Thursday, December 26, 2013

မမုန်းခင် ချစ်ခြင်းတွေနဲ့ လမ်းခွဲခွင့်ပြုပါ မောင်



ကြေးမှုံပြင်တစ်ချပ်ပေါ်က ပုံရိပ်တစ်ခုကို မမှိတ်မသုံ စိုက်ကြည့်နေမိသည် ။ မှန်ထဲတွင် မြင်နေရသူ နှင့် အပြင်ကကြည့်နေသူတို့သည် တစ်ယောက်ထဲဆိုတာ ဟုတ်ပါရဲ့လား ။မြင်နေရတဲ့ ပုံရိပ်လွာကို ကျေနပ်ကြည်နူးခြင်းတွေနဲ့ အတူ လွမ်းမောခြင်းတွေကပါ ကပ်ငြိပါလာခဲ့လေသည်  ။
လွမ်းမောခြင်းကို သက်သေတည်စေမည့် အလွမ်းမျက်ရည်တွေ ပြည့်နှက်နေတဲ့ မျက်ဝန်းတစ်စုံကို မှိတ်ချလိုက်သည့် အချိန်မှာ ဘာကြောင့်မှန်းမသိတဲ့ မျက်ရည်စက်တွေ ကျွန်မပါးပြင်ပေါ်ကို အတားစီးမဲ့စွာ ပြိုဆင်းလာပါတော့သည်။ လွန်ခဲ့သော ခြောက်လခန့်က သိပ်ကိုစိတ်ပျက်ဖို့ကောင်းတဲ့ ၀၀ဖိုင်ဖိုင် ခန္ဓာကိုယ် တစ်ခုကို မလိုချင်ဘဲ ပိုင်ဆိုင်ခဲ့ရဘူးပါသည် ။ လူတကာ ပါးစပ်ဖျားက ထွက်ကျလာတဲ့ * ၀လိုက်တာနော် * ဆိုတဲ့စကားသံတွေကို မကြားချင်ဘဲ မကြာခဏ ကြားခဲ့ရသည်  ။ လှလှပပ အ၀တ်စားလေးတွေကို တွေ့တိုင်း ကိုင်ကြည့်ယုံနဲ့ ကျေနပ်နေခဲ့ရဘူးသည် ။

သိပ်ချစ်ပါတယ်လို့ ပြောခဲ့သူ ခင်ပွန်းသည်ရဲ့ပွဲမထုတ်ချင်သလို ဆက်ဆံရေးတွေကို အချိန်အတော်ကြာ ရင်ဆိုင်ခဲ့ရလေသည် ။ သိပ်ချစ်လို့ လက်ထပ်ခဲ့ကြသူတွေ ဖြစ်ပါရဲ့နဲ့ လင်တော်မောင်ရဲ့ ဆိုက်ကယ် နောက်တော်ပါးဆီမှာ လိုက်ခွင့်မရခဲ့သည်မှာလည်း ကြာခဲ့ပါပြီ  ။ အိမ်ထောင်ကြပြီး သုံးလခန့်အကြာကတည်းက မထင်မှတ်လောက်အောင် ၀လာလိုက်တာ ပေါင်100 ကနေ ထိုးတက်လို့ 195ပေါင်တိတိ ဖြစ်လာတဲ့ မိမိပုံစံ ကို မှန်ထဲတောင် မမြင်ချင်မိလောက်အောင် စိတ်ပျက်ခဲ့ရသည်  ။ လှချင်တဲ့ စိတ်ရှိပေမယ့် ဆန္ဒပြင်းပြစွာ ပိန်ချင်တာမျိုးတော့ မရှိခဲ့မိပြန်ဘူး ။လင်တော်မောင် အပြင်သွားလို့ မခေါ်တိုင်းလည်း သူပေးတတ်တဲ့ အကြောင်းပြချက်တွေကို ယုံယုံကြည်ကြည် လက်ခံနေခဲ့မိသည်  ။ ဒီလို မိန်းတစ်ယောက် ပုံစံ နဲ့နေလာလိုက်တာ ပတ်ဝန်းကျင်အလည်မှာ ပုံဆိုးပန်းဆိုး ၀တုတ်မကြီးဘ၀ကို ရောက်မှန်းမသိကို ရောက်လို့လာခဲ့ရတာပေါ့ ။

 မိန်းမတစ်ယောက်ရဲ့ အိမ်တွင်းမှု့နိုင်နင်းခြင်း ၊ သန့်ရှင်းသပ်ရပ် စမတ်ကျခြင်း ဆိုတဲ့အချက်တွေဟာ
အိမ်ထောင်တစ်ခုအတွက် အရေးပါတယ်ဆိုတာကိုလည်း မေ့လျော့နေခဲ့မိပြန်သည် ။ ဒီအချက်လက်တွေဟာ

ယောကျာင်္းတစ်ယောက်ကို ကောင်းကောင်းကြိုးကိုင်နိုင်ဆိုတဲ့ အချက်တွေကိုလည်း သတိမမူခဲ့ပါဘူး ။
စားချင်တာတွေ စားလိုက် အိပ်လိုက် နေလာလိုက်တာ မောင် နဲ့ ကျွန်မ ဝေးမှန်းမသိဝေးကွာ လာတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်မှာတော့ သိပ်ကိုနောက်ကျနေခဲ့ပါပြီ။ မိုးလင်းကနေ မိုးချုပ်တိုင် အိမ်မှာအနေများသူကျွန်မ နဲ့ အပြင်ကို မကြာခဏထွက်ရတဲ့ မောင်။ မောင် နောက်ကို တခါတရံမှာ ကျွန်မလိုက်ချင်ပေမယ့် အကြောင်းပြချက်ပေါင်းများစွာနဲ့ ဖယ်ရှောင်တတ်သူကို အပြစ်ရယ်လို့လည်း မတွေးခဲ့မိပါဘူး ။ တစ်နေ့မှာတော့ မေမေတို့နဲ့ တူတူ ကျွန်မတို့
လင်မယားနှစ်ယောက်လုံး ရန်ကုန်ကို လိုက်လာခဲ့ကြသည် ။ ရန်ကုန်ရောက်တော့ နေ၀င်ဆည်းတာချိန် ဖြစ်နေပါပြီ ။ ကျွန်မတို့ နေတာက တရုတ်တန်းနားမှာမို့  ညဘက်ဆို အရမ်းစည်ပါသည်  ။ ရေချိုး အ၀တ်စားလဲပြီးချိန်လောက်မှာ


*မိန်းမရေ မောင် အောက်ဆင်းပြီး ၀က်သားတုတ်ထိုး ဆင်းစားအုံးမယ်*


*ကျွန်မလဲ လိုက်ချင်တယ် မောင်*

*အာနေခဲ့ပါကွာ ။ ပြီးမှ ကိုယ်ဘာကို ဆင်းစားပါကွာ ။ သွားပြီ *

ပြောလဲပြော သွားလဲသွားပါပဲ။ ထုံးစံအတိုင်း အစဉ်လာမပျက် ကျွန်မကတော့ ကျန်နေမြဲပေါ့ ။ မောင် ထွက်သွားတဲ့နောက်ကျောကို ငေးမောရင် သက်ပြင်းတွေကိုတာ အခါခါ ချမိလိုက်ပါတော့သည်။

*အောင်မလေးနော် ..မပြောချင်လို့ ကြည့်နေတာ ကြာပြီ။ လူးပါးဝလွန်းတယ်။ ငါသမီးကိုများ မစားကောင်းတဲ့ အသီးလိုဘဲ ။ မိတွေ ငုတ်တုတ်ရှိနေတာတောင် ဆက်ဆံပုံက အချိုးမပြေဘူး *

ရုတ်တရက်နောက်မှ ပေါ်လာသော မေမေ အသံကိုကြားလိုက်ရလေသည် ။

 မေမေကို လှည့်ကြည့်ရင်း နှစ်သိမ့်အပြုံးတစ်ပွင့်ကိုသာ ချွေချလိုက်မိပါသည်။

* ပြုံးနေနိုင်သေးတယ် ငါ့သမီးလေးရယ်  ။ သမီးလေး အိမ်ထောင်ကျထဲက အရင်ပုံစံလေးကို ပြန်တောင် အစကောက် လို့မရတော့ပါလားကွယ် ။ သမီးယောကျာင်္း ကိုလည်း မျက်စိထဲ တော်တော်လေးကို ထောက်မတွေ့တော့ဘူး ။ မိဘတွေရှေ့တောင် ဒီလိုဆက်ဆံနေတာ မေမေရင်ထဲ မချိဘူး ။ သမီး ပိန်အောင်လုပ်စမ်းအေ ။ လှချင်တဲ့ စိတ်နည်းနည်းလေးတောင် မရှိဘူးလား *

*သြော် ! လှချင်တာပေါ့ မေမေရယ် ။ ဘယ်သူက ခိုလို ပုံးဆိုးပန်းဆိုးဖြစ်ချင်မှာလည်း*

*ခက်ပါတယ်အေ ။ ယောကျာင်္းဆိုတဲ့အမျိုးကလည်း လူတိုင်းနီးပါး အလှမက်ကြတယ် ။ မလှရင်တောင် သေသေသပ်သပ်လေး ရှိစေချင်ကြတာ သမီး ။ ငါတော့ ညဉ်းတို့ လင်မယားကို ကြည့်ပြီး ရင်မောပါတယ်အေ *


မေမေက ပြောပြောဆိုဆို အခန်းထဲကို ထထွက်သွားလေတော့သည်။ မေမေတို့လည်း ကျွန်မအတွက် တော်တော်လေး စိတ်ဆင်းရဲနေကြရပါသည် ။ ကျွန်မ ပိန်ဖို့ အတွက်ဆိုလည်း ကုန်လိုက်တဲ့ ပိုက်ဆံတွေ မနည်းတော့ပါဘူး ။ ဘယ်လိုဘဲ လုပ်လုပ် ကျွန်မကတော့ ၀မြဲဝနေတော့တာပါပဲ ။

******************************

ဝနေတဲ့ ခန္ဓာကိုယ် အတွက်နောင်တရ ရကောင်းမှန်းလဲ မသိခဲ့ဘူး။ ဒီလိုနဲ့ အေးစက်စက် ဖြစ်မှန်းမသိ ဖြစ်လာတဲ့ ကျွန်မတို့ အိမ်ထောင်ရေးကို အက်ကြောင်းထင်စေခဲ့တဲ့ နေ့လေးတစ်နေ့ကို ရောက်ရှိလာခဲ့ပါသည် ။ ညကအေးစက်သော လေပြေလေညင်းလေးတွေကို သယ်ဆောင်လာကြပေမယ့် ကျွန်မရင်ထဲထိရောက်အောင် အေးမြခြင်းတွေက မပေးစွမ်းနိုင်ပါဘူး ။ ခုချိန်ထိ မောင်ပြန်မလာသေးဘူး ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတစ်ခု မဖြစ်မနေ ထားသင့်တယ် မဟုတ်ဘူးလားမောင်ရယ် ။ တစ်ယောက်ထဲနေရတဲ့ အချိန်တွေ များလာတော့ ကျွန်မရင်ထဲ တိတ်တစ်ဆိတ်မျှော်လင့်နေခဲ့မိတဲ့ မောင်ရဲ့ ဂရုစိုက်ခြင်းတွေကို တောင်းတမိတဲ့ ဆန္ဒလေးက အားကြီးလာခဲ့တယ်မောင် ။ ကျွန်မမောင်ကို အမြဲနားလည်ပေးခဲ့သည်  ။ မောင် ထားတဲ့ မောင်နဲ့ ဝေးမှန်းမသိ ဝေးနေတဲ့ နေရာလေးတစ်ခုမှာ ကျွန်မနေပေးခဲ့ပါသည် ။ ဒါတွေကို အသိမှတ်ပြုဖို့တောင် မောင်ကသတိမရခဲ့သူ ။ ဒီည မောင်ပြန်လာရင်တော့ ကျွန်မတို့ ဆွေးနွေးမှ ဖြစ်တော့မည် ။ အတွေးတွေနဲ့ လွမ်းမောနေတဲ့ ကျွန်မအာရုံတွေကို မောင်ဆိုက်ကယ်သံက ထိုးဖောက်ဝင်ရောက်ချိန်မှာ ကျင့်သားရနေတဲ့ ခြေထောက်တွေက မောင်ကိုကြိုဆိုဖို့ စတင်လှုပ်ရှားနေပါပြီ။ မောင်က ကျွန်မကိုတွေ့တာ နဲ့ တာဝန်ကျေ အသက်မပါတဲ့ အပြုံးတစ်ခုကို တန်ဆာဆင်ပြုံးပြဧ။် ။ အခန်းထဲရောက်တာနဲ့ ရေချိုး အ၀တ်စားလဲ ကာ အိပ်ယာပေါ်လဲချလိုက်တဲ့ မောင်ကို ကျွန်မ ပြန်ထိုင်စေရန် ထူလိုက်ပါသည်  ။


*ဘာလုပ်တာလဲ ……..အိပ်တော့မယ်လေကွာ*


*ကျွန်မ မောင်နဲ့ စကားပြောစရာတွေ ရှိနေတယ်မောင်*

*စကားပြောချင်တာဘဲကွာ ဒီတိုင်းပြောလဲ ရနေတာကို*

*မောင်ရယ် ရှင် ကျွန်မကို အချိန်မပေးတာ တော်တော်ကို ကြာခဲ့ပါပြီ။ ခုပြောမှာတွေကိုတော့ အချိန်ပေး နားထောင်စေချင်လို့ပါ *

*ကဲ ဘာတွေပြောချင်နေလဲ ။ ပြောပြော*

* မောင် ကျွန်မကို ဥပက္ခပြုတာတွေ အရမ်းများလာပြီ ။ ကျွန်မသည်းခံခဲ့ပါတယ် ။ ခုတော့ ကျွန်မ သူငယ်ချင်းတွေ ၊ မိဘအသိုင်းဝိုင်း ၊ ပတ်ဝန်းကျင်တစ်ခုလုံးကပါ ပြောကုန်ကြပြီမောင် *


*ဟာကွာ ! လူတွေ အားအားယားယား အတင်းပြောနေတာတွေကို မင်းမို့ ခေါင်းထဲလိုက်ထည့်နေတယ် ။ခက်လိုက်တာ*


*သူတို့ပြောတာ မလွန်ဘူးမောင် ။ ကျွန်မက မောင်ကို ချစ်တဲ့စိတ်တစ်ခုနဲ့ မောင် ပေးတဲ့ဆင်ခြင်တွေကို မျက်စိမှိတ်ယုံနေခဲ့ပေးတာပါ ။ ဒါပေမယ့် မောင်ရယ် ခုတော့ မောင် နဲ့ ကျွန်မက ဝေးမှန်းမသိ ဝေးနေရပြီမောင် ။ တအိမ်ထဲနေပြီး အဝေးကြီးဝေးနေတယ် ။ ကျွန်မ မောင်ကို သိပ်ချစ်တယ်ဆိုတာ မောင် အသိဆုံးပါ ။ ကျွန်မနားမှာ မောင်ထက်သာတာတွေ တပုံကြီးကို ထားပြီး မေမေ တို့ လုံးဝသဘောမတူတဲ့ မောင်ကိုမှ ကျွန်မက မြတ်မြတ်နိုးနိုး ရွေးချယ်ခဲ့တာပါမောင် *


* ဟားဟ ! ဟုတ်ပါတယ်ကွာ ။ ငါထက် သာတာတွေကို ထားပြီး ငါကိုရွေးချယ်ခဲ့တယ်နော် ။ အေး ခုချိန်မှာ မင်းကို ရူးရူးမူးမူး ဖြစ်ခဲ့တဲ့အကောင်တွေကို ခေါ်ပြီး မင်းခုဖြစ်နေပုံကို ယူမလားမေးကြည့်လိုက်စမ်းပါအုံး ။ မင်းပုံ မင်းမှန်ထဲသေချာ ပြန်ကြည့်ပြီးမှ ခုနစကားကို ပြောဖို့ကောင်းတယ်ကွာ *


ကျွန်မပြန်ပြောဖို့ စကားတွေ လုံးဝ နှုတ်ဆိတ်သွားခဲ့ပါပြီ ။ ပြောထွက်တဲ့ မောင်နှုတ်ဖျားကစကားသံတွေ နဲ့အတူ ကျွန်မကို မောင်ကြည့်လိုက်တဲ့ အထင်သေး မှု့မျက်လုံးတွေ က ကျွန်မရင်ထဲမှာ အချိန်တော်တော်ကြာအောင် ပုန်းလျှိုးနေတဲ့ မာနတွေကို တူးဆွ ဖော်ထုတ်လိုက်ကြလေပြီ ။ မောင်အပေါ် အရူးမူး ချစ်ခဲ့တဲ့ ချစ်ခြင်းတွေ နဲ့ ကျွန်မ မာနတွေ အားပြိုင်ကြတဲ့ အချိန်မှာတော့ ကျွန်မ မာနတွေက မောင်ကို ချစ်မိတဲ့ အချစ်တွေကို အလဲထိုးလိုက်ပါသည် ။ မောင် ပြောချင်တာတွေကို စကားနိုင်လုပြောခဲ့စေသလား ၊ တမင်ကိုပြောချင်လို့ ပြောခဲ့ခြင်းမျိုးလားဆိုတာကတော့ ကာကယံရှင်ဖြစ်တဲ့  မောင်သာလျှင် အသိဆုံးဖြစ်ပါလိမ့်မည် ။ ပြောချင်တာတွေ ကျေနပ်အောင် ပြောပြီး မောင်က နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ပါပြီ။  ကျွန်မမှာတော့ တညလုံးအိပ်မပျော်နိုင်ခဲ့ပါဘူး ။ နှစ်တွေ အတန်ကြာအောင် မောင်ရဲ့ အရေးမစိုက်မှု့ ၊ မောင်ရဲ့ ဥပက္ခာပြူခြင်း ဆိုတဲ့ အချက်တွေက ကျွန်မရင်ထဲက ငုပ်လျှိုးနေတဲ့ မာနတွေကို တဖြေးဖြေး တူးဆွနေဟန်တူပါလေရဲ့ ။ ဒီနေ့ မောင်ပြောခဲ့တဲ့ စကားတွေက ကျွန်မရင်ထဲက မာနာတွေကို အပြီးတိုင် တူးဆွ ဖော်ထုတ်လိုက်ကြလေသည်  ။ အာရုံမိုးသောက်ချိန်ရောက်ချိန်မှာတော့  တိကျသေချာတဲ့ ဆုံးဖြတ်ချက်တစ်ခု ကျွန်မဆီမှာ ကို ပိုင်နိုင်စွာ ရှိနေခဲ့လေပြီ ။ ဆုံးဖြတ်ချက်နဲ့အတူ မောင်နဲ့ အဝေးဆုံးကို ကျွန်မ ထွက်ခွာလာခဲ့ပါတော့သည်။

*******************************************


အားလုံးကို ရှောင်နေခဲ့တာ ခုဆို ခြောက်လ တင်းတင်း ပြည့်ခဲ့လေပြီ ။ အိမ် ပြန်ဖို့ အချိန်လည်းတန်ခဲ့ပါပြီ။ ကျွန်မဖြစ်ချင်တာတွေကိုလည်း ဖြစ်အောင် ကြိုးစားနိုင်ခဲ့ပါသည် ။ မြို့လေးကို ပြန်ရောက်တာနဲ့ မေမေအိမ်ကိုဘဲ တန်းတန်းမတ်မတ် ပြန်လာခဲ့မိသည် ။
အိမ်ထဲကို ၀င်လိုက်တယ်ဆိုဘဲ


* အမ ဘယ်သူနဲ့တွေ့ချင်လို့လဲ *

ဆိုတဲ့ ညီမ၀မ်းကွဲလေး အသံကို ကြားလိုက်ရလေသည် ။ ကျေနပ်ခြင်းတွေ ရင်ထဲမှာ ပျော်ဝင်စီးမျောသွားပါတော့သည် ။ ကျွန်မကို ဘယ်သူမှ မမှတ်မိကြပါလား ။ ကျွန်မ မောင်ကို ထားရစ် ခဲ့တဲ့ ခြောက်လအတွင်းမှာ ပြင်းပြင်းထန်ထန် ၀ိတ်ချခဲ့သည်  ။ အရင်က 195 ပေါင်တိတိ ရှိတဲ့ ကျွန်မ ခန္ဒာကိုယ်က ခုဆိုရင် 135ပေါင်တာရှိပါလေတော့သည် ။ ကျွန်မ သိပ်ဝတ်ချင်ခဲ့တဲ့ အ၀တ်စားတွေ အားလုံးကိုလည်း ၀တ်ဆင်လို့ရခဲ့လေပြီ။

* ဟဲ့ ။ ဝေေ၀ မမလေ။ မမှိတ်ဘူးလား *

ဒီတော့မှ ပြူးကြောင်ကြောင် ကြည့်နေတဲ့ ညီမက မှတ်မိ သွားပါတော့သည် ။ မေမေဆို ၀မ်းသာလွန်းလို့ ငိုတဲ့အထိပါဘဲ ။ အားလုံးနဲ့တအံ့တသြ စကားတွေကို ကြားရပြီးချိန်မှာတော့  မေမေဆီဆီက တည်ငြိမ်လေးနက်တဲ့ စကားတွေစလာပါသည် ။

* သမီး ရှေ့ဆက်ဖို့ ဘယ်လို ဆုံးဖြတ်ထားလဲ ။ သမီးယောကျာင်္းကတော့ သမီးထွက်သွားတဲ့ အတွက်လည်း ခံစားရပုံ သိပ်မပေါ်ဘူး ။ တာဝန်ကျေတော့ မေမေတို့ကို လာမေးတယ် ။ မေမေတို့လည်း သမီး ဘယ်မှာရှိနေတယ်ဆိုတာ မသိတာကတစ်ချက် ၊ သမီးအတွက်လည်း အရမ်းစိတ်ပူနေတဲ့အချိန်ဆိုတော့ သူကို ကောင်းကောင်းကို စကားမပြောချင်ဘူး ။ သမီး ဖေဖေဆို သူမျက်နှာကို မကြည့်ချင်တာ ။ ဒါပေမယ့် သမီး တို့ချင်းတွေ့ကြည့်ပါအုံး ။ သူဘာတွေပြောလာမလဲ ဆိုတာ နားထောင်ကြည်ပါ ။ မေမေတို့ကတော့ ဘာမှ မစွတ်ဖက်လိုပါဘူး ။ သမီး စိတ်တိုင်းကျတာ ဆုံးဖြတ်ပါ ။ သမီးလျှောက်ရမယ့် လမ်းကို သမီး မှန်ကန်စွာ ရွေးချယ်နိုင်ပါစေ ။ ဘ၀ဆိုတာ ကို ရေတိုမကြည့်ပါနဲ့ သမီး ။ ရေရှည်ကြည့်ပါ ။ရှေ့ဆက်မယ်ဆိုရင်လည်း သူကိုသမီး လိုချင်တဲ့ ပုံစံဖြစ်အောင် ထိန်းကျောင်းနိုင်ရမယ် ။အိမ်ထောင်ရေးဆိုတာ တကယ်တော့ စစ်မြေပြင်တစ်ခုလိုပါပဲ သမီးရယ် ။ မိန်းမတွေဟာ စစ်ပွဲတွေရဲ့ အရေးကြီးပုဂိုလ် စစ်သူကြီးတွေနဲ့ အလားတူတယ်သမီး။ အောင်မြင်တဲ့ အိမ်ထောင်ရေး တစ်ခုကို ထူထောင်နိုင်ဖို့ဆိုတာ အိမ်ထောင်ရှင် မိန်းမတစ်ယောက်ဟာ ခရာကျတယ် ။ မေမေတို့ကတော့ ကွာပါရှင်းပါလို့ လည်းမတိုက်တွန်းချင်သလို ပြန်ပေါင်းလို့လည်း မတိုက်တွန်းချင်ဘူး ။ သမီး ဘ၀ကို သမီး မှန်ကန်စွာဘဲ ရွေးချယ်စေချင်တယ် ။ မိန်းမတစ်ယောက်မှာ တစ်ကြိမ်တစ်ခါတော့ အမှားပြင်ဆင်ခွင့်ရှိပါတယ် ။ တစ်ကြိမ်ထက်ပိုတဲ့ အမှားပြင်ဆင်ခွင့်တော့ မရှိဘူးနော် ။ တစ်ကြိမ်ထက် ပိုကာ အမှားတွေကို ခဏခဏ ပြင်ဆင်နေမယ် ဆိုရင်တော့ ဒီမိန်းကလေးမျိုးဟာ မိန်းမကောင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိမနေနိုင်တော့ဘူး ဆိုတာကိုတော့ သမီး ခေါင်းထဲ စွဲစွဲမြဲမြဲမှတ်ထားနော် ။ မေမေ ပြောချင်တာကတော့ ဒါပါပဲ ။ သမီးလည်း နားတော့နော် ။  * 


မေမေပြောပြသည့်အချက်တွေကို သမီးထည့်တွေးခဲပပြီးတာတွေပါ မေမေ ။ သူအတွက် ဆုံးဖြတ်ချက်လည်း သမီးရင်ထဲမှာ အဆင်သင့်ရှိနေပြီးသားမေမေလို့ စိတ်ထဲကနေပြောပြလိုက်မိပါသည် ။ နှုတ်ဖျားကတော့

* ဟုတ်ကဲ့ပါ မေမေ ။ သမီး ဆုံးဖြတ်ပြီးတားပါ ။ သူနဲ့ တွေ့ကြည့်လိုက်ပါ့မယ် *

သူနဲ့ဆုံဖို့ ဖုန်းဆက်လိုက်သည် ။ ကျွန်မ အသံကို ကြားလိုက်ရချိန် မောင် တော်တော် လေး
အံ့သြသွားခဲ့လေသည်  ။ ဖုန်းဆက်ပြီးမကြာသော အချိန်လေးမှာ ကျွန်မရှေ့ကို မောင် ရောက်လာခဲ့သည် ။ ဧည့်ခန်းထဲမှာ လည်တဆန့်ဆန့်နဲ့စောင့်နေသောမောင်ထိုင်နေရာနားကို ရောက်တယ်ဆိုရင်ဖြင့်

*သြော် မောင်ရောက်လာပြီကို *


အသံလာရာကို လှည့်ကြည့်လိုက်တဲ့ မောင်အကြည့်တွေ ကျွန်မဆီကို ရောက်ရှိလာလေသည် ။အမှတ်တမဲ့ ကြည့်လိုက်တဲ့ အကြည့်တစ်ချက်ကနေ ရုတ်ချည်းပြောင်းလဲသွားတဲ့
အံ့သြခြင်းအကြည့် ။ ဒီကနေ တစ်ဆင့်တက်လို့ ကျွန်မအလှတွေကို မှင်သက်စွာ ရုတ်တရက်

ငေးကြည့်နေလေသည် ။မောင်လက်ထဲမှာ ကိုင်ထားတဲ့ ဖုန်းလေး ကြမ်းပြင်ပေါ် လွတ်ကျသွားတဲ့ အထိကို မောင် အံ့သြမှင်သက်သွားစေခဲ့လေသည် ။ ကျွန်မလည်း  မောင်မျက်နှာကို  သေသေချာချာကို စိုက်ကြည်နေလိုက်သည် ။ စကားလုံးတွေကို အေးဆေးစွာ ပြောထွက်နိုင်ခဲ့အောင် ကျွန်မ မာနတွေက တွန်းအားတွေ ပေးစေခဲ့လေပြီ  ။ မောင်ရှေ့မှာ ကျော့ကျော့လေး ၀င်ထိုင်လိုက်ပါသည် ။

* မောင် ကို ကျွန်မ ပြောစရာတွေ အများကြီးရှိနေပါတယ် ။ဒီတခါတော့ အရင်လို  နားညဉ်းတယ်ကွာ လို့ မငြင်းလိုက်ပါနဲ့နော် ။ ပြောမှဖြစ်မှာတွေ မို့လို့ပါ ။ ကျွန်မလေ မောင်ကို သိပ်ချစ်ခဲ့ပါတယ် ။ ခုချိန်ထိ သိပ်ချစ်နေဆဲပါမောင် ။ ဒါပေမယ့် ရှေ့ဆက် လက်တွဲ လျှောက်ဖို့ကြတော့ ကျွန်မ မာနတွေက လုံးဝ လက်မခံတော့ပါဘူး ။ ကျွန်မတို့ ဇာတ်လမ်းလေး အပြီးတိုင် အဆုံးသတ်ဖို့ မောင် ကျွန်မကို ကွာရှင်းပေးပါ တော့။ မောင်ကို ဆက်သည်းခံပေးဖို့ ကျွန်မမှာ အားအင်တွေ ကုန်ခမ်းနေပါပြီ။ ခံနိုင်ရည်တွေလည်း ကုန်ခမ်းနေပါပြီ ။ မောင်ကို ကျွန်မနားလည်ပေးခဲ့ဘူးသလို ဒီတခါ မောင်လည်း ကျွန်မကို တစ်လှည့်ပြန် နားလည်ပါလို့ တောင်းဆိုပါရစေ ။တစ်ကြိမ်တစ်ခါမှ မပေးခဲ့ဘူးတဲ့ မောင်ရဲ့နားလည်မှု့ တစ်ခုအနေနဲ့ ကျွန်မကို ကွာရှင်းပေးပါမောင် ။ဒီလိုပြောတာ မောင်ကို ကျွန်မ မချစ်တော့လို့ မဟုတ်ပါဘူး ။ ကျွန်မဘ၀မှာ မောင်သည်သာ အချစ်ဆုံးပါ ။ ချစ်တိုင်း မာနတွေကို အကြိမ်ကြိမ်ရိုက်ချိုးခံနေရတာမျိုးကိုတော့ ခွင့်မပြုချင်တော့ဘူး ။ ကျွန်မသိပ်ချစ်ရတဲ့ မောင်ကို သေသည့်တိုင်အောင်ပဲ ချစ်နေချင်ပါတယ်မောင် ။ ချစ်ရသူတစ်ယောက်ကို မုန်းနေရတယ်ဆိုတဲ့ အဖြစ်မျိုးကို ကျွန်မ မလုပ်ချင်ဆုံးပဲ ။ ဒါကြောင့် မမုန်းခင်မှာ ချစ်ခြင်းတွေနဲ့ဘဲ လမ်းခွဲခွင့်ပြုပေးပါ မောင် ။ နောက်ထပ်အိမ်ထောင်ပြုဖို့လည်း ဘယ်တော့မှ အစီစဉ်မရှိပါဘူး ။ တူတူနေရင် ကျွန်မ မကြာခင်မှာ မောင်ကို မုန်းမိတော့မယ်ဆိုတာ သေချာနေတာမို့ တစ်နေရာဆီ နေရင်း အဝေးကပဲ မောင်ကို ချစ်နေပါရစေတော့ ။ ကျွန်မဘက်က ပြောစရာ စကားကုန်ပါပြီမောင် ။မောင် ဘာပြောစရာ ရှိလည်း ပြောပါ ။* 


* မောင် မှာ ပြောစရာ မရှိတော့အောင် ဖြစ်နေပါပြီ ။ မောင် ဘာပြောရမလဲ ။ *

နှစ်တွေတော်တော်ကြာအောင် ပေါင်းဖက်လာတဲ့ ဇနီးမောင်နှံတွေမို့ မောင် သိနေခဲ့မှာပါ ။ ကျွန်မကို တောင်းပန်ဖို့ မရနိုင်တော့ဘူးဆိုတာကိုပေါ့ ။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု တခုနဲ့ လမ်းခွဲပြတ်ဆဲလိုက်ကြပါတော့သည် ။တရားရုံးပေါ်က ဆင်းလာတဲ့အချိန်မှာ မောင်မျက်နှာကို တစ်ချက်လှည့်ကြည့်ကာ နှုတ်ဆက်လိုက်ချိန်ကစပြီး ကျွန်မဘ၀ထဲကနေ မောင်ဆိုတဲ့ လူတစ်ယောက်ကို အပြီးတိုင် ထုတ်ပစ်လိုက်ပါတော့သည် ။ မောင်နဲ့ အဝေးဆုံး နေရာလေးတစ်ခုမှာဘဲ ကျွန်မဘ၀လေးကို ဆက်လက်ရှင်သန်ပါရစေတော့ မောင် ။ ကျွန်မ မသိစိတ်ထဲမှာ ပုန်းလျှိုးနေခဲ့တဲ့ မာနတွေကိုမှ မောင်ရဲ့ ရက်စက်တဲ့ စကားလုံးတွေကရှာဖွေစက်နဲ့ ဖော်ထုတ်စေခဲ့တယ်နော် ။ မောင်လို့ အမြတ်တနိုးခေါ်ခဲ့တဲ့ လူတစ်ယောက်ကို လှည့်ကြည့်ချင်စိတ်မရှိလောက်အော
င် နာကြည်းသွားခဲ့ပါပြီ။နာကျည်းခြင်းတွေကြောင့် တစ်နေရာဆီ နေကြသော်ညား ကျွန်မနှလုံးသားရဲ့ အနက်ရှိုင်းဆုံး မှာ ကမည်းတင်ထားတဲ့ မောင်ကို ချစ်တဲ့ ချစ်ခြင်းတွေကတော့ သေသည့်တိုင်အောင် တည်ရှိနေမှာပါ ။

မောင်ကို သိပ်ချစ်ခဲ့ဖူးပါသည် ။ သိပ်ချစ်နေဆဲပါ ။ နောင်ကိုလည်း သိပ်ချစ်နေအုံးမည်သာ ။


*** ခိုင်လေး ( ရွှေတောင် ) ***

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...