“မုန့်ဗိုင်းတောင့်”
Soe Min December 6, 2013 at 12:08am
ဘယ်သူပြောမှန်းတော့ မမှတ်မိတော့ပါဘူး။ ငယ်ငယ်တုန်းက
မုန့်ဗိုင်းတောင့်စားတိုင်း တွေးတွေးပြီး ပြုံးမိတာလေးရှိတယ်။
မုန့်ဗိုင်းတောင့်ဆိုတာ အရင်ကတော့ ဘယ်ဈေးမှာဝယ်ဝယ်ရတာ။
အုန်းသီးကလေးဖွေးဖွေး နှမ်းထောင်းကလေးမွှေးမွှေးနဲ့။ ဗိုင်းတောင့်ပုံ၊
ဘီးပုံ၊ ဆန်နဲ့လုပ်တဲ့ မုန့်ဖွေးဖွေးမှာ ပဲနီပန်းရောင်ပြေးပြေးကလေးတွေလည်း
ပါတဲ့မုန့်။ ငယ်ငယ်ကတော့ စကော့ဈေးရောက်ရင် မုန့်ဗိုင်းတောင့် မ၀ယ်ပဲ
ပြန်တယ် မရှိဘူး။ စနေ ပေးဒေး ဗိုလ်ချုပ်ဈေးဆိုတာ ဈေးပတ်၊ မုန့်ဝယ်၊
ပေါင်ချိန်စက်ပေါ်တက်ပြီး အဲဒီကထွက်တဲ့ဗေဒင်စာရွက်ကလေး မဖတ်ရရင်
မပြည့်စုံဘူး။ မုန့်ဗိုင်းတောင့်ကြိုက်မှန်းသိတော့
သူငယ်ချင်းတစ်ယောက်ကထင်ပါရဲ့။ “အင်းစိန်က ကရင်မကြီး
မုန့်ဗိုင်းတောင့်လုပ်တာ မြင်ဖူးရင် နင် စားချင်တော့မှာ မဟုတ်ဘူး။”
လို့ ပြောတယ်။ သူလုပ်တဲ့မုန့်ဗိုင်းတောင့်တွေက သိပ်ကောင်းတာပဲ။ ဖွေးဖွေးမွှေးမွှေးကလေးမှာ ဗိုင်းတောင့်ကလေးတွေက ပြောင်ချောပြီး အရွယ်ကိုညီနေတာပဲတဲ့။ စားတဲ့သူတွေက လွှတ်သဘောကျတယ်ဆိုရင် သူက ပြုံးပြုံးပြုံးပြုံးနဲ့ “အေး … ကောင်းရင်စားကြ။ နင်တို့ကသာ ကောင်းနေ။ ငါ့မှာဖြင့် ပေါင်တွေကိုကျိန်းရော။” လို့ ပြောသတဲ့။ ဟုတ်မှာပေါ့။ သူ့ခမျာ တနေကုန်တနေခမ်း ထိုင်ရာမထလုပ်နေရတာ ပေါင်တင်ဘယ်ကမလဲ ခါးတွေဖင်တွေတောင် ကျိန်းနေရော့ရှိမယ်။ သူမုန့်လုပ်တာမြင်ဖူးတဲ့သူကတော့ မုန့်ဗိုင်းတောင့်ပြတ်သွားတော့တာပဲ။ သူက မုန့်အိုးကြီးခွထိုင်ပြီး ထမီတိုတို ပေါင်ပေါ်အောင်လှန်၊ မုန့်နှစ်ကလေးတွေကို ပေါင်ဖြူဖြူကြီးနှစ်ဘက်မှာ လှိမ့်ပွတ်ပလိုက်ပြီး ရေနွေးအိုးထဲ ပစ်ထည့်လိုက်ရင် မုန့်ဗိုင်းတောင့် ဖွေးဖွေးညီညီလေးတွေရလာရော။ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ငန်တံငန်တံ မုန့်ဗိုင်းတောင့်လေ။ စားလို့ကောင်းရင် ကျေနပ်တယ်။ အမိုးပေါင်ကျိန်းကာမှကျိန်းရောတဲ့။
လောလောဆယ်တော့ မောင်စံဖားတို့တသိုက်လည်း နန်းရပ်နေပြည် ၀ှမ်းချီဆင်နွှဲသဘင်ပွဲကြီးမှာ ကိုယ်စီကိုယ်စီ မုန့်ဗိုင်းတောင့် လုပ်နေကြရပါတယ်။ ခြိမ့်ခြိမ့်သဲသဲ သောင်းသဲအများ အားကစားပွဲတော်ကြီးဆိုတော့ ကြက်ပျံမကျစည်ကားမှာ အသေအချာပဲ။ အများဗိုလ်လူ အူအူကျွက်ညာ ၀င်လာမစဲ တသည်းသည်းရှိမှာဆိုတော့ မုန့်ဗိုင်းတောင့်ထွက်ရောင်းရရင်ဖြင့် သူဌေးဖြစ်ရချည်သေးရဲ့ လို့ တွေးတာ မဟုတ်ပါဘူး။ လူပေါင်းသိန်းသန်းများစွာ စုကာဝေးကာ ပါဝင်ဆင်နွဲကြတဲ့အချိန်မှာ ကိုယ်တို့ကျန်းမာရေးနဲ့ ပတ်သက်လို့ အရေးတကြီး အကူအညီလိုအပ်လာတဲ့အခါ လိုလျှင်ရစေ ကြိုးနှယ်ခွေ အဆင်သင့် ကြိုတင်ပြင်ဆင်မှုကလေးတွေ စီမံထားဖို့ တာဝန်ရှိတယ် မဟုတ်ဘူးလား။ ဘာပွဲလုပ်လိုက်လုပ်လိုက် မောင်ရင်တို့ ကြက်ခြေနီ အရံမီးသတ်တွေက ရှေ့ဆုံးက လတ်လျားလတ်လျား နေရာယူကြပေတယ် လို့ မျောက်စိနက်ပြီး မျက်စောင်းထိုးမယ့်သူတွေ ရှိချင်လည်း ရှိမပေါ့လေ။ ဒါပေသိ အရေးရယ် အကြောင်းရယ်ရှိလို့ ဘေးကင်းရန်ကွာ လုံခြုံရာအရပ်ကို အထိအခိုက်အနာတရမရှိ ပို့ပေးနိုင်ဖို့အတွက်က သူတို့ရှိမှဖြစ်မှာလေ။ လမိုင်းပွဲ ရှင်ဥပဂုတ်ပွဲတွေတင်ရုံနဲ့ ပြီးမသွားဘူး။ တကယ်တမ်းဖြစ်လာကာမှ အရပ်ရှစ်မျက်နှာက ကယ်ကြပါဦးရှင်တွေဆီကို ဘယ်ဘက်က ၀င်ကယ်ရမှန်းမသိဖြစ်တော့လည်း ကိုယ်ပဲ အပြောခံရဦးမှာ။ ခြင်ကလေးကိုက်တာတောင် နိုင်ငံခြားသတင်းစာထဲ ရောက်နေတဲ့ခေတ်မှာ ကုလားသိုက်ကျားကိုက်တုန်း ခွေးအလှည်းနင်းဖြစ်နေရင် ကိုယ့်တိုင်းပြည်ပဲ သိက္ခာကျရမှာ။ ဒါကြောင့် ဘယ်သူတွေဘယ်လိုထင်ထင် ကိုယ့်အလုပ်ကိုယ်လုပ်ရတာပ။
သူများနိုင်ငံတွေမှာလည်း အဲသလိုမျိုး ပွဲတကာ့ပွဲဆင်နွှဲလာတာ အကြိမ်ပေါင်း နည်းတော့တာမှ မဟုတ်ပဲ။ သူတို့တွေ ဘယ်လိုလုပ်နေသလဲ မလေ့လာလို့ ဖြစ်ပါ့မလား။ ဂျပန်သွားတုန်းက အဲသလိုကိစ္စမျိုးနဲ့ ပတ်သက်ပြီး ဘယ်လိုတွေ ပြင်ဆင်ထားရသလဲ ထဲထဲဝင်ဝင် သင်ခဲ့ကြည့်ခဲ့ဆွေးနွေးခဲ့ရတယ်။ သူတို့ဆီမှာ အဲဒါနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူစပါယ်ရှယ်လစ်တွေတောင် ရှိတယ်။ လူစုလူဝေး ဆေးပညာ လို့ နံမယ်ပေးရမလားမသိဘူး။ သူတို့ကတော့ Mass Gathering Events လို့ခေါ်တယ်။ လူတွေအများကြီးစုဝေးနေတဲ့အခိုက်မှာ ဘေးအန္တရာယ် တစုံတခုနဲ့ တွေ့ကြုံရရင် လူအများအပြား သေကြေပျက်စီးနိုင်တဲ့အတွက် အထိအခိုက်အနာတရ နည်းသထက်နည်းအောင် ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ ဆိုတဲ့ ဘာသာရပ်ဖြစ်ပါတယ်။ သူတို့ကတော့ အစစအရာရာ စံနစ်တကျကို ပြင်ဆင်ထားတယ်။ လူတစ်သိန်းလာမယ်ထင်ရင် လူတစ်သိန်းထဲမှာ အိမ်သာတက်ချင်တဲ့သူ ဘယ်နှစ်ယောက်ပါနိုင်သလဲ။ အဲသည်လူတွေအတွက် အိမ်သာအလုံအလောက်ရှိပါ့မလား ဆိုတာပါ မကျန်ဘူး။ အ၀င်အထွက် အတက်အဆင်း ဘယ်နေရာမှာမှ စုပြုံပြွတ်သိပ်ပြီး တိုးမနေအောင်လည်း စီစဉ်ထားတယ်။
အပိုတွေပါလေ။ မယောင်ရာဆီလူးပြီးနှမ်းဖြူးသောအတတ်ပညာ လို့တော့ မထင်နဲ့ဗျ။ ၂၀၀၉ နှစ်သစ်ကူးပွဲတုန်းက ပြင်သစ်သံရုံးက ကလေးတစ်ယောက် ဘန်ကောက်မှာ နိုက်ကလပ်မီးလောင်တဲ့အထဲ ပါသွားတယ်။ ကောင့်ဒေါင်းလုပ်တဲ့ဗျောက်အိုးမီးပန်းက မီးထလောင်တဲ့အခါ အခန်းထဲဒန်းစင်းကွင်းလုပ်နေတဲ့ လူအုပ်ကြီးခမျာ မီးခိုးလုံးတွေနဲ့ ထွက်ပေါက်ရှာမတွေ့ဖြစ်ပြီး ပြေးပေါက်မှားတဲ့သူတွေ အများကြီးသေကုန်ရတယ်လေ။ လူအားနဲ့ဝန်အား တွက်ချက်ပြင်ဆင်မထားလို့ သင်္ကြန်မဏ္ဍပ်ကြီး ကျိုးကျတဲ့အဖြစ်လည်း ကြားဖူးမှာပေါ့။ ဆယ်ရေးတစ်ရေး ကိုးရေးတစ်ရာပဲဖြစ်ဖြစ် အားကစားကွင်းထဲမှာ အရေးရယ်အကြောင်းရယ် တစုံတရာဖြစ်ပွားခဲ့သည်ရှိသော် ဘတ်စကားအပေါက်ဝ ပြုံတိုးသလိုတိုးဖို့ မဖြစ်နိုင်ဘူး။ ကိုယ့်လူမျိုးတွေ စည်းကမ်းမရှိပုံလည်း သိသားနဲ့။ ဒါကြောင့် သူတို့က မပြင်နိုင်တောင် ကိုယ်က ပြင်ပြင်ဆင်ဆင် ကြောင့်ကြောင့်ကျကျ ရှိနေရတာ။ ကမ္ဘာပေါ်မှာ ဘယ်လေယာဉ်ပျံထွက်ထွက် လေယာဉ်မယ်ကလေးတွေ ရှေ့ကသရုပ်ပြတာမရှိပဲ ပျံလို့ရသလား။ ခုလည်း မြေပြင်ပေါ်မှာပေမယ့် သူတို့လေးတွေ ဘယ်လိုလေ့ကျင့်ပြင်ဆင်နေရသလဲသိရင် မုန့်ဗိုင်းတောင့်တောင် စားချင်တော့မှာ မဟုတ်ဘူး။
သူတို့လည်း ပုဆိုးကြီးလှန် ပေါင်လုံးကြီးနဲ့လှိမ့်နေရတယ် လို့ ပြောတာ မဟုတ်ဘူးနော်။ တစ်နေ့တစ်နေ့ မနက်လင်းတာနဲ့ လူရောကားရော ကွင်းထဲအရောက်ထွက်ရတာ မိုးကြီးစုပ်စုပ် ချုပ်လုကရော။ ထမင်းဆိုတာ မီးဘေးဒုက္ခသည်ဝေတဲ့ အထုပ်ကလေးတွေလို ကွင်းထဲအရောက်လာပို့မှ စားရတာ။ လုံခြုံရေးကြောင့် အထဲကလူလည်း အပြင်ကဒီးကဒီး ထွက်လို့ မဖြစ်ဘူး။ အပြင်ကလူလည်း အထဲကို ဥဒဟိုဝင်ထွက်သွားလာလို့မရဘူး။ ရေဆာလို့ ၀ယ်သောက်ဖို့ မစဉ်းစားနဲ့။ ဘာသည်မှ မရှိ။ တာဝန်တွေအသီးသီး သူ့နေရာသူထောင့်စေ့အောင် ခိုင်းထားတာဆိုတော့ တချို့လည်းကားပေါ်၊ တချို့လည်း ကွင်းထဲ၊ ဟော်တယ်ထဲကစောင့်လိုစောင့်၊ အားကစားရွာကဆေးခန်း ထိုင်လိုထိုင်၊ ဆေးအဖွဲ့လို့ တလိုက်တာနဲ့ ပြေးတဲ့လို့အရောက်လာနိုင်အောင် ပုဝါတစ်ကမ်းလက်တစ်ကမ်းမှာ ထားရတယ်။ ညနေစောင်းလို့ အိမ်ပြန်ဖို့လည်း မပြင်နဲ့ဦး။ လက်တွေ့လုပ်ငန်းခွင် ဖြစ်စဉ်အခက်အခဲများရဲ့ အနီးအဝေး နဲ့ အကြီးအသေးကို အစည်းအဝေးနဲ့ ဆုံးဖြတ်ကြတာမို့ သန်းခေါင်ကိုညဥ့်မှတ်ပါလို့ ဇာတ်ဆက်ကရတယ်။ အိမ်ပြန်စရာ မရှိတဲ့ ဧည့်ဆရာဝန်များကျတော့ ကိုယ်ချင်းကိုယ်ချင်းတွေပဲကွယ်။ ဖြစ်သလိုလေး သည်းညည်းခံ စံမြန်းကြတာပေါ့။ လူကြီးတွေလည်း တတ်နိုင်သလောက် စီစဉ်ပေးရှာသားပဲ။ အဆင်မပြေတာလေးတွေ နားလည်ပေးလိုက်ကြတာပေါ့။ လူကြီးပီပီ ကိုယ့်ကိုငါးဆယ်ပေးပါ ကလေးရယ် ပဲ ဆိုစရာရှိတယ်။ စခန်းပေါင်းများစွာရှိတဲ့အနက်က ကိုယ်ရောက်နေတဲ့ဆေးရုံမှာတင် နေ့စဉ်လူနှစ်ရာစာထက်မနည်း ချက်ပြုတ်ကျွေးမွေး စီစဉ်နေရတာ စဉ်းစားကြည့်ပါလေ။ အလှူလုပ်တဲ့သူတောင် တစ်ရက်ပဲ ပင်ပန်းဦးမှာ။ နောင်ကျတော့ ပျော်စရာကောင်းလိုက်တာလို့ အမှတ်ရနိုင်အောင် လောလောဆယ်တော့ တောင့်ထား သူငယ်ချင်းလို့ အချင်းချင်း အားပေးနေရတာပေါ့။
လိုရင်းအချက်ကတော့ တစုံတရာ အရေးပေါ်လာရင် တောင်ကူးမြောက်ပြေး ရွာဆော်ကြီးခွေးလုပ်နေလို့ မဖြစ်ဘူး။ အထဲမှာ ဘယ်သူရှိမလဲ။ အ၀မှာ ဘယ်သူစောင့်မလဲ။ ဘယ်သူက ဘာလုပ်ပေးနိုင်သလဲ။ ဘယ်နေရာမှာ ဘယ်သူစောင့်နေသလဲသိမှ လူနာကို လိုအပ်သလို သင့်ရာအပ်ပို့နိုင်မှာပေါ့။ ကိုယ်တို့ဆီကပိုက်ဆံတတ်နိုင်တဲ့လူနာတွေတောင် တစ်ခုခုဆို ဘန်ကောက်သွားကုမယ် စင်္ကာပူသွားကုမယ် တကဲကဲ ဖြစ်နေတဲ့အချိန်မှာ သူများနိုင်ငံကိုယ်စားပြုတဲ့ အားကစားသမားတွေအတွက် ကိုယ့်တိုင်းပြည်မှာ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်ပါဘူး လို့ အထင်ခံ အပြောခံရရင် ဘယ်လောက် သိက္ခာကျသလဲ။ ဒါကြောင့် မယောင်သေးပေမယ့် လူးစရာဆီ အသင့်ဆောင်ထားရတယ်။ မုန့်မနူးသေးလည်း ဖြူးစရာနှမ်းကလေး အသင့်ထောင်းထားရတယ်လေ။
ကိုယ်တွေလိုပဲ အင်မတန်ပင်ပန်းရှာကြသူများကတော့ လုံခြုံရေးတာဝန်ယူရသူများပါပဲ။ တစ်သက်လုံးပြောစရာဖြစ်မယ့်ကိစ္စ၊ အရှက်ရမယ့်ကိစ္စဖြစ်တာကြောင့် ပဲကြီးမနိုင်ပဲ ဖင်ဟင်းစားထားတယ်ပြောပြော၊ လုံခြုံရေးနဲ့ပတ်သက်လာရင် ဘာခြွင်းချက်မှမထားပဲ သတိကြီးကြီးထားပြီး စစ်ဆေးစောင့်ကြပ်နေရတာ လွယ်တယ်တော့ မမှတ်ပါနဲ့လေ။ ပြည်တော်ချစ်ကလေး စိန်မျောက်မျောက် စင်ပေါ်ရောက်မှ ခဲမလောက် အဖြစ်မခံနိုင်ပါဘူး။ ဧည့်သည်စောင်သည်တွေရှေ့ရောက်မှ ရေသန့်ဗူးတွေ ပလူပျံလာရင်လည်း ရှက်စရာကြီး။ (ပေါက်တဲ့သူတွေကတော့ ဘယ်ရှက်မလဲ။ ရှက်တဲ့သူတွေကသာ သူတို့မပေါက်အောင် လိုက်လိုက်ထိန်းရတာ) ညနေ နေကလေးစောင်းရင် ဆိုင်ကယ်အသစ်ကြီးတွေ တန်းစီလို့ မြို့တစ်ပတ်ပတ်ကြရသေးတာ ဆီတွေ ပေါလွန်းလို့တော့ ဘယ်ဟုတ်မလဲ။ တကယ်လို့များ ကျော်မကောင်းကြားမကောင်း ကိစ္စတွေဖြစ်လာခဲ့သည်ရှိသော်၊ အဲသည်ယုတ်မာပက်စက်သောအမှုကို ပြုသူတို့က ရှက်မှာလည်း မဟုတ်၊ အပြစ်မဲ့ပြည်သူတွေရယ်လို့ ညှာတာစာနာမှာလည်းမဟုတ်၊ အလကားနေရင်း ကိုယ့်တိုင်းပြည်သာ နိုင်ငံတကာအလယ်မှာ မျက်နှာမပြ၀ံ့ဖြစ်ရမှာဆိုတော့ ကြိုကြိုတင်တင် သတိဝီရိယနဲ့ ကာကွယ်ရုံကလွဲလို့ တခြားရွေးစရာလမ်းမရှိဘူး။ ဒါကြောင့် လုံခြုံရေးတာဝန်ယူထားရတဲ့သူတွေကို “မင်းတို့ မုန့်ဗိုင်းတောင့်ကလေးက ကောင်းလှပါသကော” လို့ သွားပြောရင်လည်း သူတို့က အီလယ်လယ်ကြီး ပြုံးပြပြီး “တို့လည်း ပေါင်တွေ ပွန်းလှပေါ့ မောင်ရာ” လို့ ပြန်ပြောလိမ့်မယ်။
နောက်တစ်ဖွဲ့ကတော့ လှလှပပ ကြွကြွရွရွ ၀တ်စားဆင်ယင် အပြင်ကကျင်းပနေသူ အလှမယ် အကမယ်ကလေးတွေပေါ့လေ။ နိုင်ငံတကာအဆင့် ပွဲလန်းသဘင်ကြီးဆိုတော့ ချိုမိုင်မိုင်နဲ့ ထွက်လို့မှ မရတာ။ သည်လိုပွဲမျိုးမှာ ပါးစပ်အဟောင်းသားနဲ့ အံ့အားကြီးသင့်သွားတာ ဘေဂျင်းအိုလံပစ်တစ်ပွဲပဲ ရှိတယ်။ အနောက်နိုင်ငံကလူတွေက ကွန်ပြူတာစကရင်ပေါ်မှာသာ အရောင်ကလေးတွေ အရုပ်ကလေးတွေ စည်းချက်ညီညီ အပိုအလိုမရှိ ကွက်တိလှုပ်ရှားနေအောင် ပြုပြင်ယူတတ်တာ။ ပေါက်ဖော်ကြီးတွေကတော့ လူပေါင်းအသိန်းအသောင်းကို ဆံခြည်တစ်မျှင်စာမျှ အလစ်အဟာ ထောက်ပြစရာ မရှိအောင် အရှင်လတ်လတ် ပရိုဂရမ်းမင်းလုပ်ပြသွားတယ်။ သူတို့ပွဲကြီးကြည့်လိုက်ရတာ လူဖြစ်ကျိုးနပ်သဟဲ့ လို့တောင် ခံစားရတယ်။ အခု တို့ဆီမှာလည်း ဘုန်းကြီးပျံရှိ အဲလေဟုတ်ပေါင် အားကစားဖွင့်ပွဲကြီး ရှိနေပြီလေ။ ဒါတွေအတုမခိုးလို့ ဘာတွေသွားအတုခိုးရမတုန်း။ အတုမခိုးပါဘူးလေ။ အစစ်ခိုးနိုင်အောင် တရုတ်ပြည်က ရှီးဖောကြီးတွေကိုယ်တိုင် လာရောက်သင်ကြားလေ့ကျင့်ပေးနေတာ နှစ်လသုံးလ ရှိရော့မယ်။ ညတိုင်းညတိုင်း ကွင်းထဲမှာ ရေမီးအစုံ နဲ့ လေထီးခုန်နေကြတာ ကြည့်ချင်လွန်းလို့ ကလိကလိနဲ့နေတာပဲ။ သို့သော် လုံခြုံရေးကြောင့် မဆိုင်သူ မကပ်နဲ့တဲ့ဆရာ။ MRTV က ဘွားဘွားကြီးပြတဲ့အခါမှပဲ အားရပါးရ တ၀ကြီး ရှုစားတော့မယ်။ သူတို့မုန့်ဗိုင်းတောင့်ကလေးတွေကလည်း ကောင်းမှကောင်းဗျ။ ခမျာများအတွက်တော့ ပေါင်ပွန်းတာထက်ပိုလိမ့်မယ်။ မနက်နေမထွက်ခင် ကွင်းထဲအရောက်ကနေ မနေမနား လေ့ကျင့်ဇာတ်တိုက်ရတာ အစောဆုံးက ညဆယ့်တစ်နာရီလောက်မှ တန်းဖြုတ်နိုင်သတဲ့။ အိမ်အပြန်ညဥ့်နက်နက်မှာ သီချင်းလေးဆိုဖို့ အသံတောင် မထွက်နိုင်တော့ဘူး။
တတပ်တအား အများနဲ့ကူရတဲ့ မုန့်ဗိုင်းတောင့်ပွဲတော်ကြီးမှာ ပြည်သူချစ်သော အနုပညာသည်များကလည်း စိုင်းစိုင်းဘိန်းမုန့်၊ ၀တ်မှုန်အချိုရည်၊ ပီမတ်ဆနွင်းမကင်းလေးဘာလေး လုပ်ကြဖို့ ပြင်ဆင်ကြရပါသေးတယ်။ “ဟင် တစ်ယောက်ကို စင်ပေါ်မှာ အချိန် ဒလောက်ပဲရမှာလား” ဆိုပြီး စိတ်ဆိုးတဲ့သူတောင် ဆိုးကြလို့။ “အမကြီး မ၀သေးရင် မျှော်စင်ကျွန်းမှာ ထပ်ချိန်းပေးပါ့မယ်။ ခုတော့ နောက်လူအလှည့်ပေးလိုက်ဦးနော်” လို့ ချော့ရတယ်။ ပန်းခြင်းကလေးတွေအလှပြင်တဲ့အခါ ငွားငွားစွင့်စွင့် ခေါင်ပွင့်ကြီးတွေကို မြင်သာထင်သာအောင် ဘေးက၀န်းကာရံကာ ဖော်ထားရသလို အခုလို ဗိုလ်ရှုသဘင်ကြီးမှာလည်း သူတို့မျက်နှာကလေးတွေ ဘွားကနဲဘွားကနဲတွေ့လိုက်ရရင် ပရိတ်သတ်က မျက်လုံးကိုမလွှဲတော့ဘူး။ ဒါကြောင့် ဆယ်လီဗျစ်တီ မုန့်ဗိုင်းတောင့်ကလေးတွေကလည်း ကောင်းချက်ဗျာ။ နောင်ကျမှသာ ဖေ့စ်ဘုတ်ပေါ် တည့်တည့်တစ်ပုံ ဘေးတိုက်တစ်ပုံကြီး လာလာမတင်နဲ့ပေါ့။ နားလည်ပေးပါ ပုလိပ်တပ်ကြီးရယ်။ ကျွန်တော် ဂလောက်ထိ ကောင်းခဲ့တာကို။
ခုချိန်မှာတော့ အားလုံးအားလုံး ဖတ်ဖတ်ကိုမောပြီး သောသောကိုညံနေတာပဲ။ ပင်ပန်းလည်း အားခဲထားရတုန်းပဲ။ အပြင်က တောပြောတောင်ပြောတွေ နားစိုက်ထောင်နေရင် အမောပြေနိုင်စရာ မရှိပါဘူး။ ဘယ်သူ့အတွက်မှ လုပ်နေတာလည်း မဟုတ်ဘူး။ ဘာအကျိုးအမြတ်မှ မျှော်ကိုးနေတာလည်း မဟုတ်ဘူး။ ကိုယ့်တိုင်းပြည် သိက္ခာကျမစိုးလို့၊ ကိုယ့်အိမ်နီးနားချင်းတွေအလယ်မှာ သေးသေးတင်ရော လုံးကြီးတင်တာပါ မခံနိုင်လို့ ကိုယ့်စားရိတ်ကိုယ်စား ငထွားခါးနာ ၀င်လုပ်နေရတဲ့သူချည့်ပဲ။ အားလုံးစိတ်ထဲမှာ အားခဲထားတာ ရွှေရဖို့လည်းမဟုတ်၊ ငွေရဖို့လည်း မဟုတ်၊ ကြေးရဖို့လည်း မဟုတ်ဘူး။ သည်ပွဲကြီး အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ ပြီးသွားတဲ့အခါ ခေါင်းပေါ်ရွက်ထားရတဲ့ ၀န်ထုပ်ဝန်ပိုးကြီး ဖုတ်ကနဲပြုတ်ကျသွားသလို ပျော်ပျော်ပါးပါး ကိုယ့်ဘာသာကိုယ် အောင်ပွဲသဘင်ဆင်ယင်နိုင်ဖို့ မျှော်လင့်မိတယ်။ ကဲ ကိုယ့်ရေခွက်ကလေးတွေ ကိုယ်ကိုင်ထား။ ချီးယားစ်ဗျာ။

0 comments:
Post a Comment