Wednesday, December 25, 2013

ပျော်ရွှင်ဖွယ်ရာ ခရစ်စမတ် နှင့် သွေးချင်းတို့၏ သာသနာ

 
 ဗုဒ္ဓဘာသာဝင်အများစုသာ အခြေစိုက်နေထိုင်ကြသော အညာဒေသမှ ကျနော်နေထိုင်ရာ မြို့လေးအဖို့ ယနေ့ညတွင် သိပ်ထူးခြားသော မြင်ကွင်းမျိုး မကြုံရသော်လည်း အချို့သော သွေးချင်းတို့ နေထိုင် ရာ ဒေသများနှင့် အချို့သော မြို့ပြနေရာများတွင် သာယာကြည်နူးဖွယ် ပွဲတော်တစ်တစ်ခုဖြစ်သော ခရစ္စမတ်ပွဲတော်ဖြင့် စည်ကားသိုက်မြိုက်နေပေရော့မည် ဟု တွေးမိသည်။ ခရစ္စမတ်နေ့စွဲ --------------- 
ခရစ္စမတ်ပွဲတော်ကို ယခုခေတ်တွင် နှစ်စဉ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပကြသည်။ ခရစ္စမတ်ပွဲတော်ကျင်းပမည့်ရက်နှင့် ပတ်သက်၍ ခရစ်တော် ကွယ်လွန်ပြီးနောက် အနှစ် ၃၀၀ အတွင်း ခရစ်ယာန်တို့အချင်းချင်း သဘောထား ကွဲလွဲမှုများ ရှိခဲ့သည်။ ရှေးဦးစွာ ခရစ္စမတ်ပွဲတော်ကို မေလတွင် ကျင်းပကြသည်။ ထိုနောက် ဧပြီလတွင် ကျင်းပပြန်သည်။ ထိုမှတဖန် ဇန္နဝါရီလတွင် ကျင်းပခဲ့သေးသည်။ အေဒီ ၃၀၀ ပြည့်နှစ်ကျမှသာ ဒီဇင်ဘာလ ၂၅ ရက်နေ့ကို ပွဲတော်နေ့အဖြစ် အတည်တကျ သတ်မှတ်ခဲ့ကြသည်။ ထိုအခါမှစ၍ ခရစ္စမတ်ပွဲတော်ကို ဒီဇင်ဘာလတွင် ကျင်းပလာကြသည် ဟု ဖတ်ဖူး မှတ်ဖူးပါသည်။
 
 နေ့ထူးနေ့မြတ် ---------------
 မည်သို့ပင် ဆိုစေကာမူ အများသဘောညီ အတည်ပြု သတ်မှတ်ချက်အရ ယနေ့သည် ကမ္ဘာလောကအဖို့ နေ့ထူးနေ့မြတ်တစ်ခု။ ယေရှုခရစ်တော်ဟူသည့် မြင့်မြတ်သော လူသားတစ်ဦး ကမ္ဘာလောကထဲသို့ ရောက်ရှိလာသည့် နေ့ထူးနေ့မြတ်တစ်ရက်ပင်။ ဗုဒ္ဓဘာသာဝင်တစ်ဦးမျှသော ဖြစ်သော ကျနော့်အဖို့ ( GOD ) နှင့် ပတ်သက်၍ ခရစ်ယာန်များ နှင့် ခံယူချက်ချင်း တူညီမှု မရှိသည့်တိုင် ခရစ်တော်၏ ငြိမ်းချမ်းရေးတရားတော်များ၊ မေတ္တာအပြည့်လွှမ်းခြုံထားသော တရားတော်များ၊ သည်းခံမှု အတိဖြင့် မြွက်ဟ ထားသော နှုတ်ခပါတ်တော်များအပေါ် ရေရေလည်လည် ကြည်ညိုမိသည်ကို ၀န်ခံပါသည်။ ခရစ်တော်သည် သာမန်လူသားတို့ထက်ထူးကဲသော မြင့်မြတ်သော သူတော်စင် တစ်ဦးဟု ယုံကြည်ချက်ရှိခဲ့ပြီးဖြစ်ပါသည်။
 
 မြန်မာနိုင်ငံနှင့် ခရစ်ယာန်သာသနာ ------------------------------------- 
ခရစ်ယာန်သာသနာတွင် * ရိုမန်ကက်သလစ် * အော်သိုဒေါ့က်စ် * ပရိုတက်စတင့် ဟူ၍ အဓိက အစိတ်အပိုင်းကြီးသုံးခုရှိသည်။ ပရိုတက်စတင့် ဘာသာသည် မြန်မာနိုင်ငံတွင် နှစ်ခြင်းခရစ်ယာန် အသင်းတော်ဟူ၍ ခေါ်ဆိုသည်။ ရိုမန်ကက်သလစ်ကို ဗရင်ဂျီ ဟု အသိများသည်။ အခြားဂိုဏ်းခွဲများစွာလဲ ရှိသည်ဟု ကြားဖူးသည်။ မြန်မာနိုင်ငံသို့ ခရစ်ယာန်သာသနာကို ပထမဆုံး သယ်ဆောင်လာသည် မှာ ပေါ်တူဂီ လူမျိုးတို့ ဖြစ်သည်ဟု ဖတ်ဖူးမှတ်ဖူးသည်။ သန်လျင်မြို့သည် မြန်မာနိုင်ငံ၏ ခရစ်ယာန်သာသနာ အစောဆုံးခြေချရာ မြို့ဖြစ်သည်ဟု ဆိုပြီး ၁၇ ရာစု က တည်ဆောက်ခဲ့သော ရိုမန်ကက်သလစ် ဘုရားရှိခိုးကျောင်းတော်ရှိသည်ဟု ဆို၏။ မြန်မာလူမျိုးတို့ထဲမှာ ခရစ်ယာန်ဘာသာသို့ ပထမဆုံးဝင်ရောက်သည့် ထင်ရှားကျော်ကြားသူမှာ နတ်ရှင်နောင် ဖြစ်သည်ဟု ဆို၏။ ဘုန်းတော်ကြီး အံထော်နီအာလမေတူ နှင့် ကူရုဇာစူ တို့နှစ်ပါးမှ နတ်ရှင်နောင်အား ဗရင်ဂျီ (ရိုမာန် ကက်သလစ်) ခရစ်ယာန်ဘာသာသို့ သွတ်သွင်းပေးခဲ့သည်ဟု မှတ်တမ်းရှိပါသည်။ အနောက်ဘက်လွန်မင်းတရားကြီးသည် သန်လျင်မြို့မှ စစ်ရှုံး ပေါ်တူဂီ တို့အား ကျနော်တို့ အညာဒေသ ရေဦးမြို့နယ်နှင့် မြင်းမူမြို့နယ်တို့ တွင် အခြေချ နေထိုင်စေပြီး အမြောက်စစ်သည်များ အဖြစ် အမှုထမ်းစေပါသည်။ သတ်မပစ်ပါ။ ရေဦး မြို့နယ်ရှိ အချို့ကျေးရွာများတွင် ပေါ်တူဂီ အနွယ်များ ယနေ့ထက်တိုင် အခြေချ နေထိုင်ဆဲရှိပြီး ကျနော့်သူငယ်ချင်းတစ်ယောက်တွေ့မြင်ခဲ့ ရသော ပေါ်တူဂီအနွယ် ကောင်မလေးတစ်ယောက်ဆို အတော် လှသည် ဟုဆိုပါသည်။ 
(ဤကား စကားချပ်) မြင်းမူနှင့် မြောင်မြို့နယ်ကြားရှိ နဘက်ကြီး ကျေးရွာတွင် သက်တမ်းအနှစ် ၃၀၀ ခန့်ရှိသည့် ဗရင်ဂျီ ဘုရားကျောင်းကြီး တစ်ဆောင်ရှိသည်ဟု သိရပါသည်။ ပရိုတက်စတင့် ခေါ် နှစ်ခြင်း ခရစ်ယာန်သာသနာကို အမေရိကန် သာသနာပြု ဆရာ ဒေါက်တာ ယုဒဿန်က မျိုးစေ့ချပေးခဲ့သည်။ Dec 5, 2013 တွင် ဆရာယုဒဿန် နှစ် ၂၀၀ ပြည့်ကို ကျင်းပခဲ့သည်ဟု ဆိုသည်။ ဆရာ ယုဒသန် သည် မြန်မာဘုရင် ဗဒုံမင်း၊ စစ်ကိုင်းမင်း၊ သာယာဝတီမင်း၊ ပုဂံမင်း၊ မင်း တုန်းမင်းတို့ လက်ထက်တိုင်မင်း ၅ ဆက်ကို မီလိုက်သောသူ ဖြစ်သည်။ ဆရာ ယုဒသန်၏ သာသနာ ပြုမှုကြောင့် ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲပြီးစ မြန်မာ ခရစ်ယာန်လေးဦးသာ ကျန်ခဲ့ သော်လည်း ခရစ်နှစ် ၁၉၁၀ ခုနှစ်တွင် မြန်မာ တစ်နိုင်ငံလုံးတွင် ခရစ်ယာန် ဘာသာဝင်လူပေါင်း ၇၀၃၉၆ ထိ တိုးတက် လာသည်ဟူသော မှတ်တမ်း တစ်ခုကို ဖတ်ရဖူးသည်။ ဆရာ ယုဒဿန် ၏ သာသနာ ပြုမှုကြောင့် ပထမဆုံးနှစ်ခြင်းခရစ်ယာန် ဖြစ်လာသူမှာ မောင်နောဆိုသူ ဖြစ်သည်။ ၁၈၁၉ ခု ဇွန် လ ၂၇ ရက်တွင် မောင်နော ခရစ်ယာန် ဘာသာတွင်းသို့ ၀င်ခဲ့သည်ဟု ဆိုသည်။ ပထမဆုံး မြန်မာအမျိုးသမီး နှစ်ခြင်းခရစ်ယာနန် ဘာသာဝင်မှာ မမင်းလှ ဆိုသည်ဖြစ်သည်။
 
 သွေးချင်းတို့ နှင့် ခရစ်ယာန် -----------------------------
 ယနေ့လက်ရှိမြန်မာနိုင်ငံတွင် ခရစ်ယာန်သာသနာကို သွေးချင်းတိုင်းရင်းသားများဖြစ်ကြသော ကချင်၊ ချင်းနှင့် ကရင် တို့က ရာခိုင်နှုန်းအများစု ကိုးကွယ်ကြရာ ခရစ်ယာန်သာသနာ သည်လဲ သွေးချင်းတို့၏ သာသနာ ဖြစ်နေပေပြီ။ ခရစ်တော်သည် ဖြူစင်မြင့်မြတ်သကဲ့သို့ ခရစ်ယာန်ဘာသာဝင်များသည်လည်း ယဉ်ကျေးသိမ်မွေ့ လှပေသည်။ ကမ္ဘာ့အခြားနေရာများနှင့် မြန်မာနိုင်ငံရှိ ဘာသာရေးအဓိကရုဏ် များတွင်လည်း ခရစ်ယာန်များနှင့် ဗုဒ္ဓဘာသာသည် တခါမျှ ဖြစ်ပွားခဲ့ဖူးခြင်းမရှိပဲ ခရစ်ယာန်များ သည် ဒေသရှိ ရှိနှင့်ပီး ဗုဒ္ဓဘာသာတိုင်းရင်းသားများနှင့် အေးအတူ ပူအမျှ နေထိုင်ခဲ့ကြသည် ကို ကျေနပ်ဝမ်းမြောက်ဖွယ်ရာ တွေ့မြင်ရပါသည်။ ခရစ်ယာန်ဘာသာဝင်တို့သည် ယဉ်ကျေးသကဲ့သို့ ၄င်းတို့၏ အေးဆေးသိမ်မွေ့မှု၊ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်မှု၊ လူတစ်ဖက်သားအား ကူညီတတ်မှုတို့မှာလည်း အတုယူဖွယ်ရာပင်။ ဤသို့ဖြင့် ခရစ်ယာန်ဘာသာဝင် သွေးချင်းတို့နှင့် မိတ်ဆွေညီအကိုမောင်နှမ သူငယ်ချင်းတို့အား ပျော်ရွှင်ဖွယ်ရာ ခရစ်စမတ် ပါဟု လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ရင်း ကျနော်တို့နှင့် အတူ တစ်နေ့ထက် တစ်နေ့ ရှေးကထက်ပင် ပိုမိုငြိမ်းချမ်း ချစ်ကြည်စွာ နေထိုင်သွားကြနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတော့သတည်း။
 
 မောင်ကွန်းဇော် (အညာမြေ) ၂၅.၁၂.၂၀၁၃ --------------------------------------------------------------------------------------------

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...