Saturday, March 26, 2016

နှစ် ၇၀ ပြည့်တော့မည့် ရွှေမန်းတောင်ရိပ်ခို သီချင်း

Sue Hnget

၁၉၅၀ခုနှစ်က ပေါင်းစပ်သီဆိုခဲ့သည်ဟု ပြောဆိုရေးသားခဲ့ကြသော ယနေ့ထက်တိုင် သင်္ကြန်၏ အမှတ်အသား ဖြစ်နေသည့် ရွှေမန်းတောင်ရိပ်ခို သီချင်းမှာ ၁၉၄၇ခုနှစ်ကတည်းက မန်္တလေးမြို့မတူရိယာအသင်း အတွက် ရေးစပ်သီဆို ခဲ့သည့် သီချင်းတစ်ပုဒ်ဖြစ်သည်။
မည်သို့ပင် ခေတ်များပြောင်းလဲ၍ သင်္ကြန်အခင်းအကျင်းပုံစံများ ပြောင်းလဲသွားခဲ့သော်လည်း ယနေ့ထက်တိုင် မြန်မာသင်္ကြန်အဖြစ် အမှတ်အသားတစ်ခုဖြစ်နေသည့် ရွှေမန်းတောင်ရိပ်ခိုသီချင်းမှာ ၁၉၄၇ခုနှစ်ကတည်းက တေးရေး ဆရာ တစ်ဦးတည်း ရေးစပ်ခဲ့သည့်အကြောင်းကို
““ မန်္တလေးမှာ မြန်မာ့ ရိုးရာသင်္ကြန်ဆိုတာ ရှေးမြန်မာဘုရင်တွေ လက်ထက်ကတည်းက နန်းတွင်းမှာလည်း နန်းတွင်း အလျောက်၊ ပြည်သူပြည်သားတွေထဲမှာလည်း ပြည်သူပြည်သားတွေ အလျောက် ရိုးရာဓလေ့အတိုင်း ဆင်နွှဲခဲ့ကြတာပါ။ ပြည်သူ ပြည်သားတွေကတော့ အိုးစည်ဗုံမောင်းနဲ့ သံချပ်ထိုးတီးမှုတ် ကခုန်ပြီး သင်္ကြန်ပွဲဆင်နွှဲကြတာပေါ့။
ကိုလိုနီခေတ်ရောက်ပြီး မန်္တလေးမှာ နိုင်ငံခြားသား ကုန်တိုက်ကြီးတွေ ဖွင့်လှစ်လာပြီးနောက် ၁၉၃၀၀န်းကျင်ရောက်တော့ ကုန်တင်လော်ရီကားကြီးတွေနဲ့ တူရိယာပစ်္စည်းတွေတင်ပြီး မြို့အနှံ့ တီးမှုတ်ပျော်ရွှင် ခဲ့ကြတယ်။ဒီနောက် အဲဒီကားကြီးတွေလာရင် ပြန်လည်ဖျော်ဖြေဖို့ အမျိုးသမီးရေသဘင် အသင်းတွေဖွဲ့ပြီး သီဆို၊ကပြကြတယ်။ ဒီတော့ မန်္တလေးသင်္ကြန်ဆိုတာ ဂီတသင်္ကြန်၊အကသင်္ကြန်၊ အလှသင်္ကြန် ဖြစ်ခဲ့တာ ပေါ့။
ဒုတိယကမ်္ဘာစစ်ကြီးဖြစ်တော့ မန်္တလေးသင်္ကြန်အရှိန်တန့်သွားတယ်။စစ်ကြီးအပြီး ၁၉၄၇ခုနှစ်မှာ မန်္တလေးသင်္ကြန်ကို မြို့လုံးကြွပ်အားကျိုးမာန်တက် ပြန်လည်ဆင်နွှဲကြတယ်။ အလှပြယာဉ်တွေ ရာချီရှိတယ်။ အမျိုးသမီးရေသဘင် အဖွဲ့တွေလည်း ရာချီရှိတယ်။ အုတ်အော်သောင်းတင်းဆင်နွှဲကြဖို့အတွက် သင်္ကြန်မတိုင်ခင် ရက်ပိုင်းမှာ မန်္တလေးမြို့ထုတ် လူထုသတင်းစာက မျက်နှာဖုံးကနေ သင်္ကြန်သတင်းတွေကို တခမ်းတနားရေးသား ဖော်ပြတယ်။၁၉၄၇ဧပြီ ၁၀ရက်နေ့ထုတ် လူထုသတင်းစာမျက်နှာဖုံးမှာ မြို့မငွေငန်းအလှပြယာဉ်ရဲ့ ဒီဇိုင်းအသစ်နဲ့အတူ သင်္ကြန်သီချင်း အသစ်စာသားတွေ အပြည့်အစုံပါတယ်။အဲဒီသီချင်းသစ်တွေထဲမှာ “ချိုပြုံးရွှင်သော နှမပျိုရယ်” အစချီတဲ့ ရွှေမန်းတောင်ရိပ်ခို သီချင်းစာသားအစအဆုံးပါတယ်။ ဒါကြောင့် ဒီသီချင်းဟာ ၁၉၄၇ခုနှစ်(၁၃၀၉ခုနှစ်သင်္ကြန်)ကတည်းက မြို့မတူရိယာအသင်း စတင်သီဆိုခဲ့တာပါ”” ဟု လူထုသတင်းစာဟောင်းကို ပြ၍ ပြောဆိုသည်။
အဆိုပါရွှေမန်းတောင်ရိပ်ခိုသီချင်းကို ရေးစပ်သူနှင့်ပတ်သက်၍ ယနေ့တိုင်သက်ရှိထင်ရှားရှိနေဆဲဖြစ်သည့် မြို့မတူရိယာအသင်းနာယကကြီး တစ်ဦးကလည်း““ ၁၉၄၇သင်္ကြန်မှာ ဒီသီချင်းကို ကျွန်တော်တို့ကိုယ်တိုင် တီမှုတ်ခဲ့တာပါ။မြို့မမှာ သီဆိုတဲ့သီချင်းတွေအများစုက လောလောဆယ်သီချင်း ခေါင်းစဉ်နာမည်ပေးကြတာ မဟုတ်ပါဘူး။ ဒီသီချင်းကလည်း နောက်မှသာ ရွှေမန်းတောင်ရိပ်ခိုလို့ မှတ်သားပြီး အစဉ်အဆက်မြို့မက သီဆိုတီးမှုတ်ခဲ့တာပါ။ နောက်တော့ မန်းတောင်ရိပ်ခိုလို့ သိကြတယ်။အခုတော့ လွယ်လွယ်ကူကူ မြနန်္ဒာလို့လည်း ခေါ်ကြတယ်။ဒီသီချင်းကို ဆရာမြို့မငြိမ်းရေးသားခဲ့တယ်လို့ပဲ ကျွန်တော်တို့ မြို့မအသင်းက သိရှိခဲ့တာပါ။ ဘာလို့လဲဆိုတော့ ၁၉၅၀ခုနှစ်မှာပဲ ဆရာငြိမ်းအပါအ၀င် မြို့မအသင်းသားတွေက ရန်ကုန်ဆင်းပြီးသင်္ကြန်ဆင်နွှဲ ကြတယ်။ငွေငန်းရုပ်ကြီးနဲ့ ရွှေမန်းရေယာဉ်ဆိုတဲ့ နာမည်နဲ့အလှပြယာဉ်ထွက်ကြတာပါ။မန်္တလေးမှာ သင်္ကြန်ရောက်ရင် အလှပြယာဉ်နဲ့ ဘယ်တော့မှ လိုက်လေ့မရှိတဲ့ ဆရာမြို့မငြိမ်းကိုယ်တိုင် ရွှေမန်းရေယာဉ်နဲ့ ရန်ကုန်သင်္ကြန်ဆင်နွှဲခဲ့တယ်။
၁၉၄၇က စပ်ဆိုတီမှုတ်ခဲ့တဲ့ ရွှေမန်းတောင်ရိပ်ခိုသီချင်းကိုရန်ကုန်သင်္ကြန်မှာ ရွှေမန်းရေယာဉ်နဲ့ မြို့မအဖွဲ့သားတွေ သီဆိုတီးမှုတ်လိုက်တော့မှ ဒီသီချင်းက ရန်ကုန်မှာပြန့်သွားတာပါ။လူကြိုက်များပြီး ဘီတီဘရားသား အဖွဲ့က ဆက်လက်သီဆိုခဲ့တာပေါ့။အဲဒီခေတ်အထိ ဒီသီချင်းနဲ့ပတ်သက်ပြီး သတင်းစာကရေးကြတာတွေ၊ဆောင်းပါးတွေထဲ ရေးကြတာတွေမှာ တေးရေး မြို့မငြိမ်းလို့ပဲ ရေးသားဖော်ပြခဲ့တာပါ။ဆရာငြိမ်းသက်ရှိထင်ရှားဆဲမို့ အနုပညာနဲ့ပတ်သက်ရင် ကိုယ့်ခေါင်းကိုယ်ကို အုတ်ကားအောက် ခေါင်းထိုးခံဝံ့တဲ့ ဆရာငြိမ်းလို ပုဂ်္ဂိုဟ်မျိုးက သူ့အနုပညာပစ်္စည်းမဟုတ်ဘဲ ဘယ့်နှယ်မသိချင်ယောင်ဆောင်ပြီး နေပါ့မလဲ။ အခုလို ၁၉၅၀မှ ဟိုလူဒီလူ့သီချင်းတွေထဲက ဟိုအပိုဒ်၊ဒီအပိုဒ်စပ် ဆက်ထားပါတယ်ဆိုတဲ့ အသံတွေကလည်း ဆရာငြိမ်းကွယ်လွန်ပြီး နှစ်ပေါင်း ၅၀ ၀န်းကျင်အကြာမှ ပေါ်ထွက်လာတာပါ။ အခုနောက်ပိုင်း ရေဒီယိုတွေ၊ ဂျာနယ်တွေထဲမှာ ဒီလိုသမိုင်းမှတ်တမ်းတွေကို မသိဘဲ တစ်နေ့မနေ့ကမှ ငါးပွက်ရာငါးစာ ချပြီး သုံးယောက်ရေးသားပါတယ် စသည်ဖြင့် ထုတ်လွှင့်ဖော် ပြနေကြတာကလည်း မဖြစ်သင့်တော့ပါဘူး” ဟု ရှင်းပြသည်။
၁၉၆၈ခုနှစ်မှ စတင်၍ ၁၉၇၉ခုနှစ်အထိ ၁၁နှစ်ကြာတိုင် မန်္တလေးသင်္ကြန်တွင် မြို့မတူရိယာအသင်းနှင့် ဆက်တိုက်လာရောက်ဖျော်ဖြေခဲ့သော ရုပ်ရှင်မင်းသားဝင်းဦး၏ ““ဆယ်စုနှစ် တစ်နှစ်စွန်းမန်းသင်္ကြန်”” စာအုပ်တွင်လည်း ရွှေမန်းတောင်ရိပ်ခိုသီချင်းကို မြို့မငြိမ်းရေးသားခဲ့သောဟုပင် မှတ်တမ်း တင်ခဲ့သည်။စာရေးဆရာ၊သတင်းစာဆရာမကြီး လူထုဒေါ်အမာကလည်း သင်္ကြန်နှင့်ပတ်သက်သည့်ဆောင်းပါးတိုင်းတွင် ရွှေမန်းတောင်ရိပ်ခိုသီချင်းကို တေးရေးမြို့မငြိမ်း ဟုသာ ရေးသားခဲ့သကဲ့သို့ ဆရာမကြီးခင်သန်းမြင့်၏ ““မိုးဒေ၀ါမလှရွှေ”” စာအုပ်တွင်လည်းကောင်း၊ ၁၉၇၅ခုနှစ်က ထုတ်ဝေသော မြို့မရွှေရတု အထိမ်းအမှတ်တွင်လည်းကောင်း၊သန်းအောင်ခိုင်၏ ““မြို့မငြိမ်းနှင့် သူ့အနုပညာ”” စာအုပ်တွင်လည်းကောင်း၊ မြို့မငြိမ်းရေးသားသည်ဟုသာ ဖော်ပြပါရှိခဲ့ကြောင်း မှတ်သားရသည်။
၁၉၄၇ခုနှစ် သင်္ကြန်တွင် မြို့မငြိမ်း၏ ရွှေမန်းတောင်ရိပ်ခိုသီချင်းအပြင် မြို့မငြိမ်းရေးသားခဲ့သော ““အေးအေးချမ်းချမ်းလောင်းစမ်း အတာရေ”” သီချင်း၊““ ရေလောင်းရေပတ်””သီချင်းတို့နှင့်အတူ ဦးဘသိန်း(မန်္တလေး)၏ ““ပျော်ပါစေမယ်လာကွယ်အလှရယ်....”” အစချီသီချင်းတို့လည်း မြို့မတူရိယာအသင်း တစ်နှစ်ထဲ ရေးသားသီဆိုခဲ့ကြောင်း ၁၉၄၇ခုနှစ် ဧပြီလ ၁၀ရက်နေ့ထုတ် လူထုသတင်းစာပါ သတင်းဆောင်းပါးအရလည်း ထပ်မံသိရှိရသည်။
ထို့ကြောင့် ၁၉၄၇ခုနှစ်ကတည်းက မြို့မငြိမ်းစပ်ဆိုခဲ့ပြီး သီချင်းသည် မြန်မာ့ရိုးရာအတာသင်္ကြန်၏ အမှတ်လက္ခဏာအဖြစ် အမျိုးသားအမွေအနှစ်ပမာ အခိုင်အမာတည်ရှိခဲ့သည်မှာ ယခု ၂၀၁၆ခုနှစ်တွင် ၆၉နှစ်ပြည့်ခဲ့ချေပြီ။
ဆူးငှက်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...