★ ပလေးဘွိုင်းတို့ စတင်ဆုံစည်းခြင်း ★
Music Crazy Te Te Tar Tar
၁၉၆၈ ခုနှစ် နွေနေ့တစ်ရက်မှာ ကျနော့်စတူဒီယို အလုပ်ခန်းထဲကို
အကယ်ဒမီရုပ်ရှင်မင်းသား ကိုထွန်းဝေ ဟာ အညာဟန်အပြည့်နဲ့ ခန့်ခန့်ညားညားကြီး
ဝင်လာပါတယ်။
"အစ်ကို့ကို ဖမ်းရတာ လေဖမ်းရသလိုဘဲ၊
ကဲ … အကြမ်းငှဲ့စမ်းပါဦး"
သူ့ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်အသံနဲ့ 'ဝူး'ဆိုပြီး လေပြင်း မှုတ်ထုတ်လိုက်ရင်း ကျနော့်စားပွဲရှေ့မှာ ငြိမ့်ကနဲ ထိုင်ချလိုက်ပါတယ်။
အကြောင်းမထူးပဲ မရောက်စဖူး အရောက်ထူးလာတဲ့ သူ့ကိုကြည့်ပြီး ကျနော်က ငြိမ်နေပါတယ်။
ကျနော်ဘာမှမမေးပဲ ငြိမ်ငြိမ်ပဲထိုင်နေတာကို သူအားမရဟန်နဲ့ မျက်စောင်းတစ်ချက် ထိုးလိုက်ပါတယ်။
ပြီးတော့မှ
"ကိုရင့်ဆီလာရတာ အကြောင်းမဲ့ မဟုတ်ဘူးဗျ၊ ကျနော့်ဆီကို အတွင်းဝန်သားတစ်ဦး ရောက်လာတယ်၊ အနောက်တိုင်းတေး အဆိုတော့ အနိပ်ပဲ၊ အဲဒါ အစ်ကို့ကို အသံသွင်းတဲ့အခါမှာ ထည့်သွင်းကြည့်စမ်းပါလို့ … လာပြောတာ"
ကျနော်က 'လွှတ်လိုက်လေ'လို့ စကားသုံးခွန်းထဲပဲ ပြန်ပြောလိုက်တယ်။
'ဘယ်တော့လဲ' သူကလဲ သုံးခွန်းထဲနဲ့ပဲ ပြန်မေးပါတယ်။
'ညနေ' ဒီတစ်ခါတော့ နှစ်ခွန်းထဲပါ။
'သွားမယ်' သူကလည်း နှစ်ခွန်းထဲပါပဲ။
ဒီလိုနဲ့ ညနေပိုင်းကြတော့ ဒါရိုက်တာမောင်မိုးသူနဲ့အတူ ကိုထွန်းဝေ ရောက်လာတယ်။ သူတို့နောက်မှာ Frankie မိုးမြင့် ဆိုတဲ့ဂစ်တာတီးတဲ့ အဆိုသမားလေးတစ်ယောက် ပါလာတယ်။
ကျနော်က အသံကိုဆန်းစစ်ကြည့်လိုက်တယ်။
'နက်ဖြန် နွဲ့နွဲ့မူတို့ အသံသွင်းဖို့ရှိတယ်၊ တစ်ခါထဲသွင်းတာပေါ့၊ မင်းတို့တီးဝိုင်းလဲ ခေါ်ခဲ့လိုက်ပေါ့'လို့ ပြောပြီး ပြန်လွှတ်လိုက်တယ်။
နောက်နေ့ကျတော့ Frankie မိုးမြင့်နဲ့အတူ အရပ်ရှည်ရှည် တည်တည်ငြိမ်ငြိမ်နဲ့ လူငယ်တစ်ဦး ပါလာတယ်။
သူ့အမည်က သိန်းတန် တဲ့၊ ခင်မင်နှစ်လိုဘွယ်ကောင်းတဲ့သူ တစ်ဦးပါပဲ၊ သူက Lead Guitar တီးတယ်။ လက်က ပိရိတယ်၊ တီးခတ်တဲ့နေရာမှာ သေသပ်တယ်၊ သီချင်းတိုက်ရာမှာလည်း စိတ်ရှည်တယ်။
အဲဒီညမှာပဲ ကျနော်တို့ သီချင်းရေးရင်းနဲ့ တစ်ခါတည်း အသံသွင်းကြတယ်။
'သိန်းတန် … မင်းပါ ဝင်ဆိုကွာ' ကျနော်က စက်ခန်းထဲက လှမ်းပြောလိုက်တော့ သူက သူ့နားကို သူမယုံသလိုပဲ။
'့ဖြစ်မှာမဟုတ်ပါဘူး အန်ကယ်၊ ကျနော် အဆိုသမားမှ မဟုတ်တာ၊ အတီးသမားပဲ'
ကျနော်က အတင်းဆိုခိုင်းတယ်၊ အဲဒီည သူ့အသံကို သူပြန်နားထောင်ပြီး အံ့အားသင့်နေတယ်။
ဒီညမှာပဲ Drummer သန်းနိုင်ရော တော်မီပါ ဝင်ဆိုခိုင်းလိုက်တယ်။
သူတို့သုံးဦးစလုံး မြူးနေကြတယ်၊ ကျနော်လည်း ကြည်နူးလို့ပါပဲ။
နောက် ၂နှစ်ကျော်လောက်ကြာတော့ Playboys စီးရီးတွေမှာ သန်းနိုင်၊ သိန်းတန်၊ တော်မီ ဆိုပြီး ထင်ရှားလာတာ တွေ့ရတယ်။ အောင်လည်းအောင်မြင်ပါတယ်။
Frankie မိုးမြင့်ကတော့ သူတို့တီးဝိုင်းနဲ့ မဟုတ်တော့ဘူး၊ သီးခြားစီးရီးထုတ်တာ တွေ့ရတယ် … …
စတီရီယိုဖခင်ကြီးကျော့မှူး ၏
ဂစ်တာဒိုင်ယာရီ(၁၉၇၃/၇၄)စာအုပ်မှ ....
Credit •• Zin Wai Lat

0 comments:
Post a Comment