Monday, December 30, 2013

“ရာဇ၀င်အူပေါက်”

Soe Min December 30, 2013 at 12:33pm
          သမီးကို မြန်မာဆန်စေချင်လွန်းတဲ့သူ့အဖေဟာ စကားစကလေးတွေရှာပြီး အခုခေတ်မှာ မမြင်နိုင်မတွေ့နိုင်တော့တဲ့ မြန်မာ့မူဟန် ဓလေ့ထုံးစံကလေးတွေကို သိုင်းကာဝိုင်းကာ ရှင်းပြနိုင်ဖို့ ပုဂံကိုသွားလိုက်၊ ပဲခူးကိုသွားလိုက် လိုက်ပို့ခဲ့ပါတယ်။ ဒါနဲ့တော့ ဘယ်ရမလဲ။ တကယ်တော့ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ မန္တလးရွှေမြို့တော်ကြီးကိုမှ မရောက်ဖူးသေးရင် မြန်မာဖြစ်ရတာ ဘယ်တော့မှ ပြည့်စုံမှာ မဟုတ်ဘူး။ အီဂျစ် နဲ့ အင်္ဂလန် နိုင်ငံခြားကို မောင်သွားလို့ မထားနိုင်သေးခင် ရွှေမန်းတောင်တော်ရိပ်ခို တောင်ရိပ်ခိုဖို့ ခရီးထွက်ခဲ့ကြပြန်ပါတယ်။ မန်းလေးမှာ ဘာတွေရှိသလဲလို့ မေးရင်တော့ သမိုင်းတွေ ရာဇ၀င်တွေ ရှိတယ်လို့ ပြောရမှာပဲ။ နောင်နှစ်ခါ ကိုးတန်းရောက်လို့ သိပ္ပံဘာသာရပ်တွေပဲ သင်ရတော့မယ်ဆိုရင် တစ်သက်လုံး အိုးစားကွဲသွားမယ့် မြန်မာ့သမိုင်းထဲက ကုန်းဘောင်မင်းဆက်ရဲ့ အထောက်အထားတွေ တပုံကြီးရှိတယ်။
လက်ညှိုးထိုးထိုးပြီး ပြောမကုန်နိုင်အောင်ကို ရှိတယ်။ မန္တလေးဟာ အညာဒေသက တခြားမြို့များနဲ့မတူ တမူထူးခြားတာကတော့ အင်မတန်ကိုနန်းဆန်တဲ့မြို့၊ ယဉ်ကျေးတဲ့မြို့၊ ခုတော့ပါးစပ်ရာဇ၀င်လေး ဖြစ်ခဲ့ပြီလို့ ငိုချင်းချရမယ့်မြို့ ဖြစ်နေတာကြောင့်ပါ။

         မန္တလေးကို မြို့အဖြစ်တည်ပြီး ရတနာပုံနေပြည်တော် လို့ အမည်ပေးသွားတာကတော့ မင်းတုန်းမင်းတရားကြီးဆိုတာကို မြန်မာတစ်ယောက်အနေနဲ့ မှတ်မိဖို့သင့်ပါတယ်။ အဲ့ဒီတုန်းက မီးးမှမမွေးသေးတာလေ လို့ ဆင်ခြေမပေးနဲ့နော်။ ဒေါ်ခင်ကြည့်နံမယ်တောင် မမှတ်မိတဲ့ကလေးတွေ ဖြစ်ကုန်မှာစိုးလို့ ကိုယ့်သမီးကိုတော့ ကြိုကြိုတင်တင် ကုန်းဘောင်နေမျိုး သတိုးရာဇာတို့အကြောင်းကို ဟိုဘုရားကသည်ဘုရား လှည့်ပတ်ဖူးရင်းနဲ့ မိတ်ဆက်ပေးထားရပါတယ်။ မင်းတုန်းမင်းကြီးကို ပဉ္စမသင်္ဂါယနာတင် မင်းတရားကြီး လို့လည်းခေါ်တယ်။ ကဲ အလုပ်တော့ ရှုပ်ကုန်ပါပြီ။ သင်္ဂါယနာတင်တယ်ဆိုတာက စပြီးရှင်းရတော့မှာပဲ။ ခုခေတ်အခါမှာ ပုံနှိပ်စာမျက်နှာတွေပေါ်အထိ သံဃာရတနာတင်တယ်။ သိင်္ဂါရတနာတင်တယ်၊ စသည်ဖြင့် မထော်မနှမ်းတွေ ရေးကြပြောကြလွန်းလို့ တစ်ခါတည်း အမှန်ပြင်ပေးခဲ့ပါဦးမယ်။ တကယ်တော့ သင်္ဂါယနာတင်တယ်ဆိုတာ ဘုရားရှင်မရှိတော့တဲ့နောက် ဟောကြားတော်မူခဲ့သော တရားဒေသနာများကို အမှားအယွင်း အကျအပျောက် ၀ိဝါဒကွဲပြားမှုတွေ မရှိရလေအောင် ရဟန်းသံဃာအပေါင်းတို့က စုဝေးမေးမြန်းဆွေးနွေးလျက် မူမှန်စံမှန် ဌာန်ကရိုဏ်းကျကျ မှတ်တမ်းတင်ထားရှိတာကို ခေါ်သတဲ့။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးတဲ့နောက် သာသနာတော်တွင်းမှာ အဲသလိုမျိုး တရားတော်တွေကို သန့်စင်ဖော်ထုတ်ခဲ့တာ အားလုံးပေါင်း ၆ ကြိမ်တိတိ ရှိတဲ့အနက် နောက်ဆုံးနှစ်ခေါက်ကတော့ မြန်မာနိုင်ငံမှာ လုပ်ခဲ့တာ။ ငါးခေါက်မြောက်လုပ်တဲ့ ကျောက်စာတွေက ကုသိုလ်တော်ဘုရားထဲမှာ ဓမ္မစေတီကလေးတွေအနေနဲ့ ထားတာပေါ့။

           မြနန်းစံကျော် ရွှေနန်းတော်ကြီးကိုရောက်တဲ့အခါ အဲ့ဒါကြီးကို အဲ့ဒီနေရာမှာ တည်ဆောက်စံမြန်းသွားခဲ့တာ မင်းတုန်းမင်းကြီး ဖြစ်တယ်လို့ သိစေအပ်တယ်။ နောက်ကို “မန်းလေးမြို့ကြီး ဘယ်သူတည်” လို့ အမေးခံရရင် “တရုတ်ကံထရိုက်တွေ နေမှာပေါ့” လို့ မပြောကြေးနော်။ ဘယ်တုန်းကတည်သွားတာတုန်းလို့ သိချင်ရင် အုတ်ကျစ်ကျော်အေး မန္တလေးတဲ့။ မြန်မာသက္ကရာဇ် ၁၂၂၁ခုက တည်တာ။ ကိုယ်ငယ်ငယ်တုန်းကတော့ ဒါတွေတခုတ်တရ ပြောနေရရင် အင်မတန်ရှက်စရာကောင်းတယ်။ လူတိုင်းသိပြီး ကိုယ်မသိရာရောက်လို့။ အခုတော့ ပြောရတာလည်း အာပေါက်တော့မယ်။ ဘယ်သူမှလည်း အရေးတယူ အမှတ်အသား မရှိကြတော့ဘူး။ ကဲပါလေ။ သိပြီးသားလူတွေလည်း သည်းခံပြီးဖတ်လိုက်ကြပါ။ မြန်မာယနာတင်တယ်လို့ သဘောထား။ နို့မို့ ဒါတွေ ပျောက်ကုန်လိမ့်မယ်။

           အဲဒီမတိုင်ခင်တုန်းက မင်းနေပြည်က အမရပူရမှာ ရှိခဲ့တာ။ အမရပူရဆိုတာ အခုတောင်မြို့လို့ ခေါ်တဲ့နေရာ။ မန္တလေးနဲ့ ဆက်သွားတဲ့နေရာ။ မဟာမြတ်မုနိ ရှိတဲ့နေရာ။ ချိတ်လုံချည်တွေ ထွက်တဲ့နေရာ။ အဲဒီနေရာကို မြို့တည်သွားတာက ဘိုးတော် ပဒုံမင်းတဲ့။ ဘိုးတော်ဘုရား လို့ မြန်မာတွေ အလွယ်ခေါ်တဲ့ ရှင်ဘုရင်။ အဲဒီတောင်ဘက်ပတ်ပတ်လည်က ဘုရားတွေက သူ့ကောင်းမှုတွေချည့်ပဲ။ မဲဇာတောင်ခြေပတ်ပျိုးထဲမှာပါတဲ့ “ဇမ္ဗူဆီမီး ခြောက်ရောင်ရှင်၊ ဂူကြီးမြတ်ထွဋ်တင်၊ ရွှေလင်းပင်၊ ခြင်္သေ့ဖျား ထွေထွေ လျှပ်နှယ်သား။” ဆိုတာ အမရပူရပတ်ဝန်းကျင်က ဘုရားစေတီတွေရဲ့ ဘွဲ့တော်အမည်တွေ ကို ပြောတာ။ တောင်သမန်အင်းပေါ်က ဦးပိန်တံတားကနေကြည့်ရင် အကုန်မြင်ရတယ်။ အဲဒီဦးပိန်တံတားဆိုတာ ဘာဖြစ်လို့ ဦးပိန်ခေါ်သလဲဆိုတော့ တံတားဆောက်တဲ့ ကံထရိုက်က မြို့ဝန်မောင်ပိန်တဲ့။ တံတားမှာမြင်နေရတဲ့ သစ်လုံးတွေအားလုံးဟာ အမရပူရက နန်းတော်ရာအဟောင်းကိုဖျက်ရာက ထွက်လာသမျှ ကျွန်းတိုင်လုံးကြီးတွေကို ယူလာတာတဲ့။ အကောင်းဆုံး ခေါင်သစ်လုံးတိုင်ကြီးတွေနဲ့ဆောက်တာမို့ ယနေ့ထက်တိုင်သာမသွေ ဖြစ်နေတာ။ နန်းတော်ကြီးဘယ်လောက်ကြီးသလဲ သိချင် သူ့ဆီကထွက်လာတဲ့ တိုင်လုံးအရေအတွက်ကို မှန်းကြည့်ရုံနဲ့ သိသာတယ်။ ဦးပိန် ကိုသိရင် သူနဲ့တွဲဘက် ဘိုင်ဆပ်ကိုလည်း သိရမယ်။ သူတို့တတွဲဟာ မြန်မာရာဇ၀င်မှာ နံမယ်ဆိုးနဲ့ကျော်ကြားတဲ့သူတွေပေါ့။ မဟုတ်တာ အကုန်လုပ်တယ်။ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘူး။ ဘယ်လိုမလဲ။ ရှင်ဘုရင်ကို အိပ်ထဲထည့်ထားတာကိုး။ အရက်ကြိုက်၊ ကြက်တိုက်တဲ့ ပုဂံမင်းကို မင်းလိုလိုက် မင်းကြိုက်ခစားပြီး ပွဲသိမ်းထားနိုင်တာ ခုကာလ ခရိုနီများဖြင့် သနားတောင် သနားဦးမယ်။ ဇာတ်သိမ်းမကောင်းတာကတော့ တို့ကနောင်လာနောက်သားမို့သိတာ။ သူတို့ဘာသူတို့တော့ ကြိုမသိခဲ့လို့ အဟုတ်မှတ်ပြီး ထင်တိုင်းကြဲခဲ့တာ ဗြောင်းကိုဆန်ရော။

            မင်းတုန်းမင်းကြီးလည်း သိပြီ။ ဘိုးတော်ဘုရားလည်း သိပြီ။ အခု တောင်သမန်ရောက်တော့ ပုဂံမင်းကိုလည်း သိသွားပြီ။ ကြားထဲမှာ ဆွေမျိုးစပ်ဖို့ ကွင်းဆက်ကလေးတွေ ကျန်သေးတယ်။ ဘိုးတော်ဘုရားနတ်ရွာစံတော့ သူ့သားတော် အိမ်ရှေ့မင်းသားက မရှိတော့ဘူး။ သူကအရင် နတ်ရွာစံနှင့်တယ်။ ရခိုင်ကိုသိမ်းပြီး မဟာမြန်မုနိကို မန္တလေးအရောက်ပင့်လာတာ သူပေါ့။ ဘိုးတော်က ကုန်းဘောင်ဆက်ထဲမှာ နန်းသက်အရှည်ဆုံးမင်းပဲ။ ၃၈ နှစ် နန်းစံတယ်။ ဒါတောင် အိမ်နိမ့်မှာ အကြာကြီးနေခဲ့ရသေးလို့။ ဘာဖြစ်လို့ အိမ်နိမ့်စံရသလဲဆိုတဲ့အကြောင်းကတော့ သူ့ခမည်းတော် အလောင်းဘုရားကြီး လက်ချက်မကင်းဘူး။ မုဆိုးဘိုရွာသူကြီးဘ၀က ရှင်ဘုရင်ဖြစ်လာတဲ့ ဦးအောင်ဇေယျဟာ ထီးဓလေ့နန်းဓလေ့တွေကို အရပ်သားစရိုက်နဲ့ ရောပစ်တယ်။ သူသေတဲ့အခါ သူ့သားခြောက်ယောက်ကို ကြီးစဉ်ငယ်လိုက် အလှည့်ကျနန်းတက်စေ လို့ မှာသွားသတဲ့။ အိမ်မှာရှိတဲ့ လယ်တစ်ပွဲ နွားတစ်ရှဉ်းကို အမွေခွဲပေးတာကျနေတာပဲ။ လက်တွေ့ကျတော့ ထီးနန်းဆိုတာ အဖေလွန်ရင် သားကပဲ ဆက်ခံချင်ကြတယ်။ ညီအကိုဆိုတာ သားအဖလောက် သွေးမနီးဘူး။ ထီးနန်းစည်းစိမ်နဲ့ ပတ်သက်လာရင် ရန်သူတောင်ဖြစ်နိုင်သေးတယ်။

            ဒါကြောင့် အလောင်းဘုရားနတ်ရွာစံတော့ သူနဲ့အတူ အယုဒ္ဓယပါသွားတဲ့ သားတော် မြေဒူးမင်းသားက မသာတော်ရှေ့ထားပြီး မူးမတ်စစ်သည်တွေကို သစ္စာပေးသတဲ့။ သူ့ကို သစ္စာခံရမယ်ပေါ့လေ။ ဒါပေမယ့် ဦးအောင်ဇေယျ ထန်းလုံးတပ်တည်ကတည်းက ရိုကျိုးခိုလှုံလာတဲ့ မြင်းရည်တက်တွေထဲက စစ်သူကြီးတစ်ယောက်က သူ့အရှင်ကို သစ္စာမဖောက်နိုင်ဘူး။ ဒါကြောင့် နောက်ချန်နေရစ်တယ်။ အရေးတော်ပုံပေါက်ကြားရင် ဒုက္ခများသွားမယ့်အရေးကိုသိလို့ မြေဒူးမင်းသားက ရွှေဘိုကို လက်ဦးအောင် ပြန်ပြီး ချွန်တွန်းလုပ်နှင့်တယ်။ နောင်တော်ကြီးမင်းသားက သူ့ညီရဲ့ အကြံအစည်ကို သိပေမယ့်လည်း အကြီးပီပီခွင့်လွှတ်လို့ အုပ်စည်းမပျက်ရှိစေပေမယ့် သစ္စာအထားကောင်းတဲ့ စစ်သူကြီးကတော့ ကြားညပ်သွားတယ်။ သုံးနှစ်အကြာမှာ နောင်တော်ကြီးနတ်ရွာစံပြီး မြေဒူးမင်းသားက ဆင်ဖြူရှင်ဘွဲ့နဲ့ နန်းတက်လာတယ်။ ဘိုးတော်၊ နောင်တော်ကြီး၊ ဘကြီးတော် အစရှိတဲ့ အသုံးအနှုံးတွေဟာ နောက်တက်တဲ့ဘုရင်က သူ့အရင်ကဘုရင်ကို ဘာတော်သလဲဆိုတာကို အမှီပြုပြီး မှတ်သားသွားကြတဲ့ အမည်တွေပါ။ သူတို့နံမယ်ကြီးတွေက ရှည်လျားထွေပြားပြီး ကိုယ့်ဘာသာကိုယ်တောင် မှတ်မိကြမှာ မဟုတ်ဘူး။

            ဆင်ဖြူရှင်ဟာ သူ့အဖေစကားကို အစကတည်းက နားထောင်ချင်တာ မဟုတ်တော့ သူ့ကိုဆက်ခံမယ့် နန်းလျာရွေးတဲ့အခါ ကိုယ့်သားတော်ကိုယ်ပဲ လွှဲဖို့ ဆန္ဒရှိတာ မဆန်းဘူး။ အဲသလို အရိုက်အရာလွှဲဖို့အတွက် အကြီးဆုံးဆူးညှောင့်ခလုတ်ကတော့ သူနဲ့ တစ်ဖအေတည်း တစ်မအေတည်း မွေးတဲ့ ညီအငယ် မင်းသားလေးပါးပါပဲ။ စိတ်ရှိတိုင်းလုပ်ရရင်တော့ အကုန်သတ်ပစ်ချင်ပေလိမ့်မယ်။ သို့သော်လည်း ရမယ်ရှာမရလို့ အကုန်လုံးကို မင်းသားအဆောင်အယောင်တွေ နှုတ်သိမ်းပြီး အိမ်နိမ့်စံစေခဲ့တာကြောင့် ဘိုးတော်ဘုရား ဖြစ်လာမယ့် မင်းသားထိပ်တင်ဝိုင်းဟာ တောပြန်လယ်လုပ်စားရသတဲ့။ သူ့ယူမိတဲ့ မိဖုရားဆို ဆန်ဖွပ်မောင်းထောင်းလို့တောင် ကျွေးရသတဲ့။ ဒါပေမယ့်လည်း သူ့မှာ လူမတတ်ပေမယ့် လက်ဘက်ထုပ်ကလေးတွေ တတ်ပုံရပါတယ်။ သူ့နောက်က တကောက်ကောက်ပါတဲ့ အိမ်တော်ပါ ငယ်ကျွန်ထဲက ပေါ်ဦးတို့ မြတ်စံတို့ ဆိုတာ နောင် သူကောင်းစားတဲ့အခါ မြန်မာရာဇ၀င်မှာ အင်မတန်ကျော်ကြားတဲ့ ပညာရှိကြီးတွေ ဖြစ်လာခဲ့တယ်။ တိုင်းပြည်အတွက် အကြံကောင်းဥာဏ်ကောင်းတွေ မကြောက်မရွံ့ ပေးနိုင်ခဲ့သလို ရှင်ဘုရင်ကလည်း ဘယ်တုန်းကမှ ဗွေယူစိတ်ဆိုးတယ် မရှိခဲ့ဘူး။ သူနန်းသက်ရှည်တာ ဒါ့ကြောင့်လည်းပါမယ်။ (တို့ဘလည်း အကြံပေးတွေ တစ်ကျိပ်လောက်ထားတာ ခုမှပဲ သဘောပေါက်တယ်)

            ဆင်ဖြူရှင်လွန်တော့ သားတော်စဥ့်ကူးမင်း နန်းတက်လာတယ်။ ရွှေတိဂုံဘုရားကို ခေါင်းလောင်းတော်ကြီး လှူတဲ့မင်းပေါ့။ သူ့ခမျာ ငါးနှစ်လောက်ပဲ နန်းစံလိုက်ရပါတယ်။ နောင်တော်ကြီးရဲ့ သားတော် ဖောင်းကားစားမောင်မောင် လုပ်ကြံလို့ နတ်ရွာစံသွားတယ်။ ဖအေသေလို့ သားနန်းတက်ကြေးဆို သူလည်းပဲ ရှင်ဘုရင်လုပ်ချင်ပါသတဲ့။ အဲသည်ပုဂ္ဂိုလ်ကလေးအဖြစ်ကလည်း သနားစရာ။ သူ့က ရှင်ဘုရင်သတ်ရင် ရှင်ဘုရင်ဖြစ်တယ်ဆိုတာပဲ သိထားတာ။ ရှင်ဘုရင်ဖြစ်ရင် ဘယ်လိုရှင်ဘုရင်လုပ်ရတယ်ဆိုတာ သူမသိဘူး။ သူ့ကိုထောက်ခံမယ့် (အဲသည်တုန်းကတော့ သစ္စာခံမယ့် လို့ ပြောတာပေါ့) နောက်လိုက်နောက်ပါ မူးမတ်ဗိုလ်ခြေ အလုံအလောက် စည်းရုံးမထားဘူး။ ဒါနဲ့ပဲ သူ့ခမျာ ခုနစ်ရက်ပဲ နန်းစံလိုက်ရတယ်။ ဒန်တန့်ဒန်သွားရော။ တိုင်းပြည်ဆိုတာ ရှင်ဘုရင် မရှိလို့ မဖြစ်ဘူး။ ရှင်ဘုရင်ဆိုတာလည်း ထီးရိုးနန်းဆက် မှန်ရတယ်။ အဲ့သည်အချိန်မှာ ရွေးစရာဆိုလို့ ဘိုးတော်ဦးဝိုင်းမှတပါး အခြားမရှိဘူး။ သူ့ရှေ့က နောင်တော်သုံးပါးက အနေအထိုင်မတတ်လို့ နတ်ထီးပျော်နှင့်ပြီ။ နောက်ဆုံးတော့ ဂန္တ၀င်မောင်ဝိုင်းအတွက် ကုန်းဘောင်ထီးနန်းက မင်းဘယ်ပြေးမလဲ မိချိုသဲ ဖြစ်သွားတယ်။

             ဘိုးတော်က ရှင်ဘုရင် အကြာကြီးလုပ်သွားတဲ့သူဆိုတော့ ဘာပဲလုပ်လုပ် သူကချည့် အကြီးဆုံးဖြစ်ချင်တယ်။ (အကိတ်ကြိုက်သူကြီးပေါ့) အမရပူရနန်းတော်ကြီးကို ဟီးနေအောင်တည်တယ်။ မင်းကွန်းဘက်မှာ ပုထိုးတော်ကြီးကိုတည်တယ်။ ခြင်္သေ့ရုပ်ကြီးနှစ်ခု ထားတယ်။ မင်းကွန်းခေါင်းလောင်းကြီးကို သွန်းလုပ်တယ်။ ကြက်ထောင့်ကန်ကြီးကိုတူးတယ်။ အားလုံး ဧရာမ မှ ဧရာမကြီးတွေ အဖြစ် စံချိန်တင်ထားဆဲပဲ။ ဒါတောင် ပုထိုးတော်ကြီးက အုတ်ဖိနပ် ပလ္လင်တော်ပဲ ပြီးသေးတာ။ အဲ့ဒါကြီးပြီးရင် သူနတ်ရွာစံမယ်လို့ တဘောင်ပေါ်တာနဲ့ ဆက်မတည်တော့ဘူး။ သူ့ဟာကြီးတွေက ကြီးလွန်းတော့ သူ့နောက်နန်းတက်တဲ့ ဘကြီးတော်စစ်ကိုင်းမင်းတောင် ပြီးအောင် ဆက်မတည်နိုင်ဘူး။ အဲ့ဒါကြီးတွေနံဘေးမှာ အနေတော် အလောတော် ဘုရားတစ်ဆူထပ်တည်တယ်။ အဲ့ဒါ မြသိန်းတန်စေတီပေါ့။ သီတာခုနစ်တန်၊ တောင်စဉ်ခုနစ်ထပ်နဲ့ရံပြီး မင်းလမ်းနတ်လမ်းကို စောင်းတန်းမပါပဲ လှေဆိပ်က ခြင်္သေ့ကြီးနှစ်ကောင်အထိ တန်းနေအောင် ဖောက်ထားတယ်။ သူ့ချည်းပဲ လာလာဖူးမယ်လို့ သဘောထားသလားမသိ။

            ဘကြီးတော်အကြောင်းပြောရင်တော့ မပါမပြီး သူ့ထက်ဘုန်းကြီးတဲ့သူတစ်ယောက်အကြောင်း ထည့်မပြောလို့ မဖြစ်ဘူး။ သူကတော့ နန်းမတော်မယ်နုတဲ့။ တချို့က တံငါသည်သားသမီးလို့ ပြောတယ်။ တချို့ကလည်း သူကြီးသမီးလို့ ပြောတယ်။ သမီးမိဖုရားဖြစ်ရင် ဖအေ သူကြီးလောက်ဖြစ်တာ မဆန်းဘူး။ သေချာတာကတော့ နန်းတော်ထဲကလာတဲ့ ကလေးမ မဟုတ်ဘူး။ ပါးစပ်ရာဇ၀င်ကပြောတာတော့ မြစ်ဆိပ်သောင်ပြင်မှာလှန်းထားတဲ့ သူ့ထမီက နန်းတော်ခေါင်လာချိတ်လို့ ကောင်းစားမယ့်နိမိတ်ရှင်ကို တော်ကောက်ယူလိုက်ရတယ်လို့ ပြောတယ်။ ကျေးတောသူဖြစ်ပေမယ့်လည်း အချာဘင်တော့ မဟုတ်လေဘူး။ အာဂ မှ အာဂ။ သူ့အရင် မြှောက်ထားတဲ့မိဖုရားတွေက တောင်နန်း၊ မြောက်နန်း၊ အလယ်နန်း၊ အနောက်နန်း၊ ဘယ်ဟာမှ အလွတ်မရှိတာကြောင့် အဲသည်ဟာမလေး ပိစိကွေးကို နန်းမတစ်ဆောင် သပ်သပ်ဆောက်ပြီး နန်းမတော်မယ်နုလို့ ထိပ်ပေါ်တင်ထားရတယ်။ သူ့နံမယ်နုပါလို့ အရပ်သုံးစကားတွေအကုန် နုမထည့်ရတော့ဘူး။ မန်ကျည်းရွက်တောင် ထွဋ်ထွဋ်ကလေး လို့ ပြောင်းခေါ်ရသတဲ့။ ဘုန်းကြီးတွေတောင် ယဿာနုဘာဝတော ရွတ်ရင် အသံလေးတိမ်တိမ်သွားကြသတဲ့။ သူ့ရပြီးကတည်းက ရှင်ဘုရင်ဆိုတာ ကျန်တဲ့မိဖုရားတွေ ဖွဲနဲ့ဆန်ကွဲဖြစ်သွားသတဲ့။ သူ့ကောင်းမှုတွေကတော့ အင်းဝမှာ ရှိတာဗျ။ မယ်နုအုတ်ကျောင်းတဲ့။ တန်ခိုးကြီးတဲ့ မိဖုရားပီပီ အလှူကြီးအတန်းကြီး ကျောင်းကြီးဇရပ်ကြီး ဆောက်လှူပေမယ့်လည်း သူပြုခဲ့တဲ့ အကုသိုလ်ကံကြွေးကိုတော့ သူကိုယ်တိုင် ပေးဆပ်ရပါတယ်။ ဘကြီးတော် စိတ်နောက်သွားပြီး သာယာဝတီမင်းသား ပုန်ကန်နန်းတက်တော့ မယ်နုရော သူ့မောင် မင်းသားကြီးမောင်အိုပါ ကွပ်မျက်ခံရတယ်။ အသက်လွတ်ရာလွတ်ကြောင်း ဆရာတော်ဦးဗုဓ်ဆီဝင်ဖူးတဲ့အခါ ဆရာတော်က ဇာတာစစ်ဆေးကြည့်ပြီး သမိုင်းထဲမှာ ပဲ့တင်ထပ်ကျန်ခဲ့တဲ့ စကားတစ်ခွန်းကို မိန့်တယ်။ “ဟဲ့ မယ်နု။ သူ့ကြွေးရှိက ဆပ်ရသည်သာ။” တဲ့။

               မယ်နုမရှိလို့ တိုင်းပြည်ကြီးအေးချမ်းသွားလေသည် လို့တော့ မထင်ပါနဲ့။ သာယာဝတီမင်းလက်ထက်မှာလည်း တိုင်းရေးပြည်ရေး အရှုပ်တော်ပုံတွေ ပိုလို့သာဆိုးတော့တယ်။ ရှင်ဘုရင့်သားမှန်ရင် ရွေးစရာလမ်းက နှစ်ခုပဲရှိတယ်။ သတ်မလား။ သေမလား။ ညီအကိုချင်းပေမယ့် ဘယ်တော့မှ စိတ်မချရတော့ဘူး။ တစ်ယောက်သေရင် ကိုယ်နဲ့ပြိုင်မယ့်သူ တစ်ယောက်လျော့တာ။ အဲသည်မှာတင် ဘိုးတော်ဘုရားအသည်းစွဲ စကြာကိုယ်တော်လေးတို့ ပြည်မင်းတို့ တန်းစီပြီး ရေချကွပ်မျက်ခံရတယ်။ အလိုတူအလိုပါဆို အနောက်နန်းမတော်မမြကလေးလည်း ပါသွားတယ်။ မြ၀တီမင်းကြီးဦးစဆို ထောင်ထဲကနေ ဘုန်းတော်ဘွဲ့ရေးပြီးထွက်ရတယ်။ (ဆယ်လီဗျစ်တီတွေ အ၀ှာပြုရင် ပေါ်လစီကားရိုက်ပေးရသလိုပေါ့ကွယ်) သည်အခြေအနေတွေက ပုဂံမင်းကို မဖြစ်မနေ ပုန်ကန်ဖို့ တွန်းပို့လာတယ်။ သေမြေကြီး ရှင်ရွှေထီးမို့ မသေတဲ့အခါ သူလည်းနန်းတက်ခွင့်ကြုံလာတာပေါ့။ ရှင်ဘုရင်ဖြစ်တော့ ရှင်ဘုရင်ဖြစ်တဲ့စည်းစိမ်ကို အပြည့်အ၀ခံစားတာပေါ့။ သူကောင်းစားတော့ သူ့ဘော်ဒါဘော်ချက်တွေ အကုန် နန်းထဲရောက်လာတာ။ ကြက်ကိုင်တဲ့ဘိုင်ဆပ်က မြို့ဝန်ဖြစ်လာတာသာ ကြည့်တော့။ ဘကြီးတော်လက်ထက်က ပထမ အင်္ဂလိပ်-မြန်မာစစ်ဟာ သည်းသည်းမခံတတ်တဲ့ ပုဂံမင်းလက်ထက်မှာ ဒုတိယအကြိမ်ထပ်ဖြစ်လာတယ်။ စစ်ပြိးအောင် မတိုက်ရသေးခင်မှာပဲ ညီတော်နှစ်ပါး ပုန်စားလို့ စစ်ကအလိုလိုရပ်သွားတယ်။ မြမန်းဂီရိယိုးဒယားထဲက နောင်ညီအကို ရွှေဘိုနွယ်တော်ရင်းဆိုတဲ့ မင်းတုန်းမင်းသားနဲ့ ကနောင်မင်းသားတို့ လက်ထက်ရောက်လာပါလေရော။

              မင်းတုန်းမင်းကြီးဟာ ကုန်းဘောင်မင်းဆက်ထဲမှာ ပရိုပါဂန်ဒါကို ကောင်းကောင်းနားလည်တဲ့ပုံရတယ်။ သူနန်းတက်တာကို ဘုရားရှင်ကတောင် ကြိုတင်သိတော်မူလို့ ဗျာဒိတ်ပေးထားခဲ့သယောင် ပြောတယ်။ ဂေါတမဘုရားရှင်ဟာ မန္တလေးတောင်ကြီးကို ကြွချီတော်မူလာပြီး စန္ဒမုခိဘီလူးမဆီက ၀တ်ပန်းအစုံ (နို့နှစ်လုံးလို့ ပြောတာတဲ့။ ဘာလုပ်ဖို့မှန်းလည်း မသိ) “နောင်သောအခါ ဤအရပ်၌ မင်းယောင်္ကျားအဖြစ် သာသနာတော် စည်ပင်ပွားများစေအံ့။” လို့ မန္တလေးမြို့ဘက် လက်ညှိုးတော်ညွှန်ပြီး မိန့်ကြားသွားသတဲ့။ မန်းလေးတောင်ပေါ်က ဗျာဒိတ်ပေးဘုရားကြီးရယ်၊ ကုသိုလ်တော်ဘုရားက ဘီလူးမရုပ်ထုရယ်က အဲဒီဇာတ်ကို အထုပ်ဖြေပြတာ။
ပြည်သူကိုတော့ စည်းရုံးတဲ့နေရာမှာ အောင်မြင်တယ်လို့ ပြောရမှာပဲ။ မဟာဂီတထဲက သီချင်းကြီးတော်တော်များများဟာ သူ့ဘုန်းတော်ဘွဲ့တွေချည့်ပဲ။ မန်းတောင်လင်္ကျာတို့၊ အောင်မင်္ဂလာတို့၊ ဝေဇယန္တာတို့လို ကောင်းပေ့ဆိုတာတွေမှန်သမျှ သူ့အကြောင်း။ ဒါပေသိ သူ့သားသမီးတွေတော့ သူ မစည်းရုံးနိုင်ပါဘူး။ ဘယ်စည်းရုံးနိုင်မလဲ။ မွေးထားတာ ရာချီလို့။ သူ့ဘာသူတောင် မှတ်မိနိုင်စရာ မရှိ။ သည်အခါမှာလည်း ညီကိုနန်းလျာထားလို့ သားတွေကမကျေနပ်တာကြောင့် မြင်ကွန်းမြင်းခုံတိုင်အရေးနဲ့ ကနောင်အိမ်ရှေ့စံ နတ်ရွာလားပါတယ်။ အဲသည်အရေးမှာ အခါပေးကောင်းလို့ (ဗေဒင်တွက်ပြီး အချိန်ကောင်းရွေးပေးတာကိုပြောတာ) ဦးပုညကြီး ကိစ္စတုံးသွားတာ။ သို့သော် နောက်ကွယ်က သည်မီးကို ရှို့သူတစ်ဦးတော့ ကျန်နေပါသတဲ့။ အဲဒါ ဆင်ဖြူမရှင်ပါ။

                 ကဲ သူ့လည်း မိတ်ဆက်ပေးရပါဦးမယ်။ စောစောက နန်းမတော်မယ်နု ကွပ်မျက်ခံရတော့ သူ့မှာ သမီးငယ်ကလေးကျန်ရစ်တယ်။ မင်းတုန်းမင်းသားရဲ့အမတော် စကြာဒေ၀ီမင်းသမီးက အသက်လွှတ်မိန့်နဲ့ သူ့အိမ်တော်မှာ မွေးစားထားပြီး ဆုံးမသွန်သင်ပေးတယ်။ အနောက်နန်းမတော်မမြကလေးကမွေးတဲ့ လှိုင်ထိပ်ခေါင်တင်လည်း အတူတူပဲ။ အဲသည်မင်းသမီးညီအမကို ဟိုမင်းသားညီနောင်နှစ်ပါးက ကောက်ယူမြှောက်စားတာချင်းတူပေမယ့် သူတို့နှစ်ယောက်မှာ ပါလာတဲ့ ဗီဇသွေးချင်းမတူလို့ ရောက်ရာလားရာချင်း ဖီလာဆန့်ကျင်ဖြစ်သွားတယ်။ ချစ်သမျှကို အရေးကောင်းတဲ့ မမြကလေးကမွေးတဲ့ လှိုင်ထိပ်ထားဟာ သူ့လက်ထက်မှာလည်း စိန်ခြူးကြာညောင်ကို ရေးခဲ့တာ သည်ကနေ့ခေတ်အထိ လူတွေသိနေသေးတယ်။ လင်ထိန်းတော်တဲ့ ရှင်မင်းနုရဲ့သမီး ဆင်ဖြူမရှင် လက်ဝါးစောင်းထက်ပုံက သူ့အမေထက်မသာသော်လည်း မလျော့ဘူး။ နန်းတော်ထဲမှာ အင်မတန်မီးသေတယ်။ ကနောင်မင်းသားကိုရှင်းတာ သူ့ပယောဂပါတယ်လို့ တပ်အပ်စွပ်စွဲတဲ့သူတွေရှိတယ်။ မင်းတုန်းမင်းကြီးအနာတော်သည်းတဲ့အခါ သူလည်းသူ့အသက်သူ ဖက်နဲ့မထုပ်ပဲ ဓါးနဲ့အုပ်ဖို့ကြံရပြန်တယ်။ မကြံလို့မရဘူး။ နန်းတော်ထဲမှာ လက်မဦးရင် ဇက်ပြုတ်တတ်မှန်း သူကလေးဘ၀ကတည်းက သိတယ်။ သူ့မှာ သားလည်းရှိတာမဟုတ်။ လူမုန်းကလည်း များပါဘိသနဲ့။ မုဆိုးမမိဖုရားထက်စာရင် ရှင်ဘုရင့်ယောက္ခမဖြစ်မှ စိတ်ချရမယ်လို့တွက်တော့ သီပေါမင်းသားကောင်းစားဖို့ မင်းညီမင်းသားခြောက်ဆယ်ကျော် ရေတိမ်နစ်ကြရပြန်တယ်။ အရာရာဟာ ဆင်ဖြူမရှင် ဆင်တဲ့အတိုင်း ကွက်တိတိုးခဲ့ပေမယ့် သူကြိုးဆွဲလို့မရတာ တစ်ယောက်ပဲ ရှိတယ်။ အဲဒါ သူမွေးထားတဲ့ သူ့သမီးကိုယ်တိုင်ပါပဲ။ သူ့မှာရော သူ့သွေးတွေ မပါပဲနေမှာမို့လား။ သမီးအကြီးနဲ့ ဘိသိက်မြှောက်လို့တောင် မရဘူး။ အလယ်ကောင်က ၀င်ထိုင်သွားတာ သူ့အမေတုန်းကလိုပဲ။ သူတောင် မင်းတုန်းမင်းကြီး မိဖုရားရာချီနေတာ ဘာမှမတတ်နိုင်ဘူး။ သူ့သမီးကတော့ ကလေးမွေးတုန်း တစ်ယောက်ကလေးခိုးစားတာမိလို့ သူ့လင်ရှင်ဘုရင်ကို သူကိုယ်တိုင် ဓါးနဲ့လိုက်သတဲ့။ ကျန်တဲ့နေရာ ဘယ်လောက်မီးသေမလဲ စဉ်းစားသာကြည့်တော့။ သီပေါမင်းနဲ့ စုဖုရားလတ်တို့ရဲ့ကောင်းမှုကတော့ အတုမရှိကျောင်းတော်ကြီးနဲ့ ရွှေကျောင်းတဲ့။

             ယောင်္ကျားဘသား အားကောင်းမောင်းသန် သားခြောက်ယောက်၊ မြင်းရည်တက် ခြောက်ကျိပ်သုံးယောက်နဲ့ တည်ထောင်လာခဲ့တဲ့ ဦးအောင်ဇေယျရဲ့ ကုန်းဘောင်မင်းဆက်ကြီးဟာ အားနွဲ့တဲ့ မိန်းမသားသုံးဆက်ရဲ့အောက်မှာ မလှုပ်သာမလွန့်သာ သြဇာခံဖြစ်ခဲ့ရတယ်ဆိုတာ တော်တော်ငြင်းဖို့ခက်ပါတယ်။ ရှေးရှေးက မင်းငါးဆက်တိုင်အောင် ကောင်းစားခဲ့တယ်ဆိုတဲ့ မိဖုရားဖွားစောတို့ ရှင်ဘို့မယ်တို့ဆိုတာ သူ့သမီးဘယ်သူဘယ်ဝါမှန်း မသိရဘူး။ ဒီသားအမိ မြေးအဖွား သုံးယောက်ကတော့ ကုန်းဘောင်ရာဇ၀င်ကို သူတို့မပါပဲ ပြောလို့မရဘူး။ အထက်ကပြောခဲ့တဲ့ အကြောင်းအရာတွေအားလုံးဟာ သမိုင်းအစစ် ရာဇ၀င်အမှန်ပါလို့ ကျမ်းဂန်အရပ်ရပ်ကို ကိုးကား မပြောလိုပါဘူး။ မရေရာတာတွေ၊ ထင်ကြေးတွေ၊ ကောလာဟလတွေ အမှတ်မှားတာတွေ ပါချင်ပါမှာပေါ့။ ကိုယ်လည်းသမိုင်းဆိုတာ ဆယ်တန်းအထိပဲ သင်ခဲ့ဖူးတာ။ ဒါပေမယ့် မန္တလေးရောက်တဲ့အခါ ဟိုနေရာလေးကပြောပြလိုက် သည်နေရာလေးကပြောပြလိုက်နဲ့ ငယ်ငယ်က သင်ဖူးတဲ့သမိုင်းကလေးတွေ နားထဲပြန်ရောက်လာတုန်း ကိုယ့်သမီးကို ပြန်ပြောပြတဲ့ ပါးစပ်ရာဇ၀င်ကလေးလို့သာ မှတ်လိုက်ပါ။ နေရာတွေကလည်း တနေ့တခြား ပျောက်ပျောက်သွားတာ။ ရာဇ၀င်တွေကလည်း တနေ့တခြား ဟောင်းဟောင်းသွားတာ။ သည်လိုသာ ပုံပြင်လေးနဲ့ ပြောမပြရင် နောင်ကျဘာမှ ပြစရာကျန်တော့မယ် မဟုတ်ဘူး။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...