Thursday, December 5, 2013

အနော်ရထာခေတ် နဲ့ ရှင်အရဟံ

Thar Wa September 28, 2013 at 5:06am
အနော်ရထာနှင့် ရှင်အရဟံ မတိုင်မီ ကတည်းက ပုဂံ၌ ထေရဝါဒ သာသနာ ရှိခဲ့ကြောင်း ကျနော် ရေးခဲ့ပါတယ်။ အဲ့ဒီမှာ ရှင်အရဟံဟာ သထုံကရောက်လာတာလား၊ သီဟိုဠ်က ကြွလာတာလား၊ ပုဂံသားလား စသဖြင့်မေးစရာပေါ်ခဲ့ပါတယ်။ (မေးလည်း မေးခဲ့ပါတယ်) အနော်ရထာက သထုံကို စစ်မတိုက်ခဲ့ဘူး ဆိုရင် ရှင်အရဟံ ဆိုတာရော ပုဂံခေတ်မှာ တကယ်ရှိတယ်ဆိုတဲ့ သမိုင်း အထောက်အထား ရှိသလား။ ဒါကိုလည်း ရှာဖွေတင်ပြပေးဖို့ လိုပါတယ်။ ဦးကုလားရဲ့ မဟာရာဇဝင်ကြီး ပါတဲ့ ရှင်အရဟံ အကြောင်းကို အလျင်တင်ပြပါ့မယ်။ ပြီးမှ အထောက်အထားများနှင့် တိုက်ဆိုင် တင်ပြပါ့မယ်။


ဦးကုလားရဲ့ မဟာရာဇဝင်ကြီးမှာပါတဲ့ ရှင်အရဟံ အကြောင်း (လိုရင်းကိုချုံ့ရေးပါမယ်)

မဟာရာဇဝင်ကြီး စတုတ္ထတွဲ၊ အမှတ်စဉ် ၂၄၄ မှာ ရှင်အရဟံ အကြောင်း ဒီလိုပါ ပါတယ်။ သုနာပရန္တတိုင်း၊ တမ္မဒီပတိုင်း တို့မှာ သာသနာမရောက်သေးလို့ ရဟန္တာမြတ် တို့က သိကြားမင်း ထံပန်ကြားတယ်။ သိကြားမင်းက နတ်သားတစ်ပါးကို တောင်းပန်လို့ ပုဏ္ဏေးမ တစ်ယောက်ရဲ့ဝမ်းမှာ သန္ဓေနေတယ်။ အရွယ်ရောက်၊ ရဟန်းပြု၊ ကျမ်းဂန်တတ်။ ရဟန္တာဖြစ်။ ရှင်အရဟံလို့ ကျော်ကြားတယ်။ ပုဂံမှာ သာသနာမရှိသေးလို့ သာသနာပြုရအောင် ကြွလာတယ်။ မြို့တော်နဲ့ မနီးမဝေး တောအုပ်မှာ သီတင်းသုံးတယ်။ သိကြားမင်းက မုဆိုးတစ်ယောက်ကို လှည့်ပတ်ခေါ်လာပြီး ရှင်အရဟံနဲ့ တွေ့စေ တယ်။ တွေ့တော့ ဒါမျိုးမမြင်ဘူးလို့ လူမဟုတ်၊ ဘီလူးလို့ ထင်တယ်တဲ့။ လူဆိုရင်လည်း လူရိုင်းပဲ ဖြစ်ရမယ် လို့ ယူဆပြီး ဘုရင့်ထံခေါ်သွားတယ်။ (ရဟန္တာ တစ်ပါးရဲ့ သွင်ပြင်ကို ကြည့်ပြီး ဘီလူး တို့၊ လူရိုင်းတို့ ထင်တယ် ဆိုတာ အဓိပ္ပါယ် ရှိပါသလား ခင်ဗျာ) တရားနာပြီးလို့ ဘုရင်က ကြည်ညိုလို့ ကိုးကွယ်တယ်တဲ့။ ပြီးတော့ မင်းကမေးတဲ့အခါ ပိဋကတ် သုံးပုံ အစုံသုံးဆယ် သထုံမှာ ရှိတယ်။ သူ့လိုပဲ ရဟန္တာဖြစ်ပြီး ရဟန္တာမဖြစ်သေး အခြား သံဃာများလည်း အများအပြားရှိတယ်တဲ့။

ပိဋကတ် အစုံ ၃၀ ကိုတောင်းခိုင်းတယ်။ တောင်းတော့ သထုံမင်းက မပေးဘူး။ မချေ မငံ ဆက်ဆံလို့ စစ်တိုက်ယူတယ်။ (စဉ်းစားကြည့်ပါခင်ဗျာ။ ပိဋကတ် သုံးပုံ အာဂုံဆောင်နိုင်တဲ့ ရှင်အရဟံနဲ့ အခြား ရဟန္တာ အများအပြားရှိသေးရာ ပဋိကတ်သုံးပုံ စာရေးမူ ရဖို့ စစ်တိုက်ရတယ် ဆိုတာ အဓိပ္ပါယ် လုံးဝမရှိပါခင်ဗျာ) အဲဒီစစ်ပွဲဟာ မဖြစ်ခဲ့ကြောင်း အနော်ရထာခေတ် မတိုင်မီတည်းက ပုဂံ၌ ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားခဲ့သော သမိုင်းအထောက်အထားများ မှာ ရေးပြီးပါပြီ။

ရာဇဝင်ကြီးမှာ ပါတဲ့ ရှင်အရဟံ အကြောင်း အကျဉ်းက ဒီလောက်ပါ။

ရှင်အရဟံ ဘယ်ကကြွလာတာလဲ

ရှင်အရဟံဟာ သထုံကလား၊ သီဟိုဠ်ကလား၊ မဇ္ဈမဒေသ ကလား။ ဆိုတော့. . . ဦးကုလားမှာ (မဟာရာဇဝင်ကြီး) ရှင်အရဟံ ဘယ်ဒေသက ဆိုတာမပါဘူး။ ပုဂံရာဇဝင်ကြီး မှာလဲ ရှင်အရဟံ ဘယ်က ဆိုတာ ဖော်ပြမထားပါဘူး။ ရှင်အရဟံဟာ ဘယ်အရပ်ဒေသက ကြွလာတယ် ဆိုတာ ကျောက်စာ အထောက်အထား (ရှေး/သုမှ ထုတ်ဝေပြီးသမျှ) လဲ မတွေ့ပါဘူး။ ဒီတော့ အထောက်အထား မတွေ့သေးမျှ ရှင်အရဟံကို ဘယ်ကပါလို့ ပြောလို့မရသေးပါဘူး ခင်ဗျာ။ (အထောက်အထား သိသူများ ရှိရင် တင်ပြကြပါ)


ဒါဖြင့် ရှင်အရဟံ မရှိဘူးလား

ရှင်အရဟံဆိုတဲ့ သာသနာပိုင် ရဟန်းတော်ကြီး ကို လှူ တဲ့အကြောင်း အလောင်းစည်သူမင်း ထိုး ကျောက်စာ ရှိပါတယ်။ ဒီတော့ ၎င်းကျောက်စာ အထောက်အထားရ ရှင်အရဟံ ရှိတယ်လို့ အဖြေထွက်ပါတယ်။ ပုဂံရာဇဝင်ကြီးမှာလဲ ရှင်အရဟံဟာ အနော်ရထာမှ အလောင်းစည်သူ ခေတ်ဦးတိုင် သက်တော်ရှည်ရဟန်းကြီး ဖြစ်ကြောင်းပါရှိပါတယ်။

ပုဂံရာဇဝင်ကြီး မှာလဲ အန်ာရထာနဲ့ ရှင်အရဟံ လက်တွဲ သာသနာပြု တယ်လို့သာ ပါပြီး ဦးကုလားရေးသလို ထိုးဇတ်ဆန်ဆန် ဇာတ်လမ်းတွေ မပါရှိကြောင်း ပြောရင်း နိဂုံးချုပ်ပါတယ်။

(မှားရင် ပြင်ကြပါ)

ကျမ်းကိုး။ ။ ဘုန်းတင့်ကျော် = နှစ်ပေါင်းနှစ်ထောင်ကျော်ပြီ ဖြစ်သော မြန်မာသမိုင်း (၁၊၂)

ပုဂံရာဇဝင်ကြီး

ဦးကုလား = မဟာရာဇဝင်ကြီး


(ကိုသာဝ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...