Sunday, December 29, 2013

ကိုရီးယားနိုင်ငံ၏ ပညာရေး-၂

Aung Myo Thu December 28, 2013 at 10:10pm
 
အဆင့်မြင့်ပညာရေးကဏ္ဍ၊ တက္ကသိုလ်၏ အဓိက ပလေယာများဖြစ်သည့် ဆရာနှင့်ကျောင်းသား ဆက်ဆံရေး၊ အနာဂတ်ခြေလှမ်း

တက္ကသိုလ်ပညာရေး

ကိုရီးယားနိုင်ငံ၏ တက္ကသိုလ်ပညာရေးသည်လည်း တခြားသောကဏ္ဍများနည်းတူ အရှိန်အဟုန်ဖြင့် တိုးတက်နေလေသည်။ ဆရာ၊ ဆရာမများမှလည်း ဘွဲ့လွန်ကျောင်သားများကို နိုင်ငံတကာစာတမ်းများ ထုတ်ဝေရေးကို အမြဲအသားပေးပြောကြားလေ့ရှိလေသည်။ ထိုသို့ နိုင်ငံတကာအဆင့်မီ စာတမ်းများ ထုတ်ဝေနိုင်ရေးအတွက်လည်း လိုအပ်သော သုတေသနလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အဘက်ဘက်မှ လိုလေသေးမရှိအောင် ပံ့ပိုးပေးကြလေသည်။
ထိုသို့ ကြိုးစားလုပ်ဆောင်မှုများကြောင့် ယခုဆိုလျင် ကမ္ဘာ့တက္ကသိုလ်များ အဆင့်သတ်မှတ်ချက်တွင် ကိုရီယားမှတက္ကသိုလ်တို့သည် ပထမငါးဆယ် အတွင်းသို့ပင် တက်လှမ်းလာပြီဖြစ်သည်။

သုတေသနရန်ပုံငွေ

ကိုရီးယားနိုင်ငံတွင် သုတေသနရန်ပုံငွေများ အလွန်အင်မတန် ပေါများလှသည်။ ကျောင်းသား၊ကျောင်းသူများ ပညာရေးမြင့်မားမှ တိုင်းပြည်မြင့်မားမည်ကို အပြည့်အ၀ယုံကြည်ပြီး၊ ထိုယုံကြည်သည့်အတိုင်းလည်း ကျောင်းသား၊ကျောင်းသူများအပေါ်တွင် ပုံအောကာပံ့ပိုးကြလေသည်။ ဘွဲ့ကြိုကျောင်းသားများအတွက် လိုအပ်သောပရောဂျက်များလုပ်ဆောင်ရန် ဆရာများလက်ထဲတွင် အဆင်သင့်ပံ့ပိုးပေးနိုင်သော ငွေကြေးရံပုံငွေများရှိလေသည်။ ဘွဲ့လွန်ကျောင်းသားများအတွက်ကတော့ ကျောင်းတွင်ကိုယ်ပိုင်နေရာ တစ်နေရာပေးကာ သုတေသနကို စိတ်အေးလက်အေး လုပ်ဆောင်နိုင်ရန်အတွက် လိုလေသေးမရှိ ပံ့ပိုးပေးထားလေသည်။ ကိုရီးယားနိုင်ငံတက္ကသိုလ်များသည် အစိုးရဌာနများမှ ထောက်ပံ့ငွေသာမဟုတ် ကုမ္ပဏီအသီးသီးတို့၏ သုတေသနလုပ်ငန်း များမှလည်း သုတေသနထောက်ပံ့ငွေများ ရရှိကြလေသည်။

ဘွဲ့လွန်ကျောင်းသားရှားပါး

ကိုရီးယားရှိ နာမည်ကြီးတက္ကသိုလ်ကြီးများတွင် တက်ရောက်ကာ ဘွဲ့လွန်ဒီဂရီများ ရယူလိုသော ကျောင်းသားများ များပြားသော်လည်း တခြားသောတက္ကသိုလ်များတွင် တော့ Ph.D. ကဲ့သို့သော အဆင်မြင့်ဘွဲ့များကို ရယူလိုသောကျောင်းသား နည်းပါးလေသည်။ ကိုရီးယားနိုင်ငံသားတို့သည် ကိုရီးယားမှ အခြေခံဘွဲ့လောက် ကိုသာယူကာ ဘွဲ့လွန်သင်တန်းများကိုတော့ အမေရိကန်၊ ကနေဒါကဲ့သို့သော နိုင်ငံများမှသာ ယူချင်ကြလေသည်။ ကိုရီးယားတို့သည် ထိုနိုင်ငံမှရလာသော ဘွဲ့ရများကို လွန်စွာအထင်ကြီးလေးစားကာ နေရာပေးလေ့ရှိခြင်းသည် အဓိကအကြောင်းအရင်းတစ်ရပ် ဖြစ်လေသည်။
ထို့ကြောင့်လည်း ကိုရီးယားနိုင်ငံသားတို့သည် အရှိန်အ၀ါမရှိသော ပြည်တွင်းတက္ကသိုလ်များတွင် ဘွဲ့လွန်သင်တန်းများ ဆက်လက်မတက်ရောက် လိုကြဘဲ လုပ်ငန်းခွင်သို့သာဝင်ရောက်ကြလေသည်။ Ph.D. ကဲ့သို့သော ဘွဲ့မျိုးရရှိဖို့အတွက် ရင်းရသောအချိန်နှင့် တက္ကသိုလ်၏ အရှိန်အ၀ါမှေးမှိန်မှုတို့ကြောင့် ကိုရီးယားမှကျောင်းငယ်များသည် လိုအပ်သော Ph.D. တက်ရောက်လိုသော ကျောင်းသားများကို အရှေ့တောင်အာရှနိုင်ငံများသို့ သွားရောက်ကာ ရှာဖွေခေါ်ဆောင်၍ နေစရိတ်၊စားစရိတ်၊ကျောင်းစရိတ်များ အစစ ထောက်ပံ့ကာ မိမိတို့ကျောင်းတွင် ပညာသင်ကြားခွင့်ပေးထားကြလေသည်။ ထို့ကြောင့် ကိုရီးယားတက္ကသိုလ်များတွင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ အိန္ဒယနိုင်ငံသားများ လွန်စွာပေါများလေသည်။ ထိုကျောင်းသားများကို ပါမောက္ခများက မိမိရရှိထားသော သုတေသနရန်ပုံငွေများထဲမှ အလုံးစုံထောက်ပံ့ထားလေသည်။

နိုင်ငံတကာကျောင်းသား

တောင်ကိုရီးယားကျောင်းများမှာ နိုင်ငံတကာကျောင်းသားများ တက်ရောက်လာမှုဟာ သိသိသာသာမြင့်တက်လာနေပါတယ်။ ၂၀၀၄ ခုနှစ်မှာ နိုင်ငံတကာကျောင်းသား ၁၆၈၃၂ ယောက်ရှိရာမှ ၂၀၁၁ ခုနှစ်အရောက်မှာ ၈၉၅၃၇ ယောက်အထိ တိုးတက်လာခဲ့ပါတယ်။ မကြာသေးခင်နှစ်များအတွင်းမှာတော့ ဘွဲ့ကြို ကျောင်းသားထက် ဘွဲ့လွန်ကျောင်းသားများ ၀င်ရောက်မှုပိုမိုများပြားလာပါတယ်။

ပညာရေးဝန်ကြီးဌာနအောက်ရှိ သိပ္ပံနှင့်နည်းပညာဌာန၏ဆိုအရ ကိုရီးယားနိုင်ငံအတွင်းသို့ ပညာသင်ကြားရန်လာရောက်ကြသော ဘွဲ့ကြိကျောင်းသားဦးရေသည် နှစ်စဉ် ၆၀၀၀ နှင့် ၈၀၀၀ ကြား တိုးတက်နေရာမှ ၂၀၁၀ နှင့် ၂၀၁၁ ကြားတွင်တော့ ၉၃၂ ယောက်ထိသာ တိုးတက်ခဲ့ပြီး အရေအတွက်အားဖြင့်တော့ ၄၄၆၄၁ ယောက်ရှိခဲ့တယ်လို့ဆိုပါတယ်။ ထိုနှစ်မှာပဲ ဘွဲ့လွန်ကျောင်းသား ၀င်ရောက်မှုဦးရေတိုးတက်မှုဟာ ၂၇၂၁ ယောက်အထိရှိခဲ့တယ်လို့ဆိုပါတယ်။ ကျွမ်းကျင်သူတွေအဆိုအရတော့ ခုလိုဘွဲ့လွန်နိုင်ငံခြားကျောင်းသားဦးရေ တိုးတက်လာတာက ကိုရီးယားတက္ကသိုလ်တွေရဲ့ သုတေသနဂုဏ်ရှိန်မြင့်တက်လာမှုကြောင့်ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

ကိုရီးယားမှာ  လာရောက်ပညာသင်ကြားနေတဲ့ ဘွဲ့ကြိုနိုင်ငံတကာ ကျောင်းသားများထဲမှာ ၈၂ ရာခိုင်နှုန်းကတော့ တရုတ်ကျောင်းသားများဖြစ်ပြီး၊ ဘွဲ့လွန်ကျောင်းသားတစ်ဝက်ကျော်ဟာလည်း တရုတ်ကျောင်းသားများပင်ဖြစ်ပြီး အရေအတွက်အားဖြင့် ၉၅၉၉ ယောက်ခန့်ရှိတယ်လို့ သိရပါသည်။ တခြားနိုင်ငံသားများအနေနဲ့ကတော့ ဗီယက်နမ် ၁၄၀၉ ယောက်၊ မွန်ဂို ၁၅၁၂ ဦး၊ အမေရိကန် ၅၉၁ ယောက်၊ အိန္ဒိယလူမျိုး ၅၃၆ ယောက် နှင့် ဘင်းဂလားဒေ့ရှ် ၃၈၄ ယောက်ခန့်ရှိတယ်လို့ သိရပါသည်။ ယခုဆိုလျင် ကိုရီးယားတက္ကသိုလ်များတွင် ဘွဲ့ကြိုဘွဲ့လွန်သင်တန်းများတွင် တက်ရောက်နေသော မြန်မာကျောင်းသား ၁၀၀ ခန့်ရှိပြီဖြစ်ပါသည်။ မြန်မာကျောင်းသား ၂၀ ဦးခန့်သာ ပါမောက္ခများက တိုက်ရိုက်ထောက်ပံ့ပေးသော ပညာသင်ဆုဖြင့်  ပညာသင်ကြားလျက်ရှိပြီး၊ ကျန်အများစုမှာ ကိုရီးယားအဖွဲ့အစည်းများမှ ပေးအပ်သော စကော်လားရှစ်များဖြင့် တက်ရောက်နေကြပြီး၊ တစ်ဦးနှစ်ဦးခန့်သာ မိမိကိုယ်ပိုင်ငွေကြေးဖြင့် တက်ရောက်နေကြလေသည်။

ပညာရေးဝန်ကြီးဌာန၏အဆိုအရ အိန္ဒိယကျောင်းသားများသည် ယခင်ကဆိုလျင် U.K. နှင့် U.S. ကဲ့သို့သော နိုင်ငံများသို့သာ သွားရောက်လေ့ရှိသော်လည်း ယခုအခါ ကိုရီးယားသို့လာရောက်ပညာသင်ကြားကြခြင်းမှာ LG,SAMSUNG နှင့် အိန္ဒယရှိ HYUNDAI MOTOR အစရှိသည့် ကုမ္ပဏီတို့၏ ကမ္ဘာ့စီးပွားရေးမျက်နှာစာတွင် မျက်နှာပန်း ပွင့်လာမှုကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ကိုရီးယားနိုင်ငံတွင် ဒေါက်တာဘွဲ့အတွက် ကျမ်းပြုနေသော နိုင်ငံတကာကျောင်းသားများ၏ ၆၅ ရာခိုင်နှုန်းဟာဆိုရင် သိပ္ပံနှင့်နည်းပညာကဏ္ဍမှာ သုတေသနပြုနေကြသူများဖြစ်ပါတယ်။

နိုင်ငံတကာယှဉ်ပြိုင်နိုင်စွမ်း

တက္ကသိုလ်တစ်ခု၏ နိုင်ငံတကာအဆင့်အတန်းသည် သက်ဆိုင်ရာနိုင်ငံတစ်ခု၏ အရာရာယှဉ်ပြိုင်နိုင်စွမ်းပင် ဖြစ်လေသည်။ ပညာတင့်မှ လူမျိုးမြင့်မည်ဟူသော စကားကို နိုင်ငံတကာတက္ကသိုလ်များ ကောင်းစွာသိရှိသဘောပေါက်ပြီး မိမိတို့နိုင်ငံသူနိုင်ငံသားတို့ ပညာမြင့်မားဖို့အတွက် အပြိုင်အဆိုင်ကြိုးစားကြလေသည်။ ကိုရီးယားကုမ္ပဏီများ ကမ္ဘာတွင်အောင်မြင်လာရခြင်း၏ အဓိကသော့ချက်မှာ အချိန်တိုတိုအတွင်း ပညာရေးမြင့်မားအောင် ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်လေသည်။

၂၀၁၂ ခုနှစ် ကမ္ဘာ့အဆင့်အတန်း သတ်မှတ်ချက်များအရ အာရှအကောင်းဆုံး တက္ကသိုလ် ၁၀ ခုစာရင်းတွင် ကိုရီးယားတက္ကသိုလ် ၃ ခုပင်ပါဝင်လေသည်။ ထိုထဲတွင် Seoul National University (SNU) က နံပါတ် ၄ နေရာရပြီး၊ Korea Advanced Institute of Science & Technology (KAIST) နှင့် Pohang University of Science and Technology (POSTECH) တို့က နံပါတ် ၇ နှင့် ၉ အသီးသီးလိုက်ကြလေသည်။ ထိုတက္ကသိုလ်တို့သည် ယမန်နှစ် (၂၀၁၁) ခုနှစ်က နံပါတ် ၆၊ ၁၁ နှင့် ၁၂ အသီးသီးရှိခဲ့ရာမှ ယခု ၂၀၁၂ ခုနှစ်တွင် ရှေ့တန်းသို့အသီးသီး တက်ရောက်လာကြခြင်းဖြစ်လေသည်။

ကိုရီးယားတက္ကသိုလ်များ၏ အဆင့်အတန်းတက်ရိပ်ပြနေသော်လည်း ၎င်းတို့အား မချင့်မရဲဖြစ်စေသော အကြောင်းရင်းတစ်ရပ်ရှိလေသည်။ ထိုအကြောင်းအရင်း တစ်ရပ်မှာ ၁၉၉၁ ခုနှစ်ကမှ စတင်ထူထောင်ပြီး၊ ထူထောင်ကာစတွင် တက္ကသိုလ် စီမံခန့်ခွဲမှုနည်းနာများကို ကိုရီးယားနိုင်ငံ POSTECH တွင် လာရောက်လေ့လာ သွားခဲ့သော Hong Kong University of Science and Technology သည် အာရှအကောင်းဆုံးတက္ကသိုလ်ကြီးအဖြစ် ၂၀၁၁၊ ၂၀၁၂ နှစ်နှစ်ဆက်တိုက် သတ်မှတ်ခံရခြင်းပင် ဖြစ်လေသည်။

လူဦးရေ ၇ သန်းခန့်သာရှိပြီး၊ မနေ့တစ်နေ့ကမှ ထူထောင်ထားသော တက္ကသိုလ်၊ ကိုရီးယားနိုင်ငံမှ စီမံခန့်ခွဲမှုနည်းပညာတို့ကို သင်ယူခဲ့ရသော ကျောင်းတော်တစ်ခုဟာ နှစ်အနည်းငယ်အတွင်း အာရှထိပ်တန်း တက္ကသိုလ်အဖြစ် ရပ်တည်နိုင်လာခဲ့ခြင်းဟာ ကိုရီးယားတို့ကိုသာမဟုတ် တစ်ကမ္ဘာလုံးကိုပါ အံ့အားသင့်စေခဲ့ပါသည်။ ပြည်တွင်းမှာဆိုလည်း ကြာရှည်လေးမြင့် ဖွဲ့စည်းတည်ထောင်ထားသော University of Hong Kong လိုအဆင့်အတန်းရှိတက္ကသိုလ်တစ်ခုကို နောက်ကျစေခဲ့တဲ့အဖြစ်ဟာ ကမ္ဘာမှာရှားပါးဖြစ်ရပ်တစ်ခုပဲဖြစ်ပါသည်။

နှစ်ပေါင်း  ၂၀ ကျော်ခန့်အတွင်းမှာ ထိပ်တန်းတက္ကသိုလ်အဖြစ် ရပ်တည်နိုင်လာခဲ့တဲ့ HKUST နှင့် ကိုရီးယားတက္ကသိုလ်များ ဘာ့ကြောင့်ဟောင်ကောင် တက္ကသိုလ်များ၏ နောက်ကောက်ကျရသလဲဆိုရင် သုတေသနပြုနေကြတဲ့ ဆရာများအဆင့်အတန်း ကွာဟမှုကြောင့်လို့ဆိုပါတယ်။ ဟောင်ကောင်တက္ကသိုလ် (University of Hong Kong) ဆရာများ၏ ၅၆ ရာခိုင်နှုန်းနှင့် ကျောင်းသား ၃၁ ရာခိုင်နှုန်းဟာ နိုင်ငံပေါင်း ၈၀ ကနေလာရောက်နေတဲ့ နိုင်ငံခြားသားတွေဖြစ်ပြီး ကိုရီးယားအမျိုးသားတက္ကသိုလ် (Seoul National University) မှာဆိုရင် ဆရာ ၁၁ ရာခိုင်နှုန်းနှင့် ကျောင်းသား ၁၀.၆ ရာခိုင်နှုန်းကသာ နိုင်ငံခြားသားတွေလို့ ဆိုပါတယ်။

ယုံကြည်လေးစားမှုပြည့်ဝတဲ့ ဆရာနှင့်ကျောင်းသားဆက်ဆံရေး

တက္ကသိုလ်ပရ၀ုဏ်မှာ အဓိကပလေယာများဖြစ်တဲ့ ဆရာနှင့်ကျောင်းသား၊ ကျောင်းသူများရဲ့ ဆက်ဆံရေးဟာလည်း တက္ကသိုလ်တစ်ခုရဲ့ အောင်မြင်မှုအတွက် အဓိကအားတစ်ခုဖြစ်သလို၊ ယင်းတက္ကသိုလ်ရဲ့ အောင်မြင်မှုပြယုဂ်တစ်ခု လည်းဖြစ်ပါတယ်။ တက္ကသိုလ်ဆရာတစ်ယောက်၏တာဝန်သည် စာအုပ်ထဲမှစာကို သင်ကြားပြသပေးရုံသာမဟုတ်ဘဲ သက်ဆိုင်ရာသုတေသနလုပ်ငန်းများကိုလည်း ဇောက်ချလုပ်ကိုင်ရလေသည်။ ထိုသို့ သုတေသနလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် တောင်ကိုရီးယားတက္ကသိုလ်ရှိ ပါမောက္ခဆရာ၊ဆရာမများဟာ ကျောင်းသားကျောင်းသူများ လိုအပ်တာကို ထောက်ပံ့ဖို့အတွက် အဆင်သင့်စီမံခန့်ခွဲနိုင်သော နိုင်ငံတော်ဘက်ဂျက်၊ ပြင်ပစီးပွားရေးလုပ်ငန်းများမှ ပရောဂျက်ထောက်ပံ့ငွေတို့ရှိလေသည်။ ထောက်ပံ့ငွေများကို အထိုက်အလျောက် မိမိကိုယ်တိုင်စီမံခန့်ခွဲခွင့်ပေးထားခြင်းဖြင့် ဆုံးဖြတ်ချက်ချရာတွင် အဆင့်ဆင့်တင်ပြစရာမလိုသဖြင့် နှောင့်နှေးကြန့်ကြာမှုမရှိသလို၊ တစ်ဖက်တွင်လည်း ကျောင်းသား၊ကျောင်းသူများအနေဖြင့် မိမိ၏ဆရာ၊ဆရာမအပေါ်တွင် လွန်စွာအထင်ကြီးအားကိုးကာ လေးစားကြောက်ရွံ့ကြလေသည်။ ထိုကဲ့သို့ ဆရာ၊ဆရာမများ၏ ကျောင်းသားအပေါ် လွှမ်းမိုးနိုင်မှု အရှိန်အ၀ါဟာ ကျောင်းသား၊ကျောင်းသူများကို မိမိတို့လိုချင်သော သုတေသနလမ်းကြောင်းပေါ်သို့ရောက်အောင် ထိန်းကြောင်းရာတွင် အထောက်အပံ့ဖြစ်ကာ ကိုရီးယား၏သုတေသနလုပ်ငန်းတို့ အောင်မြင်ရာတွင် အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်လေသည်။

အနာဂတ် ခြေလှမ်း

ကိုရီးယားနိုင်ငံမှာ လေးနှစ်ပညာသင်ဘွဲ့ပေးနိုင်တဲ့ တက္ကသိုလ် ၂၀၀ ခန့်ရှိနေခြင်းဟာ ပြဿနာတစ်ခုဖြစ်နေပါသည်။ တက္ကသိုလ်များ များပြားလွန်းတဲ့အတွက် အစိုးရအထောက်အပံ့တွေက ထိထိရောက်ရောက် မရှိတာလို့လည်း သုံးသပ်ကြပါတယ်။ ဒါ့ကြောင့် ပြန်လည်စဉ်းစားသုံးသပ်ကာ မလိုအပ်သော တက္ကသိုလ်များကို လျှော့ချပြီး၊ တက္ကသိုလ်များသုတေသန လုပ်ဆောင်နိုင်စွမ်းကို အဓိကထားပြီး ရံပုံငွေများ ထောက်ပံ့ပေးခြင်းကို လုပ်ဆောင်ကြဖို့ တိုက်တွန်းချက်တွေလည်း ရှိပါသည်။
အမှားမခံနိုင်တဲ့ ကမ္ဘာ့ပညာရေး ပြိုင်ပွဲကြီးမှာ ကိုရီးယားတက္ကသိုလ်များ ထိပ်တန်းမှာ ရပ်တည်နိုင်ဖို့အတွက် အပြန်ပြန်အလှန်လှန် သုံးသပ်ကာရှေ့ဆက်လျက်ရှိရာမှာဆိုရင် အဓိကလုပ်ဆောင်လေ့ရှိသော ပြင်ဆင်မှုတစ်ရပ်မှာ Decentralization ဟုခေါ်သော ဗဟိုထိန်းချုပ်မှုစနစ်များကို ဖယ်ရှားပစ်နိုင်ခြင်းပင်ဖြစ်လေသည်။ အစိုးရတက္ကသိုလ်အဖြစ် အောင်အောင်မြင်မြင်ဖြင့် ရပ်တည်လာခဲ့သော ဆိုးလ်အမျိုးသားတက္ကသိုလ်ကိုပင် ယခုအခါ အများပိုင်တက္ကသိုလ်တစ်ခုအဖြစ်သို့ (Privatization) ပြောင်းလဲလိုက်ပြီဖြစ်လေသည်။

ယခုအခါ ပြုပြင်ပြောင်းလဲရေးများကို အရှိန်အဟုန်နှင့် လုပ်ဆောင်နေသော မြန်မာနိုင်ငံအနေနှင့်လည်း ပညာရေးအဆင့်အတန်း မြင့်မားလိုပါက ပထမဦးစားပေး စဉ်းစားသင့်သည်မှာ တက္ကသိုလ်များကို လွတ်လွတ်လပ်လပ် စီမံခွင့်ပေးဖို့ပင်ဖြစ်လေသည်။ ဗဟိုထိန်းချုပ်မှုစနစ်၏ လေးလံမှု၊ မထိရောက်မှုတို့ကို မြန်မာနိုင်ငံအနေနှင့် သင်ခန်းစာကောင်းကောင်း ရရှိပြီးပင်ဖြစ်လေသည်။ ဆိုးလ်အမျိုးသားတက္ကသိုလ်ကဲ့သို့သော ကိုရီးယား၏ပထမတန်းစား တက္ကသိုလ်၊ ကမ္ဘာ့အဆင့်အတန်းမီ တက္ကသိုလ်တစ်ခုပင်လျင် ဗဟိုထိန်းချုပ်မှု နည်းနိုင်သမျှ နည်းအောင် လုပ်ဆောင်နေချိန်တွင် မြန်မာနိုင်ငံတက္ကသိုလ်များအနေနှင့် ရှေးရိုးအတိုင်းသာသွားနေပါက အလုပ်မဖြစ်သည်မှာ သေချာပေသည်။

ပြည်တွင်းပြည်ပအဖြစ်အပျက်တို့မှ သင်ခန်းစာယူစရာရှိသည်များကိုယူကာ အကောင်းဆုံးပုံစံဖြစ်အောင် မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်သင့်ပေသည်။ မြန်မာ့ပညာရေးတွင် ပြင်ပကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၏ ပါဝင်ပက်သက်မှုမှာလည်း မရှိသလောက်ပင် နည်းပါးလှပေသည်။ အစိုးရနှင့် ပြည်သူလက်တွဲကူမှသာလျင် ယှဉ်ပြိုင်နိုင်သောပညာရေးစနစ်ကို အလျင်အမြန်အကောင်အထည် ဖော်နိုင်မည်ဖြစ်လေသည်။ ပညာရေးနှင့် စီးပွားရေး စပ်ယှက်တိုးတက်နေမှသာလျင် ရေရှည်တည်မြဲသော၊ ခိုင်မာသောပညာရေးကို တည်ဆောက်နိုင်မည်ဖြစ်လေသည်။

မောင်မျိုး(စက်မှု)
(ကိုရိးယား-ယိမ်းနွဲ့နေသော ရောင်စုံကြာစာအုပ်မှ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...