Tuesday, January 29, 2013

လူကြားထဲမှာ အဆင်မပြေသော်လည်း ကျန်းမာရေးအတွက် ကောင်းသော အစားအသောက် ၅ မျိုး


လူကြားထဲမှာ စားရင် ခံတွင်းအနံ့ နံစေတာကြောင့် အဆင် မပြေပေမယ့် အရသာရှိပြီး ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အစားအစာတွကို ရေးသားလိုက်ရပါတယ်။

၁) ကြက်သွန်ဖြူနှင့် ကြက်သွန်နီ

ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို အစိမ်းလိုက် စားတာကြောင့် ခံတွင်းအနံ့ နံတာက ချက်ချင်းဖြစ်တတ်ပြီး နာရီပေါင်းများစွာ ကြာတဲ့အထိ အနံ့ မပျောက်နိုင် ဖြစ်တတ်ပါတယ်။

ဘာကြောင့် ခံတွင်းနံ့နံရသလဲ

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူမှာ ဆာလဖာဒြပ်ပေါင်းတွေ ပါဝင်တာကြောင့် အလွန် အနံ့နံပြီး ခံတွင်းနံ့ဆိုးစေတာ ဖြစ်ပါတယ်။ ဒီအနံ့က သွားမှာ စားကြွင်းစားကျန် ကပ်ငြိပြီး ထွက်လာတဲ့ အနံ့မျိုး မဟုတ်ပါဘူး။ ဒီအစာတွေကို ချေဖျက်လိုက်တဲ့အခါ စူးရှတဲ့ အဆီတွေက သွေးကြောထဲကို စုပ်ယူသွားပြီး ခန္ဓာကိုယ်ကနေ အဆုတ်ဆီကို သယ်သွားပါတယ်။ အဲဒီအချိန်မှာ သင်ပါးစပ်ဟတိုင်း အနံ့နံနေတာ ဖြစ်ပါတယ်။

ဘာကြောင့် စားသင့်သလဲ

သင်ချက်တဲ့ ဟင်းလျာထဲမှာ ဟင်းခတ် အမွှေးအကြိုင်၊ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့ကို ထည့်တာက ဆားလိုအပ်မှု နည်းစေတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီထဲမှာပါတဲ့ ဖိုင်တိုကမ်မီကယ်တွေကလည်း ရောဂါတွေကို ကာကွယ်ပေးပြီး ကျန်းမာရေးကို ကောင်းစေပါတယ်။

ဘယ်လို လုပ်သင့်သလဲ

ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို စားပြီးတဲ့အခါ ရေကို များများ သောက်ပေးပါ။ နွားနို့ကို သောက်တာကလည်း ခံတွင်းအနံ့ နံစေတဲ့ ဒြပ်ပေါင်းတွေကို လျော့ကျစေပါတယ်။ ဒါမှမဟုတ် ပူဒီနာ၊ ပီကေ၊ ပူရှိန်း၊ သကြားလုံးစားတာနဲ့ ပက်ပါးမင့် လက်ဖက်ရည်သောက်တာတွေကို လုပ်ပေးပါ။ ခံတွင်း အနံ့ဆိုး ထွက်တာက အစာခြေစနစ်ရဲ့ လုပ်ငန်းဆောင်တာ မကောင်းတဲ့ လက္ခဏာ ဒါမှမဟုတ် သွားနဲ့ ခံတွင်းထိန်းသိမ်းမှု မကောင်းတာ တွေရဲ့ လက္ခဏာ ဖြစ်နိုင်တာကြောင့် အချိန်ကြာတဲ့အထိ ခံတွင်းနံ့နံနေရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

၂) မုန်လာဥနီ

မုန်လာဥနီကို အများကြီး စားလိုက်ရင် အရေပြားကို လိမ္မော်ရောင် သန်းစေပါတယ်။

ဘာကြောင့် ဖြစ်ရသလဲ

ဒါကို ဆေးပညာ ဝေါဟာရအရ Carotenaemia လို့ ခေါ်ပါတယ်။ မုန်လာဥနီမှာပါတဲ့ ဘီတာကယ် ရိုတင်းတွေ အများကြီးက အရေပြားကို လိမ္မော်ရောင် သန်းစေတာ ဖြစ်တဲ့ အတွက် အန္တရာယ်မရှိတဲ့ အခြေအနေပါ။ သက်သတ်လွတ် စားသူတွေနဲ့ သရေစာအဖြစ် မုန်လာဥနီ အစားများတဲ့ ကလေးငယ်တွေမှာ တွေ့ရတာ များပါတယ်။ တစ်ခါတစ်ရံ အသားဝါ ရောဂါနဲ့ လွဲမှားတတ်ပါတယ်။

ဘာကြောင့် စားသင့်သလဲ

ဗီတာမင်အေပါဝင်မှု များတာကြောင့် မျက်စိကျန်းမာရေးအတွက် ကောင်းပါတယ်။

ဘယ်လို လုပ်သင့်သလဲ

အရေပြားဟာ စားတဲ့အစားအသောက်၊ နေထိုင်မှုပုံစံတွေနဲ့ သက်ရောက်မှု ရှိပါတယ်။ ရေကို များများသောက်ပါ၊ အိပ်ရေးဝဝ အိပ်ပါ၊ အစားအသောက်ကို အစုံစားပါ။ အရေပြားအတွက် ကောင်းတဲ့အရာတွေက အိုမီဂါသရီး ဖက်တီး အက်စစ်၊ ဇင့်(သွပ်)၊ ဗီတာမင် ဘီအုပ်စုနဲ့ ဗီတာမင်စီတို့ ဖြစ်ပါတယ်။

၃) ကညွတ်

ကညွတ်က ဆီးအနံ့ နံစေပါတယ်။ ဒါပေမဲ့ တချို့လူတွေမှာပဲ ဖြစ်တတ်တာပါ။ စားတဲ့သူ တစ်ဝက် လောက်မှာ ဆီးအနံ့ နံတာမျိုး ဖြစ်တတ်ပါတယ်။

ဘာကြောင့် ဖြစ်ရသလဲ

ကညွတ်ထဲမှာပါတဲ့ ဆာလဖာဒြပ်ပေါင်းကြောင့် ခန္ဓာကိုယ်ကနေ စွန့်ထုတ်လိုက်တဲ့ ဆီးဟာ အနံ့နံရတာပါ။

ဘာကြောင့် စားသင့်သလဲ

ကညွတ်မှာ အမျှင်ဓာတ် ကောင်းစွာ ပါဝင်ပြီး ဖောလိတ်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။

ဘယ်လို လုပ်သင့်သလဲ

တစ်ထိုင်တည်းနဲ့ ကညွတ်တွေ အများကြီးကို မစားပါနဲ့။ ကညွတ်စားပြီးချိန်မှာ ရေများများ သောက်ပေးပါ။ ဒါမှ အနံ့ဆိုးထွက်စေတဲ့ ဒြပ်ပေါင်းတွေက ခန္ဓာကိုယ်ကနေ ထွက်သွားမှာပါ။ ဆီးအနံ့ နံတာက ဆီးလမ်းကြောင်း ပိုးဝင်တဲ့လက္ခဏာ ဖြစ်တတ်တာကြောင့် ကညွတ် မစားတော့တဲ့ ရက်တွေအထိ ဆီးအနံ့ နံနေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

၎) ကင်ထားသော ပဲများ

ပဲတွေကို များများ စားလေလေ၊ လေလည်နိုင်ခြေ များလေလေ ဖြစ်ပါတယ်။

ဘာကြောင့် ဖြစ်ရသလဲ

ပဲတွေထဲမှာ ပျော်ဝင် အမျှင်ဓာတ်မြင့်မားစွာ ပါဝင်တာကြောင့် အူမကြီးထဲ ရောက်တဲ့အထိ ကောင်းကောင်း မချေဖျက်နိုင်ပါဘူး။ နောက်ဆုံး ချေဖျက်ပြီးတဲ့ အခါမှာ လေ (Gas) ထွက်လာပါတယ်။

ဘာကြောင့် စားသင့်သလဲ

အမျှင်ဓာတ် များစွာပါတဲ့ အစာတွေက ရောဂါမျိုးစုံကို မဖြစ်အောင် ကာကွယ်ပေးပြီး အစာခြေ စနစ်ကို ကျန်းမာ စေပါတယ်။ ဆီးချိုသွေးချို ရောဂါရှင်၊ သွေးတွင်း ကိုလက် စထရော များသူနဲ့ ကိုယ်အလေးချိန် လျှော့ချ လိုသူတွေ အတွက် အကျိုးကျေးဇူး များပါတယ်။

ဘယ်လို လုပ်သင့်သလဲ

ဘယ်လို လုပ်သင့်သလဲချင်း (ဂျင်း)၊ နွယ်ချို၊ ပက်ပါးမင့်နဲ့ သံပရာသီး စတာတွေက လေပွ၊ လေထတာကို သက်သာစေပါတယ်။ ဒါကြောင့်ပဲကို ဒီလို ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ တွဲစားပေးသင့်ပါတယ်။

၅) ဝိုင်နီ

ဝိုင်နီကို များများသောက်ရင် သင့်သွားတွေမှာ နီရဲနေပြီး ဒရက်ကူလာနဲ့ တူနေပါလိမ့်မယ်။

ဘာကြောင့်ဖြစ်ရသလဲ

ဝိုင်နီမှာ ပိုလီဖီနောဓာတ်ပါဝင်တာကြောင့် သွားတွေကို အစွန်းထင်စေပါတယ်။

ဘာကြောင့် သောက်သင့်သလဲ

ဝိုင်နီကို အသင့်အတင့် သောက်ရင်တော့ သွားဖုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဝိုင်နီမှာ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတာကြောင့် နှလုံးသွေးကြော ဆိုင်ရာရောဂါတွေလို ရောဂါတွေကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ နှစ်ခွက်ထက် မပိုပါစေနဲ့။

ဘယ်လို လုပ်သင့်သလဲ

ဝိုင်နီ သောက်ပြီးတိုင်း သွားအစွန်းထင်တာ ကင်းအောင် ပလုတ်ကျင်းပေးပါ။ သွားကို ပုံမှန်တိုက်ပေးပါ။

Good Health

http://on.fb.me/UWRK0Q

laminmaung

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...