♚ ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင် သို့မဟုတ် ယဉ်ကျေးမှုအသစ်ကို ဖန်တီးသူ ♚ ✯ အပိုင်း - ၁ ✯
Music Crazy Te Te Tar Tar
ယနေ့ခေတ်ကဲ့သို့သတင်းဆက်သွယ်ရေးနည်းပညာများသိပ်မထွန်းကားသေးခင်ကာလကပင်မိုက်ကယ်ဂျက်ဆင်၏ နာမည်သည် တရုတ်ပြည် ကုန်တွင်းပိုင်းမှ လူသူအရောက်အပေါက်နည်းသောကျေးရွာငယ်လေးမှအစ ရီယို ဒီဂျနီ ရိုး ရှိ ကြံစိုက် တောင်သူများအဆုံး သူ၏ နာမည်ကို ရင်းနှီးခဲ့ကြသည်။
”ပြန်လာရင်မိုက်ကယ်ဂျက်ဆင်ရဲ့ဓာတ်ပြားတချပ်လောက်ဝယ်ခဲ့စမ်းပါ။သူကတာတွေကကောင်းတယ်ဟဲ့” ဟု ပြောသူမှာ ၁၉၈၄ ခုနှစ်ခန့်က အင်ဒိုးနီးရှားနိုင်ငံ ဆူလာဝေဆီမှ အသက် ၅၀နှစ်ကျော်အရွယ် အမျိုးသမီးကြီးတဦး ဖြစ်သည်။
သူမနေထိုင်ရာ ဆူလာဝေဆီ ရွာလေးတခုမှနေ၍ ဂျကာတာ ရွှေမြို့တော်သို့သွားမည့် လူကြုံအားမိုက်ကယ်ဂျက်ဆင်၏တေးအယ်(လ်)ဘမ်ကို မှာကြားနေခြင်း ဖြစ်သည်။
သမ္မတရော်နယ်ရီဂင်လက်ထက်တွင်မိုက်ကယ်ဂျက်ဆင်ကိုသူ၏ကလေးသူငယ်များဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအစီအစဉ်များတွင်တက်ကြွစွာပါဝင်ဆောင်ရွက်မှုကြောင့် အိမ်ဖြူတော်၌ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနား၌ ရော်နယ်ရေဂင်က… “သူကသြဇာကြီးသူတွေထက် ပိုပြီး သြဇာကြီးသူ'' ဟု ဂုဏ်ပြုစကားဆိုခဲ့သည်။ ဇွန်လ ၂၅ ရက်နေ့က အသက်၅ဝနှစ်အရွယ်တွင်ကွယ်လွန်ခဲ့သည့်မိုက်ကယ်ဂျက်ဆင်၏ ဘဝသည် ရိုလာ ကိုစတာလို ဘဝမျိုး ဖြစ်သည်။အတက်အဆင်း၊အနိမ့်အမြင့်အကွေ့ကောက်အနှေးအမြန်တို့ဖြင့်ရင်ဖိုလှိုက်မောဖွယ်ရာဖြစ်သည်။
၁၉၅၈ သြဂုတ်လ ၂၉ ရက်နေ့တွင် သံမဏိစက်ရုံများ ပေါများ၍ ထိုစဉ်က ရာဇဝတ်မှုခင်းများ နေ့စဉ်လိုလို ရှိတတ်သောအင်ဒီယားနားပြည်နယ်၏လူသိနည်းလှသောဂါရီမြို့ငယ်လေးမှာနောင်တွင်ကမ္ဘာကျော်များထက် ပို၍ကမ္ဘာကျော်မည့်သူတဦးကိုလက်ဆောင်ရလိုက်မည်ဟု ဘယ်မြို့သူမြို့သားကမှ ထင်မှတ်မထားမိချေ။
ဂါရီမြို့သည် ဂျက်(စ်)ဘုရင် လူဝီအမ်းစထရောင်း မွေးဖွားရာ လူဝီစီယားနားပြည်နယ် နယူးအော်လန်း မြို့ကဲ့သို ဂီတသမားများ ကျက်စားရာ အနုပညာ ရေခံမြေခံကောင်းများရှိသော မြို့တမြို့ မဟုတ်ချေ။ အခြေခံ လူတန်းစားများနှင့် သံမဏိစက်ရုံ အလုပ်သမားများသည်သာ ထိုမြို့၏ သင်္ကေတ တခုဖြစ်သည်။ အာဖရို-အမေရိကန် အများစု အခြေချရာ ဂါရီမြို့မှာ ချီကာဂိုမြို့နှင့် ၂၅ မိုင်ခန့်အကွာမှ စက်မှုဇုန်မြို့တခုသာ ဖြစ်သည်။
မိုက်ကယ် အသက် ၆ နှစ် အရွယ်ကတည်းကပင် သူ၏ ညီအကို မောင်နှမများ တည်ထောင်ထားသည့် Jackson 5 အဖွဲ့တွင် ပါဝင်ခဲ့သည်။ ငယ်စဉ်ကတည်းကပင် ဂီတနှင့် ကခုန်ခြင်းကို ဝါသနာပါသည့်အတွက် စာသင်ခန်းရှိ အတန်းဖော်များနှင့် နေ့စဉ်လိုလို ချိန်းဆို၍ ကခဲ့ကြသည်။ ခရစ်ယာန် ဓမ္မပူဇာ တေးဖျော်ဖြေပွဲများမှာ သူ၏ ဝါသနာအတွက် အကောင်းဆုံး အစွမ်းပြခွင့်ရှိသည့် နေရာတခု ဖြစ်လာခဲ့သည်။
ငယ်စဉ်ကတည်းက ပါရမီ ရှိခဲ့သည့် သူ၏ အနုပညာ ဓာတ်ခံမှာ နောင်တွင် လီယွန် နယ်ရစ်ချီနှင့်အတူ အာဖရိက ကလေးများအတွက် စပ်ဆိုရေးသားထားသည့် We are the world သီချင်းလိုမျိုး ကမ္ဘာတဝှမ်းမှ လူသားအားလုံး ခံစားနားလည် ပါဝင်သီဆိုနိုင်မည့် သီချင်းမျိုးကို ဖန်တီးနိုင်ခဲ့သည်။
ကွယ်လွန်သွားပြီဖြစ်သည့် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်က “သူက သွေးမတိတ်တဲ့ ကမ္ဘာကြီးကို တတ်နိုင်သမျှ နှစ်သိမ့်ပေးသူပဲ။ ဒါမျိုးက ကမ္ဘာကြီးကို ကယ်တင်မယ်ဆိုတဲ့ နိုင်ငံရေးသမားကြီးတွေတောင် မတတ်နိုင်ရှာဘူး'' ဟု မှတ်ချက်ပြုပြောကြားခဲ့သည်။
ပုပ်ရဟန်မင်းကြီး ပြောခဲ့သလိုပင် မိုက်ကယ်ဂျက်ဆင် ကိုယ်တိုင် ရေးသားစပ်ဆို အသံသွင်းယူမှုပြုထားသည့် Dangerous အယ်(လ်)ဘမ်ထဲမှ Heal the world သီချင်းမှာ အဖိနှိပ်ခံ၊ အစတေးခံ လူညွန့်တုံးခံ အဖြစ်ဆိုးမျိုးနှင့် ကြုံခဲ့ရသူများကို ကမ္ဘာကြီးမှ မေ့လျော့ မထားနိုင်လောက်အောင် ဆွဲဆောင်နိုင်ခဲ့သည့် အမှတ်ရစရာ တေးတပုဒ် ဖြစ်လာခဲ့သည်။
၁၉၇၉ ခုနှစ် သူ၏ ပဉ္စမမြောက် တေးအယ်(လ်)ဘမ် ဖြစ်သည့် Off the world နှင့် ၁၉၈၂ ခုနှစ် ဆဌမမြောက် တေးအယ်(လ်) ဘမ် Thriller တို့ ထွက်ရှိပြီးချိန်၌မူ သူ၏ ကျော်ကြားမှုကား အမေရိကန် ကမ်းရိုးတန်းလောက်တင် မဟုတ်တော့ဘဲ တောတောင် ပင်လယ် သမုဒ္ဒရာ ချောင်းမြောင်းနှင့် မိုးမျှော်တိုက်ကြီးများကို ဖြတ်သန်းကာ ကမ္ဘာကုန်ကျယ်သရွေ့ ဖြစ်ခဲ့သည်။
ထိုအယ်(လ်)ဘမ် နှစ်ချပ် ထွက်ရှိပြီးချိန်၌ သူ၏ သီဆို ဖျော်ဖြေမှု ပုံစံနှင့် အနုပညာ စတိုင်လ်မှာ နောင်တွင် ပေါ့(ပ်) ယဉ်ကျေးမှုဟု ခေါ်တွင်သော Pop Culture ကို ကမ္ဘာသို့ မိတ်ဆက်ပေးခြင်းပင် ဖြစ်သည်။ ထိုယဉ်ကျေးမှုသစ် ဂီတသစ်ကို ကမ္ဘာတဝှမ်းမှ (အထူးသဖြင့်) လူငယ်များက နွေးထွေးစွာ ကြိုဆို ပွေ့ဖက့်ခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်က ဒီမိုကရေစီနှင့် လူ့အခွင့်အရေး နှုန်းစံ တန်ဖိုးများမှာ နိုင်ငံတိုင်းသို့ မရောက်သေးသော်လည်း သူ၏ ဂီတနှင့် သူ၏ တေးသီချင်းသံများက နိုင်ငံတိုင်းသို့ ရောက်ရှိခဲ့သည်။ အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေးနှင့် ဖိနှိပ်မှု ဆန့်ကျင်ရေး စသည့် နိုင်ငံရေးဆန်သည့် သူ၏ တေးသီချင်းများက နိုင်ငံတကာရှိ မျှော်လင့်ချက်မဲ့ ရှင်သန်နေထိုင်ရသူများအတွက် အင်အားသစ်တရပ် ဖြစ်စေခဲ့သည်။
အကနှင့် တွဲဖက် ဖျော်ဖြေသော သူ၏ ဆန်းသစ်သည့် တင်ဆက်မှုက ဂီတ လောက၏ ဖျော်ဖြေတင်ဆက်မှု ပုံစံကို တဆစ်ချိုး ပြောင်းလဲစေခဲ့သည်။ နာမည်ကျော် ဂီတဆရာကြီး စတီဗီ ဝမ်းဒါးက “မိုက်ကယ်က ဖျော်ဖြေရေးသမား (entertainer) သက်သက် မဟုတ်ဘူးဗျ။ သူက ပါရမီရှိတယ်၊ ဇွဲကြီးတဲ့ ဉာဏ်ကြီးရှင်၊ အသုံးတော်ခံ နိုင်သူ (Showman Ship) တယောက်ဗျ” ဟု မိုက်ကယ်ဂျက်ဆင်၏ ဂုဏ်ရည်ကို တင်စားပြောဆိုခဲ့သည်။
ရင်ခုန်သံနှုန်း ပိုမြန်စေသော သူ၏ ဂီတနှင့်အတူ ပဉ္စလက်ဆန်သော သူ၏ ကကွက်များက သူ၏ ပရိသတ်ကို အံ့မခန်း ဖြစ်စေခဲ့သည်။ ၁၉၈၂ ခုနှစ်က ထုတ်ဝေခဲ့သည့် တေးအယ်(လ်)ဘမ်မှာ ယခု အချပ်ရေ သန်း ၅ဝ အထိ ရောင်းချရပြီး၊ ယခုအချိန်ထိ အရောင်းရဆုံးတေး အယ်(လ်)ဘမ် ဖြစ်နေခြင်း ထို တေးအယ်(လ်)ဘမ်အတွက် ဂရမ်မီဆု ၈ ဆု ရရှိခဲ့သည်။ ထိုအယ်(လ်)ဘမ်ထဲမှ Beat it သီချင်းမှာ တနှစ်တာ အကောင်းဆုံး အသံသွင်းယူမှုဆု ရရှိခဲ့သည်။
၁၉၈၀ ပြည့်လွန်နှစ်များမှာ မိုက်ကယ်ဂျက်ဆင်၏ အအောင်မြင်ဆုံး နှစ်များဟု ဆိုရမည်။ နိုင်ငံတကာ ဂီတဖျော်ဖြေရေး ပွဲစဉ်များ၌ သူ၏ ပရိသတ်က သူ ဖျော်ဖြေချိန်၌သာ ရှိသည်မဟုတ်၊ သူ လေယာဉ်မှ ဆင်းကတည်းက လူပင်လယ်ကြီးမှာ လေဆိပ်အထွက်တွင် စောင့်ကြိုနေပြီဖြစ်သည်။ အချို့နိုင်ငံများတွင်မူ သူ့ကို နိုင်ငံခေါင်းဆောင်တဦးသဖွယ် ကြိုဆိုခဲ့ကြသည်။
မော်ရိုကိုနှင့် ဘရူနိုင်းနိုင်ငံများသို့ ရောက်ရှိချိန်က သူ့ကို အမြောက်ပစ်ဖောက်ပြီး၊ ကြိုဆိုခဲ့ကြရာ ပေါ့(ပ်)ဘုရင် (King of Pop) ဆိုသည့် ဂုဏ်ပုဒ်နှင့် ထိုက်တန်စေခဲ့သည်။
၁၉၈၉ ခုနှစ် အမေရိကန် သမ္မတ ဂျော့ဘုရှ်က သူ့ကို ဆယ်စုနှစ်၏ အနုပညာရှင်ဆုကို ပေးအပ်ချီးမြှင့်ခဲ့သည်။ အိမ်ဖြုတော်၌ ကျင်းပသော ထိုဆုပေးပွဲ၌ “ကျွန်ုပ်တို့ ခေတ်၏ အကြီးမြတ်ဆုံးသော အနုပညာရှင်'' ဟု ထုတ်ဖော်ချီးကျုးခဲ့သည်။
စစ်ဘုရင် တပါးနှယ် ဝတ်ဆင်ပြီး တောက်တောက်ပြောင်ပြောင် ဖက်ရှင် စတိုင်လ်များနှင့် ပြိုးပြိုးပြက်ပြက် မီးရောင်အောက်က မိုက်ကယ်ဂျက်ဆင်မှာ သူ၏ ဂီတအနုပညာသာမက ချုံကြားမှ ဘုံဖျားအထိ တက်လှမ်းနိုင်ခဲ့သည့် သူ၏ ကြိုးစားအားထုတ်နိုင်မှု အရည်အချင်းမှာလည်း လူငယ်များအတွက် စံနမူနာ ယူထိုက်စရာ ဖြစ်ခဲ့သည်ဟု သမ္မတဟောင်း နယ်ဆင်မန်ဒဲလားက တောင်အာဖရိက၌ မိုက်ကယ်ဂျက်ဆင်နှင့် တွေ့ဆုံအပြီး လူငယ်များအတွင်း ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်းပြောကြားသွားသည်။

0 comments:
Post a Comment