Author: lubo601 |
7:20 PM |
|
ဝက်ကြေးအိုး လုပ်ရန်အတွက် အူမကြီး၊ အူချို၊ အူပိတ်၊ အသည်း၊ကျောက်ကပ်၊နှလုံး အားလုံးတို့ကို ရှာလကာရည်(သို့) မကျည်းသီးမှည့် အနည်းငယ်ဖြင့် ရေအထပ်ထပ်ဆေးထားပါ။
ဒေါ်ပုက ကြေးအိုးလုပ်စားရင်လည်း ဝက်အူပိတ်ပါထည့်စားပါတယ်။ ဝက်အူပိတ်က စားရတာအရသာရှိပြီး လုပ်နည်းက အနည်းငယ်လက်ဝင်ပါတယ်။
အထပ်ထပ် အရစ် လေးတွေဖြစ် အောင် အူပိတ်ကို အတွင်းဖက်သို့လှန်ကာ ရှာလကာရည်ဖြင့် ရေသေချာဆေးပါ။ရေဆေးရာ၌ ရှာလကာရည်များ များသွားလျှင် ဝက်အူများပေါက်ပြဲတက်ပါသည်။အနည်းငယ်သာ
သုံးပါ။ အတွင်းသားကို အပြင်ဖက်သို့ နှစ်ထပ်ဖြစ်သည်အထိ ပြန်လှန်ပြီး
အတွင်းထဲကို ထိုးထည့်ပေးရပါတယ်။ ဥပမာ ၁၀ လက်မလောက်ရှိတဲ့ အူပိတ်ဟာ
အတွင်းဘက်ကနေ အပြင်ဘက်ကိုပြန်လှန်သည့် အတွက်နှစ်ထပ်ဖြစ်ကာ ၅ လက်မလောက်ပဲ
အရှည်ရှိပါတော့တယ်။
ပြီးလျှင် ချက်မည့် အိုးထဲသို့ဆီပါတယ်
ဆိုရုံသာထည့် ပါ။ သကြားကို ဝက်ကလီစားများပေါ် မူတည်ပြီး အချိန်အဆမှန်း၍
အသင့်အတင့်ကို ကြော်ပါ။ ကျောက်ကပ်မှလွဲ၍ ကျန်ကလီဇာများ အားလုံးကိုထည့်
ပြီးကြော်ပေးပါ။ နှံ့အောင်မွှေပြီးလျှင် ဓားပြားရိုက်ထားသော
ဂျင်း၊ကြက်သွန်ဖြူ နှင့် ရေ၊ဆား၊ပဲငံပြာရည်အပျစ်၊နာနတ်ပွင့်
အသင့်အတင့် ထည့်ပြီး နူးအောင်တည်ထားပါ။ ပြုတ်လျှင် ရှာလကာရည်ထည့်
စရာမလိုပါ။ နူးပြဲကုန်ပါ လိမ့် မည်။ ဝက်ကလီစားများကို ကျက်အောင်ပြုတ်ပြီး
အနေတော် အရွယ်လေးများ လှီးထားပေးပါ။
ဓားပြားရိုက်ထားသော ဂျင်း၊ကြက်သွန်ဖြူ နှင့် ရေ၊ဆား၊ပဲငံပြာရည်အပျစ်၊နာနတ်ပွင့်တို့ဖြင့် ကျောက်ကပ်ကို သက်သက်ခွဲပြီး ကျက်အောင် ပြုတ်ကာ အနေတော် အရွယ်လေးများ လှီးထားပေးပါ။
ဆန်ကြာဇံကို အနည်းဆုံး ၃ နာရီလောက်ကြိုပြီး ရေစိမ်ထားပေးပါ။
ကြေးအိုးအရည်လုပ်ရန် အတွက် ဝက်ရိုးများကို ရေစင်အောင်ဆေးပြီး
ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူနှင့်ဂျင်း၊ သကြား၊ဆားအနည်းငယ်ဆီ ထည့်ကာ
အချိန်ကြာကြာလေးပြုတ်ထားပေးပါ။ ငုံးဥများကို ကျက်အောင်ပြုတ်ပြီး ခွါထားပါ။
ဝက်သားလုံးလုပ်ရန်အတွက် ကြိတ်ထားသောဝက်သား (သို့) စဉ်းထားသောဝက်သားများထဲသို့
ကော်မှုန့်အနည်းငယ်ကို အရည်ပျစ်ပျစ်ဖျော်ပြီး ထည့်ပါ။ ကြက်ဥတစ်လုံး
ဖောက်ပြီးထည့်ပါ။ ကြက်ဥအကာပဲထည့်ပေးပါ။ ညက်အောင်ထောင်းထားသော
ကြက်သွန်ဖြူနှင့်ဂျင်းကို အရည်ညှစ်ထည့်ပါ။ ပဲပြား တတုံးလောက်ကို
ချေပြီးထည့်ပေးပါး။ ဝက်သားအရသာ အိပြီး ပိုစားကောင်းအောင်လို့ပါ။
ပဲငံပြာရည်အကြည်၊ သကြား၊ ဆား၊ ငရုတ်ကောင်း၊နှမ်းဆီ အနည်းငယ်ဆီ ထည့်ကာ
နှံ့အောင်နယ်ပြီး ကြိုက်နှစ်သက်သလို အလုံးလေးတွေ လုံးထားပေးပါ။ ဒေါ်ပုကတော့
ငါးဖယ်လုံးကို အသင့်စားလို့ရတဲ့ လုပ်ပြီးသား ငါးဖယ်လုံးကို သုံးပါတယ်။
မုန်ညှင်းရွက်၊ ဟူစိုင်ရွက် တို့ကိုအနေတော် အရွယ်လေးများ ဖြတ်ထားပြီး
ရေစင်အောင် ဆေးကာရေစစ်ထားပါ။
ထို့နောက် အိုးတလုံးထဲတွင်
ဝက်ရိုးပြုတ်ရည် အိုးတဝက်လောက် ခပ်ထည့်ပြီး ပွက်ပွက်ဆူအောင်တည်ထားပါ။
ဝက်ပြုတ်ရည်များ ပွက်ပွက်ဆူလာလျှင် လုံးထားသော ဝက်သားလုံးများကို အသားများ
ကျက်သည်အထိ မိနစ်အနည်းငယ်မျှ ပြုတ်ပေးပါ။ အသားများကျက်လာလျှင်
ပန်းကန်တခုထဲသို့ ဆယ်ထည့်ထားပေးပါ။ ဝက်ကြေးအိုးလုပ်ရန်အတွက်
အားလုံးအဆင်သင့်ဖြစ်ပြီဆိုလျှင် စားမည့်ပမာဏနှင့်ချိန်ဆ၍ ရေစိမ်ထားသော ကြာဇံ၊ ဝက်ကလီဇာများ၊ပဲပြား၊ငါးဖယ်လုံး၊ဝက်သားလုံး၊ငုံးဥ၊မုန်ညှင်းရွက်၊ဟူစိုင်ရွက်
တို့ကို ဇကာထဲသို့ထည့်ကာ ခဏကြာမျှ ပြုတ်ပေးပါ။ ကြာဇံများ မနူးခင်
ဆယ်ယူပြီး စားမည့်ပန်းကန်ထဲသို့ ထည့်ပေးပါ။ ပြီးလျှင် ဝက်ပြုတ်ရည်ကို
ကြာဇံ၊ဝက်ကလီစာများ အပေါ်မူတည်၍ အသင့်အတင့်ကို ပန်းကန်ထဲသို့ ခပ်ထည့်ပေးပါ။
အပေါ့အငံမြည်းကာ ငရုတ်ကောင်း၊နှမ်းဆီ တို့ကို အနည်းငယ်ဆီ ထည့်ပေးပါ။
ဝက်ကြေးအိုးကို ရှာလကာရည်နှင့်စိမ်ထားသော ငရုတ်သီးစိမ်း၊ ငရုတ်ဆီ
အချဉ်ရည်တို့ဖြင့် တွဲဖက်၍ အရသာရှိရှိ သုံးဆောင်နိုင်ပါတယ်ရှင်။
0 comments:
Post a Comment