ငြိမ်းချမ်းရေးအတွက် ခြေလှမ်းတစ်ရပ်ဖြစ်ပါစေ
by Naung Taw Lay on Monday, October 1, 2012 at 5:38am ·
ကျွန်တော်တို့တွေ ဆုံဖြစ်ကြတော့ နိုင်ငံအတွက် အဓိက လိုအပ်ချက်ဖြစ်နေတဲ့ ငြိမ်းချမ်းရေးကိစ္စ စကားစမြည် ပြောဖြစ်ကြတယ်။ တိုင်းရင်းသားတွေနဲ့ ဗမာတွေကြားမှာ အမုန်းပွားတဲ့အခြေအနေ တိုင်းရင်းသား တွေက ဗမာဆိုပြီး လူများစုတစ်ခုလုံးအပေါ် မကျေမနပ်ဖြစ်နေတဲ့အခြေအနေတွေ အလုံးစုံရဲ့ အခြေခံကို အဖြေရှာကြည့်ကြတယ်။ လက်ခံနိုင်လောက်၏ ။ လက်ခံနိုင်စရာ အကြောင်းမရှိဆိုတာကို ဆုံးဖြတ်နိုင်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ရှုပြီး ဆုံးဖြတ်ကြည့်စေချင်ပါတယ်။ လက်တလောအခြေအနေမှာတော့ ရခိုင်ပြည်မှာ ကြုံတွေ့နေရတဲ့ တိုင်းတပါးကျူးကျော်မှုရန်နဲ့ ကချင်ပြည်နယ်ရဲ့ စစ်ပွဲတွေဟာ မငြိမ်းချမ်းသေးတဲ့ အရိပ်လက္ခ ဏာတွေလို့ ဆိုရမှာပါပဲ။ နှစ်ပေါင်းများစွာကတည်းက ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းခဲ့ကြတယ်။ ဘယ်လိုမျိုး လွဲချော်မှုတွေကြောင့် ကျွန်တော်တို့နိုင်ငံတော်ကြီး မငြိမ်းချမ်းနိုင်သေးတာလဲ။
စစ်တပ်နဲ့ငြိမ်းချမ်းရေးလို့ ကျွန်တော်တို့စပြောကြည့်ရအောင်ပါ။ တကယ်ကိုပါပဲဗျာ။ တိုင်းရင်းသား ပေါင်းစုံလက်နက်ကိုင်နေချိန်မှာ ငြိမ်းချမ်းရေးအတွက် တီးတိုးဆွေးနွေးမှုတွေလုပ်ခဲ့ကြပါတယ်။ အဲဒီလိုလုပ်တဲ့ နေရာမှာ ပြည်သူ့အရေးဆိုတာကို ဘေးဖယ်ထားပြီး ကိုယ့်အချင်းချင်း အကျိုးအမြတ်မျှဝေပြီး ငြိမ်းချမ်းသွားခဲ့ ကြတာတွေလည်း ရှိပါတယ်။ အဲဒီလို လုပ်ပိုင်ခွင့်တွေ အကျိုးအမြတ်ခွဲဝေစားသုံးခွင့်တွေ ပြုလိုက်တဲ့အတွက် အတော်အသင့်ငြိမ်းချမ်းသွားတယ်ဆိုရင် လက်ခံကြရမှာပါ။ အကျိုးအမြတ်ဆိုတဲ့စကားဟာ နိုင်ငံရေး အ၀န်းအ၀ိုင်းမှာ ပေါ်ပေါ်လွင်လွင် ပြောလို့မရတဲ့ စကားမှန်ပေသည့် အကျိုးအမြတ်မျှတမှု မရှိဘဲနဲ့ ငြိမ်းချမ်း မှု မရနိုင်ပါဘူး။ အဲဒီလို အကျိုးအမြတ်ဆိုတဲ့နေရာမှာ ငွေကြေးက အစ ၊ လုပ်ပိုင်ခွင့်အဆုံး တိုင်းရင်းသားဒေသ တွေမှာ တိုင်းရင်းသားတွေ လုပ်ကိုင်စားသောက်ခွင့်ရသင့်ပါလျှက် လုပ်ကိုင်ခွင့်မရတဲ့အခွင့်အရေးတွေကို ဖြေလျှော့ပေးတာတွေ အထိပါမှာပါ။
အဲသလိုမှ မဟုတ်ခဲ့ရင်လည်း ဘယ်လိုမှ မငြိမ်းချမ်းနိုင်ဘူးလို့ပြောရမှာပါ။ အဓိကအားဖြင့် တိုင်းရင်း သားတွေ လက်နက်ကိုင်ခဲ့တာကိုက သူတို့ဒေသမှာ ရှိတဲ့စီးပွားရေး သူတို့တွေလွတ်လွတ်လပ်လပ် လုပ်ကိုင် ခွင့်မရလို့ပါ။ သစ်တွေပေါတယ်။ ကျောက်မျက်ရတာတွေပေါတယ်။ ရေချို၊ရေငံသားငါးထွက်ကုန်တွေလည်း ပေါပါတယ်။ အဲဒီမှာ ပြောဖို့ရှိလာတာက လူနည်းစုတိုင်းရင်းသားတွေဟာ လူများစုဖြစ်တဲ့ဗမာအပေါ်မှာ အမြင် လွဲချော်မှု ရှိနေပေမယ့် ဗမာတွေကိုယ်တိုင်ဟာလည်း တိုင်းရင်းသားတစ်မျိုးဖြစ်သာဖြစ်ပါတယ်။ သူတို့ကိုယ် တိုင်လည်း တိုင်းရင်းသားတွေနည်းတူ သူတို့ဒေသက စီးပွားရေး သူတို့တွေလွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် မရပါဘူး။ သာဓက အားဖြင့်တော့ ဧရာဝတီတိုင်းဒေသကြီးကို နမူနာပေးချင်ပါတယ်။ ပိုက်ချက်တွေ၊ အင်းတွေ ပင်လယ်ပြင်ငါးဖမ်းလုပ်ကွက်တွေ ဧရာဝတီတိုင်းမှာ အများကြီးရှိနေပါတယ်။ အဲဒီလိုရှိတဲ့နေရာမှာ နိုင်ငံတော် က အင်းတွေ၊ ချောင်းတွေ၊ ပိုက်ချက်တွေကို လေလံစနစ်နဲ့ချပေးတဲ့နေရာမှာ ဒေသခံအရင်းအနှီးမဲ့ လူတန်း စားတွေခမျာ အဲဒီ အင်း၊ပိုက်ချက်တွေ အတွင်းမှာ တစ်နပ်စာ ၊ တစ်ခါချက် ရှာဖွေစားသောက်မိရင်တောင် သူခိုးဖြစ်ရတဲ့ အခြေအနေမှာ ယနေ့တိုင်ရှိနေဆဲပါပဲ။
လက်တလောအဖြစ်နဲ့ တိုက်ဆိုင်တာတော့ ကျုံပျော်က အင်းထဲမှာငါးဖမ်းလို့ အရပ်သားတွေကို ရဲက သေနတ်နဲ့ ပစ်တဲ့အထိဆောင်ရွက်သွားတဲ့ကိစ္စပါပဲခင်ဗျာ။ ယခင်ကတော့ တုတ်နဲ့လိုက် ဓားနဲ့လိုက်၊ အခုတော့ သေနတ်နဲ့ပစ်တဲ့အဆင့်ထိ ဖြစ်နေကြပြီ။ အဲသလိုမျိုးက နေရာတိုင်းမှာ ဖြစ်နေတာပါ။ အလုပ် သမား အဖြစ်ကလွဲပြီး သဘာဝထွက်ကုန်အပေါ်ကနေ ပြည်သူတွေ ရှာဖွေစားသောက်ခွင့်မရတာဟာ ကချင် ဘက်က ကျောက်တွင်းတွေကို ကချင်တိုင်းရင်းသားတွေ လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်မရသလိုပါပဲ ။ ထိုနည်း၎င်း ထပ်ဆင့်ပြီး ပြောရရင် အနယ်နယ်အရပ်ရပ်က သစ်ကောင်း ၀ါးကောင်းတွေကို ကုမ္ပဏီကြီး တစ်ခုတည်းက လက်ဝါးကြီး အုပ်ထားတာတွေဟာ တိုင်းရင်းသားတွက် အဓိကမကျေနပ်ချက် ဖြစ်ပေါ်လာစေ ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ကို ဆရာက ရှင်းရှင်းလင်းလင်း နားလည်အောင် ကာလေတွေနဲ့ ပုံကြမ်း ဆွဲပြီး ရှင်းချက်ထုတ်ပါတယ်။
ဆန်းပွင့်ခြင်း နှင့် လာဘ်ပိတ်ခြင်း ဆိုတဲ့ခေါင်စဉ်အောက်မှာ ဘောက်စ် နှစ်ခုကို မတူညီတဲ့ ဒေသကြီး နှစ်ခုအဖြစ် ခွဲခြားပြောဆိုပါတယ်။ အစပထမှာတော့ ဆရာက အားလုံးမပြောဘဲ ကျွန်တော်တို့ကို စဉ်းစားစေ ပါတယ်။ အပြာရောင်တွေ ကိုလည်း လုပ်ငန်းကိုင်ငန်းတွေအဖြစ်သတ်မှတ်ပါ။ အနီရောက်တွေကိုလည်း လုပ်ငန်း ကိုင်ငန်းတွေအဖြစ်သတ်မှတ်ပါ။ အဲဒီလိုမတူညီညီတဲ့ အလုပ်တွေကို လုပ်ကိုင်စားသောက်တဲ့ ဒေသကြီး နှစ်ခုရှိရာမှာ အနီရောင်ဘက်ကို ပြာရောင်အလုပ်တွေသွားချဲ့ထွင်မယ်လို့ လုပ်ရင်လည်း အဆင် မပြေပါဘူး။ အပြာရောင်သာ လုပ်လို့ရတဲ့နေရာမှာ အနီရောင်အလုပ်ကို လုပ်ကိုင်နေသူနဲ့လည်း အံဝင်ခွင်ကျ ဖြစ်မှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။
ကျွန်တော်တို့ကိုလည်း စဉ်းစားခွင့်ပေးထားတဲ့အတွက် အပြာရောင် အလုပ်တွေကို သာတောင့်သာ ယာလုပ်ရတဲ့ လုပ်ငန်းတွေ အဖြစ်ထားပါစို့ ( မြို့ပေါ်မှာ လုပ်ကိုင်စားသောက်နေတဲ့ အလုပ်မျိုးတွေ ကွန်ပျူတာ ဆိုင် ၊ လျှပ်စစ်ပစ္စည်းဆိုင်တွေ၊ စက်ရုံလုပ်ငန်းတွေ) အနီရောင်ဘက်ကိုတော့ သစ်ခုတ်ဝါးခုတ် ငါးရှာ ဖားရှာ လုပ်ကိုင်စားသောက်ရတဲ့ အလုပ်မျိုးတွေ ဆိုပါတော့။ အဲဒီလဆိုတော့ ငါးရှာ ဖားရှာ သစ်ခုတ်ဆိုတဲ့ဒေသတွေ ကို ဖွံ့ဖြိုးရေးလုပ်မယ်ဆိုရင် အခက်ကြုံမှာပေါ့လို့ ထောက်ပြမိပါတယ်။
ဟုတ်တယ်။ လုပ်လို့မရဘူးလို့ ပြောတာမဟုတ်ဘူး။ လုပ်တဲ့နေရာမှာ ဥပမာအနေနဲ့ ကြံစိုက်တောင် သူတွေ ရှိတဲ့နေရာမှာ သကြားစက်ရုံထောင်မယ်ဆိုပါစို့။ အဲဒီသကြားစက်ရုံအတွက်လိုအပ်တဲ့အလုပ်သမားကို တခြား တစ်နေရာကနေ ခေါ်လာစရာ မလိုဘူး။ အခုက အဲဒီလိုမဟုတ်တဲ့အတွက် ပြဿနာတစ်ရပ်ရှိလာတယ်။ ဒေသခံ တွေကိုပဲ အလုပ်ခွင်မှာ အသုံးချမှ အဆင်ပြေမှာပါလို့ပြောပါတယ်။
ဒေသတစ်ခုမှာ အခြားတစ်နေရာက အလုပ်ကိုသွားပြီးလုပ်ကို လုပ်မှဖြစ်မယ်လို့ ဆုံးဖြတ်တဲ့အခါမျိုးမှာ ရှိရင်စွဲဒေသခံတွေကို ပြောင်းရွှေ့နေရာချထားပေးမှာလား။ အလုပ်ခွင်သစ်မှာ အစားထိုးပေးမှာလား။ ဒီနေရာ မှာပဲနေပြီး ရှိရင်းစွဲ အလုပ်ကိုလုပ်ခွင့်မပြုတော့တာလား။ သစ်ပေါတဲ့အရပ်မှာ သစ်ခုတ်မှ စားရမယ့် လူတွေကို သစ်မခုတ်နဲ့လို့ပြောပြီး တခြားဘာနဲ့မှ ကုစားမပေးရင်တော့ လုံးဝအဆင်မပြေနိုင်တော့ဘူး။ ပြောင်းရွှေ့နေရာ ချထားမယ်ဆိုပါစို့။ တောက လူတွေကို မြို့ပေါ်ပြောင်းဆိုလို့လည်း သူတို့အတွက် ချက်ခြင်းလက်ငင်းအံဝင် ခွင်ကျမဖြစ်နိုင်ဘူး။
အဲဒီတော့ ဒီအရောင်လေးတွေနဲ့ အကြိတ်အနယ်ပြောလိုက်ရတဲ့အတွက် ငြိမ်းချမ်းရေးမှာ အဓိက အားဖြင့်တော့ အကျိုးစီးပွားလို့သာ သတ်မှတ်ပါတယ်။ အဲဒီအကျိုးစီးပွားကို နှစ်ဖက်နှစ်လမ်း မျှမျှတတ မဖြစ် သ၍တော့ ဘယ်လိုမှ မငြိမ်းချမ်းနိုင်ဘူးလို့ သုံးသပ်ရင်း တိုင်းရင်းသားတွေ လက်နက်မစွန့်လွှတ်နိုင်ခြင်းဟာ လည်းသူတို့တွေရရှိခံစားသင့်တဲ့ အကျိုးစီးပွားကို ခုခံကာကွယ်ရင်း ခံစစ်အနေအထား ရပ်တည်နေကြတာပါ။ အဲဒီအတွက် ခံစစ်ကို စစ်နဲ့ပဲဖြိုခွင်းနေဦးမှာလား။ ခံစစ်တွေကို လက်ဝါးချင်းရိုက် အကျိုးစီးပွားမျှဝေခြင်း မျိုးမဟုတ်ဘဲ ဒေသတစ်ခုချင်းစီအတွက် လုပ်ပိုင်ခွင့်တွေကို ချထားပေးနိုင်ရင် အတော်အသင့်အဆင်ပြေလိမ့် မယ်လို့ ယုံကြည်ပါတယ်။ ဒီအခြေအနေမှာဆိုရင်တော့ မြန်မာတိုင်းရင်းသား လက်နက်ကိုင်ဆိုတာ ရှိလာမှာ တော့မဟုတ်ပေမယ့် ဗမာအများစုနေတဲ့နေရာတွေမှာလည်း အခြားသော တိုင်းရင်းသားများနည်းတူ ကိုယ့်ဒေ သမှာရှိတဲ့လက်ငုတ်လက်ရင်းတွေရဲ့ အကျိုးခံစားခွင့်ကို ဒေသခံတွေ ရရှိခံစားနိုင်ခြင်း မရှိသေးပါကြောင်း ပြောဆိုရင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အကျိုးစီးပွားတွေကို ချုပ်ကိုင်ထားရာကနေ ဖြေလျှော့ပေးနိုင်ကြ ပါစေ။
နောင်တော်လေး (ဘိုကလေး)
လိုအပ်တာလေးများရှိရင် သည်းခံ ဖတ်ရှုတော်မူကြပါကုန်
0 comments:
Post a Comment