Thursday, December 26, 2013

ဘ၀ အထွေထွေ မိုးလိုစွေ ( ၃ )


ကျနော့်အတန်းထဲမှာ စာတော်တဲ့ ကလေးမလေးတစ်ယောက်ရှိတယ် ။
အဲ့ဒီကလေးမလေး က အစက စာသိပ်မတော်ဘူး ၊ တော်ချင်ချင်ဖြစ်နေ
တာပဲရှိတာ ၊ ကျနော်က တော်တယ် တော်တယ် နဲ့ စွတ်မြောက်ပေး
တော့ နောက်ပိုင်း တကယ်ကြိုးစားလာတယ်နဲ့တူတယ် ။ တကယ်လည်း
တော်လာတယ် ။



ကလေးမလေးက ကျနော့်ကို တော်တော်သံယောဇဉ်ရှိတယ် ။ ကျနော်
တည်းတဲ့အိမ်မှာ ဟင်းစားမကောင်းရင် သူ့အိမ်က ဟင်းလေးတွေ လာပို့
ရှာတယ် ။ သူ့သံယောဇဉ်က ဒီလောက်နဲ့ရပ်သွားရင်တော်သေးတယ် ။
ဒီလောက်နဲ့ရပ်မသွားပဲ ကျနော့်ကို သူ့အမ အပျိုတစ်ယောက်နဲ့ပါ
အောင်သွယ်လုပ်ပေးလာရော ။

သူ့အစ်မကလည်း အညာသူ ပီပီ အသားညိုညို ၊ ငါးကျီးကျပ်တင်လေး ။
မျက်နှာမှာလည်း မှဲ့ခြောက်လေးတွေနဲ့ ။ အဲ့တော့ ကျနော်လည်း ဝေရာ
မဏိ လုပ်ရတော့တယ် ။ အဲ့ကလေးမလေးက သူ့အစ်မနဲ့ စွတ်အောင်
သွယ် ၊ ကျနော်က ပါတ်ပြေး ၊ သူ့အစ်မက ကျောင်းကိုလာပြီး မုန့်တွေ
လာပို့လို လာပို့ ။ တော်တော်ရယ်ရတယ် ။

တပါတ်လောက်ကြာတော့ ရွာမှာ ပြန့်ကုန်ပြီ ။ အဲ့ဒီ အညာသူလေးနာမည်
မှတ်မိသေးတယ် ။ မအိမ်ချစ်တဲ့ . . . အခုတော့ ယောင်္ကျားရလောက်ပါပြီ
မအိမ်ချစ်နဲ့ ဆရာကျော်ကျော်နဲ့ ဘာဆိုလားပဲ ၊ ညာဆိုလားပဲ ။ တစတစ
တီးတိုးကနေ ကျနော်ကိုတောင် နောက်တဲ့လူက နောက်ကုန်ပြီ ။ ကျနော်
ကလည်း ဟာဗျာဆိုပြီး သုတ်ချေတင်တော့တာပဲ ။

မအိမ်ချစ်ကတော့ လူတွေမေးလိုက်ရင် သွားဖြဲကလေးနဲ့ အင်းမလုပ်
အဲ့မလုပ် ရယ်နေတယ်လို့ကြားတယ် ။ ဆြာမလေး ကမငြင်းတော့ လူ
တွေ က တကယ်များဖြစ်နေကြပြီလားပေါ့

ကျနော်တည်းတဲ့အိမ်ကို ကျောင်းကနေ ပြန်ရင် မအိမ်ချစ်တို့အိမ်ရှေ့ရွာ
လမ်းမကြီးကနေ ဖြတ်ပြန်မှရတယ် ။ ကျနော် ကျောင်းက ပြန်ချိန်လေးနာ
ရီလောက်ဆို မအိမ်ချစ် ရေချိုးတဲ့အချိန် ကွက်တိ ။ ကျနော်က လမ်းကပြန်
မအိမ်ချစ် က ရေချိုးနေရာကနေ ဆရာလေး ပြန်ပြီလား ၊ ဘာလားပေါ့ ။
ကျနော်ကလည်း ပြန်ပါပြီခင်ဗျ ဆိုပြီး လစ်တော့တာပဲ ။ ဘယ်နှယ့် ရေဆေး ငါးဆိုရင်တောင် စကားလေးဘာလေး ရပ်ပြောရင်
ပြောမိဦးမယ် ။ အခုက ငါးကျည်းခြောက် ကျပ်တင်ပါဆို ၊ တကယ့်ကျပ်တင် ။

အဲသာ နေ့တိုင်းပဲခင်ဗျ ။ နေ့တိုင်းကိုတွေ့တာ ။ တနေ့ကျတော့ ကျနော်
ကျောင်းမှာ အချိန်ပို ခေါ်သင်လိုက်တော့ ငါးနာရီခွဲလောက်မှ အိမ်ကိုပြန်
ဖြစ်တယ် ။ အဲ့ ..... မအိမ်ချစ် ရေချိုးတုန်းပဲ ခင်ဗျာ ။ ရေချိုးတုန်းပဲ ။
နုတ်ခမ်းလေးတွေကို ပြာလို့ . . . ဆရာလေး ပြန် ပြန် ပြန်လာပီလားးး တဲ့
နုတ်ဆက်ဖြစ်အောင် နုတ်ဆက်လိုက်သေးတယ် ၊ မေးလေးကို တဂါတ်ဂါတ် နဲ့ရိုက်လို့ ။ နောက်နေ့ကျတော့ သူ့ညီမ ကျနော့် တပည့်
မ က ကျနော့်ကို သူ့အိမ်လိုက်ခဲ့ပါတဲ့ ။

ဟဲ့ ဘာလုပ်မလို့လဲဆိုတော့ ၊ သူ့အစ်မ မအိမ်ချစ်နေမကောင်းလို့ လူနာ
လိုက်မေး ပါတဲ့ ။ ဘာဖြစ်တာလဲလို့မေးတော့ အအေးမိတာ တဲ့ ။ ပြီးမှ
ရယ်ကျဲကျဲ နဲ့ မနေ့ညနေက ဆရာလေးပြန်အလာကို ရေချိုးပြီးစောင့်တာ
အအေးပါတ်သွားတာတဲ့ ၊ အဲ့သာ ဆရာလေးမှာ တာဝန်ရှိတယ်တဲ့ ။
ကျနော် လူနာသွားမေးလိုက်ခဲ့ရတယ် ဗျာ ။ ခိခိ ။

နောက်ဇတ်လမ်းတစ်ပုဒ်ပြောပြဦးမယ် ။ အဲ့ဒီရွာမှာ သူဌေးကြီးတစ်ယောက်
ရှိတယ်ဗျ ။ သူက သူဌေးသာဆိုတာ တစက်ကလေးမှ သူဌေးရုပ်မပေါက်
တာ ၊ ဘုရားစူး ကျနော်သူဌေးပါ ဆိုပြီး ကျိန်ပြရမဲ့ ရုပ်မျိုး ။ ကျနော်လည်း
အစက သူ့ကို သူဌေးလို့ကို မထင်တာ ။ ကြည့်လေ ၊ သူ့ပုံစံက အမြဲ
တမ်း အင်္ကျီမပါ ၊ ပုဆိုးတိုတို ၀တ် လို့ ။ အသားကလည်း မဲတော့ အပေါ်ပိုင်း ပြောင်ဝင်းနေပြီး ၊ အောက်ကလည်း ပုဆိုးကြမ်းတိုတို ၊ ဆင်ကြယ် ဖိနပ်နဲ့ ။ အံမာ အထင်တော့မသေးနဲ့ဆြာ ၊ ယာ ဧက
တစ်ရာကျော် နှစ်ရာနီးပါး ပိုင်သတဲ့ ။ ယာတစ်ဧက ဆယ်သိန်းလောက်
ဆိုတော့ တွက်ကြည့်ပေါ့ ။ သူပိုင်တာ အနည်းဆုံး သိန်းထောင်ချီပိုင်
တယ် ။

ကျနော်တို့တည်းတဲ့အိမ်မှာ ရေတွင်းမရှိတော့ သူ့အိမ်က ရေတွင်းမှာရေ
သွားချိုးရတယ် ။ အဲ့ဒီ အနီးနားတစ်ဝိုက်မှာလည်း သူ့တစ်အိမ်ပဲရေရှိတာ
ပဲ ။ သူလည်း ကျနော့်ကို တော်တော်ခင်တယ် ။ ငါ့တူကြီး ၊ ငါ့တူကြီးနဲ့
နေတာ ။ ရေသွားချိုးရင် ရေချက်ချင်းမချိုးရဘူး ။ သူတည်ခင်းတဲ့ ရေနွေး
နဲ့ ပဲခြမ်းကြော်တွေ ဘာတွေ မြည်းပြီး ၊ သူနဲ့ လေပေါရသေးတာ ။

ရေချိုးချိန်နောက်ကျမှာစိုးလို့ တော်တော်ထယူရတယ် ။ အဲ . . . သူချမ်း
သာတာကို သိရတာက ဒီလို ၊ ကျနော်နဲ့သူနဲ့ တညနေမှာ လေပြစ်နေကြ
တုန်း ဓါတ်မြေသြဇာကိုယ်စားလှယ်တွေလာတယ် ။ ဓါတ်မြေသြဇာဖိုးလာ
ယူကြတာ ၊ ဒီတော့ အဲ့ဒီဦးကြီးက ဆရာလေး ထိုင်နေရာက ခဏဖယ်
လို့ပြောရော ။ ကျနော်က သူတို့အိမ်အောက်ထပ် မှာထိုင်နေတာ ၊ ကျနော် ထိုင်နေတဲ့ နေရာအပေါ်မှာ ထုတ်တန်းတွေရှိတယ် ။ အဲ့ဒီကြား
မှာ ကျန်ကျောင်းအိတ်မှာ ဘာထည့်ထားမှန်းမသိဘူး ထိုးထားတာတွေ
ရှိတယ် ။ မြင်တာတော့ကြာပြီ ။ ပင့်ကူအိမ်တွေ တောင်ကပ်နေပြီ ။

ကျနော်နေရာက ထပေးလိုက်တော့ အဲ့ဒီ ကျန်ကျောင်းအိတ်တွေကို ဆွဲ
ချတာခင်ဗျာ ။ အဲ့ဒီအိတ်တွေကို ဖွင့်လိုက်တော့ . . . အမငီး ထောင်တန်
တွေ အုပ်လိုက် အုပ်လိုက် ခင်ဗျာ ။ ကိုယ့်မျက်စိနဲ့ မြင်လို့သာ ယုံရတယ်
ပိုက်ဆံကို လက်လွတ်စပယ်ထားချက်နှယ် ။ အဲဒီပိုက်ဆံတွေနဲ့ ဓါတ်မြေ
သြဇာဖိုးရှင်းတာ ဗျာ ။ အံ့ရော ။

အဲ့ဒီ ဦးကြီး သမက်ဖမ်းတာကို အပိုင်း ၄ မှာပဲ ဆက်ရေးတော့မယ်ဗျာ ။

မာဃ
၂၃ ။ ၁၂ ။ ၂၀၁၃

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...