Saturday, December 28, 2013

ဘီလူးသီတဲ့ ပန်း (၂)

December 28, 2013 at 9:48am
၁။
မနေ့ညက ငါ့မျက်မှန်လေး ကျကွဲသွားတယ်
ငါဘာမှ မမြင်ရတော့ဘူးပေါ့
ဒါပေမယ့် ငါ ပေါ့ပါးသွားတယ်
ပေါ့ပါးသွားခဲ့ပါတယ်။


၂။
ဆောင်းတွင်းအိုနဲ့ နွေအပျိုမလေးဆိုတာ
ရာသီသမိုင်းမှာ အကြိမ်ကြိမ် အလွမ်းဇာတ်ခင်းကြတာပဲ မဟုတ်လား
ခု၊ ငါ့မှာ သံသယတစ်စင်း ခပ်ပါးပါးကို
နင့်အတွက် မျက်ကွယ်ပြုလိုက်ရပါပြီ
ကောင်းကင်သက်တံ့ဆိုတာဟာလည်း
မျှော်လင့်သလောက် မကွေးညွှတ်ကြတော့ပါဘူး
ငါ့ကိုယ်ငါ ပြန်မြင်နေရတဲ့
အရှေ့အရပ်ဆီက မှန်သားတစ်ချပ်ကို ခွဲပစ်ဖို့
ဇူးနတ်ဘုရားတွေထံက ဓါးတစ်လက်တောင်းခံချင်တယ်။

၃။
ထစ်ခနဲဆို ဆေးလိပ်ထဖွာတတ်တဲ့ အဖိုးအိုက
သူ့ပါးမှာ တွန့်နေတဲ့ ဇရာကို မေ့နေသလိုမျိုး
နင့်ကို
ငါ
ခဏဖြစ်ဖြစ်
မေ့ပစ်ချင်လိုက်တာ။

၎။
လူဆိုတာ ဧည့်သည်တွေပဲတဲ့
မဟုတ်ပါဘူး ငါ့အတွက်တော့
နင့်ဆီမှာ လိုအပ်နေတဲ့
တစ်ဝက်သော ရင်ခုန်သံကို ဖလှယ်ဖို့
ဟိုးအဝေးကြီးက ငါရောက်လာခဲ့တာ
ငါကလည်း ငါပါ
နှင်းခါးရိုက်မနက်ခင်းတွေထဲမှာ
သံယောဇဉ်တစ်မြိုက်လောက်နဲ့ မနွေးထွေးနိုင်ခဲ့ဘူး
ဖြစ်ချင်တော့
မြစ်ကမ်းစပ်ဘေးက သဲသောင်ပြင်ကြီးနဲ့ ငါတိုးတယ်
မြောက်ပြန်လေတွေ တိုက်တုန်း
သူက တဟားဟားနဲ့ ငါ့ကို ရယ်မောတယ်
အမှန်ပါပဲ
ဟောဒီလောကကြီးပေါ်
ငါဟာ လူကြုံပါးဖို့သက်သက် ရောက်လာခဲ့တဲ့ကောင်
မျက်ရည်နဲ့ ဖွင့်ရတဲ့ သေတ္တာထဲမှာ
ဘယ်သူမှ မပန်ဖူးသေးတဲ့ နှင်းဆီဝါတစ်ပွင့်
နင်ပန်မယ်ဆိုမှ ပွင့်မလို့တဲ့လေ။

၅။
ချစ်ခြင်းမေတ္တာဆိုတာ
ကောင်းကင်ကြီးမှောင်မည်းသွားမှ ကြယ်တွေ မြင်ရသလိုပါပဲ
ဒဏ်ရာတွေချည်း တစ်တောလုံးပွင့်ပြတာတောင်
အမှောင်ကို ခုထိ ငါမမြင်ရသေးဘူး
ကိုယ်ကပေးသော်လည်း ပင်လယ်ကြီးက ငါ့ကို အော်တယ်
လှိုင်းတွေ တ၀ုန်းဝုန်း ငါ့နေ့စွဲတွေမှာ
ဘယ်စက္ကန့်တံမှ မလည်ပတ်ကြတော့ဘူးတဲ့။

၆။
နေကြာတွေ ခေါင်းငိုက်စိုက်ထိုးကျနေပြီ
လရောင်ဟာ ငါ့ကိုယ်ငါ ပြန်မြင်ရုံလေး ပါးလျလို့
မြင်းတစ်ကောင်ရဲ့ နှာမှုတ်သံလိုလို
သစ်ရွက်တွေ ရှဲခနဲ အော်လိုက်ကြတယ်
အဲဒီ တောလမ်းလေးမှာ နင်မရှိတော့ဘူး
ဒါပေမယ့် ငါရှိနေခဲ့တယ်
ဒါမှ မဟုတ် ငါမရှိတော့ဘူး
ဒါပေမယ့် နင်ရှိနေခဲ့တယ်
အရာရာ ဖြစ်နိုင်ချေတွေထဲက
အလွမ်းဟာ ဖြီးသပ်ထားတဲ့ ဆံနွယ်တွေကို
တိုးတိုး… ဖွဖွနဲ့ ရယ်မောနေတယ်။

၇။
ငါပျော်ပါတယ်ကွယ်
ငါပျော်မှ နင့်ကို မေ့နိုင်မယ်ဆို
သို့မဟုတ်
နင့်ကို မေ့မှ ငါပျော်နိုင်မယ်ဆို
အရာရာ မတောင်းဆိုတော့ဘဲ ငါပျော်ပစ်ခဲ့မှာ။

၈။
ပျော်ရွှင်စရာတွေ ထမ်းလာတဲ့ လူတစ်ဦးနဲ့တော့
နေသာတဲ့ တစ်ရက်မှာ ငါတွေ့မိပါရဲ့
ရာသီဥတုအပြောင်းအလဲလေးတစ်ခုမှာ
နင့်နှုတ်ခမ်းလေးများ ကွေးသွားမလားလို့
သူ့ကို မျက်နှာချင်းဆိုင် ငါက မေးတော့
“လေနှင်ရာ အရပ်မှာ ရှိတယ်
လေနှင်ရာ အရပ်မှာ ရှိတယ်” တဲ့
ချစ်ဖူးသူရယ်
မချစ်တော့တဲ့ နှလုံးသားမှာတောင် အလွမ်းတွေ ဗလပွနဲ့
ရဲပတောင်းခတ်နေတဲ့ မုသာဝါဒဟာ
ဘယ်တော့မဆို ပြာယာခတ်နေတော့တာပဲ။

၉။
အိပ်မက်တစ်ခုထဲမှာ
နတ်သမီး ၀တ်စုံနဲ့ နင်က
အဖြူရောင်ခပ်မှိန်မှိန် စာရွက်ကို ကိုင်လို့
ငါ့ကို ကျိမ်စာတိုက်ခဲ့တယ်
အဲအချိန်ကတည်းက ငါစာမေးပွဲတွေ တစ်သီကြီး ကျတော့တာပါပဲ
ခုချိန်ထိ ၀လုံးတွေ မပွင့်ကြသေးပါဘူး။

၁၀။
ချစ်သူဆိုတာ
ပန်းပွင့် နုနုလေးတွေလို
တယုတယ စိုက်ပျိုးတိုင်းလည်း မပွင့်လာတဲ့ပန်းဆိုတာ
ခုမှ ငါ
ရေလောင်းနေရင်း သိသွားတာ။

၁၁။
ငါ့မှာ ဂစ်တာတစ်လက်ရှိတယ်ဆိုပါစို့
မပြီးသေး မပြည့်စုံသေးတဲ့ သီချင်းတစ်ပုဒ်ဟာ
ဂျက်ဖရော့ဆိုတဲ့ ကလေးငယ်ထဲက တုတ်တစ်ချောင်းလို
အိပ်မက်နတ်ဘုရားထံ
အ၀ါရောင် အလင်းတန်းတစ်ခုပေးဖို့
ပြန်ပြောပြတိုင်း ကလေးတွေပဲ စိတ်ဝင်စားကြတော့မှာပါ။
မျက်ရည်မြစ်ထဲမှာမှ
စိတ်ပါလက်ပါ လှော်ခတ်ချင်တဲ့ကောင်ပဲ
လှော်လိုက်ဦး ခတ်လိုက်ဦးပေါ့
ဟုတ်တယ်မလား
နင်မသိတဲ့ ဘာသာရပ်တွေနဲ့ ရယ်မောရင်းလေ။

၁၂။
စွန်လွှတ်တုန်းက
ငါ့မှာ ကြိုးရှိရဲ့သားနဲ့
မိုးကောင်းကင်ကို မော့မကြည့်ရဲခဲ့လို့
မြေကြီးထဲမြုပ်ခဲ့ရတဲ့ လေတံခွန်တစ်ခုရဲ့ အုတ်ဂူမှာ
ဘီလူးသီတဲ့ ပန်းလို့ သေးသေးလေး ရေးမိခဲ့ပါတယ်။

၁၃။
ချစ်ဖူးသူရယ်
နှင်တံတစ်ချောင်းရိုက်လို့သာ ပြေးရပါတယ်
ငါ့မှာအရပ်မျက်နှာ မရှိခဲ့ပါဘူး။
ပန်းရိုင်းတို့ ရာဇ၀င်မှာ
လေးကိုင်းက လွှတ်လိုက်တဲ့ နှင်းဆီတစ်ပွင့်လို
ပစ်မှတ်ကို ထိဖို့ နေနေသာသာ
ကိုယ်ကိုယ်တိုင်က တစစီ ဆုတ်ပြဲလို့။

၁၄။
နင်အဆင်ပြေနေတယ်လို့ ငါကြားချင်တယ်
ဒါမှမဟုတ် နင်ငါ့ကို မေ့သွားပြီလို့ ငါကြားချင်တယ်
အဲဒီ့ ညီမျှခြင်းတွေက ငါ့ပုဒ်စာမှာ အခက်ဆုံးပါပဲ
ရှုပ်ထွေးလှတဲ့ သီအိုရီတွေကို ကိုင်စွဲပြီး
နှင်းတောထဲက ငါဖြတ်ကျော်သွားမယ်လို့
တစ်ယောက်တည်းကြိမ်းဝါးနေပေမယ့်
တစ်လောကလုံးက အငွေ့မပါဘဲ လောင်မြိုက်နေကြတာချည်း
ငါ့မှာသာ ကြယ်သီးတွေ ပြုတ်နေတဲ့ အင်္ကျီနဲ့
ဒဏ်ရာတွေကို ဖုံးဖိနေရတုန်း။
လူတွေကလည်းကွယ်
ချော်လဲရောထိုင်ရတာများလွန်းလို့
မတ်တပ်မရပ်မိတော့တဲ့ကောင်ကို
ဆပ်ကပ်ကြည့်သလို ကြည့်ကြတယ်
သူတို့ လက်ခုပ်သံတွေက
နင့်အမည် နာမတွေချည်း။

၁၅။
နွေရာသီကြီးကတော့ ခဏတိုင်းမေးပါတယ်
အနွေးထည်ယူမလား သူလာရမလားတဲ့
တစ်ခါက သူ့ကိုယ်သူ မလုံလို့
ပင်လယ်ကို ခေါင်းမူးခြုံပြီး
ရူးချင်ယောင်ဆောင်ခဲ့တဲ့ ဘီလူးကြီးတစ်ကောင်ကို
မေ့လျော့သွားပြီ ထင်ပါရဲ့။


ရင်နင့်အောင်

ဘီလူးသီတဲ့ ပန်း (၁) ၁၉-၈-၂၀၀၆

ဘီလူးသီတဲ့ ပန်း (၂) ၂၆-၁၂-၂၀၁၃

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...