အသင့် ပြင်ထားပါ သမ္မတကြီး
Yethuya Naing to Myanmar Breaking News
ဒီနေ့ဟာ
သူရဲကောင်းတို့အရိုးတွေ
အိုးဝေလို့ ထတွန်တဲ့နေ့။
မင်းကိုနိုင်
ဒီနေ့ဟာ
သူရဲကောင်းတို့အရိုးတွေ
အိုးဝေလို့ ထတွန်တဲ့နေ့။
မင်းကိုနိုင်
သမ္မတလောင်းရွေးတဲ့နေ့က ကိုမင်းကိုနိုင်က ထိုသို့ရေးသား ဟစ်ကြွေးခဲ့သည်။
x x x x x x x x x x x နှစ်ပေါင်းများစွာ ပြည်သူတွေဝေးကွာခဲ့ရသည့် အရပ်သားသမ္မတစစ်စစ်ကို တင်မြှောက်နိုင်ခဲ့ပြီ။ လမ်းမ တွေပေါ်မှာ၊ ဆိုက်ကားဂိတ်တွေမှာ၊ လက်ဖက်ရည်ဆိုင်တွေ မှာ၊ လူမှုကွန်ရက်မှာ၊ ဈေးတွေထဲမှာ ထိုသတင်းက တစ်ယောက်ထံမှ နောက်တစ်ယောက်ထံသို့ ပျံ့လွင့်နေခဲ့သည်။
ပြည်သူတွေ ဝမ်းမြောက်ခဲ့ကြပြီ။ မျှော်လင့်ချက်တွေ စရှင်သန်လာပြီ။ ဦးထင်ကျော်။ သူတို့ သည်နာမည်ကို မကြာဘူး။ သူတို့သည်သမ္မတကြီးကိုမမြင်ဘူး။အပျော်တွေ၊ ပျော်ကြသည်။
ပျော်နေကြသည်။
သို့သော် ပြည်သူတွေသမ္မတဖြစ်စေချင်သူက ဒေါ်အောင်ဆန်းစုကြည်။
ဒေါ်အောင်ဆန်းစုကြည်သမ္မတမဖြစ်နိုင်တော့သည့်အခါ
ဒေါ်အောင်ဆန်းစုကြည် ရွေးပေးသည့်သမ္မတကို ပြည်သူတွေက လိုလိုချင်ချင် လက်ခံခဲ့ကြသည်။ မည်သည့်မီဒီယာက ဦးထင်ကျော်ကို ရုပ်သေးသမ္မတဟုပြောပြော ပြည်သူတွေအနေဖြင့် ဦးထင်ကျော်ကို ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စားသတ်မှတ်ကာ တို့သမ္မတကြီးဟု ဂုဏ်ယူကြသည်။ လက်မထောင်ကြသည်။ လူတစ်ယောက်၏ရိုးဂုဏ်က လူအများရဲ့ရင်ထဲ တစ်မုဟုတ်ချင်း ပျံ့နှံ့သွားသည်။ သမ္မတ၊ ငါတို့သမ္မတ။
x x x x x x x x x x x
ကဗျာဆရာကြီး မင်းသုဝဏ်၏ ဇာတိဖြစ်သော ကွမ်းခြံကုန်းမြို့တွင်တော့ ဦးထင်ကျော်သမ္မတဖြစ်သည် ကို ဂုဏ်ယူဝမ်းမြောက်သည့်အနေဖြင့် ပျော်ပွဲရွှင်ပွဲတွေလုပ်ခဲ့ကြသည်။ ထို့အပြင် မြို့ကြီးအချို့တွင်လည်း သမ္မတ သစ်ဦးထင်ကျော်ကို ကြိုဆိုသည့်အနေဖြင့် စတုဒီသာ ကျွေးပွဲများလည်း လုပ်ခဲ့ကြသည်။ နိုင်ငံတကာကလည်း ဂုဏ်ပြုခဲ့ကြသည်။ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ အိန္ဒိယဝန်ကြီးချုပ်မိုဒီ၊ တရုတ်သမ္မတစသဖြင့် ကမ္ဘာ့ခေါင်း ဆောင်များက လူမှုကွန်ရက်တွင် ဝမ်းမြောက်ကြောင်း ရေးသားခဲ့ကြသည်။ ပြည်သူတို့၏ အသည်းနှလုံးသည် ဒေါ်အောင်ဆန်းစုကြည်ရွေးချယ်သော အရပ်သားစစ်စစ် သမ္မတနှင့်အတူ ဝမ်းမြောက်စွာ လန်းဆန်းလာခဲ့သည်။ နွေနေပူပူမှာ ပြည်သူတွေဝမ်းမြောက်စရာ သတင်း ကောင်းနှင့်အတူ အေးမြနေကြသည်။
အလံကို
ထိပ်ဆုံး လူလက်
ထိလုလု အချိန်
ချောတိုင်ရင်းကို
တင်းတင်းဖက်ထားတဲ့
အောက်ဆုံးလူ ပခုံးသားမျိုး
တို့နှလုံးသားတွေ
သန်မာစမ်းပါရစေ...။
မင်းကိုနိုင်
လောကမှာ ရိုးသားတဲ့လူတွေ နေရာမရဘဲ၊ မရိုး သားတဲ့လူတွေပဲ ထိပ်ဆုံးရောက်သွားသတဲ့။ မြန်မာပြည် မှာ၊ စစ်အာဏာရှင်ခေတ်မှာ ရိုးရိုးကျင့်၊ မြင့်မြင့်ကြံသူတို့ ကျဆုံးခဲ့ရသည်။ မိမိကောင်းစာရေးအတွက် အရာအား လုံးကို ချနင်းသည်။ အားကြီးလျှင် အနိုင်ယူမည်။ ဖိနှိပ် မည်။ တောရိုင်းဝါဒက ခေါင်းတထောင်ထောင်။ အာဏာ နှင့်အစွယ်ရှိလျှင် အားလုံးရှိသည့်ခေတ်။ သို့သော် တရား မျှတမှုသည်မသေ။တရားမျှတမှု မသေအောင် မတရားသူ တို့ လက်ထက်တွင်ဘဝများစွာပေးဆပ်ခဲ့ရသည်။ ဘဝ..ဘဝ..များစွာ။နှစ်ပေါင်းများစွာ..။
သူများကိုနင်းပြီးတက်မှ အပေါ်ရောက်နိုင်သည် မဟုတ်တော့။
x x x x x x x x x x x
သန်မာသည့်နှလုံးသားတွေ။
x x x x x x x x x x x
ရိုးရိုးသားသား ကိုယ်လုပ်စရာရှိသည်ကို လုပ်နေ လျှင်လည်း ထိပ်ဆုံးသို့ ရောက်နိုင်သည်သာ။ဦးထင်ကျော် သည်အရင်က ချောတိုင်ရင်းကို တင်းတင်းဖက်ထားသည့် အောက်ဆုံးလူ။ ယခုတော့ သူ့ကို ထိပ်ဆုံးသို့တင် ပေးကာ ပြည်သူတွေက ချောတိုင်ရင်းကို တင်းတင်းဖက် ထားကြသည်။
သမ္မတ ရွေးချယ်တင်မြှောက်သည့်နေ့က သမ္မတ အမည်ကြေညာသည့်အခါကဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် ကြည်ကြည်နူးနူး၊ ဝမ်းမြောက်ဝမ်းသာဖြင့် လက် ခုပ်တီးနေသည်ကို တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်။ အမေအို၊ အဘွားအို သူ့မျက်နှာမှာအပျော်တွေ ပြည့်နေ သည်။အသက်အရွယ်နှင့်
မမျှ တက်ကြွလန်းဆန်းနေသည်။
ငါတို့တိုင်းပြည်၊ ငါတို့မြန်မာပြည်၊ ငါတို့ မြန်မာခေတ် ရောက်ရမည်။ငါတို့ဘဝတွေထွန်းတောက်ရမည်။
ငါတို့ အနာဂတ်၊ ငါတို့မျိုးဆက်။ ခေတ်ကောင်း၊ စနစ်ကောင်း။ လူကောင်းသူကောင်း။ တစ်တိုင်းပြည်လုံး မြူးကြသည်။ ဈေးထဲမှာ၊ အရပ်ထဲမှာ၊ ကားဂိတ်မှာ၊ သင်္ဘောဆိပ်မှာ၊ အလုပ်ခွင်မှာ။ နေရာအနှံ့၊ အပျော်တွေ အနှံ့ပျံ့လို့။
''ယူပါ။ ထိပ်ဆုံးက အလံကို လှမ်းယူပါ''
ဦးထင်ကျော်။ သူကတော့ ထိုအောင်ပွဲကို ပြည်သူ တို့အောင်ပွဲဟု ဆိုခဲ့၏။
''ပြည်သူတွေရဲ့ စေတနာ မေတ္တာနဲ့ ဖြစ်တာပါ။ ပြည်သူတွေရဲ့ အောင်ပွဲပါ။ အစ်မဒေါ်အောင်ဆန်းစု ကြည်ရဲ့ အောင်ပွဲပါ''ဟု ဦးထင်ကျော်က ပြောခဲ့သည်။
''လောကမှာကိုယ့် အသက်ဆက်ဖို့အတွက်
တခြားဘဝတွေ ဆုံးရှုံးမသွားဖို့ဘဲ
နှလုံးသားမှာ သတိရှိနေဦး
စွန့်လွှတ်ဖို့ အသင့်ပဲ။
ရည်ရွယ်တာတွေ မဖြစ်သေးလည်း
သန့်သန့်ရှင်းရှင်း နေထိုင်အသက်ရှင်မယ်''
ထူးအိမ်သင်
လောကတွင် ဘူးသီးမှ အရီးတော်ချင် သူများ လည်းရှိသည်။ ယခုလိုအခြေ အနေမျိုးရောက်ခါမှ အမေ၊ အမေ ဖြစ်လာသူများလည်း ရှိသည်။ ယခင် အဘ၊ အဘဟု ခေါ်ခဲ့သူများသည် ယခု အစ်မ၊ အစ်မဟုခေါ် လာကြသည်။ သာကူးများက နေရာအနှံ့။အချိန်အခါ ကိုက်အလှူအတန်းရက်ရောသည့် ခရိုနီကြီးများ၊ ခရိုနီ ပေါက်စနလေးများ၊ ခရိုနီလက်ဝေခံလေးများ၊ ဟိုပညာ ရှင်၊ ဒီပညာရှင်များ၊ကျော်ကြားသူ များ၊ ကျော်လည်း မကျော်၊ မကြားလည်း မကြားဖူးသော သူများနေရာရဖို့ လုံးပမ်းကြတော့သည်။
တချို့ကတပည့် တပန်းများကတစ်ဆင့်နေရာရဖို့ အော်ခိုင်းသည်။ ထိုက်တန်ကြောင်းမသိမသာ ချိတ်ဆက် သည်။ မရရတာနဲ့ရအောင် ချိတ်ဆက်သည်။ နေရာ၊ မင်းဆရာ၊ ဝန်ကြီး။ တချို့သိသိသာ ပေါ်ပေါ်ထင်ရူးသည်။ တချို့မသိမသာ။ အိမ်ရှေ့ကဝင်ဖို့ကြိုးစားသည်။ ဘယ် တိုးပေါက်က လျိုရမလဲ တဂျောင်းဂျောင်းနဲ့ ချောင်း တော့သည်။ ဒါပေးလျှင် ဒါပြန်ရမည်ဟုတွေးသည်။ စေတနာသည်ကံဖြစ်သည်ကိုမတွေး။ ဒီမိုကရေစီခရီး ကြမ်းကြီးတွင်သွေးတို့ မခြောက်သေး၊ အရိုးတို့ မဆွေး သေး။ ပေးဆပ်ခဲ့သူတွေတောင် ထိုက်တန်မှရမည်ဆို လျှင် မပေးဆပ်ခဲ့သူတွေ မရှက်မကြောက် ရရာအပေါက် က တိုးလျှိုးဝင်ဖို့လုံးပန်းနေကြသည်ကို မြင်ရတွေ့ရကြား ရသည်မှာ မသတီစရာကောင်းသည်။
"လူ့ဘဝဟာ ရခဲလွန်းလှတယ်
ကိုယ့်ဘဝကို အလွှဲသုံးစာမလုပ်နဲ့
တစ်နေ့နေ့ သေခြင်းတရားမှာ
အားလုံး အဆုံးသတ်ရမယ်။
ရှင်သန်ချိန်တွေ တိုတောင်းလွန်းတယ်
မကောင်းမှုလုပ်ဖို့ အချိန်တွေနှမြောပါတယ်။"
ထူးအိမ်သင်
ဒီမိုကရေစီလှုပ်ရှားမှုတွင် လက်ပင်မမြှောက်ဖူးသူ များက ယခုအခါတွင် ဝန်ကြီးနေရာ တောင်းလာကြ သည်အထိပင် ရှိသည်ဟု ဦးဝင်းထိန်က ပြောခဲ့ဖူးသည်။ မြန်မာ့နိုင်ငံရေး ရေချိန်ကိုကြည့်၍ နိုင်ငံရေးအမြတ်ထုတ် လိုသူများသည် NLD နှင့် NLD အစိုးရအဖွဲ့ကို စောင့် ကြည့်ကာ မင်းသားကြီးမလုပ်ရပါက ပတ်မကြီးထိုး ဖောက်လိုသူများရှိသည်။ အခုပင် ထိုးဖောက်နေသူများ ရှိနေပေသည်။ ထိုသူများက ယခုကာလတွင်မှ ရှိသည် သာမဟုတ်။ ဗိုလ်ချုပ်အောင်ဆန်း ခေတ်တွင်လည်း ရှိသည်။ ဦးနုလက်ထက်တွင်လည်း ရှိသည်။ ဦးနေဝင်း လက်ထက်တွင်လည်း ရှိသည်။ ဦးသန်းရွှေခေတ်တွင် လည်း ရှိသည်။
အာဏာရူးတာက ကြောက်စရာကောင်းသည်။ သူတို့လိုချင်သည်က နေရာသာ။ တာဝန်ကိုမဟုတ်။ ပြည်သူကို အကျိုးပြုရန်မဟုတ်။ ဦးထင်ကျော်မှာ ထိုသို့ မဟုတ်။ သမ္မတနေရာရရေး မကြိုးပမ်းခဲ့။ သို့သော် ပြည်သူတွေကိုပေးဆပ်ဖို့တော့ သူကြိုးပမ်းလိမ့်မည်။ထို အတိုင်းသာ မျှော်လင့်သည်။
"အသင့်ရှိပါ သမ္မတကြီး။ကြိုဆိုပါတယ် သမ္မတကြီး"
ဦးထင်ကျော်ကို ရွေးချယ်ခဲ့ခြင်းနှင့် ပတ်သက်၍ လည်း ဒေါ်အောင်ဆန်းစုကြည်က ပါတီအပေါ် သစ္စာရှိမှု နှင့်
ရိုးသားမှုကို အခြေခံသည်ဟု ဆိုခဲ့သည်။ သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်သည့်လုပ်ငန်းစဉ် စတင် သည့် မတ်လ(၁ဝ)ရက်နေ့က ပြည်သူသို့ပန်ကြားစာရေးခဲ့သည်။
''ပြည်သူလူထု၏ ဆန္ဒများကို အပြည့်အဝ အကောင်အထည်မဖော်နိုင်မကာလအတွင်းကျွန်မတို့ နိုင်ငံအေးချမ်းတည်ငြိမ်စွာဖြင့်လိုရာပန်းတိုင်သို့ ရောက် စေရန် ပြည်သူပြည်သားများအားလုံးက ဥာဏ်ပညာအမြော်အမြင်ဖြင့်ဝန်းရံထောက်ခံပေးပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်''
ဒေါ်အောင်ဆန်းစုကြည်၏ပန်ကြားစာထဲတွင်ဤသို့ထည့်ရေးထားသည်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ဆန္ဒကို ကောင်းကောင်းသိသည်။ ပြည်သူက သူမ ကို သမ္မတဖြစ်စေချင်သည်ကိုသိသည်။ သို့သော် ဖွဲ့စည်း ပုံအခြေခံဥပဒေအရ သူမသမ္မတရာထူးယူရန် မဖြစ်နိုင် သည့်အတွက် အခြားသူတစ်ဦးကို သမ္မတတင်မြှောက်ရ သည့်အခါ ပြည်သူများက နားလည်ပေးပြီး ဝန်းရံပေးရန် မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။
ဦးထင်ကျော် မည်မျှအထိ တိတ်တဆိတ်နေခဲ့သလဲ ဆိုလျှင် ၎င်းကို သမ္မတရွေးချယ်သောနေ့က ပြည်ပမီဒီ ယာအချို့တွင် ဦးထင်ကျော်ကို လက်ရှိတွင်အကျဉ်း ထောင်ထဲရောက်နေသော တက်ကြွလှုပ်ရှားသူတစ်ဦး ကို ဦးထင်ကျော်၏ဓာတ်ပုံနှင့် မှားယွင်းဖော်ပြခဲ့ကြ သည်။ ဦးထင်ကျော်ကို မီဒီယာများတွင် မတွေ့ရ၊ မီဒီယာများက သတိမထားမိ။
သူက တိတ်တိတ်ဆိတ် ဆိတ်။ သူသည် တစ်ပါးသူ၏ပြောစကားကို သေသေချာချာ နားစိုက်ထောင်တတ်သူဟု သူနှင့်တွေ့ကြုံဖူးသူ၊ နိုင်ငံရေးဆောင်းပါများ အမြဲမပြတ်ရေးလေ့ရှိသူ စာရေး ဆရာကြီးတစ်ဦးက မှတ်ချက်ပြုသည်။
ဦးထင်ကျော်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေစဉ် အချိန်ကသော်လည်းကောင်း၊ နေအိမ်အကျယ်ချုပ်မှ
ပြန်လည်လွတ်မြောက်လာသောအခါတွင်လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်၏အနီးတွင် မထင်မရှားရှိခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြုလုပ်သည့်ပွဲများတွင် မထင်မရှား။
သူ့ကို မည်သူမျှ သတိမထားမိ။
'ငါတို့ရဲ့သမ္မတကြီး ဦးထင်ကျော်'
ခေါင်းရွက်ဗျပ်ထိုးဈေးသည်ကြီး အားပါးတရ ပြော လိုက်သည့်အသံ။
ငွေရောင်ဆံပင်ခပ်ဝဲဝဲ၊ မျက်မှန်နှင့် မပြုံး၊ မရယ်။ တည်တည်ကြည်ကြည်။
နှစ်ပေါင်းများစွာ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံ ခဲ့ပြီး အခက်အခဲ၊ အတားအဆီးများ၊နာကျင်မှုများ၊တိတ်တိတ်ဆိတ်ဆိတ် ဖြတ်ကျော်ခဲ့သည့်လူတစ်ယောက် သမ္မတ ဖြစ်ခဲ့ပါပြီ။
အခုတော့ မြန်မာပြည်သူတွေ ကျေနပ်ခဲ့ရပြီ။ ကျေနပ်နေကြသည်။
''ကျွန်တော်တို့မိသားစုထက် တိုင်းသူပြည်သား အားလုံးအတွက်ကို ဝမ်းသာပီတိဖြစ်ရပါတယ်။ တိုင်း ပြည်ကောင်းလာဖို့ များတယ်လို့ပဲ ယူဆတယ်လေ။ ဖြစ် လာလိမ့်မယ်။ ဒါကတော့ သေချာသလောက်ပဲ။ အနှေးနဲ့ အမြန် အဲဒီလိုဖြစ်လာလိမ့်မယ်။ သူကိုယ်တိုင်လည်း စိတ်ရင်းသဘောထား အင်မတန်ကောင်းတယ်။ ဖြူစင် တယ်။ သန့်စင်တယ်။ နောက်ပြီးတော့ အဓိက လူတိုင်း ပြောနေတဲ့ လာဘ်စားတဲ့ကိစ္စပေါ့။ သူက လာဘ်စားတာ ကို အင်မတန်မှ ရွံမုန်းတဲ့လူတစ်ယောက်ဖြစ်တယ်''
ဦးထင်ကျော်အစ်ကိုဖြစ်သူ ဦဥာဏ်စိုးက 7Day သတင်းစာနဲ့ အင်တာဗျူးမှာပြောတဲ့ မှတ်ချက်စကား။ ဟုတ်သည်။ ပြည်သူများကလည်း မျှော်လင့်ကြသည်။
ပြည်သူများလည်း မောနေပြီ။ သူတို့ဘဝက ဝါးလုံး ခေါင်းထဲက ဆင်ကြီးလို လှုပ်မရ၊ လှည့်မရ ကျပ်တည်း နေခဲ့တာကြာခဲ့ပြီ။ နွေနေပူ လွင်တီးခေါင်ကိုဖြတ်လျှောက် လာခဲ့ရသော ပြည်သူတို့အဖို အရိပ်အေးအေးလေးကိုလိုချင်ခဲ့တာကြာပြီ။ ပြည်သူက
ဒေါ်အောင်ဆန်းစုကြည် ကို ယုံကြည်သည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ပေးသည့် သမ္မတကိုပါယုံသည်။ မျှော်လင့် သည်။ သို့သော် လျှောက်ရမည့်လမ်းကဝေးသည်။ ဝေး သည်နှင့်အမျှ ဝေဝါးသွားနိုင်သည်။ ဥာဏ်ပညာနှင့် ဆင် ခြင်တုံ တရားမပါသော ခရီးကိုလျှောက်လျှင် ရောက် ဖို့မလွယ်။ဝေးသွားနိုင်သည်။ ပိုဝေးသွားနိုင်သည်။
ဦးထင်ကျော်ကား ခပ်လျှိုလျှိုနေခဲ့သူဖြစ်ရာ သူ့ တွင် အစွန်းအထင်းမရှိ။ စကားကျွံခဲ့တာမရှိ။ တပ်မ တော်အပေါ် တူးတူးခါးခါး ပြောခဲ့တာမရှိ။ တိုင်းရင်း သားများအပေါ် ပြောခဲ့သည့်စကားမရှိ။ ပြောရမည်ဆို လျှင် သူပြောခဲ့သည့်ဝေဖန်ရေးစကားက မရှိသလောက် ပင်။ ထိုအချက်များကြောင့် တပ်မတော်နှင့် ဆက်ဆံရာ တွင် အဆင်ချောလိမ့်မည်။စစ်ဘက်။အရပ်ဘက်ဆက်ဆံ ရေး ချောမွေ့ဖွယ် ရှိမည်ဟုခန့်မှန်းရသည်။ForeignPolicyမဂ္ဂဇင်းမှဆောင်းပါးတွင် နိုင်ငံရေးသိပ္ပံပညာရှင် ကိုမင်း ဇင်က စစ်တပ်နှင့်ရင်းနှီးသော သတင်းရင်းမြစ် တော် တော်များများကပင် ဦးထင်ကျော်ကို လူကောင်းတစ် ယောက်ဟုမြင်ကြကြောင်း ရေးသားထားသည်ကို
တွေ့ရ သည်။
သို့သော် ယခုလက်ရှိအချိန်အထိတော့ ဦးထင်ကျော် ၏ သဘောထားတွေက မည်သို့မည်ပုံရှိသည်ကိုတော့ မသိရသေး။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဦးထင် ကျော်ကို ရွေးချယ်လိုက်ခြင်းမှာ အမျိုးသားရင်ကြားစေ့ရေး ခရီးလမ်းအတွက် အစကောင်းဟုထင်သည်။ တပ်မ တော်နှင့် ရင်ကြားပြန်စေ့ရမည်။ တိုင်းရင်းသားများနှင့် ရင်ကြားပြန်စေ့ရမည်။ ပြည်သူများနှင့် ရင်ကြားပြန်စေ့ရမည်။
အမျိုးသားရင်ကြားစေ့ရေးခရီး။ ဝေးနေသော် လည်း ရောက်နိုင်ပေသည်။
ဦးထင်ကျော်ကို ရုပ်သေးသမ္မတဟူ၍ ဝေဖန်မှုများ လည်းရှိသည်။ ထိုသို့ ဝေဖန်ခံရဖို့လည်း အကြောင်းရှိ သည်။ အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ရွေး ကောက်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲ၌ သမ္မတအထက် တွင်နေမည်၊ အရေးကြီးသော ဆုံးဖြတ်ချက်များကို သူမ ပင်ချမှတ်မည်ဟု ဆိုခဲ့သောကြောင့်ပင်။ ဒါကလည်း ဆန်း တော့မဆန်း။ ကိုယ်ကျိုးရှာလိုမှုကင်းပြီး စေတနာနဲ့ အနစ် နာခံလိုမှု၊ ကြိုးစားအားထုတ်လိုမှု ဒါတွေသာ အရေးကြီး သည်။ ပြည်သူတွေ ငတ်နေသည်မှာ အုပ်ချုပ်သူအစိုးရ ၏ စေတနာဖြစ်သည်။ ပြည်သူတွေ လိုချင်သည်မှာ ကိုယ်ကျိုးရှာမှုကင်းသော အစိုးရဖြစ်သည်။
ရုပ်သေးဟုမည်မျှပင်ကင်းပွန်တပ်ကြစေကာမူ ပြည်သူတို့၏ရင်ထဲက နှစ်နှစ်ကာကာချစ်သော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူအတွက်
ရွေးချယ်ပေးခဲ့ သော သမ္မတသာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အမေစုရွေး ပေးတာပဲကောင်းမှာပေါ့။ ငါတို့သမ္မတကြီး၊ ငါတို့ သမ္မတကြီး ဟူ၍ ပြည်သူများသည် ဈေးမှာ၊ လမ်းမှာ၊ လက်ဖက် ရည်ဆိုင်မှာ။
မြန်မာပြည်ကြီးရဲ့ကောင်းကင်မှာ လတစ်စင်းလို၊ နေတစ်စင်းလို ထွန်းလင်းတောက်ပ နေပေပြီ။
နွေရာသီ၏အပူရှိန်သည် ပြင်းထန်စွာ ပူပြင်းလျက် ရှိသည်။ သင်္ကြန်ဒိုးသံကမြူးလို့။ မြန်မာပြည်သူများ ကတော့ အရပ်သားစစ်စစ်သမ္မတကို သင်္ကြန်ဒိုးသံနှင့် ကြိုဆိုစောင့်မျှော်နေကြသည်။ နေသည် ပူလောင်နေတုန်း။ သို့သော ရွက်သစ်လေးတွေဝေနေသည်။ ပြည်သူတွေ သည်လိုမပျော်ဘူးခဲ့။ ပျော်စရာအသစ်။ သမ္မတသစ်၏ ခြေစွမ်းကိုလည်း မျှော်လင့်လျက်။ မျှော်လင့်ချက်တွေ လည်း မျှော်လင့်လျက်။ သမ္မတကြီး ပထမဆုံးပြောမည့် မိန့်ခွန်းသစ်ကိုလည်း စောင့်မျှော်နေကြသည်။ သမ္မတ တင်မြှောက်သောနေ့ကလည်း တစ်နိုင်ငံလုံးက စိတ်ဝင် တစား စောင့်ကြည့်ခဲ့ကြသည်။ ပြည်သူများ၏ လက်သန်းလေးများတွင် မင်များမရှိတော့။ သို့သော် ပြည်သူ တွေအတွက် သမ္မတရှိနေပေပြီ။ အသင့်ပြင်ထားပါ သမ္မတကြီးခင်ဗျာ။
ဓာတ်ပုံ-AFP

0 comments:
Post a Comment