ကြိုးဖြင့် ကမ္ဘာတည်သူ
အထင်ကရ ·
လောလောလတ်လတ် မေမေ တရားစခန်း သွားနေသည်။ ကျွန်တော်တို့ ညီအစ်ကိုသုံးယောက်ကို ထိန်းကျောင်းခဲ့တဲ့ အမေကြီးကို ကျွန်တော်တို့နဲ့အတူ အဖော်အဖြစ် နေဖို့ ရွာက တကူးတက ခေါ် ထားပေးခဲ့သည်။ ညနေပိုင်း မေမေ တရားစခန်းသွားတော့ နောက်နေ့ လင်းအားကြီးကြီးချင်း အမေကြီး ရောက်ချလာသည်။ နေ့တောင်မဆိုင်းပါ။ နည်းသည့် သံယောဇဉ်တော့မဟုတ်။ အမေကြီးလာရင် ရွာက လက်ဆောင်ပစ္စည်း တစ်ခြင်းကြီး ပါလာတတ်သည်။ ရွာက သပိတ်ကျင်းအလွန် ဧရာဝတီမြစ်ဘေးက ဆိုတော့ မြေပဲပေါသည်။ မြေဆီကောင်းတော့ သီးသမျှ နဂါးမောက်သီးသည် အရွယ်ကြီးသည်။ အထူးသဖြင့် ချိုသည်။ ကျွန်တော် အကြိုက်ဆုံးကတော့ မိုးတွင်းမှာပေါ်သည့် ပုရစ်ပင်။ ထိုမှာတော့ ကျွန်းပုရစ်လို့ ခေါ်ကြသည်။ တချို့က မြေပဲပုရစ်လို့ ခေါ်ကြသည်။ ခေါ်ပုံကတော့ အမျိုးမျိုး။ မြို့မှာရောင်းသည့် ပုရစ်တွေနဲ့မတူ အကောင် ပိုသေးသည်။ အရသာက ပိုလေးသည်။ ချင်း၊ ကြက်သွန်ဖြူ ထောင်းပြီ ကြော်ရင် မွှေးနေတတ်သည်။ ကျွန်တော်သိပ်ကြိုက်သည့် အစားအစာတစ်မျိုးပင် ဖြစ်သည်။ ပုရစ်က ပုံမှန်အားဖြင့် မိုးတအားရွာတော့လည်း တွင်းထဲက မထွက်။ ရှာရခက်သည်။ မိုးက ဖြေးဖြေးနဲ့ မှန်မှန်ဆွေတော့မှ ထွက်လာလေ့ရှိသည်။ မိုးကုန်တော့ ပုရစ်က တုံးလာပြီ။ သို့ပေမဲ့ အမေကြီးက ကျွန်တော့်တို့အတွက် တစ်ဗူးကြီး ရအောင် ဖန်တီးခဲ့သည်။ နောက်တစ်မျိုးက အမေကြီးရောက်တိုင်း လှိုင်လှိုင်စားရသော ဧရာမ ပုစွန်ထုပ်ကြီးများပင် ဖြစ်သည်။ ထမင်းကို ပုစွန်ကြော်ထားတဲ့ ဆီနဲ့နယ် ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူကို ပုစွန်ကြော်လေးနဲ့ ဆိုရင် အခြားဟင်းမလို။ မြိန်လိုက်သည့် ဖြစ်ခြင်း။ ငယ်ကတည်းက ရွာမှာ ဗိုက်ဆာရင် အမေကြီး ကျွေးတတ်သော အဆာပြေ ပုစွန်လက်တက် မီးဖုတ်ကြီးများသည်ပင် လွမ်းစရာ။
အမေကြီးနာမည်က ဒေါ်တင်မေ။ အသက်ကတော့ ကျွန်တော်တို့ အဖွားနှင့် တန်းတူလောက် ဖြစ်လိမ့်မည်။ ၈၀နား ကပ်လှပြီ။ သို့ပေမဲ့ ကျွန်တော်တို့က အမြဲတစေ " အဒေါ်" လို့ပင် ခေါ်ကြသည်။ အရွယ်တင်သည်။ ကျန်းမာသည်။ အသားအရေက ခပ်လတ်လတ် လူပုံက ခပ်ပါးပါး။ အသက်ကြီးလာပေမဲ့ အလုပ်လုပ်ရင် ဆယ့်ခြောက်နှစ်ထက် ပေါ့ပါးသည်။ တနေကုန် အလုပ်ကို ဗြန်းဗြန်ုကွဲ လုပ်နိုင်တုန်း။ အမေကြီးမှာ သားသမီး ရှစ်ယောက်ရှိသည်။ ခုနှစ်ယောကတော့် အဖတ်တင်ရှာသည်။ မြေးက အယောက် ၅၀ကျော်သည်။ မြစ်တွေကတော့ သူမမြင်ဖူးတာတွေလည်း ရှိသည်။ မရေနိုင်တော့။ လူဦးရေက နည်းသည်မဟုတ် ၀ါသနာပါရင် ရွာငယ်တစ်ရွာလောက်ကို ကျားစီးဖားစီး ထူထောင်လို့ ရလောက်သည်။
တနေ့က အမေကြီးဆီ ရွာက ဖုန်းလာသည်။ ကျွန်တော်လည်း ခေါ်ပေးလိုက်သည်။ အမေကြီးက ဖုန်းစပြောလေသည်။
" ဟဲလို"
ဟိုဘက်က ဘာပြန်ပြောသည် မသိ
" ညည်းတို့အေ ငါနားမကောင်းဘူးများ မှတ်နေလား။ စကား အကျယ်ကြီး မပြောစမ်းနဲ့။ မတော် လူကြား ရှက်စရာအေ" ရှေ့ခန်းမှာ အမေကြီး ပြောသည့်အသံက မီးဖိုခန်းထဲက ကျွန်တော်ပင် အတိုင်းသား ကြားရသည်။ အော်လူကြီးကိုး။
ဖုန်းတစ်ဘက်က ဘယ်တော့ပြန်လာမလဲ မေးလိုက်သည် ထင်သည် အမေကြီးကတော့ အော်ကြီးဟစ်ကျယ်နှင့်
" ဆရာကတော် တရားစခန်းက ပြန်မှ ပြန်လာမှာ။ ညည်းတို့ကလည်း ငါ့ကို နောက်ကြောင်းမအေးအောင် မလုပ်စမ်းနဲ့။ အသက်တွေကဖြင့် ကြီးလှပြီ ညည်းတို့ကို ကျုပ်ဖြင့် လုံးလုံးကြီး စိတ်မပူပေါင်အေ။ ဒါနဲ့
မသီ နေကောင်းရဲ့လား။ တနေ့က ငါလာတုန်းက ခြေတွေလက်တွေ ကပ်ချင်လို့တဲ့။ တကတည်း အသက်ကြီးတဲ့ ငါက ပြန်ပူနေရတယ်။
သာစိန်လည်း မူးပြီး ကလေးတွေ ရိုက်မနေနဲ့ဦး အမေက မှာတယ်လို့.......
ထွေးစိန်လည်း သည်နှစ်ကလေးတွေလှူချင်ရင် နှစ်လုံး လျှော့ထိုးလို့ ပြောစမ်းပါအေ
မောင်ထွေးလည်း သည်နှစ် ဆယ်တန်း ဖြေရမှာ။ မပေါ့နဲ့လို့။
မိကြည်ကလေး အငယ်ဆုံးက နို့ပြတ်သွားပြီလား။ ငါလာတုန်းက နို့ဖြတ်တုန်း တန်းလန်းကြီးအေ။ သည်ကောင်မ စိတ်မပြတ်ပုံနဲ့တော့ ကလေးက ပြတ်ဦးမှာ မဟုတ်ပါဘူး။
ငါ့လိုက်ပို့တဲ့ မောင့်မြင့်သား အလတ်ကောင်ကို မုန့်ဖိုး ပေးလိုက်ပါဦး။ ငါ့ အကြွေမပါတော့ ကလေး မုန့်ဖိုး မပေးခဲ့ရဘူး။
မနေ့က ရွာလူကြီး ဖိုးစိန်တူမ ဆုံးဆို။ နာရေးသွားပြီး ငွေငါးထောင်လောက် ကူလိုက်ဦး။ အမေက မြို့ရောက်နေလို့ မလာနိုင်ကြောင်း ပြောလိုက် သိလား........
.
.
.
.
.
.
ခု ရောက်တဲ့ တိုက်နယ်ဆရာဝန်မအိမ်လည်း ဟင်းစားလေး ပို့လိုက်ကြဦး။ သည်ဆရာမက ကပ်တတ်တတ်ရယ် တနေကုန် ကော်ဖီတခွက်နဲ့ ပြီးချင်ပြီးနေမှာ။
တော်ပြီအေ။ ညည်းတို့နဲ့ ဖုန်းပြောတာ အာခြောက်တယ်။ ငါလည်း ညည်းတို့ကို စိတ်မပူဘူး။ ညည်းတို့လည်း ငါ့ စိတ်ပူမနေနဲ့။ "
တုံးတုံးတိတိနဲ့ ဖြတ်ချလိုက်သော ဖုန်းသံကို ကျွန်တော်ကြားတိုင်း ရယ်ရသည်။ စိတ်မပူပေါင်အေ ပြောပြီး ရွတ်သွားသည့်နာမည်တွေက နည်းနည်းနောနောမဟုတ်။ နာမည်နှင့်ပင် ဦးနှောက် ခြောက်ရလောက်သည်။ တလောက စစ်ကိုင်း ငလျင် အကြီးအကျယ်လှုပ်တော့ ရွာက ဖုန်းဆက်သည်။ အသက်ငါးဆယ်ကျော်သမီးက ရွာလယ် လမ်းမတက် "ကြောက်ပါရဲ့ အမေ" ဆိုပြီး အော်ကြီးဟစ်ကျယ် ငိုယိုဖုန်းဆက်လို့ ဆိုင်းမဆင့် ဗုံမဆင့် ငိုချင်းနှောပြီး ထပြေးရသေးသည်။ အေးလေ အမေဆိုတော့ တစ်အိမ်လုံးကို ခေါင်းထဲ ထည့်ထားရသည်။ ငါးနှစ်တုန်းကလည်း သမီး၊ ဆယ့်ငါးနှစ်တုန်းကလည်း သမီး၊ ငါးဆယ်လည်း သမီးဆိုတော့ အမေ့မျက်ဝန်းထဲမှာ ငါးဆယ်ကျော် အရွယ်ဟိုင်း သမီးတစ်ယောက်ကို လူကြီးလို့ မမြင်။ ဘောင်းဘီတိုနဲ့ ဆော့တုန်း ထင်ပါရဲ့။
သည်လိုဆိုတော့ ယောကျာ်းတွေဟာ ရာထူးကြီးလာတိုင်း တာဝန်ကလည်း အလိုအလျောက် ကြီးမားလာကြသည်။ ရာထူးနဲ့ တန်သည့် ၀န်ကို ထမ်းရသည်။ အမေများက မတူ။ မိသားစု ကြီးလာတိုင်း တာဝန်များလာသည်။ မေတ္တာနှင့် ၀န်ကိုထမ်းရသည်။ မေတ္တာဝန်က ပိုလေးသည်။ ပိုစေးသည်။ တော်ရုံခွာဖို့မလွယ်။ စီစဉ်ရတာတွေ များလာသည်။ သို့ပေမဲ့ ပင်ပန်းရကောင်းမှန်းမသိ။ အိမ်မှာ သံယောဇဉ် ကြိုးတွေ ရှုပ်နေပေမဲ့ ရှင်းဖို့ မစဉ်းစားတတ်တာ အမေတွေပေါ့။ သူဟာ ကြိုးဖြင့် ကမ္ဘာတည်ခဲ့သူပါ။
0 comments:
Post a Comment