Thursday, March 24, 2016

စကား (၄) ခွန်း

သိန်း မြင့်

တိုင်းပြည် တစ်ပြည်မှာ လက်ရုံးရည် နှလုံးရည်နဲ့ ပြည့်စုံတဲ့ ဘုရင်ကြီး တစ်ပါး အုပ်ချုပ်ပြီးတော့ ဘုရင်ကြီးမှာ သားတော် တစ်ပါးရှိ သတဲ့။ တစ်နေ့တော့ ဘုရင်ကြီး နာမကျန်း ဖြစ်ပြီး ရောဂါ အခြေအနေဆိုးရွားလာတဲ့ နောက်ဆုံးတော့ သားတော် မင်းသားငယ်ကို ခေါ်ပြီး မိန့်တယ်။
"အရှေ့ဖက်မှာ ကာကွယ်ထားတဲ့အခါ ကျန် ၃ ဖက်ကနေ ဖောက်ဝင်တတ်တယ်။ ဘက်မျှစွာ ကာကွယ် ရစ်ပါ။ အရပ် လေးမျက်နှာ မှာ ကာကွယ်ထားတဲ့အခါလည်း အတွင်းကနေ ဖောက်ထွက် တတ်တယ်။
မထွက်အောင် အားထုတ်ပါ။ အခိုင်မာဆုံး ခံတပ်တွေဟာ လေးဖက် လေးလံကို ဖွင့်ပြထားတတ်တယ်။ လုံးဝမကာကွယ်ပါနဲ့ သားတော်။ တကယ်တော့ ဘာမှမရှိတဲ့ လူကတော့ ကြောက်စရာ အကောင်းဆုံး ပဲ။ သူ့လိုကျင့်ပြီး အုပ်ချုပ်ပါ သားတော်။" ဒီလို ပြောပြီးတော့ သေဆုံးသွားခဲ့တယ်။ မင်းသားဟာ ဘုရင်ကြီး ရဲ့ ဆုံးမစကားတွေကို နားမလည်ဘူး။ ရက်အတော်ကြာတဲ့အထိ အဖြေ မထွက်တဲ့ အတွက် တမှိုင်မှိုင် တတွေတွေ ဖြစ်နေတာကို ဘုရင်ကြီးရှိစဉ်က အနားမှာ အချိန် အတော် ကြာ အမှုထမ်းလာခဲ့တဲ့ သက်တော်ရှည် အမတ်ကြီးက မြင်လိုက်တယ်။ ဒီလိုနဲ့ မေးလျှောက်ကြည့် တဲ့အခါ အကြောင်းစုံသိရတော့မှ အမတ်ကြီးက မင်းသားလေးကို သေချာ ရှင်းပြတယ်။
အရှေ့ဖက်မှာ ကာကွယ်ထားတဲ့အခါ ကျန် ၃ ဖက်ကနေ ဖောက်ဝင်တတ်တယ် ဆိုတာ တစ်စုံတစ်ရာ ကို ဂရုစိုက်လွန်းနေခဲ့တဲ့အခါ ကျန် ရှိနေတဲ့ ကဏ္ဍတွေ လစ်ဟင်း ဆုံးရှုံး ကုန်တတ်ကြောင်း ပြောသွား ခြင်း ဖြစ်ပါတယ် မင်းသား။ ဘက်မျှစွာ ကာကွယ်ရစ်ပါ ဆိုတာကတော့ တိုင်းပြည် အုပ်ချုပ်တဲ့ အခါမှာ ကဏ္ဍ တစ်ခုကို အလွန် အရေးပေးနေခြင်းကို ရှောင်ကြဉ်လို့ ကဏ္ဍစုံ ဖွံ့ဖြိုး စည်ပင်ရေးကို ဘုရင်ကြီးက ဦးတည်စေချင်တဲ့ အဓိပ္ပာယ်ပါ။
အရပ်လေးမျက်နှာ မှာ ကာကွယ်ထားတဲ့အခါလည်း အတွင်းကနေ ဖောက်ထွက် တတ်တယ် ဆိုတာကတော့ ထွက်ပေါက်တစ်ခုမရှိအောင် ပိတ်လှောင် ထားခံရသူအဖို့တော့ တစ်နေ့မှာ ဖောက် ထွက်သွားနိုင်ကြောင်း ပြောခြင်း ဖြစ်ပါတယ် မင်းသား။ တိုင်းပြည်ကို အုပ်ချုပ်တဲ့ ပုံစံကိုလည်း အလွန်အမင်း တင်းကျပ်နေခဲ့မယ် ဆိုရင် အုံကြွ ဆူပူမှုတို့ ဖြစ်လာနိုင်တဲ့ အတွက် ထိုက်သင့် လျော်ကန် တဲ့ အပေးအယူလေးတွေကို ဘုရင်ကြီးက ပြုလုပ်ပေးစေချင်တဲ့ အဓိပ္ပာယ်ပါ။
အခိုင်မာဆုံး ခံတပ်တွေဟာ လေးဖက် လေးလံကို ဖွင့်ပြထားတတ်တယ် ဆိုတာကတော့ သတင်း အချက်အလက်တွေကို ထိမ်ချန် ကွယ်ဝှက်မထားခဲ့ပဲ ပွင့်လင်း စွာ လူအများ မြင်သာအောင် ထုတ်ဖော်ပြသထားမယ် ဆိုရင် အကောင်းဆုံး ခံတပ်သဖွယ် ဝေဖန်တိုက်ခိုက်ခံရမှုတွေကနေ အကောင်းဆုံး ရှောင်လွှဲပြီး ဖြစ်ကြောင်း ပြောခြင်း ဖြစ်ပါတယ်။ လုံးဝမကာကွယ်ပါနဲ့ ဆိုတဲ့ အဓိပ္ပာယ်ကတော့ အရပ် လေး မျက်နှာ က လူအပေါင်းနဲ့ ပြောဆို ဆက်ဆံတဲ့အခါ မှာလဲ ခုခံကာကွယ်ထားခြင်း မလုပ်ပဲ ပွင့်လင်းမြင်သာ သန့်ရှင်းတဲ့ စိတ်ထားနဲ့ ပြောဆို ဆက်ဆံ ပေါင်းသင်းစေချင်တဲ့ အဓိပ္ပာယ်ပါ မင်းသားလေး။
ဘာမှမရှိတဲ့ လူကတော့ ကြောက်စရာ အကောင်းဆုံး ပဲ ဆိုတာကတော့ အရာရာ ပျက်စီး ဆုံးရှုံး ထားတဲ့ လူတစ်ယောက်အတွက် ဘယ်ကိစ္စမဆို ကျူးလွန် ပြုလုပ်ဖို့ အဆင်သင့် ဖြစ်နေတဲ့ အတွက် ကြောင့် ဒီလိုလူမျိုးဟာ သတိထားရမယ့်လူ၊ ပြတ်သားတဲ့လူ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကြောက်စရာ အကောင်းဆုံး လူ ဖြစ်ပါတယ် မင်းသားလေး။ ဆုံးဖြတ်ချက်နဲ့ တရား စီရင်ရေး အပိုင်းမှာ မှန်ကန်စွာ တွေးတော ဆင်ခြင် ပြီးတဲ့နောက် ပျက်စီး ဆုံးရှုံးစရာ မကျန်တော့သကဲ့သို့ ဘယ်အရာကိုမှ တွန့်ဆုတ် မနေပဲ ရဲရဲလုပ်လို့ ဥပဒေကို ကြောက်စရာ အကောင်းဆုံး ပြယုဂ် ဖြစ်နေအောင် ဘုရင်ကြီးက မင်းသား ကို လုပ်ယူစေလိုတယ်လို့ မြင်မိပါတယ်။
- မှတ်စုကြမ်း ‪#‎kyawnge‬

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...