Thursday, January 31, 2013

သွားတိုက်ပါ


ဘာကြောင့် သွားတိုက်သင့်တာလဲဆရာ။
သွားတိုက်တာက သွားတွေကို သန့်ရှင်းအောင် တိုက်ရတာ ဖြစ်ပါတယ်။ ခံတွင်းထဲမှာ ဘက်တီးရီးယားပိုးတွေ ရှိနေပါတယ်။ စားလိုက်တဲ့ အစာတွေနဲ့ တံတွေး ဓာတ်ပစ္စည်းတွေ ဓာတ်ပြုပြီး ဘက်တီးရီးယားအကွက်လွှာ (Bacterial Plaque) တွေ ဖြစ်လာပါတယ်။ အဲဒီဘက်တီးရီးယား အကွက်လွှာ ထဲပါတဲ့ ပိုးတွေက သွားမျက်နှာပြင်မှာ တွယ်ကပ်ပြီး အစားအစာနဲ့ ဓာတ်ပြုရာက ထွက်လာတဲ့ ဒြပ်ပေါင်း (End Products or Metabolic Products) တွေက သွားတွေကို ပျက်စီးစေပါတယ်။ သွားဖုံးတွေကို လောင်ကျွမ်းစေပါတယ်။ သွားတွေမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယား အကွက်လွှာတွေကို ဖယ်ရှားလိုက်ရင် ခံတွင်းသန့်ရှင်း သွားပြီး သွားပိုးစားရောဂါ၊ သွားဖုံးရောင်တာ၊ သွားမြစ်ဝှမ်းရောဂါနဲ့ ရေစီးကမ်းပြိုရောဂါတို့ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
ခံတွင်းထဲမှာ Lactobacillus၊ Acidophilus၊ Streptoccocus နဲ့ Mutans အစရှိတဲ့ ပိုးတွေနဲ့ စားကြွင်းစားကျန်တွေ ဓာတ်ပြုရာက အက်စစ်ငရဲမီးကို ထုတ်ပေးပါတယ်။ အဲဒီငရဲမီးက သွားတွေကို ပိုးစားစေပါတယ်။ သွားဖုံးရောဂါ ဖြစ်စေတဲ့ တခြားအုပ်စုနဲ့ ဓာတ်ပြုသလို စားကြင်းစားကျန် တွေနဲ့ ဓာတ်ပြုပြီး အဆိပ်တွေ ထုတ်လိုက်ပါတယ်။ အဲဒီအဆိပ်တွေက သွားဖုံးကို စားပြီး သွားမြစ်ဝှမ်းရောဂါကို ဖြစ်စေပါတယ်။ ရေစီးကမ်းပြို ရောဂါကို ဖြစ်စေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ ဘက်တီးရီးယား အကွက်လွှာကို ဖယ်ရှားဖို့ စနစ်မှန် သွားတိုက်နည်းကို သုံးရပါမယ်။ ခံတွင်းသန့်ရှင်းရင် သွားပိုးစားရောဂါနဲ့ သွားဖုံးရောဂါတို့ မဖြစ်စေနိုင်ပါဘူး။

ဘက်တီးရီးယား အကွက်လွှာက သွားမျက်နှာပြင် နေရာတိုင်းမှာ ရှိနေတတ်ပါသလား ဆရာ။

ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ သွားနှစ်ချောင်းကြားနေရာတွေ၊ အစာဝါးတဲ့ သွားမျက်နှာပြင်ရှိ အဖုအချိုင့်တွေ၊ Fissure လို့ခေါ်တဲ့ သွားမျက်နှာပြင်ရှိ အရေးကြောင်းတွေပေါ်မှာ တွယ်ကပ်နေနိုင်ပါတယ်။ သွားမှာရှိတဲ့ အခေါင်း၊ အပေါက်၊ အသေစိုက်ထားတဲ့ သွားတု၊ အံကပ်အရှင်ရဲ့ အတွင်းသား ပိုင်းတွေ၊ သွားမညီညာလို့ သွားညှိဖို့ တပ်ဆင်ထားတဲ့ ကိရိယာ (Orthodontic Fixed Appli-ance) တွေမှာလည်း ကပ်ညိနိုင်ပါတယ်။ သွားအလှဆင်တဲ့ စိန်တုတွေမှာလည်း တွေ့နိုင်ပါတယ်။

ဘက်တီးရီးယား အကွက်လွှာကို သာမန်မျက်စိနဲ့ မြင်နိုင်ပါသလားဆရာ။

ဘက်တီးရီးယား အကွက်လွှာကို သာမန်မျက်စိနဲ့ တိုက်ရိုက် မတွေ့မြင် နိုင်ပေမယ့် ဘက်တီးရီးယား အကွက်လွှာ ကပ်ငြိနေနိုင်တဲ့ သွားချေးတွေ၊ သွားကျောက်တွေနဲ့ စားကြွင်းစားကျန်တွေကိုတော့ တွေ့နိုင်ပါတယ်။ ခံတွင်းအနံ့ဆိုး ထွက်တာလည်း ခံစားနိုင်ပါတယ်။ ဘက်တီးရီးယား အကွက်လွှာကို တွေ့ရှိချင်တယ်ဆိုရင် ပန်းရောင်ရှိတဲ့ အရောင်ဆိုးဆေးပြား (Disclosing Tablets) ကို အသုံးပြုလိုက်ရင် ရိုးရိုးသာမန်မျက်စိနဲ့ တွေ့နိုင်ပါတယ်။ အဲဒီဆေးပြားတွေကို ပါးစပ်ထဲထည့်ပြီးကြေညက်အောင် ဝါးစားလိုက်ပါ။ နှံ့စပ်အောင် ဝါးစားပြီးရင် ရေနဲ့ ပလုတ်ကျင်းပါ။

မှန်ကို ကြည့်လိုက်ရင် မှန်ထဲမှာ အနီရောင်စွန်းထင်နေတဲ့ သွားတွေကို တွေ့ရပါလိမ့်မယ်။ တကယ်လို့ ဘက်တီးရီးယား အကွက်လွှာတွေ များနေရင် ခံတွင်းတစ်ခုလုံး နီမြန်းနေပါလိမ့်မယ်။ ဘက်တီးရီးယား အကွက်လွှာ အနည်းငယ်ပဲ ရှိနေရင် ပန်းနုရောင် ဖြစ်နေပါလိမ့်မယ်။ အဲဒီဘက်တီးရီးယား အကွက်လွှာတွေကို သွားတိုက်ရပါတယ်။ ဒါကြောင့် သွားတိုက်တယ်ဆိုတာက သွားဖြူစေဖို့ သက်သက်သာ မဟုတ်ဘဲ သွားမှာ တွယ်ကပ်နေတဲ့ ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယား အကွက်လွှာတွေကို ထိထိရောက်ရောက် ဖယ်ရှားနိုင်ဖို့ ဖြစ်ပါတယ်။ စနစ်မှန် သွားတိုက်နည်းကို အသုံးပြုပြီးနောက် တစ်ကြိမ်မှာ အရောင်ဆိုးဆေးပြားတွေကို ဝါးစားပြီး မှန်ကြည့်လိုက်ပါ။ သန့်စင်တဲ့ အနေအထားကို တွေ့နိုင်ပါတယ်။

ခံတွင်းသန့်စင်ဖို့ ဘယ်လိုနည်းကို သုံးရမလဲ ဆရာ။

ခံတွင်းသန့်စင်ဖို့ရာ အတွက်-

(၁) လက်တွေ့ ပွတ်တိုက်သန့်စင်တဲ့နည်း (Mechanical Method)နဲ့

(၂) ဓာတုဆေးရည်အသုံးပြုပြီး သန့်စင်တဲ့နည်း (Chemical Method) ကို သုံးရပါမယ်။

လက်တွေ့ ပွတ်တိုက် သန့်စင်တဲ့ နည်းတွေကတော့ သွားတိုက်တာ (Tooth Brushing)၊ သွားကြားပွတ်ကြိုးထိုးတာ (Dental Flossing)၊ သွားကြား ထိုးတာ Using Toothpick)နဲ့ သွားနှစ်ချောင်းကြား သန့်စင်တဲ့ ကိရိယာသုံးတာ (Interdental Cleaner) စတဲ့နည်းတွေ ဖြစ်ပါတယ်။ ဓာတုဗေဒနည်းကတော့ သွားနဲ့ခံတွင်း သန့်စင်စေတဲ့ ငုံဆေးတွေနဲ့ ပလုတ်ကျင်း ဆေးရည်တွေနဲ့ သန့်စင်တာပဲ ဖြစ်ပါတယ်။

သွားကို ဘယ်အချိန်တိုက်ရမလဲဆရာ။

နေ့စဉ် နံနက်စာစားပြီး တစ်ကြိမ်နဲ့ ညစာစားပြီး အိပ်ရာမဝင်မီတစ်ကြိမ် သွားတိုက်ရပါမယ်။ သွားတိုက်ဖို့ ပိုပြီး အရေးကြီးတာက ညအိပ်ရာမဝင်ခင် ခံတွင်းကို စနစ်တကျ အချိန်ပေးပြီး တိုက်တာပဲ ဖြစ်ပါတယ်။ ဒါမှ တစ်နေ့လုံး စားထားတဲ့ စားကြွင်းစားကျန်တွေနဲ့အတူ ဘက်တီးရီးယား အကွက်လွှာ ကင်းစင်သွားမှာပါ။

သွားကို ဘယ်လောက်ကြာကြာ တိုက်ရမလဲ ဆရာ။

သုံးမိနစ်- ငါးမိနစ်ခန့် တိုက်ပါ။ ကလေးငယ်တွေကို မိခင်က သွားပွတ်တံ သေးသေး ဒါမှမဟုတ် လက်မှာ စွပ်ရတဲ့ သွားတိုက်တံနဲ့ တိုက်ပေးပါ။ မူကြိုကလေးတွေကို မိခင်က ထိန်းပြီး အိမ်မှာ မှန်မှန်တိုက်ပေးပါ။ ကျောင်းမှာဆိုရင် ဆရာမတွေရဲ့ ကြီးကြပ်ကွပ်ကဲမှု လိုပါတယ်။

ဘယ်လို သွားပွတ်တံကို သုံးရမလဲဆရာ။

လက်ကိုင် ညီညာဖြောင့်ဖြူးတဲ့ သွားပွတ်တံနဲ့ မပျော့လွန်း၊ မမာလွန်းတဲ့ ဝက်မှင်ဘီးပါ သွားပွတ်တံကို သုံးရပါမယ်။ ဝက်မှင်ဘီးရဲ့ မျက်နှာပြင်က ညီညာနေရပါမယ်။ အချိုင့်နဲ့ အချွန်အတက်ပါတဲ့ ဝက်မှင်ဘီးပါ သွားပွတ်တံကို မသုံးရပါဘူး။

ဘယ်လို သွားတိုက်ဆေးမျိုး သုံးသင့်ပါသလဲ ဆရာ။

ရှေးယခင်က သာမန်သွားတိုက်ဆေးကို သုံးခဲ့ကြပါတယ်။ အခုအခါမှာတော့ ဆေးသိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ ဖလိုရိုက်ပါတဲ့ သွားတိုက် ဆေးကို အသုံးများကြပါတယ်။ ဖလိုရိုက်က သွားပိုးစားရောဂါကို အဓိက ကာကွယ်ပေးပါတယ်။ ဖလိုရိုက်ဓာတ်နည်းပါးရင် သွားပိုးစားရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ သောက်ရေမှာ ဖလိုရိုက်အများကြီး ပါရင်တော့ သွားရဲ့ မျက်နှာပြင်ကို ပြောင်းလဲစေတဲ့ရောဂါ (Fluorosis) ဖြစ်စေနိုင် ပါတယ်။

သွားပွတ်တံကို ဘယ်နှလတစ်ကြိမ် လဲလှယ်အသုံးပြုရမလဲ ဆရာ။

အကြမ်းဖျင်းအားဖြင့် သွားပွတ်တံကို သုံးလတစ်ကြိမ် လဲလှယ် အသုံးပြုနိုင် ပါတယ်။ အတိအကျတော့ မဟုတ်ပါဘူး။ သွားပွတ်တံ ဝက်မှင်ဘီးက ဖွာလန်ကြဲပြီး နောက်ကို လန်လာရင် လဲရပါမယ်။ သွားပွတ်တံက ကျိုးပဲ့ပြီး ပျက်စီးသွားရင်လဲရပါမယ်။

Ref: By Good Health

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...