Tuesday, December 24, 2013

ချိုချဉ်ငန်စပ်အပြုံး

Photo: ချိုချဉ်ငန်စပ်အပြုံး
………………..
(၁)
 " တူနှစ်ဖြာ..ရွှေဂဟေဆက်ဖို့ ..သွေမပျက်တဲ့မေတ္တာ..ရေစက်ရဲ့ရှေးအလာ ..မနှေးအခါခါ..ချင့်တွေး.. ဖြစ်ရေးအခု..သမုဒယနွယ်လာ..ခုဘ၀၀ယ်ဘယ်မမုန်းတော့လေး…လေး…လေး.."
 ရွာထဲမှ သီချင်းဖွင့်သံကို ကြားနေရသည်။  မင်္ဂလာဆောင်က ဖွင့်နေခြင်းဖြစ်သည်။  ဒီအချိန်၊ ဒီကာလ တွေမှာဖြင့် မင်္ဂလာတစ်ဆောင်ပြီးတစ်ဆောင် ကြုံတွေ့ရပါသည်။  ကိုယ်ရဲ့ မိတ်ဆွေအပေါင်းအသင်းများ၏ မင်္ဂလာပွဲ၊ ကိုယ့်ဆရာသမားများ၏ သားသမီးများမင်္ဂလာဆောင်များကို ကိုယ်တိုင်သွားခဲ့သည်များ ရှိသလို အဝေးရောက် မင်္ဂလာဆောင်များကိုလည်း လက်ဖွဲ့များပေးပို့ဖြစ်သည်။
 အင်း..ကျွန်တော့်မိတ်ဆွေ လူပျိုကြီးကို ပြောဖြစ်သည့် စကားလေးအတိုင်းပြောရပါလျှင် " ဆောင်ကြ ပါစေ..မင်္ဂလာဆောင်ဆိုတာ စွမ်းနိုင်သူတွေ ဆောင်တာ..ဆောင်ကြပါစေ "
 ပြီးတော့ မင်္ဂလာဆောင်လေ..မင်္ဂလာရှောင်တာမှမဟုတ်တာ။
(၂)
 " အိမ်ထောင်ပြုသည် " ဟူသော စကားရှိ၏။ အဓိပ္ပာယ်မှာ လက်ထပ်ထိမ်းမြားခြင်းဟူသည် လူနှစ်ဦး ကို အကျဉ်းသားသဖွယ် နှစ်ယောက်ပေါင်း၍ ကြိုးဖြင့်ချည်နှောင်လိုက်ခြင်းပင်ဖြစ်သည်။  ထိုကြိုးမှာ သံယော ဇဉ်ကြိုးပင်ဖြစ်သည်။  အမှန်တကယ်မှာ ချုပ်နှောင်ခြင်းမဟုတ်။  အင်္ဂလို ဆက်ဆွန် ( Anglo Saxon ) အယူ အဆအရ လက်ဆောင်ပေးခြင်း ဖြစ်သည်။ ကတိပေးခြင်းဟူ၍လည်း အဓိပ္ပာယ်ရသည်။  ထိမ်းမြားလက်ထပ် ခြင်းသည် လက်ဆောင်ပေါင်းများစွာအနက် အကောင်းဆုံးလက်ဆောင် အချိုမြိန်ဆုံးလက်ဆောင်ဖြစ်သည်။ ကျားမနှစ်ဦးအတွက် ပျော်ရွှင်ဖွယ်အကောင်းဆုံးဖြစ်သည်။  ဤသို့ ပျော်ရွှင်ဖွယ် အကောင်းဆုံးဖြစ်အောင် ရည် မှန်း၍ လက်ထပ်ကြခြင်းဖြစ်သည်။  
 ဗုဒ္ဓဘာသာဝင်တို့အဖို့ သံသရာဘ၀ခရီးတွင် ဘုရားသွားဖက် ကျောင်းသွားဖက် အလှူရေစက်လက်နှင့် မကွာအတူတကွ ကျင့်သုံးဆောက်တည်ကြမည့် သပ္ပုရိသနွယ်ဝင် အကြင်လင်မယားအဖြစ်ကို တရားဝင်ပြသ ခြင်းလည်းဖြစ်ပေသည်။
 အိမ်ထောင်ပြုခြင်း(မင်္ဂလာဆောင်ခြင်း)တို့သည် လူ့ဘ၀၏ အရေးကြီးသော အခန်းကဏ္ဍတစ်ခုတွင် ပါဝင်နေပါသည်။ အဘယ့်ကြောင့်ဆိုသော် ချစ်ခင်သူနှစ်ဦးမှ အကြောင်းဆက် ပေါင်းဖက်ပြီးလျှင် အိမ်ထောင် တစ်ခုဖြစ်လာသည်။  သားသမီးများရ၍ မိခင်ဖခင်များဖြစ်လာသည်။ ထိုမှတဆင့် မြေးမြစ်တွေဖြင့် အဘိုး အဘွားများဖြစ်လာကြခြင်းဖြစ်သည်။  ထို့ကြောင့် သားစဉ်မြေးဆက် လူ့အရင်းအမြစ်စတင်လိုက်ရာ အချိန် လည်းဖြစ်ပါပေသည်။
 မောင်မယ်နှစ်ဦး ရွှေလက်တွဲဖြင့် မင်္ဂလာလမ်းပေါ်လျှောက်လှမ်းလိုက်ခြင်းသည် အိမ်ထောင်မှုအစ၊ လူ့သဘာဝတရားထဲမှ လောကဓံတစ်ခုကို အတူယှဉ်တွဲ လျှောက်လှမ်းလိုက်ခြင်းဖြစ်သည်။  ဇာတ်လမ်းများထဲ ကလို ကောင်လေးနှင့်ကောင်မလေးချစ်ကြိုက်သွားယုံဖြင့် ဇာတ်လမ်းမပြီးပါ။  ထိုချစ်သူနှစ်ဦးအဖို့ တူနှစ်ကိုယ် လက်ထပ်လိုက်ခြင်း၊ အိမ်ထောင်ပြုလိုက်ခြင်းသည်သာလျှင် လောက လူမှုဘ၀ဇာတ်ကြီးကို စတင်ကပြလိုက် ခြင်းပါပင်။
(၃)
 ကာတွန်းလေးတစ်ခုကို သတိရမိသည်။  ပန်းချီဆရာက မင်္ဂလာမောင်နှံလက်တွဲနေသည့်ပုံကို ရေးဆွဲ နေခြင်းဖြစ်သည်။  သို့သော် သူ့ ကင်းဗက်ပေါ်တွင် ရှိနေသည့်ပုံကတော့ နွားကြီးတစ်ကောင်၏ ကျောပေါ်တွင် စနက်တံမီးညှိထားသည့် ဗုံးတစ်လုံးတင်ထားပုံဖြစ်သည်။  ကျွန်တော်အတွေးရောက်မိသည်က သူတို့သား(သို့) သတို့သမီးတို့ အားသန်အောင်၊ အားရှိသလောက် ရုန်းနိုင်အောင် စနက်တံမီးရှို့လိုက်ခြင်းပင်ဖြစ်ပါသည်။
 ငွေကြေးချမ်းသားသူများအဖို့ကား မင်္ဂလာဆောင်ခြင်းဟူသည် ဂုဏ်တစ်ခုကို ပြသလိုက်ခြင်း၊ တရားဝင်ကြေညာလိုက်ခြင်း သဘောမျှဖြစ်သည်ဟုထင်ပါသည်။  သာမန်လူတန်းစား၊ အခြေခံလူတန်းစား အဖို့ မင်္ဂလာဆောင်တစ်ခုဖြစ်မြောက်ဖို့ဆိုသည်မှာ မလွယ်ကူလှပါ။ ရှိသည့်ငွေကြေးလေးဖြင့် တရားဝင်ဆောင်ရွက် လိုက်ရသည့်ကိစ္စမျှသာပါ။ တစ်ခါတစ်လေတွင် မင်္ဂလာဦးတွင် မင်္ဂလာစရိတ်ကြောင့် အကြွေးတင်သွားရသည့် မင်္ဂလာဦးမောင်နှံအဖြစ်တို့သည်လည်း များစွာပါပင်။
 တစ်ခါတုန်းက သူငယ်ချင်း မင်္ဂလာဆောင်တွင် ကြုံခဲ့ဘူးရသည်။ မင်္ဂလာဆောင် မပြီးခင် မင်္ဂလာလက် ဖွဲ့စာရင်းဖြင့် ကုန်ငွေ၊ ကျန်ငွေ၊ ရငွေများစာရင်းချုပ်ကြရင်း သားမက်နှင့် ယောက္ခမတို့ ရန်ဖြစ်ရသည်ကိုလည်း တွေ့ခဲ့ရဖူးသည်။  ကျွန်တော်ကိုယ်တိုင်ပင်လျှင် မင်္ဂလာဆောင်နိုင်ရန်အတွက် ငွေကြေးချေးငှားပြီး ဆောင်ခဲ့ရ ခြင်းဖြစ်ပါသည်။  လက်ဖွဲ့ငွေအမြတ်ရသည်မို့သာ အကြွေးဆပ်နိုင်ပြီး အကြွေးမတင်ခဲ့ရခြင်းဖြစ်သည်။  ကျွန်တော်တို့နှင့် ဆန့်ကျင်လျက် ငွေကြေးတတ်နိုင်သည့် မင်္ဂလာသတို့သမီးများ၏ မင်္ဂလာဖိတ်စာတွင်မတော့ လက်ဖွဲ့ခြင်းသည်းခံပါဟူသော စာများကို တွေ့မြင်ခဲ့ရဖူးပါသည်။  ထိုသူတို့အဖို့ အိမ်ထောင်ဘ၀အစသည် ပျော်ရွှင်ဖွယ်ရာများဖြင့် ပြည့်နေနိုင်ပါသည်။
 မင်္ဂလာဆောင်အခမ်းအနားတစ်ခုတွင် သတို့သမီးက အဘယ့်ကြောင့် သတို့သားဘယ်ဘက်တွင်နေ၍ သတို့သား၏ ဘယ်လက်ကိုချိတ်တွဲရသနည်း။  အကြောင်းရှိပါသည်။  လောက၀တ်အရပြုလုပ်ကြခြင်းမဟုတ် ကြပါ။  ရှေးခေတ်အခါက အလွန်ပူပင်စွာဖြင့် ပြုလုပ်ထားသော အစီအစဉ်တစ်ခုဖြစ်ပါသည်။  သတို့သမီးကို ဂုဏ်ပြုရန် မဟုတ်ဘဲ သတို့သမီးကို ကာကွယ်ရန်သာဖြစ်သည်။  ဤသို့ပြုလုပ်မှ သတို့သား၏ ညာဘက်လက် သည် လွတ်လပ်နေသောကြောင့် ဓားကိုကိုင်ကာ သတို့သမီးကိုလည်းကောင်း၊ မိမိကိုယ်ကိုလည်းကောင်း ကောင်းစွာ ကာကွယ်နိုင်ရန်ဖြစ်လေသည်။
 ဤအချက်ကို ကျွန်တော်တွေးမိသည်က သတို့သားသည် ငါလူအိုဖြစ်ပြီကွလို့ လက်သီးလက်မောင်း တန်းနိုင်သည့်သဘော ဖြစ်သလို၊ သတို့သမီးကတော့ အားငယ်စွာ ကျွန်မအိုပါပြီရှင်လို့ ပြောဆိုနေဟန်ရှိသည် ဟုအတွေးတော်ချော်မိပါသည်။
(၄)
 မင်္ဂလာဆောင်ဖိတ်စာရသည်နှင့် ဘယ်သူ့ကို ဘာလက်ဖွဲ့ပေးရမည်ကို စဉ်းစားလေ့ရှိသည်။  အတော် အသင့်ပြည့်စုံသူအတွက် အမှတ်တရအဖြစ် လက်ဖွဲ့ပစ္စည်းကိုသာ လက်ဖွဲ့တတ်သည်။  ငွေကြေးချို့တဲ့သည့် မင်္ဂလာမောင်နှံအတွက် ငွေကြေးကိုသာ လက်ဖွဲ့ဖြစ်သည်။  မင်္ဂလာလက်ဖွဲ့ငွေကြေးဖြင့် မိမိလိုအပ်သော အိမ်ထောင်ပစ္စည်းများကို ၀ယ်ယူနိုင်သည်။ စုဆောင်းနိုင်သည်။  မင်္ဂလာလက်ဖွဲ့ပစ္စည်းများများရရှိသော မင်္ဂလာစုံတွဲတို့အဖို့ မင်္ဂလာဦးလက်ဖွဲ့ပစ္စည်းများဖြစ်သဖြင့် လိုအပ်သည့်ငွေကြေးပေးနိုင်ရန်အတွက် ပြန်လည် ရောင်းချမှုမပြုချင်၊ ငွေကြေးလိုအပ်မှုပြဿနာကလည်းရှိသည့် အခြေအနေမျိုး၊ ဘ၀မျိုးများစွာ တွေ့ခဲ့ရ ပါသည်။
 ငွေကြေးချမ်းသာသူများအဖို့တွင်လည်း သူ့ဘက်က ဘယ်လောက်လက်ဖွဲ့သည်၊ ဘယ်ပစ္စည်းလက်ဖွဲ့ သည်၊ ငါ့ဘက်က ဘယ်လောက်၊ ဘယ်ပစ္စည်းလက်ဖွဲ့သည်ဟုသော ဂုဏ်တု၊ ဂုဏ်ပြိုင်ပြဿနာများလည်းရှိ နေနိုင်ပါသည်။  ထို့အတူ မင်္ဂလာဆောင် ဖိတ်စာပေါ်တွင်လည်း သတို့သားနောက်ကအမြီး(ရာထူး၊ အလုပ် အကိုင်၊ ပညာအရည်အချင်း၊ ခေတ္တUSA ဘာညာစသည်များကိုဆိုလိုပါသည်)၊ သတို့သမီးနောက်က အမြီးများ နှင့် မိဘ၊ ဆွေမျိုးတို့၏ အလုပ်ကိုင်၊ ရာထူးများဖြင့် ပြည့်နှက်နေသော ဖိတ်စာများကလည်း ဒုနဲ့ဒေးပင်။
 ကျွန်တော်တို့ မြန်မာ့ဓလေ့ကျေးလက်ရွာများတွင်တော့ ပ၀ါကမ်း၊ လက်ဖက်ကမ်းပြီး အိမ်တိုင် ရာရောက် ပါးစပ်ဖြင့်ဖိတ်ကြားသမှုများရှိခဲ့ကြပါသည်။  လူပျိုည၊ မင်္ဂလာဦးညဆိုသည်မှာလည်း မင်္ဂလာဦး သတို့သား၊ သတို့သမီးများအပြင် ရွာမှ ကာလသားများ၊ ကာလသမီးတို့၏ ပျော်ရွှင်ဖွယ်ရာနေ့တစ်နေ့လည်း ဖြစ်ပါပေသည်။  အားလုံးစနောက်၊ ပျော်ရွှင်ကြရခြင်းဖြစ်သည်။
 ကျွန်တော်တို့ဇာတိဘက်ရွာတစ်ရွာတွင် ထူးခြားသော ဓလေ့တစ်ခုရှိသည်။  မင်္ဂလာဆောင်မည့် နေ့တွင် သတို့သားအိမ်မှ သတို့သမီးအိမ်သို့ လျှောက်လှမ်းရခြင်းပါ။  ထိုသို့လျှောက်လှမ်းရာတွင် သတို့သားနှင့် သတို့သားမိဘများအပြင် ယောကျာ်းလေးဘက်မှ ဆွေမျိုးသင်္ဂဟများမှ မင်္ဂလာဧည့်ခံပွဲပြုလုပ်ရာ သတို့သမီး အိမ်သို့သွားရာတွင် ရွာထဲလှည့်ပတ်ပြီးမှ ၀င်ရခြင်းဖြစ်သည်။  မည်သည့်ရည်ရွယ်ချက်ဖြင့် ပြုလုပ်သည်ကို မသိ ရှိရသော်လည်း သတို့သားအဖို့ လူအိုဖြစ်ကြောင်းကြေညာပြီးသား ဖြစ်သွားရသည်။ 
 ကျွန်တော်လူအိုဖြစ်ပါပြီလို့ တစ်ရွာလုံးလိုက်လံပြသသည့် သဘောဖြစ်မည်။  သို့အတွက်ကြောင့် နောက်နောင်အိမ်ထောင်ရေးတွင် သတို့သားကို ထိန်းသိမ်းပြီးသားဖြစ်သွားတော့သည်။
(၅)
 မင်္ဂလာပွဲတွေသွားရသည့်အခါ များသောအားဖြင့် ငွေကြေးကိုသာလက်ဖွဲ့ဖြစ်ပါသည်။  (နှစ်ဖက်မိဘ ငွေကြေးပြည့်စုံသည့် မင်္ဂလာပွဲများတော့ မပါဝင်ပါ)။  ငွေကြေးလက်ဖွဲ့ရခြင်းက ကိုယ်တွေ့ကြောင့်ဟုဆိုရမည် ပင်။  ကျွန်တော်မင်္ဂလာဆောင်ဖို့အတွက် ကျွန်တော့်တွင် ငွေကြေးက မပြည့်စုံလှ။  အကြောင်းကြောင့် မင်္ဂလာ ဆောင်ဖို့က ဖန်လာပါသည်။  ကျွန်တော်၏ မိဘနှင့် ဆွေမျိုးများကလည်း တစ်နယ်စီသာဖြစ်သဖြင့် ကျွန်တော် ပင်လူကြီး၊ ကျွန်တော်ပင် သတို့သားလုပ်ပြီး တောင်းရမ်းခြင်း၊ မင်္ဂလာရက်သတ်မှတ်ခြင်းတို့ကို ပြုလုပ်ခဲ့ရသည်။
 မင်္ဂလာဆောင်ဖို့အတွက် သတို့သားက ကုန်ရမည်။  ကျွန်တော့်ထံတွင် လုံလောက်သောငွေ မရှိသဖြင့် သူငယ်ချင်းထံက ချေးငှားရသည်။  ဤသို့ဖြင့် မင်္ဂလာဧည့်ခံပွဲ တစ်ခုဖြစ်မြောက်ခဲ့သည်။ မင်္ဂလာဧည့်ခံပွဲနေ့တွင် ပျော်ရွှင်ခြင်းက တစ်ပိုင်း၊ ကိုယ်ချေးငှားထားသည့် ငွေကြေးကိုပြန်ဆပ်နိုင်မည့် မင်္ဂလာလက်ဖွဲ့ကြေး ပြန်လည် ရရှိနိုင်ပါမလားဟု မျှော်လင့်ရသည်ကတစ်ပိုင်းဖြင့် ဧည့်ခံပွဲတွင် ပြုံးနေရသည့် ကျွန်တော့်အပြုံးက ပြည့်စုံ လှသည်ဟု ကျွန်တော်မထင်ပါ။
 မင်္ဂလာဧည့်ခံပွဲမပြီးခင် လက်ဖွဲ့ငွေကြေးကြည့်ပြီးမှသာ စိတ်အေးချမ်းသာစွာပြုံးနိုင်တော့သည့်။ လက်ဖွဲ့ကြေးက အကြွေးဆပ်နိုင်ယုံအပြင် မြတ်သေးသည်ဟု ဆိုရမည်ပင်။  မင်္ဂလာဆောင်ဆိုသည်မှ တူနှစ် ကိုယ်ချစ်ရည်တူလျက် အိမ်ထောင်မှုတစ်ခုကို တည်ထောင်နိုင်ရန်အစပျိုးခြင်းဖြစ်သည်။  မင်္ဂလာဆောင်စီးပွား ရေးလုပ်နေကြခြင်းမဟုတ်ပါ။  သို့သော်လည်းပဲ ကျွန်တော်ကိုယ်တိုင်ပင်လျှင် ငွေကြေးအမြတ်ရရန်တွက် မျှော် လင့်ခဲ့ရပါသည်။
 ငွေကြေးပြည့်စုံမှ အိမ်ထောင်ပြုသင့်သည်ကား အမှန်ပင်။ သို့သော်လည်းပဲ လူဘ၀အကြောင်းကြောင်း တို့သည့် ကံသေကံမပြော၍ရလှသည် မဟုတ်ပါ။ ပြောင်းလဲနေသည်သာဖြစ်သည်။  သို့အတွက် ငွေကြေးလို အပ်နေချိန်တွင် မင်္ဂလာဆောင်ရတော့မည်ဆိုလျှင် ထိုသတို့သား သတို့သမီးတို့အဖို့ ကျွန်တော်လို မျှော်လင့် နေနိုင်ပါသည်။  မပြည့်ဝနိုင်သော အပြုံးတွေပြုံးနေနိုင်ပါသည်။  
 သို့အတွက် များသောအားဖြင့် သာမန်ဘ၀တွေအတွက် ငွေကြေးကိုသာ လက်ဖွဲ့ဖြစ်ရခြင်းဖြစ်ပါသည်။
(၆)
 " တူနှစ်ဖြာ..ရွှေဂဟေဆက်ဖို့ ..သွေမပျက်တဲ့မေတ္တာ..ရေစက်ရဲ့ရှေးအလာ ..မနှေးအခါခါ..ချင့်တွေး.. ဖြစ်ရေးအခု..သမုဒယနွယ်လာ..ခုဘ၀၀ယ်ဘယ်မမုန်းတော့လေး…လေး…လေး.."
 " ရှေးရေစက် အကြောင်းဖက်ဖန်လာ..ရွှေပဒေသာ..ငွေပဒသာ.. "
 မင်္ဂလာသီချင်းသံ နားဆင်ရင်း အတွေးတို့ လွှင့်မျှောကို စုစည်းလိုက်ရသည်။  ဒီအချိန်ဆိုလျှင် သတို့ သမီးက သတို့သား၏ ဘယ်ဘက်လက်ကိုတွဲလို့ ပျော်နွှဲနေလောက်ပြီ။  
 အိမ်မှ နားဆင်နေခြင်းဖြစ်သဖြင့် သတို့သား၊ သတို့သမီးတို့ အပြုံးတို့ကို ကျွန်တော်မမြင်မတွေ့ရပါ။ ကျွန်တော်လို မပြည့်သောအပြုံးများဖြစ်နေမလား၊ ပြည့်ပြည့်၀၀ပြုံးနေနိုင်ကြမည်လား၊ ဒီလိုမှမဟုတ်ပဲ မင်္ဂလာ လက်ဖွဲ့ကြေးကို မျှော်နေရသည့်စိတ်၊ ပါဆယ်ထုတ်လေးတွေ ကိုင်လာတာကို မြင်ရလျှင် ဟင်ခနဲဖြစ်ရသည့် စိတ်၊ မင်္ဂလာဧည့်ခံပွဲတွင် ကျွေးမွေးမှုလောက်ငှပါမည်လားဆိုသည့်စိတ်၊ ဖိတ်ထားသည့် မိတ်ဆွေသူငယ်ချင်း တွေစုံစုံညီညီလာရောက်ပါမည်လား ဆိုသည့်စိတ် စသည့်စသည့် ရောသမစိတ်တွေဖြင့် အပြုံးတွေက ချိုချဉ်ငံ စပ်အပြုံးတွေ ဖြစ်နေမည်လား။
 သြော် ရှေးရေစက် အကြောင်းဖက်လို့ ပေါင်းဖက်ကြမည့် သတို့သား သတို့သမီးတွေ စိတ်ပါလက်ပါ ပြုံးနိုင်ကြပါစေ၊ ပြည့်ပြည့်၀၀ပြုံးနိုင်သော အပြုံးတွေကို ပန်ဆင်နိုင်ပါစေလို့သာ။

*****************
မောင်ပိုင်
၈-၁၂-၂၀၁၃

ရွာထဲမှ သီချင်းဖွင့်သံကို ကြားနေရသည်။ မင်္ဂလာဆောင်က ဖွင့်နေခြင်းဖြစ်သည်။ ဒီအချိန်၊ ဒီကာလ တွေမှာဖြင့် မင်္ဂလာတစ်ဆောင်ပြီးတစ်ဆောင် ကြုံတွေ့ရပါသည်။
ကိုယ်ရဲ့ မိတ်ဆွေအပေါင်းအသင်းများ၏ မင်္ဂလာပွဲ၊ ကိုယ့်ဆရာသမားများ၏ သားသမီးများမင်္ဂလာဆောင်များကို ကိုယ်တိုင်သွားခဲ့သည်များ ရှိသလို အဝေးရောက် မင်္ဂလာဆောင်များကိုလည်း လက်ဖွဲ့များပေးပို့ဖြစ်သည်။

— with Seaman Nayminthu and 19 others.
2

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...