Tuesday, March 15, 2016

“မရှိလည်းဖြစ်တယ်”


NLD ကတင်မြှောက်တဲ့ ဒုတိယသမ္မတလောင်းတွေက အုပ်ချုပ်ရေးအတွေ့အကြုံမရှိလို့ တိုင်းပြည်ကို တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်အောင် အုပ်ချုပ်နိုင်ပါ့မလားဆိုပြီး တော့ ပြစ်တင်ဝေဖန်ပြောဆိုနေကြ တာကို မြင်တွေ့ကြားသိနေရပါတယ်။ တချို့ကလည်း မသိလို့ နားမလည်လို့ ရိုးရိုးသားသား ပြော ဆိုကြတာပါ။ တချို့ကတော့ သိသိကြီးနဲ့ အ ပြစ်မရှိ အပြစ်ရှာပြီးတော့ ပြည်သူလူထုကို ထင်ယောင် ထင်မှားဖြစ်အောင် ၀ါဒဖြန့်ပြောဆို နေခြင်းသာ ဖြစ်ပါတယ်။
တကယ်တမ်းက နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်မယ့်သူဟာ အုပ်ချုပ်ရေးအတွေ့အကြုံရှိဖို့ထက် စိတ်နေသဘောထား ဖြူစင်ဖြောင့်မတ်ပြီးတော့ ပညာရှိဖို့၊ သတိရှိဖို့၊ ကရုဏာရှိဖို့၊ ကိုယ် ကျင့်တရားကောင်းမွန်ဖို့ပဲ လိုတာပါ။ အုပ်ချုပ်ရေးအတွေ့အကြုံမရှိပေမယ့်လည်း စိတ်နေ သဘောထား ဖြူစင်ဖြောင့်မတ်ပြီးတော့ ပညာရှိရင် သတိရှိရင် ကရုဏာရှိရင် ကိုယ်ကျင့် တရားကောင်းရင် တိုင်းပြည်ကို တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်အောင် အုပ်ချုပ်နိုင်ပါ တယ်။
ဒါကြောင့် ကျေးဇူးတော်ရှင် မန်လည်ဆရာတော်ဘုရားကြီးက ‘ပညာပြည့်ဝ၊ နှလုံးလှ သော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ်တောက်လို ရာ၊ ပြီးနိုင်စွာ၏။ ပညာမသုံး၊ နှလုံးမပျောင်း၊ လက်ရုံးကောင်းကား၊ တစ်ကြောင်းမျှသာ၊ စူးပမာသို့၊ လိုရာကိစ္စ၊ များမကျတည့်။’လို့ စပ်ဆိုတော်မူခဲ့တာဖြစ်ပါတယ်။
ဆောက်က သစ်သားများကို လိုရာပုံစံကိုရရှိအောင် ထွင်းဖောက်ဖြတ်တောက်နိုင်သလို စိတ်နေသဘောထား ဖြူစင်ဖြောင့်မတ်တဲ့ ပညာရှိများဟာလည်း အရေးကိစ္စကြီးငယ်များနဲ့ တွေ့ကြုံလာတဲ့အခါမှာ လိုအပ်သလို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်စွမ်းရှိ ကြပါတယ်။ စိတ်နေသဘောထားလည်းဖြောင့်မတ်ခြင်းမရှိ၊ ပညာလည်းမရှိတဲ့သူများဟာ အရေးကိစ္စကြီးငယ်များ ကြုံတွေ့လာတဲ့အခါမှာ တစ်ကြောင်းတည်းသာ ထွင်းဖောက်နိုင် စွမ်းရှိတဲ့စူးလိုမျိုး လိုရာကိစ္စကို လိုအပ်သလို အောင်မြင်ပြီးမြောက်အောင် ဆောက်ရွက်နိုင် စွမ်းမရှိကြဘူးလို့ ဆိုလိုတာပဲဖြစ်ပါတယ်။
ဒါ့အပြင် မဃဒေ၀လင်္ကာသစ်ကျမ်းမှာ ‘ပညာရှိသူ၊ လူတို့ရောက်ရာ၊ တိုင်းပြည်ရွာကား၊ များစွာအိုင်ထုံး၊ ကန်လုံးမောက်လျှမ်း၊ ဗူးခရမ်းနှင့်၊ ပဲနှမ်းညွှန့်ရှင်၊ ကောက်ပင်မြက်သစ်၊ ပွားကြောင်းဖြစ်သား၊ ခုနှစ်ခုနှစ်လီ၊ ရက်ညီသွန်ဖြိုး၊ ရွာသည့်မိုးသို့၊ လူမျိုးတကာ၊ ရချမ်း သာ၏’လို့ ကျေးဇူးတော်ရှင် မန်လည်ဆရာတော်ဘုရားကြီးက စပ်ဆိုထားတော်မူပါတယ်။
မြစ်ချောင်းအင်းအိုင်များ ပြည့်လျှံသွားအောင် ခုနှစ်ရက်ခုနှစ်လီရွာသွန်းလိုက်တဲ့ မိုးကြီး ဟာ ဗူး ခရမ်း ပဲ နှမ်း ကောက်စပါးပင်များကို ရှင်သန်ကြီးထွားနိုင်စေပါတယ်။ ထို့အတူပါ ပဲ ပညာရှိတို့ရောက်အရပ် တိုင်ပြည်မြို့ရွာများဟာလည်း ထိုပညာရှိကိုအမှီပြုပြီးတော့ ကြီး ပွားချမ်းသာရာရမယ်ဆိုတာ သေချာပါတယ်လို့ ဆိုလိုခြင်းပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ခြောက်ဆယ်လုံးလုံး အုပ်ချုပ်ရေးအတွေ့အကြုံရှိပေမယ့် စိတ်နေသဘောထား ဖြူစင်ဖြောင့်မတ်ခြင်းလည်းမရှိ၊ ပညာလည်းမရှိ၊ သတိလည်းမရှိ၊ ကရုဏာလည်းမရှိ၊ ကိုယ်ကျင့်တရားလည်း ကောင်းမွန်ခြင်းမရှိကြတဲ့သူတွေ တိုင်းပြည်ကို တက်အုပ်ချုပ်သွား လို့ မိမိတို့တိုင်းပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင် နိုင်ငံဖြစ်သွားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သေနတ်သံတဒိုင်းဒိုင်း အမြောက်ဆံ ဗုံးဆံတွေ တ၀ုန်းဝုန်းအောက်မှာ ပြည်သူလူ ထုဟာ ပြောပြလို မဆုံးနိုင်လောက်တဲ့ ဆင်းရဲဒုက္ခအတိ ရောက်ခဲ့ကြရပါသေးတယ်။ ပြည် ပနိုင်ငံအသီးသီးကို ထွက်ပြီးတော့ အလုပ်လုပ်ကြတဲ့သူတွေလည်း မြန်မာနိုင်ငံသားဆိုပြီး တော့ အနှိမ်ခံရ အနိုင်ကျင့်ခံရနဲ့ ပြောမယုံ ကြုံဖူးမှသိမယ့် ဆင်းရဲဒုက္ခမျိုးစုံကို ကြုံတွေ့ခံ စားကြရပါတယ်။ ကိုယ့်သမီးရင်းကို မဖြစ်စလောက်ငွေကလေးနဲ့ အိမ်ဖော်အဖြစ် ပြည့် တန်ဆာအဖြစ် ငွေဝယ်မယားအဖြစ် တရုတ်နိုင်ငံသားများကို ရောင်းချစားသောက်ကြရတဲ့ ဘ၀ကို ရောက်ရှိသွားကြပါတယ်။
အုပ်ချုပ်ရေးအတွေ့အကြုံရှိပြီး ပညာမရှိတဲ့ ကရုဏာမရှိတဲ့ ကိုယ်ကျင့်တရားမကောင်းတဲ့ အဂတိလိုက်စားတဲ့ စစ်ဗိုလ်ချုပ်တွေ အုပ်ချုပ်နေစဉ်ကာလက ပြည်သူလူထုကြီး တွေ့ကြုံခံ စားခဲ့ကြရတဲ့ ဆင်းရဲဒုက္ခတွေကို မဟာဗြဟ္မေ လျှာကုဋေနဲ့ ကပ်ကမ္ဘာပေါင်းများစွာ ထုတ် ဖော်ပြောကြားနေရင်တောင်မှ ကုန်ဆုံးနိုင်ဖွယ်ရာမရှိပါဘူး။ ပြောပြတဲ့ဗြဟ္မာပဲ အမောဆို့ သေသွားမှာပါ။ အကြောင်းအရာက ကုန်ဆုံးမှာမဟုတ်ပါဘူး။
ဒါကြောင့် ကျေးဇူးတော်ရှင် မန်လည်ဆရာတော်ဘုရားကြီးက ‘ပညာသမ်ပဇဉ်၊ ဥာဏ်မ ယှဉ်ပဲ၊ ဥယျာဉ်သည်မိုက်၊ စရိုက်မကောင်း၊ မျောက်အပေါင်းတို့၊ ရေလောင်းခိုင်းမှား၊ ကျိုး ပျက်ပြား၏၊ တရားအမြစ်၊ စစ်သောတဖူ၊ အရင်းယူက၊ ခိုင်းသူအမိုက်၊ ကဲ့ရဲ့ထိုက်၏’လို့ မဃဒေ၀လင်္ကာသစ်ကျမ်းမှာ စပ်ဆိုတော်မူခဲ့တာ ဖြစ်ပါတယ်။
အရေးအရာကိစ္စများကို လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ ပညာဥာဏ်နဲ့ယှဉ်ပြီး စဉ်းစားဝေ ဖန် ပြုလုပ်ရမယ်။ ဒီလိုမှမဟုတ်ရင် ပညာမရှိတဲ့ဥယျာဉ်မှူးလူမိုက်က မျောက်တွေကို သစ် ပင်ရေလောင်းခိုင်းမိလို့ ဥယျာဉ်တစ်ခုလုံး ပျက်စီးသွားရသလိုမျိုး အကျိုးစီးပွားပျက်ပြားရ တတ်တယ်။ ဥယျာဉ်ကြီးပျက်စီးရခြင်းရဲ့ အကြောင်းရင်းကို ရှာဖွေကြည့်ရင် မျောက်များ ကို ရေလောင်းခိုင်းတဲ့ ဥယျာဉ်မှူးလူမိုက်သာ အဓိကတရားခံဖြစ်တယ်။ ဒါကြောင့် ကဲ့ရဲ့ ရှုတ်ချမယ်ဆိုရင် ဥယျာဉ်မှုးလူမိုက်ကိုသာ ကဲ့ရဲ့ရှုတ်ချသင့်တယ်လို့ ဆိုလိုခြင်းပဲဖြစ်ပါ တယ်။
ဒါ့အပြင် ‘သမ္မာမဲ့ငြား၊ တရားကျင့်ဝတ်၊ မင်းတို့ချွတ်က၊ ငတ်မွတ်ရေစာ၊ ရောဂါလက်နက် ၊ သုံးချက်ဘေးကြီး၊ ဖိစီးပြည်ရွာ၊ ရောက်တတ်စွာ၏။ အခါအခါ၊ အရာအရာ၌၊ ပညာ ရှေးရှိ၊ သမာဓိနှင့်၊ သတိထိန်းကျောင်း၊ မှန်လမ်းကြောင်းနှင့်၊ မစောင်းမစွေရစ်စေနှင့်’လို့ ကျေးဇူးတော်ရှင် မန်လည်ဆရာတော်ဘုရားကြီးက မဃဒေ၀လင်္ကာသစ်ကျမ်းမှာ သီကုံး ရေးသားတော်မူခဲ့ပါတယ်။
နိုင်ငံတစ်နိုင်ငံကို စီရင်အုပ်ချုပ်နေတဲ့ နိုင်ငံတော်အကြီးအကဲက ဖြောင့်မတ်မှန်ကန်မှုလည်း မရှိ၊ တရားကျင့်ဝတ်လည်း ပျက်ယွင်းနေပြီဆိုရင် သူအုပ်ချုပ်နေတဲ့နိုင်ငံဟာ အငတ်ဘေး ကျရောက်ခြင်း၊ ရောဂါဘေးဆိုးများဖြစ်ပွားကူးစက်ခြင်း၊ စစ်ပွဲများဖြစ်၍ ဗုံးအမြောက်သေ နတ်မှန်ပြီး သေဆုံးရခြင်းဆိုတဲ့ ကပ်ဘေးဆိုးကြီးတွေ ကျရောက်ပါတော့တယ်။ ဒါကြောင့် နိုင်ငံကို စီရင်အုပ်ချုပ်နေတဲ့ နိုင်ငံတော်အကြီးအကဲဟာ ထိုကဲ့သို့သော ဘေးဆိုးကြီးများမ ကျရောက်အောင် အစစအရာရာ ပညာ သမာဓိ သတိတရားတို့ကို လက်ကိုင်ထားပြီး တော့ ဓမ္မလမ်းကြောင်းပေါ်မှ တိမ်စောင်းချော်ကျမသွားစေရန် မိမိကိုယ်ကို ထိန်းကျောင်း နေရမယ်လို့ ဆိုခြင်းပဲဖြစ်ပါတယ်။ ဘေးဆိုးကြီးများမကျရောက်ရအောင် တိုင်းပြည်အုပ် ချုပ်တဲ့သူမှာ အုပ်ချုပ်ရေးအတွေ့အကြုံရှိရမယ်လို့ ဆရာတော်ကြီးကမပြောခဲ့ပါဘူး။ ပညာ ရှိရမယ်လို့သာ ပြောဆိုမှာထားခဲ့ပါတယ်။
ကမ္ဘာဦးကာလတုန်းက လူတွေကို စတင်အုပ်ချုပ်ခဲ့တဲ့သူကလည်း အုပ်ချုပ်ရေးအတွေ့အ ကြုံမရှိတဲ့ သူတစ်ယောက်သာဖြစ်ပါတယ်။ ကမ္ဘာဦးကာလတုန်းက လူသားတွေကို အုပ် ချုပ်တဲ့သူဆိုတာ မရှိသေးပါဘူး။ နောင်အခါမှာ ကမ္ဘာဦးလူသားတွေ ခိုးဆိုးလုယက် လိမ် လည်သတ်ဖြတ် သူတစ်ပါးသားမယားဖျက်ဆီးတာတွေ လုပ်ကြတော့မှ တထိတ်ထိတ်တ လန့်လန့်နဲ့ နေထိုင်ကြရတာကို မနှစ်သက်ကြတဲ့ လူအပေါင်းတို့က လူထုအစည်းအဝေး ကြီးတစ်ခု ပြုလုပ်ကြပါတယ်။ လူထုအစည်းအဝေးကြီးမှာ ဒုစရိုက်မှုတွေကင်းစင်ပြီး တည် ငြိမ်အေးချမ်းတဲ့ လူ့လောကဖြစ်အောင် တရားနဲ့အညီ ငါတို့ကို စီရင်အုပ်ချုပ်ပေးနိုင်မယ့်သူ တစ်ယောက်ကို အုပ်ချုပ်သူအဖြစ် ရွေးချယ်တင်မြှောက်ကြရမယ်လို့ ဆွေးနွေးတိုင်ပင်ဆုံး ဖြတ်ကြပါတယ်။
ထိုကဲ့သို့ တိုင်ပင်ဆွေးနွေးဆုံးဖြတ်ကြပြီးတော့ တရားနဲ့အညီ စီရင်အုပ်ချုပ်နိုင်မယ့်သူ ရှာ ဖွေကြတဲ့အခါမှာ ‘မနု’အမည်ရှိတဲ့ လူတစ်ယောက်ကို တွေ့ရှိလိုက်ကြပါတယ်။ မနုဟာ လူ အပေါင်းကို တရားသဖြင့် စီရင်အုပ်ချုပ်ပြီးတော့ လူ့လောကကို တည်ငြိမ်းအေးချမ်းအောင် ပြုလုပ်ပေးနိုင်တဲ့ အရည်အချင်းရှိတဲ့သူတစ်ယောက်ဖြစ်တယ်လို့ လူထုက နားလည်လက် ခံကြတာကြောင့် လူထုကနေ မနုကို စီရင်အုပ်ချုပ်သူအဖြစ် တင်မြှောက်လိုက်ကြပါတယ်။ မနုကို လူထုကနေ စီရင်အုပ်ချုပ်ပေးခအဖြစ် မိမိတို့ရရှိကြတဲ့ သလေးစပါးထဲကနေ ဆယ် ပုံတစ်ပုံကို ပေးအပ်ကြပါတယ်။
မနုကို အခွန်အတုတ် ပေးဆက်ပူဇော်ရာ တရားသဖြင့်စီရင်အုပ်ချုပ်အဖြစ် လူထုက ကန့် ကွက်သူမရှိ တညီတညွတ်ထဲ သဘောတူရွေးချယ်တင်မြှောက်ကြလို့ မနုဟာ ‘မဟာသမ္မ တ’ဆိုတဲ့ အမည်ဂုဏ်ပုဒ်တစ်ခုကိုလည်း ထပ်မံရရှိပါတယ်။ ဘုရင်ဖြစ်လို့ ရိုသေသမှုနဲ့ ပေးဆက်ပူဇော်တယ်လို့ သုံးနှုံးရတာဖြစ်ပါတယ်။ တကယ်ကတော့ လခပေးခြင်းပဲဖြစ်ပါ တယ်။ ဒါကြောင့် ဘုရင်ပဲဖြစ်ဖြစ် သမ္မတပဲဖြစ်ဖြစ် ပြည်သူ့ဝန်ထမ်း လခစားသာဖြစ်ပါ တယ်။
မနုကို လူထုက စီရင်အုပ်ချုပ်သူ မဟာသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ကြတာက မနု မှာ အုပ်ချုပ်ရေးအတွေ့အကြုံ ရှိနေလို့ မဟုတ်ပါဘူး။ မနုမှာ လူ့ပတ်ဝန်းကျင်ကို တည်ငြိမ် အေးချမ်းအောင် စီရင်အုပ်ချုပ်နိုင်တဲ့ အရည်အချင်းရှိတယ်လို့ ယုံကြည်ကြလို့ ရွေးချယ် တင်မြှောက်ကြတာ ဖြစ်ပါတယ်။ လူထုကယုံကြည်လို့ စီရင်အုပ်ချုပ်သူသမ္မတအဖြစ် ရွေး ချယ်တင်မြှောက်ပေးပါရက်နဲ့ လက်တစ်ဆုပ်စာလူတစ်စုက သဘောမတူလို့ သမ္မတမဖြစ် နိုင်တာ ကမ္ဘာမှာ မြန်မာနိုင်ငံပဲရှိမယ်ထင်ပါတယ်။
စင်္ကာပူနိုင်ငံကို တတိယကမ္ဘာကနေ ပထမကမ္ဘာစာရင်းဝင် နိုင်ငံတစ်နိုင်ငံဖြစ်အောင် ပြုစု ပျိုးထောင်ခဲ့တဲ့ ကမ္ဘာကျော် လက်တွေ့နိုင်ငံရေးပညာရှင်ကြီးဖြစ်တဲ့ စင်္ကာပူဝန်ကြီးချုပ်လီ ကွမ်ယုကလည်း နိုင်ငံတစ်နိုင်ငံကို တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ပေးနိုင် တာ ပညာရှင်တွေသာဖြစ်တယ်လို့ တဖွဖွပြောခဲ့ပါတယ်။ အုပ်ချုပ်ရေးအတွေ့အကြုံရှိတဲ့ သူ နိုင်ငံကိုအုပ်ချုပ်မှသာ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်မယ်လို့ လီကွမ်ယုက ပြောဆိုခဲ့ တယ်လို့ မကြားသိရဖူးပါဘူး။ စင်္ကာပူနိုင်ငံ တည်ငြိမ်အေးချမ်းပြီးတော့ ဖွံ့ဖြိုးတိုးတက်နေရ ခြင်းရဲ့ အဓိကအကြောင်းရင်းကလည်း ကိုယ်ကျင့်တရားကောင်းပြီး အဂတိလိုက်စားခြင်း မရှိတဲ့ ပညာရှင်တွေက စီမံခန့်ခွဲအုပ်ချုပ်နေလို့သာဖြစ်တယ်ဆိုတာကို နိုင်ငံရေးစာပေနဲ့ နီး စပ်တဲ့သူတိုင်း အသိပဲဖြစ်ပါတယ်။
စင်္ကာပူနိုင်ငံကို တည်ထောင်ခဲ့တဲ့ လီကွမ်ယုဟာ စင်္ကာပူနိုင်ငံကို စတင်တည်ထောင်ခါစ အချိန်တုန်းက အုပ်ချုပ်ရေးအတွေ့အကြုံမရှိတဲ့ ဥပဒေပညာရှင်တစ်ယောက်သာ ဖြစ်ပါ တယ်။ အုပ်ချုပ်ရေးအတွေ့အကြုံမရှိပေမယ့် စိတ်နေသဘောထား ဖြောင့်မတ်မှုရှိပါတယ်။ ပညာရှိပါတယ်။ သတိရှိပါတယ်။ ပြည်သူလူထုအပေါ်ကို ကရုဏာထားရှိပါတယ်။ အဂတိ လိုက်စားခြင်းလည်းမရှိပါဘူး။ ဒါကြောင့်လည်း စင်္ကာပူနိုင်ငံကို တတိယကမ္ဘာကနေ ပထ မကမ္ဘာစာရင်းဝင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်အောင် ပြုစုပျိုးထောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
တကယ်တော့ နိုင်ငံတော်ကိုအုပ်ချုပ်မယ့်သူဟာ အုပ်ချုပ်ရေးအတွေ့အကြုံမရှိလည်း ဖြစ်ပါ တယ်။ ပြဿနာမရှိပါဘူး။ အုပ်ချုပ်ရေးအတွေ့အကြုံရှိဖို့ထက် ပညာပြည့်ဝ နှလုံးလှတဲ့သူ ဖြစ်လို့ပဲ လိုပါတယ်။ ကိုယ်ကျင့်တရားကောင်းမွန်ပြီး အဂတိမလိုက်စားတဲ့သူ ဖြစ်ဖို့ပဲလိုပါ တယ်။ စိတ်နေသဘောထား တည်ကြည်ဖြောင့်မတ်ပြီးတော့ သတိရှိတဲ့သူဖြစ်ဖို့ပဲလိုပါ တယ်။ ဒါကြောင့် အုပ်ချုပ်ရေးအတွေ့အကြုံမရှိဘူးဆိုပြီးတော့ စိုးရိမ်ပူပန်နေဖွယ်ရာ မလို ပါဘူး။ (မိုးသု-မန္တလေး)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...