Friday, January 4, 2013

ကျွန်တော်တို့အားလုံးသည် ကုတ်အင်္ကျီမှ ဆင်းသက်လာကြသည်


by Mya Than Tint on Tuesday, January 1, 2013 at 5:39am ·

ကျွန်တော်တို့ ငယ်ငယ်တုန်းက  ဘာသာပြန်စာပေရယ်လို့ သိပ်မရှိလှ။ နဂါးနီစာအုပ်တိုက်၊ မြန်မာပြည်စာအုပ်တိုက် စသည်တို့မှ ဘာသာပြန်စာအုပ်များ ထုတ်ဝေခဲ့ကြသော်လည်း  အများစုမှာ  နိုင်ငံရေးစာပေများသာ  ဖြစ်ကြသည်။ အမျိုးသားလွတ်လပ်ရေးအတွက် ရုန်းကန်လှုပ်ရှားနေကြစဉ် ခေတ်၏ တောင်းဆိုချက်အရ နိုင်ငံရေးဘာသာပြန်စာအုပ်များ ပေါ်ထွက်လာ ခြင်းဖြစ်သည်ဟု ဆိုရမည်ထင်သည်။  ဂန္ထဝင်စာပေဘာသာပြန်ရယ် လို့ သိပ်မရှိလှ။ ပီမိုးနင်း၊ ရွှေဥဒေါင်း ၊ ဇော်ဂျီ ၊ သခင်ဘသောင်း ၊ တက်တိုး ၊ လူထုဒေါ်အမာ စသူတို့ လောက်သာ ရှိကြသည်။  ပီမိုးနင်း၏ သူရဲကောင်းသုံးယောက်၊ ရွှေဥဒေါင်း၏  ရူပနန္ဒီ (ဒါတောင် မှီးထားသောဝတ္ထုဖြစ်သည်)၊ ဇော်ဂျီ၏ ရပ်စတန်နှင့် ဇိုးရပ် ၊ သခင် ဘသောင်း၏ ဆရာဝန်ပါပဲ ပြဇာတ်၊ တက်တိုး၏ နပိုလီယန် အတ္ထု ပတ္တိနှင့် ရှယ်လီအကြောင်းကို ရေးထားသည့် လေနတ်မောင်၊ ဒေါ်အမာ၏ စန္ဒမာလာနှင့် မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ၊ ဒဂုန်ခင်ခင်လေး၏ ဝေါ်လတာစကော့၏ ဝတ္ထုများကို ပြန်ထားသည့် ဝတ္ထုများ (ဥပမာ - လေးသည်တော်ဝတ္ထု) စသည်တို့ လောက်သာ ရှိပြီး အများအားဖြင့် အင်္ဂလိပ်နှင့်ပြင်သစ်ဂန္ထဝင်များ ဖြစ်သည်။

ဂျပန်ခေတ်တုန်းက ဂျပန်ဝတ္ထုဘာသာပြန်များ၊ စစ်မှတ်တမ်းများ ထွက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးသွားသည့်အခါတွင် ကမ္ဘာ့ဂန္ထဝင် ဘာသာပြန်တွေ တော်တော်များများ ပေါ်ပေါက်လာခဲ့သည်။ ရွှေဥဒေါင်း၊ ဒဂုန်ရွှေမျှား ၊ တက်တိုး ၊ ဒေါ်အမာ ၊ စောဦး ၊ ဗိုလ်အေးမောင် ၊ တင့်တယ် စသူတို့၏ ဂန္ထဝင်ဘာသာပြန်များကို တွေ့ရသည်။

ဂန္ထဝင်ဘာသာပြန် စာပေအမျိုးအစားလည်း များလာသည်။ စစ်မဖြစ်ခင်တုန်းက အင်္ဂလိပ်စာပေဂန္ထဝင်များကိုသာ သာဘာပြန်ခဲ့ကြသော်လည်း စစ်ပြီးသည့်နောက်တွင်မူ အင်္ဂလိပ်ဂန္ထဝင်များသာ မကတော့  ရုရှား၊ ဂျပန် ၊ အီတလီ ၊ အိန္ဒိယ ၊ ပြင်သစ် ၊ ဂျာမန် ၊ လက်တင်အမေရိက ၊ စကင်ဒီနေဗီယန်း စသည့် တိုင်းပြည်အသီးသီးတို့မှ ဂန္ထဝင်များကို  ဘာသာပြန်လာခဲ့ကြသည်။ ဤသည်မှာ ကျွန်တော်တို့ ရှေ့က မျိုးဆက်ဖြစ်သည်။

စစ်ပြီးခေတ်တွင်မှာ စာရေးဆရာ ဖြစ်လာခဲ့ကြသည့် ကျွန်တော်တို့ မျိုးဆက်တွင်မူ ဘာသာပြန်စာပေသည် ပို၍ ကျယ်ပြန့်လာသည်ဟု ဆိုနိုင်သည်။ ယင်းမှာလည်း စာဖတ်သူဦးရေ တိုးပွားလာမှု၊ နိုင်ငံအချင်းချင်း ဆက်ဆံရေးကျယ်ပြန့်လာမှု၊ စာဖတ်ပရိသတ်၏ အဆင့်အတန်း မြင့်မားလာမှုတို့ကြောင့် ဖြစ်ပေသည်။

လွန်ခဲ့သည့် ဆယ်နှစ်နီးပါးခန့်ကပျဉ်းမနားနယ်၊ ကျည်တောင်ကန်သို့ ကျွန်တော်ရောက်သွားစဉ် ဒေါ်စိန်ဆိုသည့် ကြံတောင်သူ အမျိုးသမီးကြီးတစ်ဦးနှင့် တွေ့ခဲ့သည်။ သူက "စစ်နှင့်ငြိမ်းချမ်းရေး" ကို ကြံရိတ်တဲ့နေရာမှာ ကျွန်မ ယူသွားတယ်။ နေ့လယ်နေ့ခင်း ကြံရိတ်တာနားရင်း ကြံခင်းတွေထဲမှာ "စစ်နှင့်ငြိမ်းချမ်းရေး" ကို ဖတ်တာပဲ။ အဲဒီအထဲက နာတာရှာနဲ့ဆွန်ယာကို ကျွန်မ သိပ်သဘောကျတာပဲဟု ပြောသည်။ ကျွန်တော်သည် ဒေါ်စိန်၏စကားကို နားထောင်ပြီး အံ့ဩဝမ်းသာနေသည်။ မိုးမိတ်သို့ ရောက်စဉ်ကလည်း ကျောင်းဆရာမဒေါ်ငွေညွန့်နှင့်  လယ်သူမ မခင်လေးတို့က "လေရူးသုန်သုန်" ဝတ္ထုထဲက စကားလက်အိုဟာရာအကြောင်းကို တဖွဖွပြောကြသည်။အင်းစိန်က  ၁၂ နှစ်အရွယ် ကလေးမလေးတစ်ယောက်က "ရှားလော့ဟုမ်း" ဝတ္ထုများအကြောင်းကို ကျွန်တော့်ထံ စာရေးသည်။ သံဖြူဇရပ်မှ အေးမိစံနှင့် ရန်ကုန်မှ နှင်းပွင့်ဖြူတို့က "ခန်းဆောင်နီအိပ်မက်" ဝတ္ထုကြီးထဲက ထိုက်ယူနှင့်ပေါက်ယူတို့ အကြောင်းကိုဖတ်ပြီး သူတို့ထင်မြင်ချက်များကို ရေးကြသည်။

ကျွန်တော်တို့မျိုးဆက်ခေတ်တွင် ဂန္ထဝင်စာပေ ဘာသာပြန်သည် ယခင်ကထက် ပိုလို့ကျယ်ပြန့်လာကာ ပိုလို့နက်ရှိုင်းလာသည်။

နောက်တွင်ကော။
နောက်မျိုးဆက်တွင်လည်း ဂန္ထဝင်စာပေဘာသာပြန်များသည် သည့်ထက်သည် ကျယ်ပြန့်နက်ရှိုင်းလာလိမ့်မည်မှာ ဘာမျှယုံမှားဖွယ်မရှိ။

ကျွန်တော်တို့သည်  ရှေ့မျိုးဆက်၏  ပညာအမွေကို ဆက်ခံပြီး ဂန္ထဝင်စာပေဘာသာပြန်ကို ကျယ်ပြန့်အောင်လုပ်ခဲ့ကြသည့် နည်းတူ နောက်မျိုးဆက်သည်လည်း ကျွန်ုပ်တို့ မျိုးဆက်ထက် ပို၍ကျယ်ပြန့်လာအောင်၊ ပို၍နက်ရှိုင်းလာအောင် လုပ်နိုင်ကြပေလိမ့်မည်။

ယခုခေတ်တွင် စကားပြေတွင်သာမက ကဗျာတွင်လည်း  ဂန္ထဝင်ဘာသာပြန်များ ခေတ်စားလာခဲ့သည်။ စစ်မဖြစ်မီကမူ ကဗျာဘာသာပြန်ဆို၍ တဂိုး၏ ကဗျာများလောက်သာ ရှိခဲ့သည်။ ယခုခေတ်တွင်မူကား ဥရောပ၊ လက်တင်အမေရိက၊ အာဖရိကနှင့်  အာရှတိုက်မှ ကဗျာများကို အများအပြား ဘာသာပြန်လာကြသည်။ ပရိသတ်ကလည်း နှစ်သက်စွာ ဖတ်ရှုကြသည်။ ဘာသာပြန်စာပေ၏ မိုးကုပ်စက်ဝိုင်းသည် ကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာနေသည်ဟု ဆိုနိုင်ပေသည်။

မြန်မာစာပေတွင် ဂန္ထဝင် ရုရှားစာပေများ အတော်များများကို ဘာသာပြန်ခဲ့သည်။ တော်လ်စတွိုင်း၊ ချက်ကော့၊ ပွတ်ရှကင်း၊ တူရ်ဂီးညက်၊ ဂေါ်ကီ၊ အီရင်ဘတ် စသူတို့၏ စာများကို ပြန်ဆိုပြီးသား ရှိနေသည်။
ယခု လင်းဝေမြိုင် ပြန်ဆိုသည့် နီပိုလိုင်ဂိုဂိုးလ်မှာကား မြန်မာပြန်ဆိုပြီးသား များများစားစား မရှိသေး။ ကျွန်တော် မှတ်မိသလောက် "တာရပ်ဘူလ်တာ" တစ်ပုဒ်သာ ရှိသည်ထင်သည်။ ယင်းအုပ်များလည်း  လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်လောက်က ဘာသာပြန် ထုတ်ဝေခဲ့သဖြင့် ယခုလောက် မြန်မာစာဖတ် ပရိသတ်တို့ ဂိုဂိုးလ်ကို ကောင်းကောင်းဖတ်ဖူးကြမည် မဟုတ်။

ဂိုဂိုးလ်သည် ၁၈၀၉  ခုနှစ်တွင် မွေးပြီး ၁၈၅၂ ခုနှစ်တွင် ကွယ်လွန်သည်။ ပထမ ကဗျာတွေစပ်သည်။ ကဗျာစာအုပ် တစ်အုပ်ကို ထုတ်ဝေသည်။ ထို့နောက်တွင် သူ့ကဗျာစာအုပ်ကို မကြိုက်သဖြင့် စာအုပ်ဆိုင်တွေမှာ လိုက်ဝယ်ပြီး မီးရှို့ပစ်လိုက်သည်။ ထို့နောက်ဝတ္ထုတွေ ရေးသည်။ ထင်ရှားသော ဝတ္ထုများမှာ  "သေနေသော ဝိညာဉ်များ" ဝတ္ထု၊ "အင်စပက်တော်ချုပ်" (ယင်းကို စစ်ပြီးစက  ဒဲင်နီကေး သရုပ်ဆောင်ပြီး ဟောလီးဝုဒ်မှ ရုပ်ရှင်ရိုက်ဖူးသည်) နှင့် ယခု လင်းဝေမြိုင် မြန်မာပြန်သည့် "ကုတ်အင်္ကျီ" ဝတ္ထုတို့ ဖြစ်သည်။
"ကုတ်အင်္ကျီ" ဝတ္ထုသည်  ဝတ္ထုတိုလည်းမဟုတ်၊ ဝတ္ထုရှည်ဟုလည်း မပြောနိုင်။ ထို့ကြောင့် ဂိုဂိုးလ်၏ " ကုတ်အင်္ကျီ" ဝတ္ထုလတ်ဟု ဝေဖန်ရေးဆရာတို့က ခေါ်ကြသည်။


"ကုတ်အင်္ကျီ" ဝတ္ထုတွင် ဇာတ်လမ်းရယ်လို့ ဘာမျှမရှိ။ ရုံးစာရေး အကာကီးသည် ဆင်းရဲနွမ်းပါးသည်။ နွေနွေ မိုးမိုး ဆောင်းဆောင်း အပေါ်အင်္ကျီ ခပ်နွမ်းနွမ်းလေး တစ်ထည်ကိုသာ ဝတ်ပြီး ရုံးတက်ရသည်။ ထို့ကြောင့် သူ ရှက်သည်။ ကုတ်အင်္ကျီအသစ်ကလေး တစ်ထည်ကို ဝတ်ချင်သည်။
ထို ကုတ်အင်္ကျီကလေးကို ဝတ်နိုင်လျှင် လူရိုသေ ရှင်ရိုသေဖြစ်ပြီဟု သူ ယူဆသည်။ ဂုဏ်ရှိပြီဟု သူ ထင်နေသည်။ ယခုမူ သူ့ အပေါ်အင်္ကျီအဟောင်းကလေးကို ကြည့်၍ လူတွေက အထင်သေးကြသည်။  စာရေးကြီးဟူသော ဂုဏ်ပုဒ်နှင့်လိုက်အောင် သားသားနားနား ကုတ်အင်္ကျီကလေးတစ်ထည်ကိုတော့ သူလိုချင်သည်။ ဤတွင် အကာကီးသည် ပိုက်ဆံချေးပြီး အဟောင်းဆိုင်က တစ်ပတ်ရစ် ကုတ်အင်္ကျီကလေးတစ်ထည်ကို ဝယ်သည်။ တစ်ပတ်ရစ်ဆိုသော်လည်း သူ့ ကုတ်အင်္ကျီသည် အတော်သားနားသော ကုတ်အင်္ကျီ ဖြစ်သည်။

ဂိုဂိုးလ်သည် ကုတ်အင်္ကျီကလေးဝတ်၍ ရုံးစတက်ရသည့် အကာကီးအကြောင်းကို စာမျက်နှာ တော်တော်များများ ဖွဲ့ထားသည်။ သူ့ ကုတ်အင်္ကျီကလေးကို လူတွေက ဝိုင်းကြည့်ကြပုံ၊ ချီးမွမ်းကြပုံ၊ ထိုအခါတွင် အကာကီး ပီတိဖြစ်ပြီး ဂုဏ်ယူနေပုံတို့ကို ဖွဲ့ဆိုသွားပုံမှာ သွက်လက်ဖျတ်လတ်နေသည်။

ထိုဝတ္ထုတိုကလေးတွင် ဂိုဂိုးလ်သည် လူ၏ဂုဏ်သိက္ခာ၊ ရုရှားအုပ်ချုပ်ရေးစနစ်အတွင်းက  ဗျူရိုကရေစီစနစ်တို့အကြောင်းကို ရေးသားသွားသည်ကို တွေ့နိုင်သည်။

ဂိုဂိုးလ်သည် ခေတ်သစ်ရုရှားစာပေကို ထူထောင်သူ၊ ခေတ်သစ် ရုရှားဝတ္ထုရှည်နှင့် ဝတ္ထုတိုတို့ကို ရှေ့ဆောင်သူဟု ဝေဖန်ရေးဆရာတို့က ဆိုကြသည်။

ရုရှားစာရေးဆရာ ဒေါ့စတာယက်စကီးက "ကျွန်တော်တို့အားလုံးသည် ကုတ်အင်္ကျီမှ ဆင်းသက်လာကြခြင်းဖြစ်သည်" ဟု ပြောခဲ့သည်။

လင်းဝေမြိုင်သည် ကုတ်အင်္ကျီကို ကြိုးစား၍ အကောင်းဆုံးဖြစ်အောင် ချုပ်ပြီး ချိတ်ဆွဲပြသထားလေသည်။


မြသန်းတင့်
၂၀-၄-၁၉၉၁။

လင်းဝေမြိုင်ရေးသားသော ကုတ်အင်္ကျီ စာအုပ်မှ ဆရာမြ၏ အမှာစာကို ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...