Friday, March 25, 2016

ရုပ်သံလွှင့်မီဒီယာလုပ်ငန်းရဲ့အနာဂတ် ဘယ်လဲ၊ ဘာလဲ


လက်ရှိကာလမှာ မြန်မာနိုင်ငံက ရုပ်သံမီဒီယာတွေကို အစိုးရနဲ့ အစိုးရတပိုင်း ဒါမှမဟုတ် အစိုးရနဲ့နီးစပ်သူတွေကသာ ချုပ်ကိုင်ထားပါတယ်။ တကယ်တော့ ရုပ်သံမီဒီယာလုပ်ငန်းဟာ အမေရိကန်ဒေါ်လာ သန်းရာထောင်ချီရှိတဲ့ အကျိုးအမြတ်များတဲ့ စီးပွားရေးလုပ်ငန်းကြီးဖြစ်ပြီး ပြည်သူအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒါ့အပြင် ရုပ်သံမီဒီယာလုပ်ငန်းဟာ နိုင်ငံရေးလည်း ဖြစ်ပါတယ်။ ပြည်သူတွေဟာ နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင်တွေရဲ့အောက်မှာ ပိပြား ငြိမ်ဝပ်စွာ ရှင်သန်နေထိုင်ခဲ့ရလို့ မီဒီယာဆိုင်ရာ အသိပညာအပါအ၀င် ပညာရေးမှာ အများကြီး ယုတ်လျော့ ကျဆင်း အားနည်းခဲ့ရပါတယ်။ အင်န်အယ်လ်ဒီအစိုးရလက်ထက်မှာ ရုပ်သံမီဒီယာလောကရဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့နဲ့ ရုပ်သံလွှင့်လုပ်ငန်းမှာ ဟောင်း/ သစ် မခွဲခြားဘဲ ရေပြင်ညီမျှတမှုတွေ ရဖို့ ``ရုပ်သံလွှင့်မီဒီယာလုပ်ငန်းရဲ့အနာဂတ် ဘယ်လဲ၊ ဘာလဲ`` ခေါင်းစဉ်နဲ့ DVB ဒီဘိတ်ကို မတ် ၂၀ က တင်ဆက်ခဲ့ပါတယ်။

ဦးဆောင်ဆွေးနွေးသူတွေက ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ညွှန်ကြားရေးမှူး (အငြိမ်းစား) ဦးအောင်သန်းစိုး၊ DVB သတင်းဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း၊ ချယ်ရီ FM ရေဒီယို အထွေထွေမန်နေဂျာ ဦးသန်းထွေးဇော်၊ မွန်းတည့်နေသတင်းဂျာနယ် အယ်ဒီတာချုပ် ဦးစည်သူအောင်မြင့်တို့ ဖြစ်ပါတယ်။ DVB ဒီဘိတ်ရဲ့ တင်ဆက်ပုံကို အာရုံမရလို့ပါလို့ အကြောင်းပြချက်ပေးပြီး ဖိတ်ခေါ်တိုင်း ငြင်းဆန်ခဲ့သူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ဟာ DVB ဒီဘိတ်ကို ပထမဆုံးအကြိမ် တက်ရောက်ပြီး၊ ကောင်းစွာ ဒီဘိတ်လုပ်ပြခဲ့ပါတယ်။

ဥပဒေအားနည်းချက်နဲ့ အင်န်အယ်လ်ဒီအစိုးရ

အင်န်အယ်လ်ဒီအစိုးရသစ်ကို လူထုသမ္မတဦးထင်ကျော်က ဦးဆောင်ဖွဲ့စည်းတဲ့အခါ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်ကလို ၀န်ကြီးဌာန ၃၆ ခု မထားရှိတော့ဘဲ ၀န်ကြီးဌာန ၂၁ ခုသာ ထားရှိတော့မယ်လို့ ဆိုပါတယ်၊ ဒါဆိုရင် ၂၀၁၅ သြဂုတ် ၂၈ က ပြည်ထောင်စုလွှတ်တော်ကနေ ပြဋ္ဌာန်းခဲ့တဲ့ ``ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေ`` (ရုပ်သံဥပဒေ) ဟာ အကောင်အထည်ဖော်ဖို့ အခက်တွေ့နိုင်တယ်လို့ ဦးအောင်သန်းစိုးက ထောက်ပြပါတယ်။ ဒါပေမဲ့ ပြဋ္ဌာန်းပြီးသား ဥပဒေကို အသစ်ပြန်ရေးဖို့ မလိုဘဲ ပြင်ဆင်သုံးစွဲလို့ ရပါတယ်လို့ တပါတည်း ဖြည့်စွက်ပြောပါတယ်။

အင်န်အယ်လ်ဒီအစိုးရဆိုတာနဲ့ အများထင်ကြသလို ပင်နီဝတ်တွေချည်း မဟုတ်ဘဲ သက်ဆိုင်ရာနယ်ပယ်က ကျွမ်းကျင်သူတွေကို ခေါ်နိုင်သုံးနိုင်တယ်လို့ ဦးစည်သူအောင်မြင့်က ပြောပါတယ်။ အစိုးရသစ်လက်ထက်မှာ ရုပ်သံလွှင့်လုပ်ငန်းအတွက် ဘယ်သူတွေကို လုပ်ပိုင်ခွင့်ပေးမလဲ၊ ရုပ်သံလွှင့်ဆိုင်ရာ လှိုင်းနှုန်းတွေကို ဘယ်လိုစီမံခန့်ခွဲမလဲ၊ လိုအပ်တာတွေကို ကောင်းကောင်းမွန်မွန်နဲ့ စနစ်တကျ လုပ်ကိုင်နိုင်ပါတယ်လို့ သူက ဖြည့်စွက်ပါတယ်။

ပြည်သူတွေရဲ့ အင်န်အယ်လ်ဒီအစိုးရအပေါ်ထားတဲ့ မျှော်လင့်ချက်တွေဟာ များပြားနေမှာကို သဘောပေါက်တယ်၊ သင်ယူစရာရှိတာကို သင်ယူ၊ မှတ်သားစရာရှိတာကို မှတ်သားပြီး ခေါင်းဆောင်တွေကို တင်ပြမယ်၊ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ လုပ်ခဲ့တဲ့ ပြန်ကြားရေးဆိုင်ရာ ဥပဒေတွေ၊ လုပ်နည်းလုပ်ဟန်တွေထက်ကို ပိုကောင်းရမယ်ဆိုတာကိုတော့ အာမခံပါတယ်လို့ အင်န်အယ်လ်ဒီပါတီရဲ့ ဗဟိုကော်မတီဝင်ဖြစ်တဲ့ ဦးအောင်ရှင် (မုံရွာအောင်ရှင်) က ပြောပါတယ်။

၂၀၁၅ သြဂုတ် ၁၂ ညသန်းခေါင် နေပြည်တော်အာဏာသိမ်းပွဲ ဒါမှမဟုတ် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီခေါင်းဆောင် သူရဦးရွှေမန်းကို ဖြုတ်ချလိုက်တဲ့ နောက်ဆက်တွဲအဖြစ် ချယ်ရီ FM ရေဒီယိုကို အခိုက်အတန့်တခု ရပ်ဆိုင်းခဲ့ရပါတယ်၊ ဒါဟာ အသံလွှင့်လုပ်ငန်းနဲ့ နိုင်ငံရေးအချိတ်အဆက်လည်း ဖြစ်ပါတယ်၊ ဒါမျိုးဖြစ်ခဲ့တာဟာ သက်ဆိုင်တဲ့ဥပဒေ မရှိခဲ့လို့ဖြစ်ပြီး ဥပဒေရှိပြီးနောက်မှာတော့ ဆိုခဲ့ပါအဖြစ်အပျက်မျိုးဟာ မဖြစ်နိုင်တော့ပါဘူးလို့ ဦးသန်းထွေးဇော်က ပြောပါတယ်။

ရုပ်သံလွှင့်လုပ်ငန်းလုပ်သူ ဟောင်း/ သစ်ကြားမှာ ညီမျှမှုမရှိဘူး

MRTV-4၊ Skynet စတဲ့ အသံလွှင့်လုပ်ငန်းနယ်ပယ်ထဲ ရှိပြီးသားတွေက ရုပ်သံဥပဒေပြဋ္ဌာန်းပြီးနောက် တနှစ်အတွင်းမှာ လိုင်စင်ပြန်ယူရမယ်၊ ယူတိုင်း (လျှောက်တိုင်း) ရမှာလားလို့ ဦးခင်မောင်ဝင်းက မေးခွန်းထုတ်ပါတယ်။ အခုမှ နယ်ပယ်ထဲ အသစ်ဝင်လာမယ့်သူက ဒစ်ဂျစ်တယ်စနစ်နဲ့ပဲ ရုပ်သံထုတ်လွှင့်ခွင့် ရတော့မှာဖြစ်လို့ ကြည့်ရှုမယ့်သူဟာ တသန်းတောင်မပြည့်နိုင်ဘူး၊ ဒါဆိုရင် အသံလွှင့်လုပ်ငန်းနယ်ပယ်ထဲမှာ ရှိပြီးသားသူတွေနဲ့ ဈေးကွက်ကို ဘယ်လိုမှ မျှမျှတတပြိုင်ဆိုင်နိုင်မှာ မဟုတ်တော့ဘူးလို့ သူက ထောက်ပြပါတယ်။

ရုပ်သံလွှင့်လုပ်ငန်းမှာ ကြည့်ရှုနားဆင်သူ များပါမှ ကြော်ငြာရောင်းဖို့ အဆင်ပြေပါတယ်၊ ကြော်ငြာတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်းရာနဲ့ချီ ပမာဏများတဲ့ စီးပွားရေးဈေးကွက် ဖြစ်ပါတယ်၊ ထုတ်လုပ်တင်ဆက်တဲ့ ရုပ်သံအစီအစဉ်တွေ ဘယ်လောက်ကောင်းကောင်း၊ ကြည့်သူနည်းတဲ့ အခြေအနေမှာဆိုရင် ကြော်ငြာရောင်းဖို့ အဆင်မပြေပါဘူး။ လူဦးရေများတဲ့ ရုပ်သံလွှင့်ဇုန်နေရာအတွက် ရုပ်သံထုတ်လွှင့်ခွင့် လိုင်စင်ကို ဈေးပြိုင်စနစ်နဲ့ ဥပဒေပါအတိုင်း လုပ်နိုင်ရင် အဆင်ပြေနိုင်ပါတယ်လို့ ဦးသန်းထွေးဇော်က ပြောပါတယ်။

ပုဂ္ဂလိကသတင်းစာတွေသေခဲ့သလို ရုပ်သံလွှင့်လုပ်ငန်းသစ်တွေ မသေဖို့လို

စစ်အာဏာရှင်ခေတ်အဆက်ဆက်မှာ မီဒီယာကို ၀ါဒဖြန့်ချိဖို့ သုံးတယ်၊ အစိုးရမူဝါဒတွေကို ရိုက်သွင်းတယ်၊ ဒီမိုကရေစီအစိုးရလက်ထက်မှာ ၀ါဒဖြန့်စရာ မလိုတော့လို့ အစိုးရရုပ်သံ MRTV ကို အများပြည်သူဝန်ဆောင်မှုရုပ်သံအဖြစ် ပြောင်းရမယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း လန်ဒန်က BBC ပုံစံမျိုး ပြောင်းမယ်လို့ ပြောခဲ့ဖူးတဲ့အတွက် အဲဒီလိုဖြစ်လာဖို့ မျှော်လင့်တယ်လို့ ဦးခင်မောင်ဝင်းက ပြောပါတယ်။ အစိုးရသတင်းစာတွေဟာ နေ့စဉ်ထုတ် စောင်ရေသုံးသိန်းနှစ်သောင်းရှိပြီး သတင်းစာဈေးကွက်မှာ ပုဂ္ဂလိကသတင်းစာတွေကို သတ်ခဲ့တယ်၊ ရုပ်သံမှာလည်း အဲဒီလိုသာ လုပ်ခဲ့ရင် အသစ်ဝင်လာမယ့် အသံလွှင့်လုပ်ငန်းတွေ ဒုက္ခများသွားမယ်လို့ သူက ပြောပါတယ်။

ပုဂ္ဂလိကသတင်းစာထုတ်ချင်သူတွေက ထုတ်ခွင့်သာပေးစမ်းပါ၊ ကြေးမုံနဲ့ မြန်မာ့အလင်းဟာ နှစ်လသုံးလအတွင်း ရေစုံမျောသွားမယ်လို့ ပြောခဲ့ဖူးတယ်၊ ဒါပေမဲ့ ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်လို့ (ဆက်လက်) ရပ်တည်နိုင်ခဲ့တယ်၊ ပြီးခဲ့တဲ့ငါးနှစ်အတွင်း လွှတ်တော်သတင်းတွေကို အစိုးရသတင်းစာတွေကပဲ ပုံမှန်ဖော်ပြပေးခဲ့တယ်၊ အသံလွှင့်လုပ်ငန်းဆိုလည်း တိုင်းရင်းသားဘာသာ ၁၄ မျိုးနဲ့ အသံထုတ်လွှင့်ပေးခဲ့တယ်၊ ဒါမျိုး တခြားဘယ်သူလုပ်ပေးနိုင်သလဲလို့ ၀န်ကြီးဦးရဲထွဋ်က တုံ့ပြန်ဆွေးနွေးပါတယ်။ MRTV ရဲ့ ကြော်ငြာကလည်း လက်ရှိဈေးကွက်ထဲက တခြားရုပ်သံနဲ့ ရေဒီယိုတွေလောက် (MRTV-4၊ Skynet ရုပ်သံလိုင်းတွေနဲ့ FM ရေဒီယိုများ) မရပါဘူးလို့ ၀န်ကြီးက ဆက်ပြောပါတယ်။

DVB အတွက်လား၊ ဒီမိုကရေစီအတွက်လား

ရုပ်သံလွှင့်လုပ်ငန်းနယ်ပယ်တွင်း ၀င်မယ်ဆိုရင် သတင်းစာ၊ သတင်းဂျာနယ်ထုတ်သလောက် မလွယ်ကူပါဘူး။ ကနဦးရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ သန်းနဲ့ချီရှိနိုင်သလို လက်ရှိဥပဒေအရ လိုင်စင်ရပြီးနောက် တနှစ်အတွင်း ရုပ်သံထုတ်လွှင့်ရမှာ ဖြစ်ပါတယ်။ ရုပ်သံအစီအစဉ်တွေကို ထုတ်လုပ်နိုင်၊ တင်ဆက်နိုင်ပေမယ့် လုံလောက်တဲ့ ကြည့်ရှုသူအင်အား၊ ကြော်ငြာရောင်းနိုင်တဲ့ ဈေးကွက်၊ မျှတတဲ့ ရုပ်သံကောင်စီ၊ ခေတ်မီနည်းပညာနဲ့ မြေပြင်အခြေစိုက် ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာ တတ်ကျွမ်းနားလည်မှုတွေ မရှိဘူးဆိုရင် ဈေးကွက်မှာ အောင်အောင်မြင်မြင်နဲ့ ရှင်သန်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ဒီဘိတ်မှာ ပြောဆိုနေတာတွေဟာ DVB အတွက်ထက် မီဒီယာလောကအတွက်နဲ့ ဒီမိုကရေစီကို မြှင့်တင်ကာကွယ်ဖို့အတွက် ပြောနေတာပါလို့ ဦးခင်မောင်ဝင်းက ပြောပါတယ်။

ရုပ်သံမီဒီယာကို နှစ်ပေါင်းများစွာကြာအောင် အစိုးရနဲ့ အစိုးရတပိုင်းမီဒီယာတွေကသာ ချုပ်ကိုင်ထားခဲ့တယ်၊ ရုပ်သံလွှင့်လုပ်ငန်းတွေဟာ ပုဂ္ဂလိကလက်ထဲမှာ မရှိခဲ့ပါဘူးလို့ ဦးစည်သူအောင်မြင့်က ပြောပါတယ်။ ``ရုပ်သံလွှင့်မီဒီယာလုပ်ငန်းရဲ့အနာဂတ်`` ဒီဘိတ်မှာ ဆွေးနွေးတာတွေဟာ တိုင်းပြည်အကျိုးအတွက်ပါလို့ သူကလည်း ဖြည့်စွက်ပါတယ်။

အနာဂတ်ရုပ်သံလွှင့်လုပ်ငန်း စိန်ခေါ်မှုအတွက် အဖြေများ

ပြဋ္ဌာန်းပြီးဖြစ်တဲ့ ရုပ်သံဥပဒေကို အင်န်အယ်လ်ဒီအစိုးရလက်ထက်မှာ အချိန်တိုအတွင်း ပြင်နိုင်ပါတယ်၊ အားလုံးအတွက် အဆင်ပြေနိုင်ပါတယ်လို့ ဦးအောင်သန်းစိုးက နိဂုံးသပ်ပါတယ်။ ရုပ်သံလွှင့်လုပ်ငန်းလုပ်နေသူတွေနဲ့ အသစ်ဝင်လာမယ့်သူတွေဟာ ဥပဒေနဲ့အညီ လိုင်စင်လျှောက်ထားကြမယ်၊ လုပ်ကိုင်ကြမယ်ဆိုရင် ပြဿနာမရှိပါဘူးလို့ ဦးသန်းထွေးဇော်က ပြောပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ မိုဘိုင်းလ်ဖုန်းဆက်သွယ်ရေးဝန်ဆောင်မှုပေးသူတွေ (တယ်လီနောနဲ့ အော်ရီဒူး) ရွေးချယ်တာဟာ မျှတပြီး စနစ်ကျခဲ့တယ်၊ ဒါကို နမူနာယူနိုင်တယ်၊ ဒါပေမဲ့ ရုပ်သံလွှင့်လုပ်ငန်းကျတော့ စီးပွားရေးသက်သက်မဟုတ်တော့ဘဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးတွေပါ တွဲဖက်ပါဝင်နေတယ်၊ ဒါ့ကြောင့် ဥပဒေကိုလည်း သေသေချာချာ ညီညွတ်အောင်လုပ်ပြီး အားလုံးအတွက် မျှတအောင်လုပ်ရမယ်လို့ ဦးစည်သူအောင်မြင့်က အကြံပြုပါတယ်။

ပုဂ္ဂလိကသတင်းစာတွေ သေနေတဲ့ကိစ္စကို အင်န်အယ်လ်ဒီအစိုးရဟာ (အရေးတကြီး) အဖြေထုတ်ပေးဖို့ လိုအပ်တယ်၊ ဒီလိုပဲ ရုပ်သံလွှင့်လုပ်ငန်းမှာ အယ်ဒီတာပိုင်းဆိုင်ရာ လွတ်လပ်ခွင့်ရှိရုံနဲ့ မပြီးဘူး၊ စီးပွားရေးအရ ဈေးကွက်မှာ ရပ်တည်နိုင်ဖို့ပါ ညီမျှတဲ့ ရေပြင်ညီကွင်း လိုအပ်တယ်လို့ ဦးခင်မောင်ဝင်းက ထောက်ပြပါတယ်။ ရုပ်သံလွှင့်လုပ်ငန်းထဲ ၀င်လာမယ့်သူတွေ၊ ၀င်လာဖို့ပြင်ဆင်နေသူတွေဟာ မသိတာတွေ အများကြီးရှိနေတယ်၊ ဒါကြောင့် လေ့လာကြဖို့ သူက တိုက်တွန်းပါတယ်။

မတ် ၂၀၊ ၂၀၁၆။
ရန်ကုန်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...