“နှမမုန့်ထောင်း မောင်မုန့်ရောင်း”
December 4, 2013 at 9:44am
ငယ်ငယ်တုန်းက
နားထောင်ဖူးတဲ့ မြန်မာပုံပြင်တွေထဲမှာ မိထွေးကစွန့်ပစ်ခိုင်းလို့
တောထဲမှာ ကျန်ခဲ့ပြီး ကိုယ့်ဝမ်းကိုယ်ကျောင်းရတဲ့
မောင်နှမနှစ်ယောက်အကြောင်းဟာ ဟိုနားလေး သည်နားလေး အစာသွပ်ထားပုံချင်းသာ
နည်းနည်းကွာမယ်။ အားကိုးစရာ မိဘမရှိတဲ့နောက် သည်မောင်ရင်းနှမ
ချစ်ချစ်ခင်ခင် နဲ့ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ကြတဲ့
စိတ်ထားကလေးကိုတော့ ကလေးတွေရင်ထဲ စွဲစွဲထင်ထင် ကျန်ရစ်စေခဲ့တယ်။
ကိုယ်တို့မြန်မာတွေရဲ့မိသားစုဘ၀ထဲက မောင်နှမချင်း ဆက်နွယ်မှုဟာ
တခြားနိုင်ငံတွေထက်စာရင်တော့ ပိုပြီးနီးနီးစပ်စပ် ရှိသား။ အထူးသဖြင့်တော့
ဆင်းဆင်းရဲရဲကြီးပြင်းရတဲ့ မောင်နှမတွေဟာ တစ်ယောက်ကိုတစ်ယောက် ငဲ့ညှာရတာ
အနစ်နာခံရ တာတွေက ထူးဆန်းတဲ့ အဖြစ်အပျက် မဟုတ်ဘူး။
ချမ်းသာတဲ့မောင်နှမတွေသာ မိဘသေလို့ အမွေမှုတရားဆိုင်ချင်ဆိုင်ရမယ်။ မရှိအတူ ရှိအတူ မောင်နှမတွေမှာတော့ ရှိတာလေး မျှတဝေခြမ်းပေးဖို့ နှမြောတွန့်တိုရိုး ထုံးစံမရှိသလောက်ပဲ။
တစ်ယောက်ကောင်းစားရင် တစ်ယောက်မမေ့စတမ်းဆိုတာကတော့ မောင်နှမချင်းအကြားမှာ စကားထဲထည့်ပြောနေရလောက်တဲ့ ကတိက၀တ် ကိစ္စမဟုတ်ဘူး။ ၀တ္တရားရှိတယ်လို့ကို ယူဆထားကြတာ။ ကိုယ်တိုင် ကြီးပွားချမ်းသာနေပါလျက် ကိုယ့်မွေးချင်းတွေ နွမ်းပါးနိမ့်ကျနေဆဲပဲဆိုရင် အဲသည်မွေးချင်းတွေက ရှက်ရမှာ မဟုတ်ဘူး။ သွေးသားချင်း ပြန်မစောင့်ရှောက်သူကသာ ရှက်စရာကောင်းတာ လို့ သူသူကိုယ်ကိုယ် အဲသည်အတိုင်းပဲ မြင်ကြတယ်။
သည်ဓလေ့ သည်အတွေးဟာ ကိုယ်နဲ့ရေမြေချင်းဆက်နေတဲ့ ယိုးဒယားမှာလည်း အတူတူပဲလို့ ထင်ပါတယ်။ ဒါပေမယ့်လည်း အင်မတန်မှ ရှုပ်ထွေးပွေလီလှတဲ့ နိုင်ငံရေးအခင်းအကျင်းထဲရောက်သွားတော့ မောင်ကြီးနှမ ကျားကိုက်ရစီရဲ့ရှင် လို့တောင် ကျိန်ပြောရဲစရာ မရှိတော့ဘူး။ မောင်ကြီးသက်ရဲ့ ရန်သူတွေက နှမလေးမယ်ယဉ်ကို ကျောတစ်ရာရင်တစ်ရာခပ်လို့ မြိုင်ရပ်နှင်လိုပါသတဲ့။ အပြစ်ကတော့ လူသာဓုခေါ်နတ်သာဓုခေါ် အလုပ်တစ်ခုဖြစ်တဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို အဆိုတင်သွင်းတာဟာ ယဉ်ယဥ့် ကိုကိုကြီးကို ပြည်တော်ဝင်ခွင့်ပေးဖို့အတွက် သည်ယုံမြင်လို့ သည်ခြုံထွင်တာပါ လို့ စွပ်စွဲပြောဆိုရာကနေ တဖြေးတဖြေး တောင်းဆိုချက်တွေမြင့်မားလာပြီး နှမလေးခမျာလည်း လူလုံးမလှ အပူလုံးကြွနေရပြီ။ ခါတိုင်းလို လန်းလန်းဆန်းဆန်း အပြုံးပန်းကလေးတစ်ပွင့်တောင် မတွေ့ရ။ ဗျာပါရေးငယ်နှင့် မကြံပါနိုင်၊ နွမ်းခွေကာယိုင် ဖြစ်နေရှာတယ်။ သူ့အပြစ် ဘာရှိလို့လဲကွယ်။ အဲသည်ဥပဒေ မကြိုက်ဘူးဆိုလည်း လက်မခံနဲ့။ တော်ပြီပေါ့။ မယ်ယဉ်လည်း နောက် သူများမကြိုက်တာ မပြောနဲ့။ ညီးမောင်ကြီးအော့ကြောလန် အရပ်က လက်မခံသေးဘူး။ အဲသလောက် ဖြန်ဖြေပေးလိုက်ရင် ပွဲပြီးမီးသေသွားရမယ့်အရေးဟာ အခုတော့ဖြင့် မပြီးနိုင်မစီးနိုင် ဟိုအရင်တခါတုန်းကလို သိန်းဃိုလ်ပြည်ကြီး မီးဟုန်းဟုန်းတောက်လုနီး အခြေအနေရောက်လာတယ်။
ဟိုးအရင်တခါတုန်းကလည်း အင်တာနက်ပေါ်မှာ ကြည့်ခဲ့ရဖူးတယ်။ အင်မတန်စည်ကားခမ်းနားတဲ့ မြို့တော်ကြီးမှာ လောင်မီးကျ၊ သွေးမြေကျ၊ ပစ်ကြခတ်ကြ၊ ပြေးကြလွှားကြနဲ့။ လေဆိပ်ကြီးတောင် ပိတ်ထားရတယ်လေ။ အစိုးရဘက်ကလည်း နှိမ်နှင်းလိုက်သမှတော့ အတိုက်အခံဆိုတဲ့သူတွေကို စနိုက်ပါနဲ့တောင် ငှားပစ်သတဲ့။ ဟယ် လောကကြီး ငါတို့ ရွှေနိုင်ငံလောက် နိုင်ငံရေးဗယုတ်သုက္ခများတာ မရှိတော့ဘူးထင်နေတာ။ သူတို့ကို မေးကြည့်တော့မှ ထိုင်းမှာ စစ်တပ်က အာဏာသိမ်းတာ ၁၇ ကြိမ်တောင် ရှိပြီဆိုပဲ။ ဖယား ဖယား။ ရှူး တိုးတိုး။ ဘယ်သူ့မှ လျှောက်မပြောနဲ့နော်။ ကြားသွားလို့ အတုခိုးမယ့်သူရှိရင် အကျိုးနည်းရချည်ရဲ့။ အခုတော့ သူများအတုမခိုးခင် ကိုယ်ကဦးအောင် ခိုးလိုက်ဦးမယ်။ အဲသလိုမျိုး နိုင်ငံရေးတွေ မတည်မငြိမ်မဖြစ်ရလေအောင် ဘာတွေဆောင်လို့ ဘာတွေရှောင်ရမလဲ။ ဓါတ်ရိုက်ဓါတ်ဆင် ဗေဒင်ယတြာကတော့ ကိုယ်လုပ်ပေးစရာ မလိုပါဘူး ဘိုးတော်ဘတော်အားလုံး ဓူဝံအင်ဗတ်တာပဲ သုံးတာ သိပြီးသား။ ကိုယ့်ထက်တတ်တယ်။ လောလောဆယ် ထိုင်းမင်းသမီးလေး လေပါတီမယဉ်လက် ကနေရတဲ့ ဒါန်းစီးမောင်နှမဇာတ်ထုပ်ကလေး သုံးသပ်နှီးနှောကြည့်ကြဦးစို့။
ယိုးဒယားဇာတ်ထုပ်တွေဟာ ကိုယ်တို့မြန်မာနောက်ပိုင်းဇာတ်တွေလို မောင်ကြီးနှမ ရယ်ကာမောကာတလှည့် ငိုကြီးချက်မတလှည့် နှစ်ယောက်တည်း မိုးလင်းအောင် သယ်သွားလို့ မရဘူး။ သူတို့ဆီမှာက ပင်မဇာတ်ကောင်နှစ်ကောင်ကို အသက်ဝင်လာအောင် ပို့ပေးကြမ်းပေးနိုင်တဲ့ ဇာတ်ပို့ဇာတ်ရံတွေ ကန့်လန့်ကာနောက်ကနေ ဟောတစ်ရုပ် ဟောတစ်ရုပ် ထုတ်နိုင်တယ်။ ဆိုလိုတာက ဇာတ်စီးနောက်ကို တစ်ဇာတ်လုံးလိုက်ကရတဲ့ ထုံးစံမရှိဘူး။ ဇာတ်စီးကသာ မီးစင်ကြည့်ကရတာ။ အဲဒါကြောင့် သေတ္တာမှောက်ကတတ်ဖို့လိုတယ်။ မယုံရင် ယဉ်ယဥ့်ကိုပဲကြည့်။ မိန်းမတန်မဲ့ စစ်ရေးစစ်ရာပါ ကျွမ်းတယ်။ နိုင်ငံတကာအဆင့် ပညာအရည်အချင်းလည်း ရှိတယ်။ ၀တ်စားဆင်ပြင် ဖက်ရှင်သဘောကလည်း မင်းသမီးရှုံး။ သံခင်းတမန်ခင်းများဆို အင်နိုးဆင့်ရုပ်ခံကလေးနဲ့ မျက်လုံးလေး ပေကလပ်ပေကလပ်လုပ်ပြီး ပြုံးပြလိုက်ရင် တ၀က်လောက်က ရက်စ်။ သူတောင်မှ ဘ၀ဇာတ်ဆရာဆိုသမျှ အလိုကျ ငိုကရ ကျမဘ၀ပါရှင် ဖြစ်နေပြီ။
အဖြစ်ရဲ့အစ ဘ၀ကငယ်ငယ်မှာတုန်းက မောင်ကြီးကိုသက်ဆင် ၀န်ကြီးချုပ်လုပ်စဉ်အချိန်ကို ပြန်ကောက်ရမှာပဲ။ သူလုပ်သမျှအကောင်းအဆိုးကတော့ ထိုင်းပြည်သူတွေက ကိုယ့်ထက်အများကြီး ပိုသိပါလိမ့်မယ်။ ကိုယ့်အနေနဲ့ သဘောကျမိတာကတော့ ထိုင်းမှာ ဘတ်သုံးဆယ်ဆေးပေးခန်းတွေကို သူက စသွားတာတဲ့။ ဆင်းရဲချမ်းသာ ကျားမမရွေး ဘတ်သုံးဆယ်ထည့်ဝင်ငွေနဲ့ အထိုက်အလျောက် ပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုရနိုင်တယ်ဆိုတဲ့ စံနစ်ဟာ ဆင်းရဲသားတွေအတွက်တော့ တော်တော်ကို ကျေးဇူးတင်ထိုက်သော အစီအမံပါ။ ဒါကြောင့်ထိုင်းမှာ သူက ဆင်းရဲသားကျောမွဲလူတန်းစားရဲ့ ထောက်ခံမှု အများဆုံး ရရှိခဲ့သူဖြစ်တယ် လို့ဆိုတယ်။ ချမ်းသာတဲ့လူတွေကျတော့ သူ့ကို မထောက်ခံကြဘူးလား လို့ တွေးစရာရှိတယ်။ အဟုတ်ပဲ။ ချမ်းသာတဲ့သူတွေကတော့ သူ့ကို မြွေမြွေချင်းမို့ ခြေမြင်ပါသတဲ့။ အကျင့်ပျက်ခြစားမှုတွေနဲ့ သက်ဆင်ကြီး ဘယ်လောက်ထိချမ်းသာသွားသလဲဆိုတာ သူတို့အသိဆုံး ဖြစ်ပါသတဲ့။
ဟုတ်ချင်လည်း ဟုတ်မယ်။ ဟုတ်ချင်မှလည်း ဟုတ်မယ်။ ကိုယ်တွေ့ဖူးကြုံဖူးသလို ကိုယ့်အမြင်နဲ့ကိုယ် ယုံချင်သလို ယုံလိုက်ကြတာပေါ့။ ကိုယ်တို့ဆီမှာလည်း အချိန်မရွေး အစစ်ခံဝံ့တယ်လို့ ကြွေးကြော်နေတဲ့ ကျိကျိတက်ဘိုးတော်ကြီးတွေရှိသလို၊ လာဘ်စားဖို့မပြောနဲ့ နိုင်ငံခြားက လက်ဆောင်ပေးတဲ့ လက်ပတ်နာရီကလေးကအစ စာရင်းနဲ့အင်းနဲ့ မချွင်းမချန် ပြန်အပ်ခဲ့တာ မင့်အဘတွေ အသိဆုံးပါဆိုတဲ့ အမေရိကန်သမ္မတစီးတဲ့ကားတွေ ယာဉ်တန်းနဲ့စီးနိုင်သူ အင်းစိန်ပြန်အကိုကြီးတွေလည်း ရှိတာပဲ။ ယုံချင်ယုံ မယုံချင်နေ။ ဘယ်သူကမှတော့ ကျွန်တော် မတရားသဖြင့် အကျင့်ပျက်ခြစားထားလို့ သည်၍သည်မျှချမ်းသာလာပါတယ်လို့ ပြောမယ့်သူ ကမ္ဘာပေါ်မှာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ဒါပေမယ့် အဲသည်အထဲမှာ Conspiracy Theory လို့ခေါ်တဲ့ နိုင်ငံရေး လုပ်ကြံမှု လက်စလက်နတွေ အများကြီးပါတယ်။ အသံကြောင့် ဖားသေသွားတဲ့အထဲမှာ တို့ကိုကြီးသက်လည်း မလွတ်ခဲ့ဘူး။
ကမ္ဘာကျော် ဘောလုံးအသင်းကြီးတစ်သင်းလုံးကိုတောင် အပိုင်ဝယ်ပစ်လိုက်လို့ သတင်းတွေ ကြီးလာတဲ့အခါ ၀မ်းသာဂုဏ်ယူမယ့်သူတွေအစား မျက်စိစပါးမွှေးစူးမယ့်သူတွေသာ တနေ့တခြား ပွားပွားလာတယ်။ သည်လိုနဲ့ တိုင်းပြည်မှာ တစ်ခုခုအဆင်မပြေဖြစ်လာတဲ့အခါတိုင်း ဆိုင်ဆိုင်မဆိုင်ဆိုင် ဒင်းကြောင့် ဒင်းကြောင့်နဲ့ လက်ညှိုးထိုးခံရစရာ ဖြစ်လာတယ်။ ကိုယ်ကျိုးနည်းရပုံကတော့ ၂၀၀၆ မှာ နိုင်ငံခြားကိုခရီးသွားနေတုန်း စစ်တပ်က အာဏာသိမ်းပလိုက်လို့ သူ့ခမျာ ပြည်တော်မပြန်နိုင်တဲ့ မင်းခိုက်စိုးစံ အဲလေ ဟုတ်ပေါင် မင်းခယောင်္ကျား ဖြစ်သွားတယ်။ (ဒီအရေတွေမြင်လို့ တို့အဘတွေ အပြင်ထွက်ရင် နောက်ကြောင်းအေးအောင် အမြဲစီစဉ်ရတာ)
အစကတည်းက လူလည်းတတ်၊ လက်ဘက်ထုပ်လည်းတတ်လို့ နတ်ဖြစ်လာခဲ့ရတဲ့ တို့ကိုကြီးကျော်က သူ့ကို နိုင်ငံရေးအရ လုပ်ကြံတာပါ။ မဟုတ်ပါဘူး။ မရှုပ်ပါဘူး။ မင်းထင်သလို မယုတ်မာဘူး။ ဆိုတဲ့အကြောင်းကို လော်ဘီတွေ လှိုင်လှိုင်သုံးလို့ ပြည်တွင်းမှာသတင်းဖြန့်သလို ကျယ်ပြန့်တဲ့ သူ့ရဲ့ပြည်ပကွန်ယက်တွေကနေပြီးတော့လည်း နားလည်ပေးပါ ပရိသတ်ကြီးရယ် ကျွန်တော် ဂလောက်ထိ ချစ်တဲ့ဟာကို လုပ်နိုင်ခဲ့တယ်။ သို့သော်လည်း ထိုင်းနိုင်ငံတရားရုံးတော်မှာတော့ ကိုကြီးသက်ဆင်ဟာ ဘတ်သန်းပေါင်း ၄၆သန်းကျော် အဂတိလိုက်စားမှုနဲ့ ပြစ်မှုထင်ရှား တရားစီရင်ခြင်း ခံရပါတယ်။ တကယ်လို့များ သူက မရှုမလှအရေးနိမ့်သွားတယ်။ ပြည်သူ့ချဉ်ဖတ်ကြီးဖြစ်ပြီး ထိုင်းကလူတွေ ဘယ်သူကမှ သူ့ကို လက်မခံနိုင်တော့ဘူး ဆိုရင်လည်း ခုလောက်ထိ အကျယ်အကျယ် မငြိမ်းဖွယ်တွေ ဖြစ်နေတော့မှာ မဟုတ်ဘူး။ ခုတော့ ထောက်ခံတဲ့သူတွေကလည်း နင်းထောက်ခံ၊ ကန့်ကွက်တဲ့သူတွေကလည်း တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းဆိုတဲ့အခါမှာ အဲသည်မှာတင် ဒုက္ခနဲ့ လှလှနဲ့ ခနခန တွေ့ကြရတော့တာပဲ။ ၂၀၀၉ ခုနှစ်တုန်းကဖြစ်တဲ့အရေးအခင်းမှာ သက်ဆင်ဟာ ၀ိဇ္ဇာဇီဝအစိုးရကို ဆန့်ကျင်သူတွေအတွက် ဘတ်ငွေသန်းတစ်ရာကျော်ထောက်ပံ့ခဲ့တယ်လို့ သတင်းတွေထွက်လာပြန်ပါတယ်။ လက်စလက်န အထောက်အထားတွေအရလည်း အဲသည်နိုင်ငံရေးမတည်ငြိမ်မှုနောက်ကွယ်မှာ သူရှိနေတာကို ဘွားဘွားကြီးတွေ့နေရပါတယ်။
နှမလေး မယ်ယဉ်လက် အရွေးခံခဲ့စဉ်တုန်းက သူ့အတွက် ဖြေရှင်းရအခက်ဆုံး စွပ်စွဲချက်ကတော့ မောင်ကြီးသက်ဆင်နဲ့ ဘယ်လိုပတ်သက်ကြမှာတုန်း ဆိုတဲ့အရေးပါပဲ။ အမှန်တကယ် ပတ်သက်သည်ဖြစ်စေ၊ စိတ်နာစိမ်းကား စကားစပ်လို့တောင် မခေါ်နိုင်မပြောနိုင်သည်ဖြစ်စေ၊ အမှန်တရားဆိုတာက သူ့ကိစ္စသပ်သပ်ဖြစ်ပြီး နိုင်ငံရေးအရမှာတော့ သည်မိန်းမဟာ သူ့အကိုနဲ့ တစ်ကျိတ်တည်းတစ်ဥာဏ်တည်း၊ ဒါမှမဟုတ်လည်း သူ့အကိုကြိုးဆွဲရာ ကနေရတဲ့သူ၊ မယုံရင်ကြည့်နေ။ သူတက်လာရင် ကျားသေကို ပြန်အသက်သွင်းဦးမှာ လို့ တွင်တွင်ကြီး စွပ်စွဲနိုင်မှ အတိုက်အခံတွေအနေနဲ့ ပြိုင်ဘက်ကို အလဲထိုးနိုင်ပါလိမ့်မယ်။ နိုင်ငံရေးတင်းနစ်မှာ ကိုယ်ကမှန်လည်း အမှတ်ရတယ်။ သူများကမှားလည်း အမှတ်ရတယ် မဟုတ်လား။ မမှားလည်း မှားအောင်ပို့ပေးတန်ပို့ပေး၊ လူစုလူဝေးနဲ့ “ဟာ ဟိုမှာ မှားနေပြီ။ မမြင်ဘူးလား။” လို့ ထအော်တန်အော်ရသတဲ့။ ယိုးဒယားသားလားလားမှ မဟုတ်တဲ့ကိုယ့်အတွက် သက်ဆင်တို့မောင်နှမဘက်ကရော၊ တခြားအတိုက်အခံတွေဘက်ကပါ ပင်းပြီး လိုက်ရေးလိုက်တွေးနေစရာ အကြောင်းမရှိပါဘူး။ ဘေးလူတစ်ယောက်သက်သက်အနေနဲ့ပဲ အဖြစ်အပျက်ကို ထိုင်ကြည့်နေရင်း ကိုယ့်ဆီမှာဆို ဘယ်လိုလုပ်မလဲ လို့ တွေးကြည့်တာသက်သက်ပါ။
ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ ကောင်းဘွိုင်ကားတွေထဲမှာ မြင်းစီးကျွမ်းကျင်တဲ့မင်းသားက ရာနဲ့ချီတဲ့နွားအုပ်ကြီးကို ဟိုဘက်နားကတွန်းပေးလိုက်၊ သည်ဘက်နားက ခြောက်ပေးလိုက်နဲ့ သူလိုချင်တဲ့ တင်းကုပ်ထဲကို အရောက်မောင်းသွင်းတာ မြင်ဖူးတယ် မဟုတ်လား။ နွားဆိုတာ စားကျက်စိမ်းစိမ်းမို့ အိမ်မပြန်ချင်ပါဘူး ငြင်းနိုင်တဲ့အစားလား။ သူများတွေ ဟိုဘက်ဆို ဟိုဘက် သည်ဘက်ဆိုသည်ဘက် ကျန်နေမစိုးလို့ တိုးကာဝှေ့ကာလိုက်ရတဲ့ ထုံးစံပဲ ရှိတယ်။ နွားကြောနပ်တဲ့ ကောင်းဘွိုင်ဆရာမှန်ရင် ကိုယ့်နွားအုပ်ထဲမှာ နွားနီဘယ်ခြေလှမ်းလို့ နွားပြာဘယ်ခြုံတိုးမလဲ ကြိုသိပြီးသား။ ကြာပွတ်ကလေးတစ်ချောင်း နှင်တံကလေးတစ်တို့နဲ့ ငေါက်ကာငမ်းကာ ထိန်းလိုက်ရင် စေလိုရာစေပဲ။
ထိုင်းမှာ မကြီးယဉ်လက်တို့မောင်နှမကနေတဲ့ ဇာတ်ဟာလည်း ကိုယ့်အမြင်မှာတော့ နွားရိုင်းသွင်းချိန် လို့ပဲ ပြောရမယ်။ သေသေချာချာ ရေရေရာရာ မသိပဲ၊ သူများယောင်ရင်လိုက်ယောင်မယ့် လူအုပ်ကြီးကို ဟိုဘက်ကလှည့်နားချလိုက်၊ သည်ဘက်ကလှည့်နားချလိုက်နဲ့ ကိုယ်လိုချင်ရာ ပါလာအောင် ကျောင်းကာမောင်းကာ အရောက်ပို့နေကြတာလို့ ထင်မိတယ်။ တစ်နေ့တစ်နေ့ လမ်းမပေါ်မှာ ကြွေးကြော်သံတွေ လက်သီးလက်မောင်းတန်းနေတဲ့ လူထုကြီးဟာ ကိုယ်တို့ဆီမှာ ၈၈ တုန်းက လမ်းပေါ်ရောက်လာတဲ့ လူစုလူဝေးကြီးနဲ့ မတူဘူး။ ကိုယ်တို့ဆီက အထွေထွေ မကျေနပ်ချက်တွေ ပေါက်ကွဲပွင့်ထွက်လာရုံသာ ရှိခဲ့ပြီး နိုင်ငံရေးအရ ဦးစီးဦးဆောင်လုပ်ပေးမယ့်သူ အစိုးရဘက်နဲ့ အရေးဆို ညှိနှိုင်းပေးမယ့်သူ မရှိဘူး။ သူတို့ဆီမှာတော့ ဘာကိုလိုချင်လို့ ဆန္ဒပြတယ်။ ဘာတွေလိုက်လျောပေးမယ်။ ဘယ်အထိလက်ခံနိုင်မယ် အစရှိသဖြင့် ဆွေးနွေးကြတယ်။ အတိုးအလျော့လုပ်ကြတယ်။ မကြေနပ်သေးရင် ပြန်ဆန္ဒပြတယ်။ ပဋိပက္ခတွေ ဖြစ်ကြတယ်။ နောက်ပိတ်ဆုံးမှာ အဲသည်တဘက်ခေါင်းဆောင်ကို သေနတ်သမားနဲ့ လုပ်ကြံလိုက်တဲ့အခါ တစ်ခန်းရပ်သွားခဲ့ဖူးတယ်။
သေသေချာချာတွေးကြည့်ရင် လူထုသဘောနဲ့ လမ်းပေါ်ရောက်လာတာမှ ဟုတ်ပါ့မလား။ နိုင်ငံရေးခေါင်းဆောင် တစ်ယောက်ယောက်ရဲ့ လမ်းညွှန်စေခိုင်းမှုနဲ့များ သေမှာမကြောက်ပဲ ပေတစ်ရာလျှောက်နေကြရော့သလား သံသယ၀င်စရာပ။ (သံသယ၀င်တယ်ပဲ ပြောတာနော်။ မစွပ်စွဲဘူး) အစကတော့ အဘခိုင်းလို့ လမ်းပေါ်တက်လာပေမယ့်လည်း တခြားဘက်ကလည်း အဘခိုင်းလို့ ရိုက်နှက်ပစ်ခတ် ဖမ်းဆီးတာတွေ ရှိလာတော့ ဒေါသ နဲ့ ရန်ညှိုးဆိုတာ ဘယ်သူမှ မကင်းတော့ဘူး။ ဘတစ်ပြန်ကျားတစ်ပြန် ဖြစ်ကုန်တာပေါ့။ အဘတို့ကလည်း မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပေါ့ဗျာ။ ဗိန်းဗောင်းတန် ဗိန်းဗောင်း၊ လွမ်းခန်းကျတော့ တယောလေးခံပေးမှာ။
ကိုယ်ပြောတဲ့စကားသာ သူတို့နားလည်ရင် တော်လှန်ရေးကြီးကို သေးသိမ်အောင်စော်ကားတဲ့ သစ္စာဖောက်ဆိုပြီး ဖြုတ်ထုတ်သတ် လုပ်ကြလိမ့်မယ် ထင်ပါရဲ့။ တော်ကြာ ဟိုသမိုင်းဆရာမကြီးထက် ဆိုးနေမှဖြင့် ဒုက္ခ။ ကိုယ့်ဘက်ကအကြောင်းပဲ ကိုယ်ပြန်ကောက်ကြတာပေါ့နော်။ ဆန္ဒဖော်ထုတ်တာ၊ အစိုးရကို အတိုက်အခံလုပ်သမျှတွေဟာ ပြည်သူလူထုဆန္ဒ မပါပဲ သွေးထိုးလှုံ့ဆော်သူတွေရှိလို့ ဖြစ်ရတယ် လို့ မဆိုလိုပါဘူး။ နိုင်ငံရေးသမားတွေ တရားလာဟောရင် ချင့်ယုံတတ်ဖို့ လိုတယ်လို့ပဲ သတိပေးတာ။ ဒီမိုကရေစီခေတ်ကိုရောက်ရင် ပြည်သူလူထုရဲ့ နိုင်ငံရေးအတွေးအမြင် ရေချိန်ကိုလည်း လိုက်မညှိလို့ မရတော့ဘူး။ မှော်ရုံတောက အပြောကျယ်ပါဘိသနဲ့။ ကိုယ့်ဘာသာကိုယ်ပဲ ပြန်စဉ်းစားကြည့်ကြပါ။ တကယ်ကြီး အဟုတ်ကြီးကို သူ့ကျွန်မခံပြီ စိတ်နဲ့ လှေခွက်ချည့်ကျန် အလံမလှဲ တိုက်ပွဲတွေ ၀င်ချင်နေရင်လည်း ဆက်လုပ်ပေါ့။ သူများတွေ နိုင်ငံရေးကျားကွက်ရွှေ့ဖို့ နယ်ရုပ်ကလေးတွေနေရာက အသက်ပေးရသလို ဖြစ်နေရင်တော့ “ရဲသော်မသေ သေသော်ငရဲမလား” ဆိုတာ မှန်ချင်မှ မှန်လိမ့်မယ်။
နိုင်ငံရေးဆိုတဲ့သဘောဟာ သိပ်ကောက်ကွေ့တာပဲ။ သမိုင်းဆိုတာ အာဏာရသူကချည့် ရေးခဲ့ကြတာ မဟုတ်လား။ အဲသည်တော့ အမှားအမှန် လေကုန်ခံပြီး ငြင်းမနေနဲ့။ အာဏာသာရအောင် ယူလိုက်။ အာဏာရရင် ကိုယ်အကုန်မှန်တယ်။ အဖေသတ်လည်း အဇာတသတ်ကလွဲလို့ ဘယ်သူမှနံမယ်မပျက်ဖူးဘူး။ ရေမြေ့ရှင်ဖြစ်သွားရင် သူ့ထက်ကြီးတဲ့ ဘုရားဒကာမှ မရှိတာ။ သည်လိုဆိုရင် ပြည်သူလူထုဆိုတာကြီးက ကိုယ့်ဆွေမျိုးတွေ လွတ်အောင်ဖယ်ထုတ်နိုင်ရင် အကုန် သူစိမ်းတွေချည့်ပဲ မဟုတ်ဘူးလား။ ဘာတွေ ငဲ့ညှာထောက်ထားနေရမှာလဲ။ အဲသလိုပဲ တွေးကြလိမ့်မပေါ့။
ခက်တာက အဲလေ ဟုတ်ပေါင် လွယ်တာက အဲသည် ပြည်သူလူထုဆိုတာကြီးက အင်မတန်ပိန်းပါသလေ။ ကြိုက်ဆေးလေးကျွေး။ နှပ်ကြောင်းလေးပေးလိုက်လို့ကတော့ ခေါင်းရောကိုယ်ရော တစ်ကိုယ်လုံး ထိုးဝင်လာကြတော့တာ။ အမျိုး ဘာသာ သာသနာအတွက်လို့အော်လိုက်။ ကုလားသတ်လည်း ပါဏာတိပါတာကံ မမြောက်တော့ဘူး လို့ ထင်နေကြတယ်။ သူတို့ခေါင်းထဲမှာ တဘက်ကလှည့်သွင်းထားတဲ့ အသိအမြင် အယူအဆတစ်ခုကလွဲရင် ကိုယ်ပိုင်အသိဥာဏ်နဲ့ ဝေဖန်ပိုင်းခြား သုံးသပ်တွေးတောထားတာ မရှိဘူး။ တစ်ယူသန်။ ဒါကြောင့် အဲသည်လိုတစ်ယူသန်တဲ့ ပြည်သူလူထုအများစုထဲကို ကိုယ်ဖြစ်စေချင်တဲ့ အယူအဆ ၀ါဒမှိုင်းတစ်ခု တိုက်လိုက်တဲ့အခါမှာ စောစောကပြောခဲ့သလို (ခွက်ဒစ်တူ နင့်ဘ။ ဟိဟိ) နွားရိုင်းသွင်းချိန်ကြီး ရောက်ရောက်လာရော။
မယုံရင် မနက်ဖြန်မနက် ဂျာနယ်ရောင်းတဲ့ လင်ပန်းကြီးပေါ်မှာ တင်ထားသမျှ ပေထက်အက္ခရာတွေ အကုန်လိုက်ဖတ်ကြည့်ပါလေ။ လော်ဘီ နဲ့ ပရိုပါဂန်ဒါ မဟုတ်တာဆို ကြော်ငြာပဲ ရှိလိမ့်မယ်။ ဒါမှမဟုတ်လည်း ဖေ့စ်ဘုတ်ပေါ် တက်သမျှ ရှဲသမျှ အတန်းအစားခွဲလိုက်။ ငါ့ကို လာကြူသဟဲ့လို့ မခံစားရသရွေ့ အဲဒါ ၀ါဒဖြန့်တာ လို့သာ မှတ်လိုက်။ (တို့ကတော့ ဖတ်သမျှလူ ကြူလိုက်မဟဲ့ပဲ စဉ်းစားနေတာ) သည်ခေတ်ကြီးကိုဖြင့် အိုင်တီခေတ်ကြီးလို့တောင် မခေါ်ချင်တော့ပါဘူး။ ဆိုက်ဝါးခေတ်ကြီး လို့ ပြောရတော့မယ်။ မောင်းတဲ့သူကလည်းမောင်းလို့။ အောင်းတဲ့သူကလည်း အောင်းလို့။ ကောင်းပါလေ့ ကောင်းပါလေ့။
ထုံးစံအတိုင်း ဘာရယ်လို့တော့ ဟုတ်ပါဘူး။ လူရှိန်အောင် နိုင်ငံ့ခေါင်းဆောင် အဆိုအမိန့်ကြီးသုံးလို့ ဖိန့်လိုက်ပါ့မယ်။ တိုနီဘလဲကြီးကို (လာပြန်ပဟ) ဂျာနယ်လစ်တစ်ယောက်က ယုံကြည်မှုခြားနားသူအချင်းချင်း
တွေ့ဆုံဆွေးနွေးတဲ့အခါမှာ နိုင်ငံခေါင်းဆောင်တစ်ယောက်အနေနဲ့ ရှောင်ရန် ဆောင်ရန် (Dos and Don’ts) အချက်အလက်များကို မိန့်ကြားခဲ့ပါဦး လို့ဆိုတော့ ဟိုက တစ်ခွန်းတည်းပဲ ပြောခဲ့ပါတယ်။ “အဲဒါကြီးနဲ့တော့ နိုင်ငံရေးမကစားပါနဲ့” တဲ့။ “Do not play politics with it.” လို့ ဆိုတယ်။
ဘာဖြစ်လို့ဆိုတော့ ကိုးကွယ်ယုံကြည်မှုဆိုတာမျိုးဟာ အစကတည်းက ယုံကြည်လို့ ဘုရားအဖြစ်၊ ကိုးကွယ်ရာအဖြစ် ကိုယ့်ဘာသာ ကိုးကွယ်ထားပြီးသား။ သူ့မှာလည်း သူ့ဘုရားနဲ့ သူ့တရားနဲ့။ ကိုယ့်မှာလည်း ကိုယ့်ဘုရားနဲ့ ကိုယ့်တရားနဲ့။ ကိုယ်ကမှန်တယ်။ သူကမှားတယ်ဆိုတာ မရှိဘူး။ ကိုယ့်ဘာသာနဲ့ကိုယ် မှန်တာချည့်ပဲ။ အဲသည်အယူဝါဒကွဲပြားမှုကို ပဋိပက္ခဖြစ်အောင် အသုံးချပြီး နိုင်ငံရေးအမြတ်ထွက်အောင် ကြံတယ်ဆိုတာ အကြံပက်စက် စကောလောက်မှ စောက်မနက်တဲ့ မလုပ်သင့်မလုပ်ထိုက်တဲ့ အောက်လမ်းနည်းကြီးဖြစ်ပါတယ် လို့ သက်ကြီးစကားသက်ငယ်ကြား မှတ်သားမိတာကလေး ဖောက်သည်ချလိုက်တယ်နော်။ ကဲ လာ။ သူများတွေ ရှေ့တော်တော်ရောက်ကုန်ပြီ။ နောက်ကလိုက်ကြရအောင်။ တို့လူကလေးများ ဆိုသလေး…။

0 comments:
Post a Comment