခါ မတွေ့တတ်လို့ပါဟာ..."
" အင်းအင်း... ငါလဲ တွေ့ချင်ပါတယ်ဟ  အမ မျက်နှာနဲ့ လ္ဘက်ရည် သောက်ရတယ်ဟ... သဘောကောင်းတယ် .. ငါကတော့ သဘောတူတယ် ..ဟီးဟီး" 
" ကောင်စုတ်... ငါက ရိုးရိုးပြောနေတာဟဲ့ ... "(ဟုပြောရင်း ရှက်နေသည်)။
"သံပြားရေ...."
"ဟာ... အမေက အော်ပြန်ပြီ..ဘယ်ချောင်ကအော်မှန်းမသိဘူး.."
" ဝါးဖောင်ပေါ်မှာ နေမှာ  ကိုသံခဲ တို့ ရောက်နေတယ်လေ.."
" အော် ... ဒါကြောင့် အပြင်မှာ မတွေ့တာကိုး .."
" အင်း ..ဒါကြောင့် ငါက ဆိုင်မှာ လာထိုင်နေတာ အမေက ထိုင်ခိုင်းလို့.."
" အေး အဲလူကြီး ငါက ကြည့်ရတာမဟုတ်ဘူး... လူကို သား... သား  နဲ့ အမြင်ကပ်တာ..ဟာ.."
" သံပြား.. ဟဲ့ကောင်လေး ခေါ်နေတာ မကြားဘူးလား.. ဘယ်သွားသေနေပြန်လဲ.. မသိဘူး......................................"
" လာပြီ အမေရေ........" ။

(၂)

" ဟင်... သား အဲဒီဘက် မသွားချင်ဘူး အမေ.."
" ဟဲ့....  နင့် နေရာတွေက ထပ်နေပြီ ... နင်က ဘယ်ဘက်သွားချင်တာလဲပြော... "
" ဘူတာကြီးဘက် သွားမယ် အမေ.."
" ကိုသံခဲ ဘယ်နဲ့လဲ ရှင့်ကောင်လေးတွေ နဲ့ ဖြစ်မှာလား.."
" အာ... ရပါတယ်.. သံခဲ လာပို့ထားရင် ပွဲပြီးပါတယ်ဟ.. တခုပဲ အလုပ်မဖြစ်မှာစိုးတာ.."
 " အင့်ဟင်း ကျွန်တော် ပြည့်အောင် လုပ်ပါ့မယ် .. စိတ်ချပါ .. အသားအနာမခံပါဘူးဗျာ..."
" ကဲ မိဝင်း နင့်သားက အဲလောက် အာမခံ နေရင် လွတ်လိုက်ဟာ...၊  ဟေ့... လာမခေါ်ဖြစ်ရင် ကိုယ့်ဟာကိုယ် ပြန်ရမှာနော်.. မင်း ဟာ မင်း အဝေးကြီး သွားတာ.."
" ဟုတ်...." ။
သံပြား နည်းနည်းတော့ တွေသွားသည်။ ၄၁လမ်း+၈၄လမ်းက မြင်းလှည်းတွေ ဆိုက္ကားတွေ မှီဖို့ ဆိုရင် စောပြန်ရမည်..။ ဒါဆို ပိုက်ဆံ ၂၅၀၀ ပြည့်ဖို့က မလွယ်... ။ ပိုက်ဆံ ပြည့်အောင် နေလျှင် မမှီတော့ရင် ခြေလျင်ပြန်ရမည့် ခရီးက မစားသာပေ.. ခဏခဏ ရှိပြီ ဒီလိုပြန်ရတာ...။ နောက်နေ့ နေ့ခင်းလေး ကစားပင် မကစားနိုင်တော့ ...။ မတတ်နိုင်ဘူး ခုတခေါက်တော့ သွားလိုက်ဦးမယ်.. ။ လ္ဘက်ရည်ကို စတိုင်ကျကျ ထိုင်မသောက်ရတာကြာပြီ.. ။ ကိုကောင်း ဆီက စကားတွေ နားမထောင်ရတာ ကြာပြီ... ။ သူဆီက စကားတွေ ကြားရတာ အားတတ်စရာတွေများသည်... ။ မျှော်လင့်ချက်တွေ ရသည်။ သူ့ကြောင့် ဘဝတူသော်လည်း အခြားသူတွေ လို သံပြား မရိုင်းစိုင်း၊ မပေတေပဲ နေတတ်ခဲ့သည်..။ နောက်သူက ကြင်နာတတ်သည်.. ။ သူ့မှာ ငွေပိုရှိတဲ့နေ့ ပိုက်ဆံပင်ပေးလိုက်သေးသည်.. ။၂၀၀ (သို့) ၅၀၀ ဆိုတော့ ကျွန်တော် တွက်ကိန်း အတွက် လည်း မပူရတော့ပေ။

(၃)

ညနေ ၆ နာရီ ကျော်ကျော်တွင် ဘူတာကြီး အရှေ့ဘက် ၇၇ လမ်းဒေါင့်နားတွင် ကျွန်တော် ဆင်းနေခဲ့သည်။
ဆိုင်ကယ်ပေါ် ပါသော နောက် ၂ယောက်ကို တင်လျက် ကိုသံခဲ ဆက်မောင်းသွားသည်။ အဲဒီ ၂ ယောက် က အသားကင်ဆိုင်တွေ ဘက်ဖြစ်လိမ့်မည်။ ဒီကောင်တွေက ဘယ်တော့မှ သူတို့ သွားမယ့်နေရာမပြော..။ကျွန်တော် ယောင်ပေပေ နှင့် ဟိုသည်ကြည့်လိုက်သည် ၇၇ လမ်းအတိုင်း တောင်ဘက်က ထမင်းကြော်ဆိုင်၊ အရက်ဆိုင်တွေ ဘက် အရင်သွားရ မလား ၊ အနီးဆုံး က မန်းမြို့တော် ပေါက်စီ ဆိုင်ဘက် သွားရမလား...ဒါမှ မဟုတ် ကိုကောင်း ရှိတတ်တဲ့ ၇၈ ဒေါင့်က ပစိဖိတ် ဟိုတယ် ရှေ့ သွားရမလား.. နဲနဲ ခေါင်းခြောက်သွားသည်။အင်း လာတာကိုက ကိုကောင်းတွေ့ ချင်တာကိုပဲ အဲဒီသွားတာ ကောင်းတယ်ဟု တွေးကာ လျှောက်လာခဲ့သည်..။
" ဟာ.. ဟေ့ကောင်.. ဟေ့ကောင်..  " ဟု နောက်က ခေါ်သဖြင့်ကြည့်လိုက်တာ့ စိုးကြီး ဆိုသူကို တွေ့လိုက်သည်။
ဟူး ခက်ပြီ ဒီကောင်က တကယ်ရစ်တဲ့ကောင်...။
" ဘာတုန်း စိုးကြီး..."
" ဘာကွ... မင်းကများ ငါ့ကို စိုးကြီးလေး ဘာလေးနဲ့ မင်းထက်ကြီးတယ်ကွ.." 
(ကျွန်တော် ပြုံးလိုက်သည် တကယ်တမ်း သူလဲ ဘယ်နေ့ မွေးမှန်း မသိတဲ့သူ အချင်းချင်းရယ်၊ ခန္ဓာကိုယ်လေး ပိုထွားတာနဲ့ သူကပဲ လူကြီး ဖြစ်ချင်နေတယ်)
" အင်းပါဗျာ လွတ်ခနဲ ထွက်သွားလို့ပါဗျ .. ပြော ကိုစိုးကြီး.."
" ဟ.. မင်းကပြောရမှာ.. ဒီနေရာကို ဘာကြောင့် မင်းလာရတာလဲ .. စိုးကြီးတို့ ကျင်လည်ရာဆိုတာ မင်းမသိဘူးလား.. "
" ဟာဗျာ ခင်ဗျားကလည်း ဘဝတူတွေကို နယ်မြေတွေ လုပ်နေသေးတယ်ဗျာ မသိတဲ့သူတွေလည်း မဟုတ်ဘူး.."
" နိုးနိုး မဟုတ်သေးဘူးလေ သံပြားရ  ဘယ်ဘဝဖြစ်ဖြစ် အားနာ နေရင် သူများ နှိုက်စားတာခံနေရမှာပေါ့ကွ.... ပြော ခဏလာတာလား.."
" မဟုတ်ဘူးဗျ အလုပ် လုပ်မလို့လေ.. ကိုသံခဲ လိုက်ပို့တာ..."
" ဘာ... ဒီလူကြီးကွာ လုပ်ချပြန်ပြီ.. သေချာလားသံပြား.. "
" ဟ.. မင်း လိမ်ရဲတောင် ငါက ကိုသံခဲနာမည် သုံးရဲမလားကွ.."
" ကျွတ်..ခက်တာကွာ.. မင်း.. အလင်းနေမှာလား.."
" အာ.. မနေဘူး.. ပြည့်ရင် ပြန်မှာ.."
" အေး .. မင်းစကားနဲ့နော်.. ဒါပေမယ့် ၂၀၀ ပေးခဲ့ရမယ် ..ငါ မတွေ့ရင် တစ်ယောက်ယောက်ပေးခဲ့..."
" အင်းပါကွာ.." 
" အိုကေ .. ပြဿနာတွေ ပေးမထားခဲ့နဲ့နော်.. မိနှင်းကိုတွေ့ရင် တော့ ရှောင်... ဒါပဲ.."
" အင်းပါ..သူက လာပြီး ခေါ်ရင်ရော.."
" မကြားချင်ယောင် ဆောင်နေ.."
" ဟားဟား ကဲ.. ငါက မင်းကို ၂၀၀ လူကြုံပါးရင်ကော.."
" ကျွတ်.. မင်းနော်.. ကဲ သွားသွား..." မိနှင်းကိုများ သူက အူတိုနေသေးသည်...။
ညစ်ပတ်ပေတေနေတဲ့ မိနှင်းကို မြင်ယောင်ရင်. သူ့ကိုယ်သူ ငုံကြည့်လိုက်သည်..။ ဖုန်တွေ သဲတွေနဲ့ ခေါင်းစုတ်ဖွားကလည်း ယားလိုက်တာ.. ကုတ်လေ.. ဆံပင်တွေက ပွလေ..
အင်း  ငါဟာ... ခုချိန်မှာ ခြေသလုံး အိမ်တိုင်ပဲလေ ...။

ဓါတ်ပုံ-ကိုဝိုင်ဝိုင်ကေ

(၄)

" ကိုကောင်း.."
" ဟာ.. သံပြား ပျောက်လှချေလား.."
" အင်း .... ခုတောင် မနည်း တောင်းဆိုပြီးလာရတာဗျ.. ကိုကောင်း အားလား.."
" ဘာလဲ ... လ္ဘက်ရည်ဆိုင်ထိုင်ချင်ပြီ ပေါ့လေ.."
" ဒါပေါ့ဗျာ .. ဒီရောက်မှ ဒိလို လောက စည်းစိမ်လေး ခံစားရတာဗျ..."
" အိမ်မှာဆို သဲထဲဆော့မလား.. အဆဲထဲ ခေါက်ခံရမလား... ဘာမှ အသစ်မရဘူးလေ.. ခုတောင် အလုပ်လုပ်ချင်လို့ထက် ကိုကောင်း နဲ့ စကားပြောချင်လို့လာတာဗျ.." ။
" အင်း..လာကွာ  ရထားလဲ လိုပါသေးတယ်.. သွားမယ်.. " ဟု ဆိုကာ ဆိုင်ကယ်အပ်သည့် နောက်က လ္ဘက်ရည်ဆိုင်သို့  ခြေဦးပြင်လိုက်သည်...။
ကျွန်တော် တွန့်သွားသည်။
" ကိုကောင်း  အဲ ဆိုင် မထိုင်ရင် မရဘူးလားဗျာ.."
" ဟ ဒီမှာက ဘူတာထဲ ဆိုတော့ ဆိုင်ထိုင်ရင်း ခရီးသည် ရတတ်တယ်လေကွာ အလုပ်မပျက်ဘူးလေ... အခြားနေရာဆို ဆိုင်ကယ်တခြား လူတခြားကိုး ကွ .." 
" ဟုတ်တော့ ဟုတ်ပါတယ်ဗျာ... အဲထဲကျ ကျွန်တော်လို ပုံစံက အလစ်သမား ပုံနဲ့ အကို့ ကိုပါ အထင်သေးကြည့်ကြမှာလေ.."
" အောင်မလေး .... သံပြားရာ .. နောက်တစ်ကြိမ် မတွေ့နိုင်တဲ့ သူတွေကို အရေးလုပ် မနေနဲ့ကွ... အမြဲတမ်းတွေ့ရတဲ့သူတွေကလည်း ငါ့ အကြောင်း မင်း အကြောင်း သိပြီးသားပါကွ... လာလာ... မင်း အတွက်လည်း အချိန်ရှိတာ မဟုတ်ဘူး.. ခု ဘယ်လောက် ရပြီလည်း ...."
" အင့်အင်း.. တစ်ပြားမှ မရသေးဘူး... လောလော ဆယ် ၂၀၀ ပဲ အရင် လုပ်ရမယ် စိုးကြီးပေးထားခဲ့ဖို့လေ.."
" အော်.. ဒီကောင်ကလည်းတစ်မျိုး.. အေးပေါ့ကွာ ပေးလိုက်ပါ ရန်အေးတာပေါ့ ... ဒါနဲ့  မိဖူး ရော နေကောင်းလား.."
" ဟားဟား မေးမှ မေးပါ့မလားလို့ ဟီးဟီး..."
 " မင်းကလဲ အရိုးမေးတာပါကွာ ဒီဘက် မလာတာ ကြာပြီကွ.."
" ဟုတ်တယ် အမေက ဘာအကြောင်းလဲ မရှိဘူးဗျ အကျီ င်္အသစ်တွေ ဝယ်ပေးနဲ့ ဆိုင်ပဲ ထိုင်ခိုင်းတယ်.. ကွမ်းယာတော့ အရောင်းတတ်လာတယ်။ သူကလည်း အမေ ဝယ်ပေးတဲ့ ပစ္စည်း... အဲ ဟုတ်သေးပါဘူး... အဝတ်သွားလျှော်တဲ့ အိမ်တွေက သုံးလက်စ အလှပြင် ပစ္စည်းတွေယူလာတာ... အဲတာတွေ နဲ့  ရှိုးကလည်း ထုတ်သလား မမေးနဲ့..ပြောသေးတယ်.. အမေ က အဲလိုနေရမယ်ပြောလို့တဲ့... " ။
" အင်း .. ဟုတ်မှာပေါ့ သူလဲ ၁၅ နှစ် လောက်တော့ ရှိပြီပဲ လှချင်မှာပေါ့ကွာ.."
" ကိုကောင်းကြီး စိတ်မပူဘူးလားဗျ..."
" အင်း..စိတ်ပူလဲ... ဝေးသေးတယ်ကွ... အနီးဆုံးကို ပူရတယ် ဟ.."
" ဟင် ဘာပြောတာလဲဗျ.."
" ဗိုက်ဟေ့ ဗိုက်... ဒီဗိုက်က စားစရာ နေတိုင်းဆက်သရတာ မလွန်ဆန်နိုင်သေးဘူးဟ.."
" ဟီး.. ဟုတ်တယ်နော်..."
" ကဲ.. သံပြား.. သောက် သောက်  ပြီးမှ ပြောမယ်... ရထားဝယ်လာပြီ.. ခရီးသည် ရှာလိုက်ဦးမယ်..
အော် .. ငါ လိုက်ပို့မယ်... အိမ်မှာ အမေ မရှိဘူး ရွာပြန်သွားတယ်.."
" ဟာ.. အဟုတ်.. "   အိုကေ .. ပျော်စရာကြီး လမ်းလျှောက်မပြန်ရတော့ဘူး ... မမ လည်း ပျော်နေမှာပဲ...။

(၅)

ကျွန်တော်  ၇၇ လမ်းဘက်ပြန်လျှောက်လာသည်... လမ်းသွားရင် ဒီနေ့ ကံကောင်းပြီ .. ကိုကောင်း ကလိုက်ပို့မှာဆိုတော့ ဆိုက္ကား/မြင်းလှည်းခ ၅၀၀ သက်သာပြီ ၂၂၀၀ လောက်တော့ အေးဆေး ရနိုင်သည်ပဲ... ထမင်းကြော်ဆိုင်တွေ ဘက် လျှောက်ခဲ့လိုက်သည် ။ မျက်နှာပိုးကို သတ်လိုက်သည်.. နည်းနည်းတည်သွားသည်.. နောက်တော့ ကျွန်တော် မျက်နှာသည် အလွန် ညှိုး၍ သနားဖွယ် ကောင်းနေသည် ပေတေတေ အိမ်ခြေမဲ့တို့ ပုံစံကို ရောက်နေ မြင်နေရပေမည်...။ ရွှေမန်းမေ ထမင်းကြော်ဆိုင် ဒေါင့်အရောက် အရှေ့ဘက်ကွေ့မလား တောင်ဘက် လျှောက်မလား တချက် စဉ်းစား လိုက်သည်. .. အင်း.. အန္တရာယ်တော့ ရှိသည်.. ဒါပေမယ့် ပိုက်ဆံ ၂၀၀ ပေးဖို့ ဟု အကြောင်းပြလိုက်မည်... ကျွန်တော်လည်း စုတ်တီး စုတ်ပဲ့ ညစ်ထေးထေးနဲ့ မိနှင်းလေးကို မြင်ချင်သေးသည်လေ .. ဟီးဟီး... အရှေ့ဘက် အရက်ဆိုင် ဘီယာဆိုင်တွေဘက် ကို ငေးကြည့်လိုက်သည်.... တွေ့ပြီ... မိနှင်းကို... အသားဖြုဖြု နီစပ်စပ် တွေ ဝိုင်းနားမှာ ဖြစ်သည်..။ ကျွန်တော်လာတာ သူမမြင် ရှေ့ကိုသာ အာရုံ စိုက်နေသည်...။ 
" မိနှင်း.."
" ဟယ်.. ကိုလေး.."
" အမယ် အရင် လို သံပြားလို့ခေါ်လေ.."
" အာ  .. ကိုကြီးကောင်းပြောလို့ ငါ အဲလို ရိုင်းရိုင်းကြီး မခေါ်ချင်ပါဘူး.."
" တော်တော် တိုးတက်နေပါလား.. ကိုကြီးကောင်း ကို သဘောကျတယ်ဟာ ငါ့တို့ အကိုရင်းဆိုကောင်းမှာ"
" အမယ် လွယ်လွယ်လေး... မမဖူး နဲ့ ပေးစားလိုက် ဟီးဟီး.."
" နင်ကတော့နော်.. ခု နင် အခြေအနေကောင်းလား.."
" အင်း ၁၈၀၀ တော့ ရပြီဟ... နင်ရော.."" တစ်ပြားမှ မရသေးဘူး... ခုမှ ရောက်တာ.. နင်နဲ့ မတွေ့အောင်ရှောင်တဲ့..
ဒီနေရာလာလို့ သူ့ကို ၂၀၀ ပေးခဲ့တဲ့ စိုးကြီးက...နင့်ဆီပေးခဲ့မယ် ဆိုပြီး လာတွေ့တာ.."
" လည်တာ  နင်ရော..သူရော.. ဟွန်း... သူ့ပေးဖို့ ၂၀၀ က ငါပဲ ပေးလိုက်မယ်.. " 
(စိုးကြီးများ  မူလိုက်ချွဲလိုက်ရင် ကိုယ့်တောင်သူက မုန့်ဖိုးပြန်ပေးသေးတယ်.. အ..လိုက်တဲ့ သံပြား)
" အင်းပါ.. ငါလည်း ... နင့်သာ တွေ့ချင်တာနဲ့ အာမခံတာ တပြားမှ မရှိဘူး။ ကဲ .. ငါ ..လှုပ်ရှားလိုက်ဦးမယ်..." ။
" အေးအေး.. များများ ရပါစေဟာ.."
" ဟားဟား... နင်ကတော့လေ.... ဘူဘူချင်း တောင်းတဲ့ဆုကလည်း.... ကောင်းတာဟာ..."။

(၆)

" ကိုကောင်း..."
" ဟေး..."
" မိုက်တယ်ဗျာ... ဆိုင်ကယ်စီးရတာ... ကိုကောင်းပိုင်ရင်ကောင်းမှာနော်..."
" အေးပေါ့ကွာ.. ခုဟာက အုံနာခ ပေးနိုင်အောင် ရှာရတာ ၊ သူများဟာဆိုတော့ ဂရုပိုစိုက်ရတာနဲ့ ဘာမှ ချွေတာလို့မရဘူးလေ..."
" ခုမှ ၂ နာရီပဲ ရှိသေးတာ ဆိုတော့ အိမ်က အိပ်ကြဦးမှာ မဟုတ်ဘူး မမ တစ်ယောက်ပဲ သိုးနေလောက်ပြီ.."
" အိပ်ပါစေကွာ.."
" ငါလဲ သောင်ပေါ်မှာ အိပ်မှာပဲ မနက်ကြတွေ့မှာပဲ ဥစ္စာ.. "
" အင်း ကျွန်တော် သောင်ပေါ် လာအိပ်မယ် အမေ ပိုက်ဆံ အပ်ပြီးရင်.."
" မင်း ပိုက်ဆံရော ပြည့်ရဲ့လားကွ .."
" အမှန်က ကိုကောင်းလိုက်မပို့ရင် မပြည့်ဘူးဗျ မြင်းလှည်းခလေ..ခုတော့ ကွက်တိပဲ..." ။
" အင်း မင်းတို့ဟာက လည်းနော်.. ငါပြောပါဦးမယ်ကွာ .. ဝပ်ရှော့လေး ဘာလေးသင်ပေးဖို့ ... မင်းအမေကို.."
" အမလေး မိုးမီးလောင်ပါ့မယ်ဗျာ... နေပါစေ.." 
" ကဲ ရောက်ပြီ အောက်မှာ တဲထဲ တော့ မီးလင်းနေတယ် .."
" အင်း ထုံးစံအတိုင်း ဝိုင်းရှိတာနေမှာပေါ့ဗျာ... အမေ နိုင်ရင် တော်သေးတယ် .. ရှုံးလို့ကတော့... တစ်နေ့လုံး ငရဲ ပဲ.."
" အိုကေ ငါ သောင်စပ်က စောင့်နေမယ် .. ဆိုင်ကယ်ကို ကမ်းနားရုံးနား ထားခဲ့မယ်... အပ်ပြီး ခိုင်းတာ လုပ်ပြီးရင် လာခဲ့လိုက်..."
" ဟုတ်ကဲ့...." ။

 (၇)

ဝါးဖောင်ပေါ်က အိမ်လေးထဲတွင် ထင်သည့်အတိုင်း အမေ အပါအဝင် ၅ယောက် ဖဲကစားနေကြသည်...။ သံပြား တခါတလေ တွေးကြည့်သည်.. အမေက ရှိတာပေါ့ဟု ပြောပြောနေသော အဖေ ဆိုသည်မှာ ဤထဲက တစ်ယောက်ယောက်လား.. သားသား နဲ့ ခေါ်တဲ့ ဟိုလူကြီး ကိုသံခဲပဲလား.. အင့်ဟင်း .. သူ့တော့ အဖေ မတော်ချင်... ကျွန်တော်တို့ ကို ချုပ်ကိုင်ပြီး ခိုင်းစားနေသည့် လူကြီး။ နေ့တိုင်း ရှာလို့ ရသမျှ ထဲက ၅၀၀ ကို သူ့ပေးရသည်.. အမေ့ကို ၂၀၀၀ ပေးရသည်။ အရင်က မမရော အပ်ရသည်။ ဒီနှစ်ပိုင်းကြမှ မမ ကို ဖူးဖူး မှုတ်ထားသည်...။ ကိုသံခဲ က ကောင်မလေးကို သေချာ ဂရုစိုက်ဟု အမေ့ ကိုပြောတိုင်း စိတ်ထဲ တော်တော် ဒေါသ ဖြစ်သည် ..။ အမေကလည်း အလိုတူအလိုပါ... အင်း... အဖေဆိုတာ ဟုတ်နေရင် ဒုက္ခ ..။
" အမေ..."
" အော်.. သံပြား.. ပြော.."
" မဟုတ်ဘူးလေ .. အမေံကို ပိုက်ဆံ အပ်မလို့လေ.."
" ဟင်းဟင်း.. ဟင်း"" အမေက ဘာရယ်တာလဲ.."
" ကဲ... သံပြား ဒီနေ့ အဲဒီ ပိုက်ဆံ မင်း သုံးဖို့ ယူထားလိုက်တော့.."
" ဗျာ... အမေ ခါတိုင်း ဖဲနိုင်တာတောင် ၂၀၀ မပေးဘူး ဘူး... "  
" ၂၀၀၀ လုံး ဟုတ်လား.. အမေ"  
" တကယ်ပြောတာလားဗျ.."
" အေးအေး ကဲ  မင်းဟာမင်း  အိပ်မှာဖြင့် အိပ်တော့ မနက်ဖြန်တောင် နားခွင့်ပေးလိုက်မယ် ဟုတ်ပြီလား.."
" ဟေး  ... ဒါဆို ကျွန်တော် သောင်ဘက်သွားမယ်... ကိုကောင်းကြီး လိုက်ပို့တာဗျ... "
" ဘာရယ်... ပြန်လွတ်လိုက်တော့ နောက်နေ့မှ လာလို့ ပြောလိုက်.. ကိုယ့်ဘာရှိလို့ ဧည့်သည်ခေါ်လာရတာလဲ.."
" အမေက လည်း ခါတိုင်း လာနေကြကို ဘာလို့ မျက်နှာ ပျက်ရတာလဲဗျာ.."
အမေက ကိုသံခဲ ဘက်သို့ တချက်ကြည့်ရင်း.. ၊ ကိုသံခဲက ခေါင်းငြိမ့်ပြသည် ..။
" ကဲကဲ  ဘာမှ မဟုတ်ဘူး.. သွားသွား "
" အင်း ကျွန်တော် အဝတ်လဲလိုက်ဦးမယ် ယားလှပြီဗျ..." ။ 

(၈)

ကျွန်တော် ဖောင်ရဲ့ ညာဖက်ခြမ်းက တဲမိုးလေးအောက်ဝင်လိုက်သည် .. အင်း ပိုက်ဆံ တစ်ထောင်တော့ သိမ်းထားဦးမှာ ဟိုကောင်တွေ ဆော့ဆော့နေတဲ့ လက်ကိုင်ဂိမ်းစက်လေး ဝယ်ဖို့ စုထားရမယ် ။ကိုယ့်အတွေးနဲ့ကိုယ် ခေါင်းအုံး အစုတ်လေး ထိပ်က အပေါက်ပေါက်လို့ ချည်ထားတဲ့ သားရေပင်ကို ဖြည်လိုက်သည်..။ နောက် ပိုက်ဆံကို ထိုးထည့်ပြီး သားရေပင်ကို ပြန်ချည်ထားလိုက်သည်။ အင်...ခုမှ ကြည့်မိတယ် ..ခါတိုင်း ဒီနေရာ မောင်နှမ အိပ်နေကြပါ .. မမ က ဘယ်ရောက်နေလဲ.. ညရေးညတာ အပေါ့အပါးသွားတာလား.. ဒါဆို ခြုံလက်စ စောင်တွေ တွေ့ရမှာပေါ့... အိပ်ယာ ပေစုတ်စုတ်က ပုံစံက မပျက်.. အော် အမေတို့နား ထိုင်ရာက တခုခု ခိုင်းတာနေမှာ အလင်းဆိုင်ဘက် သွားတာနေမှာ.... ကဲ ကိုကောင်း ဆီ ပြေးဦးမှ.. မျှော်နေလောက်ပြီ....။ ပြန်ထွက်အလာ အမေတို့ တဲဘေးမှ ဖြတ်ရင်း ...ဟားဟား ဒီနေ့ တော့ တယ်ဟုတ်နေတာဟေ့ သံခဲတို့ကတော့ တကယ်ကွာ ရှာလည်း ရှာတတ်တယ်.. ငါဖြင့် အဲလို အဆက်အသွယ်ရှိတောင် လက်ခံမယ့်သူကို ပြောရညှိရမှာ ဝန်လေးပါ့ကွာ.. ။အေးအေး  လျှာမရှည်နဲ့ သောက်ရခဲမျှ အနှီလေးသောက် အေးအေးဆေးဆေး ကစား ဒီလို ကြေးမျိုးကစားဖို့ ခဏခဏ မဖြစ်နိုင်ဘူး ဟုတ်ပြီလား... ကဲ .. မသန်း လ္ဘက်သုပ်လေး လုပ်ပါဦးဟ နင်က လည်း ဘောစိ ဖြစ်မှ ကပ်စီး နည်းနေတာလား ဘဝင် မြင့်နေတာလားဟ..။မဟုတ်ပါဘူး ကိုသံခဲရယ်... ပြောမှမပြောကြတာကိုး... နေနေ  ဟိုကောင်လေး ခိုင်းလိုက်မယ်..။အမေ ဘာတွေ ထောနေပါလိမ့်... အမေကို ဘာလို့ ဘောစိ တဲ့လည်း... သံပြား ခေါင်းကုတ်နေဆဲ..။
" သံပြားရေ.... သံပြား "
" ဗျာ.. လာပြီ အမေ ဘာခိုင်းမလို့လဲ "
" ရော့ ... ပိုက်ဆံ"
၅၀၀၀ တန် တစ်ရွက်ကို အမေ ထုတ်ပေးသည်.. သံပြား  အံ့သြသွားသည်.. တသက်နှင့် တကိုယ် သံပြား မမြင်ဘူးသည့် ပိုက်ဆံ...။
အထူးအဆန်းဖြင့် သံပြား လှမ်းယူလိုက်သည် ။
" လ္ဘက်သုပ် ၂ ပွဲရယ် ၊ ဆေးလိပ်တစ်ဗူးရယ် ၊ ငါ့ အတွက် လ္ဘက်ရည် ဝယ်ခဲ့ .."
" ဟုတ် "" အမေ.. ဆေးလိပ်က အစည်းမဟုတ်ဘူးလား.."  
"  ခါတိုင်းလို ငွေနဂါး မဟုတ်ဘူးလား.."
" မဟုတ်ဘူးဟေ့.. စီးကရက်..စီးကရက်.."  
"  ဗီးဂစ် ဆိုလား ဘာလား အဲတာ.. မမှားစေနဲ့.."
" ဗီးဂက်စ် ပါ အမေရာ..ဟီးဟီး အမေကြမှ ဂစ်တဲ့ ..."
" အေး အေး.. လျှာမရှည်နဲ့ မြန်မြန်သွား...."
" ဟုတ်  ဟုတ် "
လက်ထဲမှ ငါးထောင်တန်ကို ကျွန်တော် ဖြန့်ကြည့်ရင်းပြေးထွက်ခဲ့သည်။

(၉)

ကမ်းနားလမ်းပေါ်မှာ လူသူကင်းမဲ့သယောင် တစ်ယောက်စ နှစ်ယောက်စ ပဲ ရှိသည်။ ဓါတ်တိုင်အောက်မှာ လက်ထဲ က ငါးထောင်တန်ကို သံပြား ဖြန့်ကြည့်လိုက်သည်။ ဒီနေ့ သံပြား အတွက် ထူးခြားသည့်နေ့ ဖြစ်သည်။ ဘူတာကြီးဘက်ဆိုတော့ တားချင် သလိုလိုနဲ့ ဝေးလေ ကောင်းလေ ဆိုပြီး သွားခွင့်ပြုသည်... ။ အမှန်ဆို ၈၄ လမ်း ညဈေးဘက် သူသွားရမှာ ဖြစ်သည်။ အဲဘက်က တည်းခိုခန်းတွေကနေ ထွက်လာသူတွေဆီက ပိုက်ဆံ ရတတ်သည်ကို အမေ သိသည်။ ကိုသံခဲက လည်း လိုလိုချင်ချင် ခွင့်ပြုသည်...။ နောက် စိုးကြီးက မိနှင်းကို တွေ့တာ မတား ၂၀၀ ပဲ တောင်းသည်။ နောက် မိနှင်းကပဲ အဲဒီ ၂၀၀  ကို ယူမထားပဲ သူထဲက စိုက်ပေးမည် ဆိုသည်။ နောက် ကိုကောင်း က လိုက်ပို့သည် ။ သည့် အတွက် မြင်းလှည်းက ၅၀၀ိ/ သက်သာသည်။ အိမ်ကျတော့ ပိုက်ဆံ မအပ်ရ သည့်အပြင် ရွှန်းရွှန်းဝေနေသည်..။ တခုပဲ ရှိသည် ကိုကောင်း ပါလာတာကို အမေ မျက်နှာပျက်နေသည်...။ အင်း.. ဘာပဲ ဖြစ်ဖြစ် သံပြား ကံကောင်းနေသည်။ လ္ဘက်ရည်ဆိုင်က လိုသေးသည် ။ ရှေ့တွင် မှောင်နေသည်... သံပြား အတွက် တော့ မဆန်း .. ။ ဒီလို သွားနေကြဖြစ်သည်...။ အာ .. လ္ဘက်သုပ်ဆိုရင် ရေနံရုံး ဘက်မှ ရမှာပေါ့....။  ဟူး ..ဒါဆို နဲနဲ အပြေးလေးသွားမှ ဖြစ်မည်။ ကိုကောင်း မျှော်နေမည်... ။ အမေက နောက်ကျရင် ဆူမည်.. ။ ကိုသံခဲက မူးနေတာ မထင်ရင် အငေါက် အရိုက်ခံရမည်..။  ဒီလူကြီးနဲ့ မပတ်သက်ချင်...။ ခြေလှမ်းကို အမြန် လျှောက်လိုက်သည်....။
ထိုစဉ် မျက်နှာကို မီးလှမ်းထိုးသည်... ။ ထိုသူတွေက ရပ်ဆို၍ ရပ်လိုက်သည်။ လက်ထဲက ဘာလဲ ဆို၍ သံပြား ပိုက်ဆံကို တင်းတင်း ဆုတ်၍ လက်ကို နောက်ပို့ လိုက်သည်။

 "  ဟေ့ ..သူကို ခေါ်ခဲ့ .. "  
" ဒီအချိန်ကြီး ဒီတေလေတွေ ဘယ်ကလွင့်လာပြန်လည်း မသိဘူး..  "
" အတော်ခက်တဲ့ကောင်တွေ .. " ဟု ပြောကာ ဆိုင်ကယ်ပေါ် ခေါ်တင်တော့သည်။ 
" ဟာ.. မလိုက်ဘူး အမေက လ္ဘက်သုပ် ဝယ်ခိုင်းလို့ဗျ... " 
" အတော် ဆင်ခြေအပေးကောင်းတဲ့ကောင်ပဲ"
" သေချာပြီ ..ခေါ်ခဲ့တော့... "
" ဘယ်နဲ့ ဒီလောက်အိပ်ကောင်းတဲ့ အချိန် ..ဘယ်သူက လ္ဘက်သုတ် စားတဲ့ အချိန်လဲ.. ဘာလို့ စားချင်တာလဲ. "
" ပြောလေကွာ..ဖြေလေ.. ".. .။ 

သံပြား ဖြေလို့ မဖြစ်တော့ အမေ တို့ကို မြင်ယောင်လိုက်သည်.. ။ အမေတို့ ရှေ့က ပိုက်ဆံတွေ ၊ ဖဲချပ်တွေက အမေ... အတွက် ခက်ကုန်မည်..။ သံပြား ဆိုင်ကယ်ပေါ် တက်လိုက်သည်..။ သံပြား မျက်ရည်တွေ လိမ့်စီးလာသည်ကို သံပြား သိသည်။ လက်ထဲမှာ တသက်နဲ့ တကိုယ် မကိုင်ဘူးတဲ့ ငါးထောင်တန်ကို မလွတ်တမ်းကိုင်ထားသည်။ အခွင့်ရှိတုန်း ကိုင်ထားချင်သည်..။ 

သို့သော် .." လက်ထဲက ပိုက်ဆံ သိမ်းလိုက်... " ဟူသော အသံနှင့် အတူ သံပြား လက်ထဲက လု အယူ.. ၊ သံပြား ရုန်းသည်.. ကာကွယ်သည်...။ 
ဇတ်ပိုး တချက် ပူကနဲ ဖြစ် အသွားမှာ သံပြား ခဏ အိပ်ပျော်သွားသည်။ 

(၁၀)

" အား...." 
သံပြား စောင့်ရင်း အိပ်ပျော်သွားလိုက်တာ မိုးတောင်လင်းပြီးပဲ.. အားကိုးတကြီး လက်က တရုပ်လက်ပတ်နာရီလေးကို ကြည့်လိုက်သည်။ နံနက် ၅ နာရီ ခွဲနေပြီပဲ။ ကိုကောင်း လေးတွဲ့စွာ ထလိုက်သည်။ အင်းရောက်တုန်း တော့ ဝင်နှုတ်ဆက်သွာဦးမှပဲ... ဟုတွေးကာ မိဖူး တို့ အိမ်ဘက် သို့ လျှောက်ခဲ့သည်။ အလို မိဖူး အမေက ကမ်းပေါ်လမ်းဘက် သွားနေတာကိုး...။ မိဖူး အမေ တခုခု ကိုမျှော်နေသည်... သူလာနေသည်ကို သတိထားမိပုံ မပေါ်...။ ထိုစဉ် ကားကောင်း တစ်စီး ထိုးစိုက်လာသည်။ မိဖူး အမေ နှင့် ဘာတွေ ပြောနေမှန်း မသိ ။ မိဖူး အမေကတော့ မှိုရတဲ့ မျက်နှာလို ဖြီးနေသည်။ ခါးညွှတ်လိုက် ခေါင်းငြိမ့်လိုက် နှင့် ပြာယာ ခပ်နေသည်။ ထိုသူက ဘယ်ဘက် ကားတံခါးကို ဖွင့်၍ အထုပ် တစ်ထုတ် မိဖူး အမေ ကိုပေးသည်။ ကိုကောင်း အနားရောက်နေတာ သူတို့ သတိ မထားမိ.. ။ ကိုကောင်းလည်း နွေမှာ ရဲရဲ ကြွေ ရဲတဲ့ လက်ပံပင်ကြိးနောက်နား မကွယ်တကွယ် ရပ်နေလိုက်သည်...။
" အမကြီး အစဉ်ပြေတယ်နော်... ပိုက်ဆံ တွေ စစ်လိုက်ဦး.."
" အာ.. ရပါတယ်ရှင် .. စိတ်ချပါတယ်.."
" ငါတို့က လာပို့ ချင်သေးတာ မဟုတ်ဘူး.. "
" ဘယ်လိုမှ မဖြစ်နိုင်လို့သာ နော်.. "
" နို့မို့ဆို ဒီထက်ပိုရမှာ..၊ နဲနဲ ဂရုစိုက်ပေးလိုက် (၃) ရက်လောက်ဆို ပြန်လာခေါ်မယ်" ။ 
" ဒီအတိုင်း ဖြစ်စေရမယ် ကျေနပ်လား "
" ဟုတ် ... ဟုတ် ... "
" တကယ် ပြောနေတာလားရှင်"
"  အဟုတ်နော် "
" အဟုတ်ပြောတာပါဗျ.. ကျေနပ်တယ်ဗျာ.. အမကြီးကို ကျေးဇူးတင်တယ်.. " 
" ကျွန်တော့်အိမ်ကြောင့်သာပေါ့ဗျာ .. ဟင်းဟင်း.. နိုမို့ဆို အပြီးခေါ်ထားတယ်..."
" ဟုတ်..ဟုတ်  အဆင်ပြေရင် ပြီးတာပါပဲ ရှင် .."
" ဒါနဲ့ သမီးလေးရော.."
" အော်  .. ဟုတ်သားပဲ... ပြန်မလွတ်ချင်တာနဲ့ မေ့တောင်သွားတယ်.. "
 " နောက်ခန်းထဲမှာ အိပ်ပျော်နေတာ.. "
 " ညက ပင်ပန်းတယ်လေ... " ။
ကိုကောင်း နားတွေ ထူပူသွားသည်....။ ဘာလဲ  လာအဓိပ္ပါယ်လဲ ...။
ကိုကောင်း ခြေမကိုင် လက်မကိုင် ဖြစ်သွားသည် ။
ထိုသူက နောက် ကားတံခါးကို ဖွင့်လိုက်သည်။ မိဖူး အမေ က အပြေးလေး သွားသည်
" သမီး " " သမီး " ဟု ခေါ်သည် ။
" အင်း.... "
ညီးသံလိုလို မထချင်သလို အသံလေး ထွက်လာသည်။
" သမီး ထ ထ အိမ်ရောက်ပြီ သမီး " 
"အမေ " " အမေ... အမေလေ .." ။ 

(၁၁)

မိဖူး ခေါင်းကို မနဲ ထူလိုက်သည်.. အမေ့ခေါ်သံ သဲ့သဲ့ကို ကြားသည် ။ မိဖူး အိပ်မက် မက်နေသည် ဟုထင်နေသည်..။
မိဖူး တကိုယ်လုံး ကိုင်ရိုက်ထားသလို နုန်းချိနေသည်..။ မနေ့ က ညနေက အကြောင်းအချို့ကိုပဲ ဝိုးတိုးဝါးတား မြင်ယောင်နေသည်..။ 
မနေ့ ညနေက သံပြားကို ပို့ပြန်လာသော ကိုသံခဲ နောက်တွင် မိန်းမတစ်ဦးပါလာသည်။ တော်တော်လေးကို လှသည့် ကြောင့် မိဖူး တစ်ယောက် ငေးနေမိသည်။
ထို မိန်းမက မိဖူးကို ပြုံးပြသည်။ မိဖူးပျော်သွားသည်... ရုပ်ရှင် မင်းသမီးတစ်ယောက်က ပြုံးပြသည့်နှယ်...။ သူက မိဖူးနားလာထိုင်သည်..။ ဆိုင်ကလေးက စုတ်စုတ် ဆိုတော့ မိဖူး အားနာသွားသည်။ အမေ့ကို တော့ ကိုသံခဲက လက်တို့ခေါ်သွားသည်။ ဒီလိုပဲ မြင်နေကျ ဆိုတော့ မိဖူး အဖို့ ရိုးနေသည်။ ကိုသံခဲ ကိုတော့ အမြင်ကပ်သည်..ကြည့်လေ  ပါလာတာက နုနုချောချော အမ...လေးကို အားနားပါးနား လှည့်ပင် မကြည့် .. အမေ့ကို လက်တို့ခေါ်သွားသည်။မထူးပါဘူး မိဖူးပဲ ဒီမမကို ဧည့်ခံမှပါလေ..။
" မမ "" မမက တော်တော်လှတယ်နော် "
" ဟင်းဟင်း  ညီမလေးက လဲ လှပ မမထက်တောင် လှသေးတယ် "
" အာ မမ ကလည်း မမ က သားသားနားနားနဲ့ မိဖူးနဲ့ ဘာမှ မဆိုင်ပါဘူး မမ ရယ် "
" မမလို မလှချင်ဘူးလား "
" လှချင်တာပေါ့ မမရဲ့ "
" ဒါဆို မမဆီမှာ အလှပြင် ပစ္စည်းတွေ ရှိတယ် ပေးလည်းပေးမယ် သင်လဲ ပေးမယ် သိလား "
" အင်  အမေက ဆူမှာပေါ့ မမရဲ့ "
" အမလေး.. ကဲ မေမေ လိုက်သွာဆို လိုက်မှာလား  အလည်ပေါ့ ..."
" အင်း လိုက်မယ် "
" နေ ခဏနေ မမ ညီမလေး အမေကို ပြောကြည့်ပေးမယ်လေ.." 
" ဟုတ်..မမ "
မိဖူး  ရင်ထဲ ပျော်နေသည်။ ထိုမမကိုကြည့်ပြီး သူ့ကိုသူ တွေးနေမိသည်... ။
ဟိုမင်းသမီး ပေါက်စလေးနှင့် ကိုယ့်ကိုကိုယ် တူသလိုလို.. တွေးရင်း ရှက်ပြုံးလေး ပြုံးနေလိုက်သည် ။
" ဘာတွေ ပြုံးနေတာလဲ ညီမလေး.. "
" ဟိုမှာ ညီမလေး မေမေ လာနေပြီ.. မမ ပြောလိုက်မယ်နော် "
"ဟင်  ခုညကြီးလားမမ အမေက ဘယ်ထည့်မှာတုန်း"
"ကဲပါ မမ ပြောပါ့မယ်.. ယောကျာင်္းလေး အိမ် မှ မဟုတ်တာကို"
"အင်း မမ ပြောကြည့်လေ"
မမ က အမေနား လျှောက်သွားပြီး ဘာတွေ ပြောနေလဲ မိဖူး မသိသော်လည်း မိဖူး လက်တွေ ချွေးစိုနေသည်.. ရင်တွေ တုန်နေသည်။ မေမေ မထည့်လိုက်မှာ စိုးသည်။
"ကဲ ညီမလေး မေမေက ရပါတယ်တဲ့ တညတလေပဲတဲ့ ... "
"ကဲ ညီမလေးကရော လိုက်ခဲ့မှာလား"
မိဖူး အမေကို လှမ်းကြည့်လိုက်သည် အမေ က ပြောမည်ပြုစဉ်
 "ကဲ မိဖူး လိုက်ချင်သပ ဆို လိုက်သွား ဒါ ငါ့အရပ်ထဲက ဆွေမကင်းမျိုးမကင်းတွေ ဘာမှ မဖြစ်ဘူး ညည်းအမေ ကို ငါပြောထားတယ် "
ဟု ကိုသံခဲက ဖြတ်ပြောသည်။ အမေကို လှမ်းကြည့်တော့ အမေက ခေါင်းငြိမ့်ပြသည်။ မိဖူး ပျော်သွားသည် ။ အမေ့ ဆီပြေးပြီး နမ်းလိုက်သည်။
အို.... အမေပါးမှာ မျက်ရည်တွေ ပါလား ....။
"အမေ အမေ ဘာဖြစ်လို ငိုနေတာလဲ"
"အော် ဘာမှ မဟုတ်ပါဘူးသမီးရယ်... သမီးကို ဒီလိုပျော်အောင် အမေမှ မတတ်နိုင်တာ ..
သမီးလေး ကံကောင်းလို့ ဒီလိုမမနဲ့ တွေ့တာ ဝမ်းသာလို့ ကျတာပါ သမီးရယ်"
"အမေက တော့ လုပ်ပြီ "ဟု
မိဖူး နုတ်ခမ်းကို စူ၍ ထပ်နမ်းလိုက်သည်။ အမေ က မိဖူးကို တင်းတင်းလေး ဖက်ထားတာတော့ သေချာနေသည် ။
"ကဲ မမ ဖုန်းဆက်ထားတယ် အိမ်က ဒရိုင်ဘာ လာခေါ်လိမ့်မယ်။ ကိုသံခဲ ဆိုင်ကယ်နဲ့ မဖြစ်ဘူး။ ခဏစောင့်နော်..."
ဟု ပြောနေဆဲ... ကားမြင့်မြင့် အသစ်ကြီးတစ်စီး ရောက်လာသည်။ မိဖူး ခြေဖျားတွေတောင် အေးသွားသည်....။
ဒါမျိုးကားကြီး စီးဖို့နေနေသာသာ ကိုင်တောင်ပွတ်မကြည့်ရဲခဲ့... ဟင်း မနက်ကျမှ သံပြားကို ခေါ်ပြီး ကြွားရဦးမယ်.. ဒီကောင်လေး မနာလိုမှာ သေချာတယ် ဟု တွေးရင်း ပြုံးလိုက်မိသည်..။
မိဖူး ကားပေါ်မှ အမေ့ကို လက်ပြလိုက်သည်။ အမေက ပြန်လက်ပြရင်း ကိုသံခဲကို မှီလိုက်သည်။ ဟွန်း သမီးရှေ့မရှောင် အမေက အကဲကို ပိုတယ် ဟုတွေးရင်း ..အမေရေ ဖက်သာထားလိုက်တော့ တကတည်း... အမေပြုံးနေလား ဘာလား မခွဲခြားနိုင်ခင် ... ကားလေးက ငြိမ့်ကနဲ ထွက်သွားသည်...။ ကားပေါ်မှာ မမပေးသော အအေးဗူးကို လှမ်းယူလိုက်သည်။ ထိုနောက်  မိဖူး တစ်ယောက် မက်ချင်သော အိပ်မက်လေးတခု မက်ရန် ဆိုဖာခုံကို မှီလိုက်သည်....။ အိုး.. တိမ်တွေ ထဲ  တခစ်ခစ် ရယ်ရင်း ပြေးလွားနေတာ မိဖူးလေး  ကျွန်မ ပါလား ...။

(၁၂)

"တာကော"
"ဘာလဲ ဟ"
"စိတ်ချမယ်နော်"
"အမ်မယ် နင် မသိတာကျနေတာပဲ.. နေဦး .. နင်ရော ဒီနေ့ အစဉ်မပြေဘူးလားဟ"
"ဘာလို့လဲ.. လောဘ မကြီးနဲ့လေ.. ဟင်းဟင်း"
"မဟုတ်ပါဘူး ဟ .. ဟိုကောင် အိုက်လျောင်က ငါ့ကို ပြောထားလို့ပါဟ"
"အိုကေ ရတယ်လေ... ဖုန်းချိတ်လိုက်.. တော်ရုံ ဟိုတယ်တော့ နားထားနော်"
"အေးပါ.. နင်က ဒီနေ့ အူစို ထားတာကိုး"
"အမလေးလေး ဟိုခွဲပေးရ.. ဒီခွဲပေးရနဲ့.. ကောင်မလေး အမေကို ၅ ပုံးတောင်းလောင်းလိုက်ရတာ .. သံခဲက ၃ ပုံး .. ဒီက ၂ ပုံးရတာ.. မုန့်ဖိုးပေးသင့်တယ်"
"ကဲပါ နောက်တချိန် အဆင်ပြေ အခွင့်ပေးရင် ကောင်မလေး အမေနဲ့ တိုက်ရိုက်ပြောရင် သံခဲ ဘာသိမှာလဲ ... ချက်ချင်း မဟောင်းသေးပါဘူးဟ ... "
"ဟားဟားပြီးတာပဲ  ဖုန်းဆက်လိုက်တော့... အော်.. ရှင် ..သတိတော့ထားနော်.. အစိမ်းစားတာ.. မစားတတ်ရင် ခါးတတ်တယ်.. အချိုလေးလောင်းပြီးမှ စား ... "
"ဟားဟား  နင်ကတော့ ပြောတတ်ပါ ... သူနိုးလာရင် ပြန်ချင်မှာတောင် မဟုတ်ဘူး  စိတ်ချသွားတော့ ..."။

(၁၃)

မနက် (၉) နာရီလောက်မှာ အမေ ရောက်လာသည် ။ ၅၀၀၀ ကိစ္စကို ကိုသံခဲက ရှင်းပြသည် ။ သူလို ပွဲစားကို သိနေတော့ စခန်းက အာမခံပေးလိုက်သည်။ သံပြား အပြင်ထွက်လိုက်သည်။ကောင်စုတ်လေ လုပ်လိုက်ရင် အရာရာနှင့်ချည်းပဲ..။ မင်း အမေ မျက်နှာ ကြည့်လိုက်ဦး ...။ အို ဟုတ်ပါရဲ့ အမေ ငိုထားသည်ပဲ...။ သံပြား အချုပ်ခံရတာပင် ပျော်သွားသည်။ တခါမှ အမေသည် သံပြားအတွက် မျက်ရည်မကျခဲ့ဘူးလေ...။ ကိုကောင်းကြီးကိုတော့ အားနာနေသည်..။ မတတ်နိုင် ညတော့ အမေက နားခွင့်ပြုထားတာ ခဏ သွားလည်ပြီး တသက်လုံး မတိုက်ဘူးတဲ့ လ္ဘက်ရည်ကို သံပြား ဒကာ ခံမည်ပြောလျှင် ကိုကောင်းကြီး အားရပါးရ ရယ်မလား မပြောတတ်.. ။ တလှည့်ကျေးဇူးဆပ်လိုက်ဦးမည် ဟု သံပြား ရင်ထဲ တေးလိုက်ရင်း ဆိုင်ကယ်နား ကပ်လိုက်သည်။
"ဟေ့  ဟေ့  မင်းဟာမင်း  ခြေလျင်ပြန်ခဲ့ ... ငါဆိုင်ကယ်က တာယာကောင်းတာ မဟုတ်ဘူး "ဟု ဆိုကာ  အမေ့ကိုတင်လျက် ကိုသံခဲက ပြောပြော မောင်းမောင်းသွားသည်။
"ဟူး..."
ခြေထောက်ကို သံပြား ငုံကြည့်လိုက်သည်... ဖိနပ် မစီးနိုင်လေ.. လမ်းပိုလျှောက်ရလေပါလား လို့ တွေးရင်း ပြုံးလိုက်သည်။
စခန်း အပြင်ဘက်ရောက်တာနဲ့ ခြေဦးက အိမ်ဘက်မလှည့်တော့ ကိုကောင်းဆီ သူသွားမည် ။
ဒီနေ့  သူ ၏ တကိုယ်ရည်ပိုင်ဆိုင်သော နေ့ တစ်နေ့ မဟုတ်ပါလား..... ။

ကိုဝိုင်ဝိုင်ကေ
၎-၉-၁၂

ဓါတ်ပုံတွင်တင်ခဲ့ပြီးသော စာစုဖြစ်ပါတယ်။ ဒါပေမယ့် ဓါတ်ပုံက ကျွန်တော်ရိုက်တာ မဟုတ်လို့ ပြန်ဖြုတ်လိုက်ပါတယ်။
ယခု ကိုယ်တိုင်ရိုက်တဲ့ပုံရလို့ ပြန်တင်ပေးလိုက်ပါတယ်။ နုတ် မှာရော ၊ ဖိုတို မှာပါ (၂)ခါတင်တာကတော့ တပ်ခ် များများ ပေးချင်လို့ ဖြစ်ပါတယ်။ 
အပိုဒ်(၁၄) မှ စ၍ ဆက်ရေးရဦးမည် ဖြစ်သောလည်း ဤ အတိုင်းက ပိုကောင်းမည် ထင်သည်။
အကြံပေးကြပါဦး။ ( ၁၄)တွင် ဤသို့ ဆက်ရန် အမြည်းထည့်ပေးလိုက်ပါသည်။

(၁၄)

ကျွန်မရင်ထဲ ပူနေသည်.. မိမိမိုက်သော အရာတွေလားလို့ တွေးနေရင်း အဆင်မပြေသော ဘဝတွေကို မျက်ရည်ကျခဲ့မိသည်။ လောကဓံကို ဖြေရှင်းရင်း ကြုံရတဲ့ မလွန်ဆန်နိုင်တဲ့ အကြောင်းများစွာ ကြောင့် သမီးတစ်ယောက် သားတစ်ယောက် ရခဲ့သည် ..။ သမီလေးကို မွေးပြီး နောက်ပိုင်း မှာ အားကိုးရသော ခင်ပွန်းက အဝေးပြေးကားမောင်းရင်း မတော်မဆ တခုကြောင့် လောကကြီးထဲက ထွက်သွားခဲ့သည် ။ သမီးပေါက်စလေးကို ရင်မှာ ချီပြီး ခေါင်းရွက် ဖျက်ထိုးအစ ၊ ရာသီကုန်တွေ ရောင်းရင်း ကမ်းနားဈေးမှာ အခြေချခဲ့သည် ။ သည့်နောက် ကမ်းနားကနေ ကျူးကျော်တွေ ရွေ့ရတော့ မြို့သစ်မှာ မြေကွက်လေးရသည်။ မိုးမှာလှေလှော် ၊ နွေမှာ မြက်တောဖြတ်ပြီး ခြင်ပေါတဲ့ညတွေက လုံခြုံမှု ရှိစွာနေရလို့ စိတ်ချမ်းသာခဲ့ပါတယ်။ ဒီလိုနဲ့ မြို့သစ်ဈေးထဲ မနက်ဈေးရောင်း ပြီးတာနဲ့ လိုင်းကားစီးပြီး ဧရာဝတီတာရိုး ဘေး မှာ ဝါးကပ်လွှာတဲ့ အလုပ်ကို လုပ်ပါတယ်။ ဒီမှာပဲ ကိုသံခဲ တို့ နဲ့ ဆုံတာပါပဲ..။ သစ်ပွဲစား ဝါးပွဲစား လိုလိုနဲ့ ကမ်းနား တစ်လျှောက်မှာတော့ မင်းသားပါပဲ...။ ပိုက်ဆံ လိုရင် လိုသလို သူ့ဆီက လှည့်သုံးကြပါတယ် ။ ။ အကြွေးမကင်းလေတော့ သူတွေ့ ရင် မျက်နှာချိုသွေးရတာပါပဲ...။ ...............................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...