မုန့်ဝေတယ်
နံနက်အိပ်ယာမှထပြီး ထမင်းတအိုးချက်လိုက်သည်။ ထမင်းကျက်တော့ ဟင်းချက်စရာကဘာမှမရှိ။
မနေ့ကတဲကတွေးမိသည်။ ဒီနေ့စာအတွက် အဖြေမရ။ မရဲတရဲအတွေးတခု ဖြတ်ခနဲဝင်လာသည်။ ယူနေကြဆိုင်မှာ ကြက်ဥသုံးလုံး အကြွေးသွားယူရင်ကောင်းမလား… ချီတုန်ချတုန်ဖြစ်နေ၏။ ယူထားတဲ့အကြွေးကလည်း များနေပြီမို့ အားနာနေမိသည် ။ နံနက်စောစော သူများဆိုင်မှာ အကြွေးသွားယူဖို့ ဆိုတာကလည်း မဖြစ်သင့် ။ နောက်ဆုံး ကျွန်တော်ဆုံးဖြတ်ချက်တခုချလိုက်သည်။
အကြွေးမယူရင် အခြားနည်းလမ်းမရှိ။ ယူရဦးမည်။ နောက်တနာရီကျော်လောက်မှ သွားယူတော့မည်။ ဒါဆိုရင် ဆိုင်ရှင်ဘက်ကလည်း နားလည်ပေးနိုင်မည်။
ကျွန်တော်မှာသားတယောက်ရှိ၏။ ကျွန်တော့်တဲအိမ်လေးထဲ အချိန်ဆွဲရင်း လုပ်စရာရှိတာလေးတွေ လုပ်နေတုန်း ကျွန်တော်သား အိပ်ယာက နိုးလာသည်။ သူမျက်နှာသစ်သန့်ရှင်းရေးလုပ်အပြီး တအောင့်လောက်ကြာတော့ ကျွန်တော်အကြွေးယူဖို့စောင့်နေသော အချိန်ကိုရောက်လု နေပြီ။ ကျွန်တော်အားတင်းပြီး အကြွေးယူဖို့ထွက်ခဲ့သည်။ သားလေးကလည်း နောက်ကလိုက်လာသည်။ ဆိုင်မှာလူတွေများနေလို့ အကြွေးယူဖို့ မ၀ံ့မရဲဖြစ်မိသည်။ ကျွန်တော်ဆိုင်ဘေးနားမှာ ရစ်သီရစ်သီ ခနလုပ်နေလိုက်၏။ သားလေးကကျွန်တော်ကို အကဲခတ်နေသလို ခံစားနေရသည်။ ခဏကြာတော့ လူစုကွဲသွား၍ ဆိုင်းထဲကိုဝင်ပြီး “ကျွန်တော်…ကြက်ဥ … သုံးလုံးယူမယ် … မှတ်တားပေးပါ” လို့ပြောလိုက်သည်။ ဆိုင်းရှင်ကခေါင်းညိမ့်ပြလို့ တော်ပါသေးရဲ့။
သားလေးကမုန့်တွေကို ငေးပြီးကြည့်ရင်း “ထမင်းစားပြီးရင် စားဖို့မုန့်ဝယ်ထားပေးပါ”လို့ ပြောလာသည်။ ကျွန်တော်လည်း ကမန်းကတမ်း သားလေးကို နှစ်သိမ့်လိုက်မိသည်။ “သားထမင်းစားပြီးရင် ယူပေးမှာပေါ့ “ဆိုပြီး ကျွန်တော်တို့ဆိုင်းထဲက ထွက်လိုက်ကြသည်။ အိမ်အနား ရောက်တော့ ကလေးတသိုက်မုန့်ထုတ်လေးတွေကိုယ်စီနှင့် ရွှင်မြူးနေကြတာကို တွေ့လိုက်ရသည်။ သူတို့က ၀မ်းသာအားရ ကျွန်တော်သားလေးကို လှမ်းပြော၏။
“ဟိုးမှာ မုန့်ဝေနေတယ်ကွ “ တဲ့
“ဘယ်မှာလဲကွ” လို့ ကလေးတသိုက်ကို လှမ်းပြောလိုက်သည့် ကျွန်တော်ကလေးရဲ့ အသံက လိုအပ်တာထက် အဆပေါင်းများစွာ ကျယ်လောင် သွားသည်။ “ဟေမာန်စိုးတို့အိမ်မှာ …”
စကားတောင်မဆုံးသေးခင် ကျွန်တော့်သားလေးပြေးထွက်သွားတာ မျှားတစင်းထက်ပင်မြန်နေသည့်အလား။ မုန့်ဝေတယ်လို့ကြားရင် အရင် ရောက်မှဖြစ်မည်။ တခါတလေ ကလေးတွေကများပြီး ဝေတဲ့မုန့်ကနဲနေရင် နောက်ကျတဲ့ကလေးက မရတော့။ ကုန်သွားပြီဆိုတဲ့အသံကိုသာ တယောက်ယောက်ထံမှကြားရမည်။ ဒီလိုပဲ မုန့်မရလို့ ခေါင်းကလေးတွေငုံ့ပြီးပြန်သွားရတဲ့ ကလေးလေးတွေကိုလည်း ကျွန်တော်တွေ့ ခဲ့ဖူးသည်။ ကျွန်တော့်တဲအိမ်ကလေးဘက်ကို ကွေ့ လိုက်စဉ်မှာ ကျွန်တော့်ရင်ထဲမှာ ဆို့နင့်ကြွေကွဲသွားမိလို့လား ဝမ်းနည်းသွားမိလို့လား ဘာကြောင့်မှန်း တော့ မသိ။ အံကိုတင်းတင်းကြိတ်လိုက်တော့မှ မျက်ရည်တွေဝဲလာ၏။ ခဏနေတော့ သားလေး အိမ်ထဲအပြေးလေး ဝင်လာတာကိုတွေ့ရသည်။ “သားပိုက်ဆံ (၂) ဘတ်ပေါက်တယ် အဖေရေ“လို့အော်ပြောပြီး အရမ်းပျော်ရွှင်နေပုံရသည်။
ကျွန်တော် ဒုက္ခသည်စခန်းမှာနေတာ (၆) နှစ်ကျော်ခဲ့ပါပြီ။ ကျွန်တော်တို့ ဒုက္ခသည်စခန်းမှာ ဒီလိုမုန့်ဝေတာဟာ အထူးအစမ်းတော့မဟုတ်။ မကြာခဏ ရှိတတ်သည်။ ကလေးတွေရဲ့မွေးနေ့တွေမှာ ဒီလိုလုပ်လေ့ ရှိသည်။ ကြွတ်ြကွတ်အိတ် (၅×၉) အိတ်ကလေးတွေထဲမှာ ဂျယ်ရီလေး တခု၊သကြားလုံးသုံးလေးလုံး၊ဘီစကွတ်မုန့်သုံးလေးချပ်၊လိမ္မော်ရည်ဘူး သေးလေးတဘူး၊စတာတွေကိုထဲပြီး ကြွတ်ကြွတ်အိတ် အထုတ်လေး တွေကို မွေးနေ့ရှင်က သူအိမ်မှာ စုပုံထားပြီး ဝေမည့်အချိန်ရောက်ရင် “မုန့်ဝေတယ် မုန့်ဝေတယ် “လို့ အော်လိုက်ရင် ကျောင်းပိတ်ရက်များနှင့် ကျောင်းဆင်းချိန်များမှာ ကစားနေတဲ့ ကလေးတွေ ၀မ်းသာအားရ ပြေးသွားလေ့ရှိကြသည်။ တယောက်တထုတ်ပေးရင်း မုန့်ယူသည့်ကလေးတွေ လက်ကိုလည်း ဆော့ပင်နှင့် ခြစ်လိုက်သေးသည်။ ဆော့ပင်နှင့် ဘာကြောင့်ခြစ်သလဲဆိုတော့ ရပြီးသားကလေး နောက်တကြိမ်ပြန်လာယူရင် သိရအောင်လို့တဲ့ …။ အချို့မုန့်ထုတ်ကလေးများထည့်ထားသော ကြွတ်ကြွတ်အိတ်ကလေးအတွင်း ကံစမ်းမဲဖေါက်သလို အကြွေစေ့ တစ်ဘတ်စေ့လေးများကို ထည့်ထားတတ်သေးသည်။ ကျွန်တော့်သားလေးက သူရလာတဲ့ မုန့်အိတ်ထဲ (၂) ဘတ်ပါလာတာကို ကျွန်တော့်ကို အားရဝမ်းသာ ပြောနေတာများ အသက်မှရှုရဲ့လားဟု စိုးရိမ်စိတ်ပါဝင်လာမိသည်။ မုန့်ဝေတာကို မကြာခဏ တွေ့ နေကြားနေရသည်။ ကျွန်တော့်သားလေးမွေးနေ့မှာလည်း ဒီလိုမုန့်ဝေတာ တခါ နှစ်ခါလုပ်ပေးခဲ့ဖူးသည်။
ဒီတခါမုန့်ဝေတာက ကျွန်တော့ကလေး မုန့်စာချင်နေချိန်မှာလေ ။
မုန့်ရလို့ ပျော်မြူးသွားတာကို တွေ့လိုက်ရလို့လား ဘာကြောင့်မှန်းမသိ။ ရင်ဘတ်ထဲ နင့်နင့်ကြီးခံစားနေရတာကြီးကတော့ ဒီစာရေးပြီးတာတောင် ထွက်မသွားသေး။ သားလေးကပြောတယ် …
“သားကို ဘုရားသခင် ကောင်းချီးပေးတယ် “ တဲ့။
ညိုပု (PDE)
0 comments:
Post a Comment