Friday, March 25, 2016

စတော့ရှယ်ယာတွေအကြောင်း ဆက်ပါရစေဦး ခင်မောင်ညို(ဘောဂဗေဒ)


(၁)
၁၉၉၀ ခုနှစ်လောက်တုန်းက မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေးစနစ်ကို စတင်ကျင့်သုံးတော့မယ် ဆိုတဲ့အခါ၊ ထင်ရှားတဲ့ စာရေးဆရာကြီး တစ်ဦးက ဈေးကွက်စီးပွားရေးစနစ်ရဲ့ အားနည်းချက်တွေကို စတင်လေ့လာနေပြီလို့ ပြောဘူးတာ မှတ်မိတယ်။ စတော့ရှယ်ယာဈေးကွက်ကို မြန်မာနိုင်ငံမှာ စတင်ဖွင့်လှစ်ဖို့ ပြင်ဆင်တဲ့ (၁၉၉၆) ခုနှစ်လောက်ကတည်းက လေ့လာခဲ့ပြီး ခုအခါမှာတော့၊ အားနည်းချက်တွေကို ပိုပြီး သတိထား လေ့လာမိ၊ ပြောမိဟောမိ၊ ရေးသားမိပါတယ်။ မိတ်ဆွေတစ်ယောက်ကတောင်၊ စတော့ရှယ်ယာဈေးကွက်ရဲ့၊ မကောင်းကြောင်းတွေ သိပ်မပြောပါနဲ့၊ မရေးပါနဲ့လို့ သတိပေးပါတယ်။ တကယ်လည်း မရေးချင်ပါ။ စတော့ရှယ်ယာဈေးကွက်ကို တာဝန်ရှိသူတွေက တည်ထောင်ဖို့ ကြိုးပမ်းနေချိန်မှာ ကိုယ်က မလိုတမာရေးတာမျိုးဖြစ်မှာ စိုးပါတယ်။ ဒါပေမယ့်လည်း တွေ့ကြုံနေရတာတွေက စတော့ရှယ်ယာဈေးကွက်ရဲ့ အားနည်းချက်တွေကို ပြည်သူတွေ၊ အထူးသဖြင့် ရင်းနှီးမြှပ်နှံချင်တဲ့သူတွေ သိထားဖို့ လိုအပ်မယ်လို့ ပိုပြီးသဘောပေါက်လာခဲ့ပါတယ်။
ဒီနေ့ပဲ မိတ်ဆွေတစ်ယောက်က သိန်းထောင်ချီပြီး ရှယ်ယာတွေ ၀ယ်ချင်တယ်ဆိုတာနဲ့ မဖြစ်သေးဘူး၊ မြန်မြန်ရေးဦးမှ ဖြစ်မယ်လို့၊ သဘောပေါက်လာခဲ့ပါတယ်။ ဟောပြောပွဲတွေမှာ လူငယ်တွေနဲ့ တွေ့ကြတဲ့အခါ၊ သူတို့က ရှယ်ယာကစားချင်တယ်ဆိုလို့၊ ကစားရလောက်အောင် သိနေတတ်နေကြပြီလားလို့ မကြာမကြာ ပြန်မေးခဲ့ရပါတယ်။
(၂)
အခုရက်ပိုင်းမှာ၊ ရန်ကုန်စတော့ဒိုင်(YSX)မှာ အများပိုင်ကုမ္ပဏီတစ်ခုရဲ့၊ ရှယ်ယာတွေကို ဒိုင်ကတဆင့် အရောင်းအ၀ယ် စတင်ဖို့ စီစဉ်တယ်။ ဒိုင်ကတဆင့်လို့ ပြောရတာက၊ အရင်က သူ့ဘာသာသူ ရောင်းနေခဲ့လို့ပါ။ ပြီးတော့ အခုလို ရောင်းဝယ်တယ်ဆိုတာ ရှယ်ယာအသစ်တွေ ထုတ်ရောင်းတာ မဟုတ်ဘူးဆိုတော့ ရှယ်ယာအသစ်ဝယ်ခွင့် မရနိုင်ဘူး။ ရှယ်ယာအဟောင်း ကိုင်ထားတဲ့သူတွေကလည်း ထုတ်ရောင်းချင်မှ ရောင်းမှာဆိုတော့၊ စတင်ရောင်းဝယ်ခွင့်ပြုပေမယ့်၊ တကယ်တမ်းက ရောင်းတဲ့သူရှိမှ ၀ယ်တဲ့သူလည်းရှိမှ၊ အရောင်းအ၀ယ်ဖြစ်မယ့် သဘောပါ။ ဒါပေမယ့် သတင်းတွေမှာတော့ စတင်ရောင်းချတော့မယ်လို့ ခေါ်ဝေါ်သုံးနှုန်းတာတွေ့ရပြီး၊ တကယ့်အခြေအနေကို နားမလည်ကြတာ တွေ့ရတယ်။ ရှယ်ယာရောင်းဝယ်ရာမှာ ကြားခံအကျိုးဆောင် လုပ်ငန်းတွေကတဆင့် ဆောင်ရွက်ရမှာဖြစ်ပြီး၊ ငွေထုပ်ကိုင် အရောင်းအ၀ယ်လုပ်ရမှာ မဟုတ်ဘူးဆိုတာကိုလည်း သဘောပေါက်သူ နည်းနေပါသေးတယ်။ သတင်းအချက်အလက်နဲ့ ပညာပေးရေး တာဝန်တွေကို ထမ်းဆောင်ရမယ့်၊ စာနယ်ဇင်းတွေမှာက သီးသန့်ဘာသာရပ် ကျွမ်းကျင်သူ မရှိပါ။ တလောက မြန်မာနိုင်ငံအကြောင်း စာတစ်အုပ်ရေးတဲ့ နိုင်ငံခြားသတင်းထောက်၊ အယ်ဒီတာတစ်ယောက်နဲ့တွေ့တော့ သူက ပါရဂူဘွဲ့ရထားတဲ့သူဖြစ်နေတာ တွေ့ရပါတယ်။
(၃)
စတော့ရှယ်ယာဈေးတွေဟာ အတက်မြန်တတ်သလို အကျလည်း ကြမ်းတတ်ပါတယ်။ ဒါကြောင့် အကျိုးအမြတ်ရနိုင်တာ တစ်ခုတည်းသာမက၊ ဆုံးရှုံးနိုင်ခြေကိုပါ ထည့်တွက်ထားဖို့လိုပြီး၊ ကိုယ်နိုင်သလောက်သာ ရင်းနှီးမြှုပ်နှံ(၀ယ်ယူဖို့) ပညာရှင်တွေက သတိပေးကြပါတယ်။ ရှယ်ယာတွေဟာ၊ ဈေးနှုန်းတက်မယ်ဆိုရင်၊ တဖြည်းဖြည်းချင်း တစောင်းတက်သွားတဲ့ Escalator (ဓါတ်လှေကား) နဲ့တူပြီး ကျတော့မယ်ဆိုရင် တည့်ဆင်းလာတဲ့ Elevator ဓါတ်လှေကားနဲ့ တူတယ်လို့လည်း ဆိုပါတယ်။ ကျွန်တော်တို့ဆီမှာတော့ ဓါတ်လှေကား ကြိုးပြတ်ကျတာမျိုးပါ တွေ့ဘူးပါတယ်။
(၄)
စတော့ရှယ်ယာ ဈေးကွက်ရဲ့ အခြေခံသဘောလေးတွေကိုလည်း သိထားရင် ကောင်းပါတယ်။ တကယ်တော့ ဈေးနှုန်းဆိုတာ ၀ယ်မယ့်သူ၊ ရောင်းမယ့်သူတွေအပေါ်မှာ မူတည်ပါတယ်။ ၀ယ်သူရှိမှ၊ ရောင်းသူရှိမှ၊ ဈေးနှုန်းကို သတ်မှတ်လို့ ရပါတယ်။ ၀ယ်မယ့်သူမရှိရင် ရောင်းလို့ မရပါဘူး။ တန်ဖိုးဆိုတာကတော့ အခြေခံဘယ်လောက်ခိုင်မာမှုရှိသလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ ဈေးနှုန်းတွေက တန်ဖိုးနဲ့ အမြဲတမ်းဆက်စပ်မှု မရှိပါဘူး။ ဈေးတွေတက်နေတဲ့ အချိန်မျိုးဆို၊ လူတွေက ဈေးနှုန်းနောက်ပဲ လိုက်တတ်ကြပြီး၊ တကယ့်တန်ဖိုးကို သတိမရတတ်ကြပါဘူး။ ပြီးတော့ နိုင်ငံစီးပွားရေးနဲ့၊ စတော့ရှယ်ယာဈေးကွက်ကလည်း တပြိုင်နက်တက်တာကျတာမျိုး၊ အမြဲမဖြစ်ပါဘူး။ တန်ဖိုးဆိုတာက ကြည့်တဲ့သူရဲ့ အပေါ်မှာလည်း မူတည်ပါတယ်။
(၅)
ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြတဲ့အခါ အနာဂတ်ဆိုတာ ဘယ်သူမှ ကြိုသိနိုင်တာ မဟုတ်လို့၊ ထင်ထားကြ၊ ပြောထားကြသလို၊ အကျိုးအမြတ်တွေ ပြန်ရစေရမယ်လို့၊ ဘယ်သူကမှ အာမမခံနိုင်ဘူး။ ကိုယ့်အရင်းပါ လုံးဝဆုံးရှုံးသွားတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ ကိုယ်ကရေတိုကစားချင်တာလား၊ ဝယ်လိုက်ရောင်းလိုက် မကြာခဏလုပ်ရင်၊ ပွဲစားတော့ အကျိုးရှိမှာပါ။ ရေရှည်မြှုပ်နှံချင်တာလား?။ ရင်းနှီးမြှုပ်နှံတယ် ဆိုတာမျိုးက၊ တစ်ခါလုပ်ရုံနဲ့ ပြီးသွားတာမျိုး မဟုတ်ဘဲ၊ စဉ်ဆက်မပြတ် လုပ်ရတဲ့ လုပ်ငန်းမျိုးပါ။
လွယ်လွယ်ပြောရရင်၊ သေချာတဲ့ ရှယ်ယာကို၊ ဈေးမှန်နဲ့ အချိန်ကောင်းမှာဝယ်၊ ပေးရတာထက် ဈေးရရင်၊ အထူးသဖြင့် ဈေးကြီးလွန်းတယ်လို့ ဖြစ်နေပြီး၊ ဝုန်းကနဲ ထိုးမကျမီ ထုတ်ရောင်းလို့ ပြောလေ့ရှိပါတယ်။ လက်တွေ့မှာတော့၊ ဒီလောက် မလွယ်လှပါဘူး။ တချို့ကိစ္စတွေဟာ၊ ကြိုတင်ခန့်မှန်းလို့ ရတာမျိုးတွေ ဖြစ်ပေမယ့်၊ ရှယ်ယာဈေးနှုန်းတွေဟာ၊ ဒီထက်စောပြီး တက်တတ်ကျတတ်ကြပါတယ်။ ဈေးကျတာ အောက်နားရောက်ရင်ဝယ်၊ အတက်ရပ်ကာနီးရင်၊ ထုတ်ရောင်း။ လူတကာဝယ်ချင်တဲ့ ရှယ်ယာမျိုးကို၊ လူတကာထက်စောပြီး ကြိုဝယ်လို့လဲ အကြံပြုကြပါတယ်။
ကိုယ်ကဘာမျှမသိ၊ ဘာသတင်းအချက်အလက်မှ မရရှိဘဲ၊ ရင်းနှီးမြှုပ်နှံတာမျိုး မလုပ်သင့်သလို၊ ကိုယ့်အမှားတွေကလည်း၊ သင်ခန်းစာ ယူနိုင်ပါတယ်။ စိတ်ရှည်ဖို့လဲ လိုပါတယ်။ အများနဲ့ တစ်ယောက် ဖြစ်နေပေမယ့်၊ တစ်ယောက်က မှားတယ်လို့ မဆိုနိုင်ပါဘူး။ ကောလာဟလတွေကို ယုံကြည်ပြီး ဝယ်တာမျိုးလဲ မဖြစ်သင့်ပါဘူး။
(၆)
ရှယ်ယာတွေကို ရွေးချယ်ဝယ်ယူတဲ့အခါ၊ စီမံခန့်ခွဲသူတွေက ဂရုတစိုက် အလုပ်လုပ်သလား၊ ဝင်ငွေတိုးမယ့် အလားအလာကောင်းသလား၊ အမြတ်ကောင်းကောင်း ရသလား၊ အကြွေးနည်းသလား၊ အလားတူ လုပ်ငန်းတွေထဲမှာ၊ ရှေ့ရောက်နေသလား၊ အခြားလုပ်ငန်းတွေထက်၊ နှာတဖျားသာတာ ဘာရှိသလဲ၊ တန်ဖိုးသင့်ရဲ့လားဆိုတဲ့ အချက်တွေကို ကြည့်တတ်ဖို့ လိုပါတယ်။
ရှိသမျှ အရင်းအနှီးတွေ အားလုံးကို၊ ပုံအောပြီး မြှုပ်နှံထားဖို့ မသင့်ပါဘူး။
(၇)
ကမ္ဘာ့ဈေးကွက်နဲ့ အာရှဈေးကွက်တွေကို ယှဉ်ကြည့်ရင်၊ အာရှဈေးကွက်တွေက၊ ဦးမဆောင်နိုင်ဘဲ နောက်လိုက်နေရာ ရောက်နေတာ များပါတယ်။
(၈)
ကမ္ဘာ့သမိုင်းမှာ၊ အများပိုင်ကုမ္ပဏီ ဖြစ်ပေမယ့် ဝင်ငွေကို လိမ်ပြတာ၊ တန်ဖိုးလျော့မယ့်ကာလကို တိုးပြတာ၊ ကြွေးတွေကို လက်ကျန်ရှင်းတမ်းထဲမှာ မဖော်ဘဲထားတာ၊ ပိုင်ဆိုင်မှုတွေ တန်ဖိုးကို ချဲ့ကားပြတာ၊ ဝင်ငွေတွေ ပိုပြတာ၊ စရိတ်တွေ လျော့ပြတာ၊ အများပိုင်ငွေတွေကို နည်းအမျိုးမျိုးနဲ့ အပြင်ထုတ်တာ၊ စာရင်းလိမ်တာ၊ ရှယ်ယာဈေးတွေ ကစားပြ၊ လိမ်ပြတာ၊ အကျိုးအမြတ်မရှိဘဲ၊ ဝေစုခွဲပေးတာ (ကိုယ့်ငွေ ဒါမှမဟုတ် နောက်မှ ဝင်လာတဲ့သူတွေရဲ့ ငွေနဲ့ ပြန်ပေးတာ)တွေလဲ ကြုံခဲ့ကြဖူးပါတယ်။ ယုတ်စွအဆုံး စာစောင်တွေက အကြီးအကျယ် ကောင်းချီးထောပနာပေးတဲ့ လုပ်ငန်းတွေတောင်မှ၊ မသမာမှုတွေလုပ်တာတွေ တွေ့ရပါတယ်။
ပြောနေကျ စကားနဲ့ နိဂုံးချုပ်ရမယ်ဆိုရင်၊ နားမလည်တဲ့အလုပ်ကို မလုပ်ပါနဲ့။ လောဘကြီးရင် အလိမ်အညာ အဆုံးအရှုံး များတတ်ပါတယ်။ ခင်မောင်ညို(ဘောဂဗေဒ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...