Sunday, January 27, 2013

အတ္တမဲ့ခေါင်းစဉ်အောက်မှ ကြေမွသွားသောနှလုံးသားများ

by စိတ်ကူးအိမ် on Wednesday, January 16, 2013 at 10:17pm ·


 တို့တစ်ကိုယ်လုံးမှာ အလှဆုံးအရာလို့ လူတိုင်းကတင်စားကြတဲ့ မျက်ဝန်းနက်နက်တောက်တောက် ပပတွေရဲ့ အကြည့်အောက် မှာမောင့်ရဲ့ ရင်ခုန်သံတွေ ဆူညံသွားစေခဲ့တယ်တဲ့လား။ တစ်ခုသော ခရစ္စမတ်မတိုင်ခင်ညတစ်ညမှာ ကာရယ်စင်းဂင်းလိုက် ဆိုတဲ့ တို့ရဲ့ အဖွဲ့နဲ့အတူ လိုက်ပါလာခဲ့တဲ့ တစ်ဦးတည်းသော မြန်မာကောင်လေးဟာ မောင်ဖြစ်နေခဲ့တာဟာ တို့နှစ်ယောက်တွေ့ဆုံခြင်းရဲ့ အစနော်။


     ကားတစ်စီးနဲ့ တစ်လမ်းဝင်တစ်လမ်းထွက် သီချင်းတွေသီဆိုကြတဲ့အခါ အိမ်တစ်အိမ်ကို ဆင်းပြီဆိုရင် တို့အနားမှာ မောင်ရှိနေတတ် တာ။ ကားပေါ်ပြန်ထိုင်လိုက်တိုင်းမှာလည်း တို့ရဲ့ဘေးမှာထိုင်တတ်တာတွေဟာ တိုက်ဆိုင်မှုသာဖြစ်တယ်လို့ ယူဆပေမဲ့ ဒါတွေ ဟာ မောင့်ရဲ့ရွေးချယ်မှုတွေတဲ့လား။

     လမ်းတလျှောက်လုံး အစအနောက်သန်တဲ့ တို့ရဲ့ နောက်ပြောင်ကျီစယ်မှုအောက်မှာ ကားတစ်စီးလုံး ပျင်းရိငိုက်မြည်းချိန် မရှိနိုင်လောက်အောင် တ၀ါးဝါးတဟားဟားရယ်နေကြချိန်မှာ သူကတော့ နှုတ်ခမ်းစေ့ပြုံးရင်းသာ ကြည့်နေတတ်ခဲ့တာကို ညတစ်ဝက်ကျိုးချိန် လောက်မှ တို့က စတင်သတိထားခဲ့တာ။ သီချင်းဆိုကြတဲ့အခါတိုင်းမှာလည်း အသံခပ်စူးစူးနဲ့ လက်ထဲ က ခြူကိုတချွင်ချွင်တီးရင်း ပျော်မြူး စွာသီဆိုတတ်တဲ့ တို့ရဲ့နားမှာ အသံတိုးတိုးနဲ့လိုက်ဆိုတတ်တဲ့ သူ့ပုံစံကို သတိထားမိခဲ့ပြီ။ အဖွဲ့ခေါင်းဆောင်ကိုခင်ဦးဆီက သီချင်းစာရွက် တောင်းပြီး တို့တတွေနဲ့အတူ သီချင်းလိုက်ဆိုနိုင်အောင် ကြိုးစားနေတဲ့ သူ့ပုံစံကို ဘာကြောင့်မှန်းမသိ ခင်သွားမိတယ်။

     ည(၈)နာရီကျော်ထဲကထွက်လာတဲ့ တို့ရဲ့အဖွဲ့ဟာ မနက်(၅)နာရီမှာ နောက်ဆုံးအနေနဲ့ တို့အိမ်ကိုဝင်ကြတယ်။ အိမ်ကချက်ပေး ထားတဲ့ မုန့်ဟင်းခါးပူပူကို ဗိုက်ဆာဆာနဲ့ အားပါးတရစားကြတယ်လေ။ အဲဒီအချိန်မှာ ခင်မင်စပြုနေပြီဖြစ်တဲ့ မင်းရဲ့အနားမှာ ၀င်ထိုင်ရင်း စကားတွေပြောဖြစ်ခဲ့ကြတယ်လေ။ ဧည့်သည်တစ်ယောက်ဖြစ်တဲ့ မင်းကိုတာဝန်ကျေရုံထက် ပိုပြီးများဧည့်ခံခဲ့မိသလား။ တို့ မမှတ် မိတော့ဘူး။ ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ တို့ကိုယ်တိုင်လည်း စိတ်လှုပ်ရှားနေမိတာကိုး။

     ''သက်မှူး နောက်နေ့တွေ အိမ်လာလည်လို့ ရမလားဟင်"

     တိုးတိတ်တဲ့ သူ့ရဲ့အမေးအဆုံးမှာ တို့ယောင်ယမ်းပြီး ခေါင်းညိတ်ပြလိုက်မိတယ်။ နောက်တော့မှ သတိရပြီး

     "ဘာလုပ်ဖို့လဲ"လို့ မေးတော့

     "သက်မှူးကိုခင်လို့၊ သူငယ်ချင်းဖြစ်ချင်လို့" တဲ့။

     နောက်ထပ်ဘာစကားမှ မပြောဖြစ်တော့တာ သူတို့အားလုံးပြန်တဲ့အထိပါပဲ။ တကယ်ဆိုရင် အဲဒီနေ့က မမျှော်လင့်တဲ့ ဆုံတွေ့မှု ဟာ အဆုံးသတ်သင့်ပြီပေါ့။ တစ်ခါတစ်ရံ စိတ်ထဲမှာ သတိရမိသလိုရှိပေမယ့် ခရစ္စမတ်ပွဲတော်အတွက် ပျော်ရွှင်စွာ အလုပ်ရှုပ်နေတဲ့အချိန် မို့ သူ့ကို ခဏမေ့ထားမိတယ်။ ခရစ္စမတ်နေ့မှာတော့ ဘုရားကျောင်းကထွက်လာတယ်ဆိုရင်ပဲ ကိုခင်ဦးက

     ''နင့်ဆီကို ဧည့်သည်ရောက်နေတယ်"တဲ့။

     ဘယ်သူလာတာလဲဆိုပြီး ပတ်ဝန်းကျင်ကိုလိုက်ကြည့်မိတော့ ဘုရားကျောင်းအ၀င်ဝနားလေးက အုတ်ခုံမှာထိုင်နေတဲ့သူ၊သူ့ရဲ့ ဘေး မှာလည်း လူတစ်ယောက်ထိုင်နေသလောက်နီးပါး ကြီးမားတဲ့အထုတ်ကြီးတစ်ထုတ်ကိုပါ တွေ့ရတယ်။ ထင်မထားမိတဲ့အချိန်မှာ သူ ရောက်လာတဲ့အတွက် ပျော်သွားမိတာကို ဟန်မဆောင်နိုင်ဘူး။ သူ့အနားကိုရောက်တော့

     "Marry Charismas and Happy New Year သက်မှူး" ဆိုပြီး တို့လက်ထဲကို သူ့ဘေးက အထုပ်ကြီးထည့်ပေးတယ်။

     "Chrismas လက်ဆောင်ပေးတာမို့ မငြင်းနဲ့နော် သက်မှူး၊ ကျွန်တော့်ကို ခင်ရင် လက်ခံပါ" တဲ့။ တို့ မယူမချင်း ပြန်မှာမဟုတ်တဲ့ပုံစံ နဲ့ အတင်းပေးနေတာမို့ မယူချင်ယူချင်နဲ့ လှမ်းယူလိုက်ရတယ်။

     "ဖြေကြည့်နော်" ဆိုတဲ့ သူ့ရဲ့စကားသံကို လိုက်နာစွာနဲ့ အထုပ်ကိုဖြေကြည့်လိုက်တော့ ဖြူဖွေးဆွတ်နေသော panda အမွေးပွ ရုပ်ကြီး။ တို့ အရမ်းကိုသဘောကျသွားမိတယ်။ ကြည့်ပါဦး အရုပ်ကြီးကတပွေ့တပိုက်ကြီး ခန္ဓာကိုယ်သေးကွေးလှတဲ့ တို့ရဲ့တစ် ၀က်လောက် ရှိတယ်။

     ''ကျွန်တော် သက်မှူးကိုစတွေ့တော့ baby doll လေးကို မြင်ရသလိုပဲ။ အထူးသဖြင့် သက်မှူးရဲ့ မျက်လုံးလေးတွေက baby doll မျက်လုံးလေးတွေအတိုင်းပဲ။ ကြည့်လိုက်ရင် ကလေးလေးနဲ့ အရမ်းတူတယ်။ ဒါကြောင့် ကလေးလေးအတွက် အရုပ်လက်ဆောင် ၀ယ်လာပေးတာ။ ကြိုက်ရဲ့လားဟင်?"

     ''ကြိုက်ပါတယ်။ ဒါပေမဲ့ ဈေးကြီးမှာပေါ့ အားနာ . . . . .''

     တို့ စကားဆုံးအောင် ပြောခွင့်မပေးခဲ့ဘူး။ အဲဒီနေ့က သူ့အရုပ်ကို ငြင်းမရစွာနဲ့ ယူလိုက်ရသလို သူ့ကိုလည်း သူငယ်ချင်းအဖြစ်နဲ့ လက်ခံလိုက်ရတယ်။ ဒီနှစ်ခရစ္စမတ်မှာတော့ မောင်နှမတွေအားလုံးထဲမှာ တို့ရတဲ့လက်ဆောင်က အကြီးဆုံး၊ အကောင်းဆုံးပေါ့။

     ဒီလိုနဲ့ ခင်မင်မှုနေ့ရက်တွေ တိုးခဲ့ရတယ်။ ရှေ့ဆက်တိုးဖို့မသင့်မှန်း နှစ်ယောက်စလုံးသိထားရက်နဲ့ ရှေ့ဆက်တိုးဖို့ ကြိုးစားလာတဲ့ သူ့ကို တို့ မတားနိုင်ခဲ့ဘူး။ သူ့အပေါ်တွယ်တာလာမိတဲ့ တို့ရဲ့သံယောဇဉ်ကိုလည်း တို့ကိုယ်တိုင်မတားဆီးနိုင်ခဲ့ဘူး။ မီးဆိုတာမလောင် ခင်ကတားရတယ်တဲ့။ တားဖို့တော့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။ တို့အိမ်ကို သူ ခဏခဏလာလည်တယ်။တို့ရဲ့ကျူ ရှင်တွေ သင်တန်းတွေဆင်းတဲ့အချိန်ဆိုရင် အမြဲတမ်းရှိနေတတ်ခဲ့တယ်။ ကြာလာတော့ သူ့အပြုံး၊ သူ့မျက်လုံးက ခံစားချက်တွေကို နားလည် ခံစားတတ်ခဲ့ပြီ။ အဲဒီအချိန်မှာပဲ ဒါဟာမဖြစ်သင့်ဘူးလို့ ဦးနှောက်ကအချက်ပေးတယ်။အဲဒီအသိကိုနှလုံးသားက လက်မခံနိုင် ဘူး။ သူလာ ချိန်တွေမှာ မတွေ့အောင်ရှောင်ဖို့၊ တွေ့ရင်တောင် ရင်းရင်းနှီးနှီးမပြောဆိုမိဖို့ စဉ်းစားခဲ့ပေမဲ့ တကယ်တမ်းမှာ မနေနိုင် မလုပ်နိုင်ခဲ့ဘူး။ သူ့ ရဲ့သံယောဇဉ်တွေ ရှေ့မဆက်အောင် သွယ်ဝိုက်ပြီးတားဖို့ကြိုးစားတိုင်း

    ''ချစ်ခြင်းနဲ့ လက်ထပ်ခြင်းကို ဘယ်လိုနားလည်ထားလဲ။ သက်မှူး" လို့ မေးတတ်ခဲ့တယ်။

     ဒီမေးခွန်းကို တို့ မဖြေချင်ပါဘူး။ တို့ကိုယ်တိုင်လည်း ချစ်ခြင်းနဲ့ လက်ထပ်ခြင်းကို ခွဲခြားစွာမြင်တတ်တဲ့သူပါ။ အထူးသဖြင့် သူနဲ့ တွေ့ပြီးနောက်ပိုင်းမှာပေါ့။ ဖွင့်မပြောခဲ့ပေမဲ့ သူ့ရင်ထဲကအချစ်ကို တို့ မြင်နိုင်ခဲ့သလို တို့ရဲ့ခံစားချက်တွေကိုလည်း သူတွေ့ခဲ့မှာပါ။ တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြမှန်းသိရက်နဲ့ ပြောတဲ့စကားထဲမှာ အချစ်အကြောင်းမပါအောင်၊ နေထိုင်တဲ့အပြုအမူထဲမှာ သံယောဇဉ်အရိပ်အငွေ့မပါအောင် ထိန်းချုပ်ရတာ ပင်ပန်းလိုက်တာ။ နှစ်ယောက်စလုံးနဲ့ ခင်တဲ့သူငယ်ချင်းတွေကတော့

     ''နင်တို့နှစ်ယောက်ရဲ့ဇာတ်လမ်းကို ရှေ့ဆက်တိုးမယ်ဆိုရင်လည်း သတ္တိရှိရှိရှေ့တိုးလိုက်၊ နောက်ဆုတ်မယ်ဆိုရင်လည်း ပြတ်ပြတ် သားသား အပြီးသာကျောခိုင်းလိုက်တော့။ ဟိုလိုလိုဒီလိုလိုနဲ့ စည်းလည်ခေါင်မှာ ဒီအတိုင်းကြီး ကန့် လန့် ရပ်မနေကြနဲ့" တဲ့လေ။

     သူတို့ရဲ့စကားဟာ စေတနာပါမှန်းသိပေမယ့် လိုက်နာဖို့မလွယ်ဘူး။ ကာယကံရှင်တွေအတွက်တော့ တကယ့်ကိုမလူးသာမလွန့် သာပါပဲ။ နောက်ဆုံးမှာတော့ လက်ရှိအခြေအနေကိုသည်းမခံနိုင်တော့စွာနဲ့ အကောင်းဆုံးဖြစ်မယ်ထင်တဲ့ လမ်းတစ်လမ်းကို တို့ရွေးလိုက် တော့တယ်။ တို့ရဲ့ ဆုံးဖြတ်ချက်သေချာသွားတဲ့နေ့မှာတော့ သူ့ကိုအသိပေးဖို့ ရည်ရွယ်ရင်း သူ့ကိုအတွေ့မှာ

     ''နိုင့်ကို ပြောစရာရှိတယ်"ဆိုတဲ့ စကားသံနဲ့ထပ်တူ

     "သက်မှူးကို ပြောစရာရှိတယ်"တဲ့လေ။

     ဘာကြောင့်များ တို့နှစ်ယောက်အကြံတူနေရတာလဲ။ အပြုံးကိုယ်စီနဲ့ သူအရင်ပြော ကိုယ်အရင်ပြော ငြင်းကြခုန်ရင်းနဲ့ နောက်နေ့ မှ အေးအေးဆေးဆေးပြောဖို့ သဘောတူလိုက်ကြတယ်။ ဒီနေ့တစ်နေ့လုံး သူနဲ့အတူလျှောက်သွားရင်း နောင်ဒီလိုအခွင့်အရေးမျိုး မရှိနိုင် တော့ဘူးလို့ တွေးမိရင်း တို့ရင်နာနေမိတယ်။ လမ်းတလျှောက်လုံး သူ့မျက်နှာကို ခိုးခိုးကြည့်မိရင်း ၀မ်းနည်းနေပြန်တယ်။ သူကိုယ်တိုင် လည်း သက်ပြင်းတချချနဲ့ အတွေးတွေများနေပုံပါပဲ။ နှစ်ယောက်စလုံး စကားမပြောဖြစ်ပဲ အချိန်တွေကုန်ဆုံးသွားခဲ့တယ်။

     ခင်မင်ရင်းနှီးမှုသက်တမ်းမကြာလှသေးပေမယ့် သူဟာ တို့ရင်ထဲမှာ အနက်ရှိုင်းဆုံး တည်ရှိနေခဲ့ပြီ။ နောက်တစ်နေ့ တို့တွေ့ဆုံ ကြတော့ ပြောဖြစ်ကြတဲ့အကြောင်းအရာတွေဟာ ဘာကြောင့်မတူညီခဲ့ပါသလဲ။ တို့စိတ်ကူးနဲ့ သူ့ရဲ့စိတ်ကူးဟာ ဘာကြောင့်များ ဆန့်ကျင် ဘက်ဖြစ်နေရပါသလဲ။ တို့ စဉ်းစားတတ်သလို အဲဒီအတွက်အဖြေလည်း အဆင့်သင့်မရှိခဲ့ဘူး။

     ''သက်မှူးကို ချစ်တယ်"ဆိုတဲ့ နိဒါန်းမပါတဲ့ သူ့ရဲ့စကားသံဟာ တို့ရဲ့ ရွေးချယ်မှုကို ဆန့်ကျင်လိုက်တာပါပဲ။

     "ဟင့်အင်း ..... မချစ်ရဘူး နိုင်။ နောက်ပြီး မဖြစ်သင့်ဘူးလေ။ သက်မှူး ဒီနေ့ပြောမယ်ဆိုတာကလည်း ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ပဲ။ သက်မှူးပြောချင်တာက ခုထဲက တို့တတွေရဲ့ခင်မင်မှုကို ရပ်ဖို့ပါ။ နှစ်ယောက်စလုံး ၀မ်းနည်းကြေကွဲစွာခံစားရမယ့် အလုပ်မျိုးကို အစထဲကမလုပ်ကြရင် အကောင်းဆုံးမဟုတ်လား။ မဖြစ်နိုင်မှန်းသိရက်နဲ့  ရှေ့မဆက်ချင်ပါနဲ့ကွာ"

     ''သက်မှူးကို လက်ထပ်ခွင့်မရတာနဲ့ တို့ မချစ်ရတော့ဘူးလား။ ချစ်ခွင့်မရှိတော့ဘူးလား။ မဖြစ်နိုင်မှန်းသိပေမယ့် တို့ရင်ထဲက ချစ်ခြင်းကိုတော့ တားလို့မရခဲ့ဘူး။ တို့ကို မချစ်ပါနဲ့လို့ မတားပါနဲ့ သက်မှူးရယ်။ သက်မှူး ပြန်မချစ်ရင်လည်း နေပါ။ ကိုယ်က ချစ်နေခွင့် လေးရရင်ပဲ ကျေနပ်ပါတယ်။ ဒါပေမယ့် အရင်ကခင်မင်လက်စလေးကိုတော့ မေ့မပစ်လိုက်ပါနဲ့သက်မှူးရယ်။ တို့ သက်မှူးကို မခွဲနိုင်ဘူး"

     "အဲဒါပြောတာပေါ့ နိုင်ရယ်.. သူငယ်ချင်းအဖြစ်နဲ့တောင် မခွဲနိုင်တာ။ ချစ်သူဖြစ်ရင် ပိုပြီးဆိုးတော့မှာပေါ့။ နောက်ပြီး သက်မှူး ကိုယ်တိုင်ကလည်း ချစ်ပြီးတော့မှ မခွဲချင်ဘူးလေ။"

     "သက်မှူးစကားက တို့ကို ချစ်နေတယ်ဆိုတဲ့အဓိပ္ပာယ်မဟုတ်လား။ ကိုယ့်ကိုကိုယ် မညာပါနဲ့ သက်မှူးရယ်။ မဖြစ်သင့်ဘူး၊ မဖြစ်နိုင် ဘူးဆိုတဲ့အသိတွေနဲ့  ထိန်းချုပ်နေပေမဲ့ သက်မှူးနှလုံးသားကတော့ ချစ်နေတာပဲမဟုတ်လား။ သက်မှူးမျက်လုံးလေးတွေထဲက အရိပ်တွေက ရင်ထဲကခံစားချက်အစစ်အမှန်တွေပဲလေ။ ဒီတစ်ခါတော့ နှလုံးသားဆန္ဒကိုဦးစားပေးရအောင် သက်မှူးရယ်နော်။ နိုင့်ကို ချစ်တယ် လို့ပြောပါအုံး"

       သူ့စကားတွေကမှန်လွန်းနေတာကြောင့် ဘာမှပြန်မပြောနိုင်ခဲ့။ တကယ်လည်း သူမနှလုံးသားက ဟန်ဆောင်တင်းထားမှုတို့က ကြာကြာမခံခဲ့။ သူ့ရဲ့အပြုံးများအပြောများကြားတွင် အရည်ပျော်ခဲ့ပြီ။ ချစ်ကြပြီဆိုတော့လည်း အရူးအမူး တစ်ယောက်ကိုတစ်ယောက် မျက်စိအောက်ကအပျောက်မခံနိုင်အောင် တတွဲတွဲမခွဲမခွာ ရှိခဲ့ကြသည်။ တကယ်တော့နိုင်ဟာ သူမအတွက် ချစ်သူတစ်ယောက်အဖြစ် သာမက အစ်ကိုတစ်ယောက်လိုရော သူငယ်ချင်းတစ်ယောက်လိုပါ အားကိုးစရာဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ အစစအရာရာ အလိုက်သိမှု၊ ဂရုစိုက်မှု၊ လိုအပ်ချက်မှန်သမျှ ဖြည့်ဆည်းပေးမှု၊ အချစ်ကြီးမှုတွေရဲ့ကြားမှာ တို့ နေပျော်ခဲ့ပြီ။ ပတ်ဝန်းကျင်ရဲ့

      "နိုင်က သက်မှူးကို သိပ်ချစ်တာ"လို့ ပြောသံများကြားမှာ သူမ ချစ်သူရကံကောင်းခြင်းအတွက် ဂုဏ်ယူတတ်ခဲ့ပြီ။

     သူငယ်ချင်းတစ်ယောက်က ပြောတယ်။ မိန်းမတစ်ယောက်ရဲ့ဘ၀မှာ ကိုယ့်ကိုသိပ်ချစ်တတ်တဲ့ ချစ်သူတစ်ယောက်ကို တဘ၀စာ မဟုတ်ဘဲ ခဏတာပိုင်ဆိုင်ခွင့်ရခဲ့ရင်တောင် အဲဒီမိန်းမရဲ့ဘ၀ဟာ ကျေနပ်စရာကောင်းနေပြီတဲ့။ အခု သက်မှူးကို နိုင်ချစ်နေသလို မျိုးပေါ့။ တကယ်လို့ နိုင့်ကို ပိုင်ဆိုင်ခွင့်မရရင်တောင် နိုင့်ရဲ့ချစ်ခြင်းတွေကို တစ်ဘ၀လုံးစာရထားပြီးပြီမို့ မင်း ကျေနပ်သင့်ပါတယ်တဲ့လေ။ သူ ပြောမှပဲ တို့တောင် ဘ၀င်မြင့်ချင်လာပြီနော်။ ဒီအကြောင်းနိုင့်ကို ပြန်ပြောပြတော့

     "နိုင်ချစ်တာ လူတိုင်းသိတယ်တွေ့လား"တဲ့

     အဲဒီလို နိုင်က တို့အပေါ် သိပ်ချစ်လေ သိပ်ကောင်းလေ နိုင်ကို မခွဲနိုင်လေ ပိုဖြစ်လာရပါတယ်။ ဒါပေမယ့် နိုင်နဲ့ တို့ရဲ့ဘ၀ဟာ ဆုံဆည်းခွင့်မရှိဘူးလို့ တွေးလိုက်မိတိုင်း ငိုကြွေးတာမဟုတ်ပဲနဲ့ကို မျက်ရည်တွေကျလာတတ်တယ်။ နိုင်နဲ့ ဝေးရမယ်ဆိုတဲ့ အသိဝင် လာချိန်တိုင်း တို့ အမြဲငိုကြွေးခဲ့ရတယ်။ နိုင်နဲ့ပတ်သက်ပြီးတော့မှ တို့ရဲ့စိတ်ဟာ ဘယ်လောက်များနူးညံ့နေခဲ့လဲဆိုရင် ချစ်သူချင်း မပေါင်းရတဲ့ ရုပ်ရှင်တို့၊ ၀တ္ထုတို့ ကြည့်ရဖတ်ရရင်တောင် မျက်ရည်ကျတတ်ခဲ့တာ။ ချစ်သူနဲ့ကွေကွင်းရခြင်းဆိုတာ တော်တော်ကြီး တဲ့ဒုက္ခပဲလို့နားလည် တတ်ခဲ့ပြီ။

     " နိုင့်အိမ်က သက်မှူးနဲ့ နိုင့်ကို သဘောမတူတာ တခြားဘာအကြောင်းကြောင့်မှ မဟုတ်ဘူး။ ဘာသာမတူတာတစ်ခုကြောင့်သာ တားနေကြတာ။ ဒီလိုပါပဲ သက်မှူးအိမ်ကလည်း နိုင်နဲ့သဘောမတူဘူးလို့ ပြောနေကြမှာပဲ ဟုတ်တယ်မဟုတ်လား။ ဒီလိုမျိုး ဖြစ်လာ မယ်ဆိုတာ နိုင်တို့ ကြိုသိထားပြီးသားပဲလေ။ အဲဒီအတွက်တော့ ထူးပြီးစိတ်မကောင်းမဖြစ်ပါနဲ့ သက်မှူးရယ်။ ဒါသဘာဝပဲ။ ဘယ်မိဘ မဆို ကိုယ့်သားသမီးကိုကောင်းစေချင်ကြတာပဲလေ"

     ဟုတ်တယ်နော်။ တကယ်ဆိုရင် တို့နှစ်ယောက်စလုံးမှာ ပြောစရာအပြစ်လဲမရှိ၊ လူကြီးတွေ လက်မခံနိုင်စရာအခြေအနေလည်း
 မရှိပါပဲနဲ့ ဒီတစ်ချက်ထဲနဲ့ ခက်နေရတာလေ။ အတူနေခွင့်ရတဲ့ ချစ်သူစုံတွဲတွေကို အားကျမိပါတယ်။ လက်ထပ်ဖို့ ပစ္စည်းကြိုတင် စုဆောင်း နေကြသူတွေ ရက်ရွေးနေကြတဲ့ ချစ်သူတွေကိုတွေ့ရင် သူတို့နေရာမှာ ကိုယ်ရှိနေချင်လိုက်တာ။ သူတို့လိုပဲ ကိုယ့်ချစ်သူလက် ကို ပိုင်ပိုင် နိုင်နိုင်ဆုပ်ကိုင်ရင်း ဘ၀ကို ရင်ဆိုင်ရုန်းကန်ချင်လိုက်တာ။ ပျော်ရွှင်မှု ၀မ်းနည်းမှု အောင်မြင်မှုစတာတွေကို အတူမျှဝေခံစား ခွင့်ရ ချင်လိုက်တာ။ သူများလိုအခွင့်အရေးမရှိတဲ့ ကိုယ့်ဘ၀ကိုယ် အားငယ်မိတာအမှန်ပါပဲ။ အဲဒီလိုအတွေးမျိုးတွေ ၀င်လာတိုင်း နိုင် ရင်ခွင်မှာ တိုးဝင်ငို ကြွေးမိတယ်။ တကယ်တော့ ဒါဟာလည်း တို့တွေကိုယ်တိုင် နှလုံးသားဆန္ဒကိုဦးစားပေးပြီး ရွေးချယ်ခဲ့တဲ့လမ်း ပဲလေ။ နာကျင်မယ်မှန်း သိရက်နဲ့ ရွေးခဲ့မိတာကိုး။

     နောက်ပြီး တို့မှာ အတ္တအနည်းငယ်ကလည်း ရှိနေပြန်တယ်။ ကိုယ့်ကိုချစ်သလိုမျိုး တခြားတစ်ယောက်ကို နိုင်ထပ်ချစ်တော့မှာ မဟုတ်ဘူးဆိုတာကို ယုံကြည်ပေမဲ့ တို့ရရှိနိုင်တော့မှာမဟုတ်တဲ့ နိုင့်ရဲ့ အကြင်နာတွေ ဂရုစိုက်မှုတွေကို နိုင်ဆီကနေ အခြားသူရသွား မှာကိုလည်း မလိုလားဘူး။ ရှင်းရှင်းပြောရရင်တော့ မနာလိုဘူးပေါ့။ နိုင်ရဲ့ ချစ်ခြင်းမေတ္တာတွေ၊ အကြင်နာတွေကို တို့တစ်ယောက်ထဲသာ အပိုင်လိုချင်ခဲ့တာ။ အဲဒီအကြောင်းတွေ နိုင့်ကို ပြောပြတော့

     "သက်မှူးမဟုတ်တဲ့ တခြားမိန်းကလေးတစ်ယောက်ကို နိုင်ထပ်ချစ်နိုင်တော့မှာမဟုတ်သလို သက်မှူးကိုပေးတဲ့ အကြင်နာမျိုး၊ သံယောဇဉ်မျိုး၊ ဂရုစိုက်မှုမျိုးကိုလည်း နိုင်ဘယ်သူ့ ကိုမှပေးနိုင်မှာမဟုတ်ဘူး ဘေဘီလေးရဲ့။ ဘာလို့လဲဆိုတော့ သက်မှူးကိုချစ်တဲ့ အချစ်ကြောင့်သာ ဒီအရာတွေအားလုံးဟာ ဖန်တီးစရာမလိုပဲ နိုင့်ရင်ထဲက အလိုလိုထွက်လာခဲ့တာ။ အကြင်နာတို့ မေတ္တာတရားတို့ အချစ်တို့ ဆိုတာ ဖန်တီးလို့မရပါဘူး ဘေဘီလေးရယ်"တဲ့။

    နိုင့်ရဲ့ အဖြူရောင်ချစ်ခြင်းတွေကိုသိရလေ နိုင့်ကို မစွန့်လွှတ်နိုင်လေပါပဲ။ ဒီလိုနဲ့ပဲ နိုင့်နဲ့တို့ရဲ့ ချစ်သူသက်တမ်း ကြာရှည်လာ ခဲ့ပြီ။ အချိန်ကြာလာနဲ့အမျှ နိုင်နဲ့တို့ရဲ့အိမ်ကသာမက ပတ်ဝန်းကျင်ကပါ တွန်းအားပေးလာခဲ့ပြီ။ သူငယ်ချင်းအသိုင်းအ၀ိုင်းကတောင် ပြတ် သားဖို့ လိုပြီလို့ ပြောလာကြပြီ။ မိဘတွေကလည်း သဘောမတူကြောင်း ပွင့်ပွင့်လင်းလင်း ပြောလာခဲ့ပြီ။ နည်းမျိုးစုံနဲ့ တားဖို့ ကြိုးစား နေကြပြီ။ နိုင်နဲ့တို့ရဲ့ ရင်ထဲက ချစ်ခြင်းခိုင်မာနေလို့သာ တော်ရုံနဲ့ မဖျက်နိုင်ခဲ့တာ။ နှစ်ဖက်စလုံးက အိမ်ထောင်ပြုပေးဖို့ စီစဉ်နေကြပြီ။

      တို့တတွေ ဘာလုပ်ကြမလဲ နိုင်။ ကိုယ့်ကို ဒီအရွယ်ထိရောက်အောင် ကျွေးမွေးပြုစုစောင့်ရှောက်လာတဲ့ မိဘရင်ခွင်ကို စုံကန်ပြီး ချစ်သူနောက်လိုက်မလား။ ဒါမှမဟုတ် မိဘသဘောကျ ကိုယ်မချစ်နိုင်တဲ့လူတစ်ယောက်ကိုပဲ မျက်စိမှိတ် ခေါင်းညိတ် လက်ခံပြီး လက်ထပ် မလား။ တို့တွေဝေစပြုခဲ့ပြီ။ နောက်ပြီး အချစ်တစ်ခုကိုရှေ့တန်းတင်ပြီး ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းရဲ့စွန့်ပစ်မှုကို ခံယူပြီး ဘ၀ကိုရပ်တည်ရမှာကိုလည်း အမှန်အတိုင်းဝန်ခံရရင် တို့ကြောက်မိတယ်။

     နောက်ပြီး တို့ငယ်ငယ်လေးထဲက ခုချိန်ထိလိမ္မာခဲ့သူလေ။ မောင်နှမ၀မ်းကွဲတွေ မောင်နှမအရင်းတွေက အမြဲတမ်းအထင်ကြီးလေး စားခြင်းကိုခံရတဲ့သူ။ အငယ်တွေအတွက် ရှေ့ဆောင်လမ်းပြဖြစ်အောင် အမြဲတမ်းထူးချွန်ထက်မြက်အောင်ကြိုးစားခဲ့တဲ့သူ -  အမျိုးတွေကြားထဲမှာ

     "သက်မှူးကို အတုယူနော်"

     "မမကြီးလို တော်အောင်ကြိုးစား"

    "သူ့လို လိမ္မာအောင်နေ"လို့ အမြဲတမ်းစံပြုချီးမွမ်းခံခဲ့တဲ့သူ၊ အဲဒီလိုအပြောတွေကိုလည်း သာယာတတ်ခဲ့သူ၊ အဲဒီလိုမျိုး တစ်ချိန် လုံးလိမ္မာခဲ့တဲ့၊ မိဘက ကိုယ့်အတွက်အမြဲဂုဏ်ယူခဲ့ရတဲ့ သမီးလိမ္မာတစ်ယောက်ဘ၀ကနေ မိဘစကားကိုနားမထောင်ဘဲ ဖြစ်ချင်ရာဖြစ် ဇွတ်မိုက်လိုက်ဖို့ ကိုယ့်မှာ သတ္တိ နည်းခဲ့တာလည်းအမှန်ပါပဲ။ ဒါဟာလည်း ကိုယ့်ကိုကိုယ် ချစ်ခြင်းအတ္တတစ်မျိုးပါပဲလေ။

     တို့ ကို သတ္တိမရှိသူလို့ နိုင် ဝေဖန်မှာလား။ အတ္တကြီးသူလို့ နိုင် စွပ်စွဲလိုက်လေမလား။ စွပ်စွဲလိုက်ပါ နိုင်။ တို့အိမ်နဲ့ ဆွေးနွေးပြီးပြီ။ အမေ့ရဲ့စိတ်ဆင်းရဲတဲ့မျက်ရည်တွေကို မမြင်ဝံ့ဘူး။ အဖေ့ရဲ့ကျေနပ်ခြင်းအပြုံး ဂုဏ်ယူပြုံးတို့ကိုသာ မြင်ချင်ခဲ့ပါတယ်။ အဲဒီအတွက် တို့ အရမ်းချစ်တဲ့ နိုင့်ကို စွန့်လွှတ်ရတော့မယ်။ မိဘတွေရဲ့စိတ်ချမ်းသာမှုနဲ့ တို့နှစ်ယောက်နှလုံးသား လဲလှယ်ရတော့မယ်။

      နိုင်ရေ ... တို့တတွေဆွေးနွေးကြရအောင်။ တိုက်ဆိုင်စွာပဲ နိုင့်မှာလည်း တို့ကို ဆွေးနွေးစရာရှိနေခဲ့သတဲ့။ ဟိုတစ်ခါကလို တို့ နှစ်ယောက်ရဲ့ဆန္ဒဟာ ဆန့်ကျင်ဘက်တွေ ဖြစ်ခဲ့ရင် -

     တစ်ခါတစ်ရံမှာတော့ လောကကြီးမှာဖြစ်တတ်တဲ့ အဖြစ်အပျက်တချို့ဟာ မယုံနိုင်စရာကောင်းလောက်အောင် အကွေ့ အကောက် တိမ်းဝှက်မှုတွေနဲ့ရယ်လေ။ ကြိုမမြင်နိုင်တာတွေ ဖြစ်ပျက်ခဲ့တယ်နော်။ နိုင်လည်း အိမ်နဲ့ဆွေးနွေးပြီးပြီတဲ့။ နိုင့်မှာလည်း ငဲ့ညှာစရာတွေ နဲ့ပါလား။ နိုင့်အိမ်မှာလည်း နိုင်ဟာ မရှိမဖြစ်Essentialတဲ့လား။ နိုင်ဟာလည်း ''သားလိမ္မာ"ဆိုတဲ့ ခေါင်းစီးအောက်ကရုန်းမထွက်နိုင်ခဲ့ ဘူးနော်။

      တကယ်တော့ တို့နှစ်ယောက်ဟာ အဖြေသိပြီးသားပုစ္ဆာတစ်ပုဒ်ကို ပြောင်းလဲပြီးအဖြေထုတ်နိုင်မလားရယ်လို့ ကြိုးစားကြည့်ကြ တဲ့ကလေးနှစ်ယောက်ရဲ့ ရူးသွပ်မှုမျိုးလား။ ဒါမှမဟုတ် ကောင်းကင်ကိုမော့ကြည့်ပြီး လမင်းကိုလိုချင်လို့ လှေကားထောင်တက်ဖို့ ကြိုးစား မိတဲ့ကလေးတစ်ယောက်ရဲ့ မိုက်မဲမှုမျိုးလား။ တို့မတွေးတတ်ခဲ့ဘူး။

     နောက်ဆုံးမှာတော့ မိဘဆွေမျိုးအသိုင်းအ၀ိုင်းတစ်ခုလုံးက အထပ်ထပ်ရစ်ပတ်ထားတဲ့ ၅၂၈ သံယောဇဉ်နှောင်ကြိုးအောက်မှာ တို့နှစ်ယောက်ရဲ့ ၁၅၀၀ အချစ်ကြိုးလေးပြတ်တောက်သွားခဲ့ပြီ။ နိုင်ဟာလည်း အိမ်ကရွေးချယ်ပေးစားတဲ့မိန်းမတစ်ယောက်ကို မကြာခင် မှာ လက်ထပ်ရတော့မှာဖြစ်သလို တို့ဟာလည်း အလားတူပဲ နိုင်မဟုတ်တဲ့ တခြားယောက်ျားတစ်ယောက်ကို လက်ထပ်ရတော့မယ်။

   သင့်တော်လို့စီစဉ်တာဆိုတဲ့ လူကြီးတွေရဲ့စီမံမှုအောက်မှာ ''သားလိမ္မာ'' ''သမီး လိမ္မာ''ဆိုတဲ့ ခေါင်းစဉ်လှလှလေးတွေအောက်မှာ အသည်းနှလုံးတွေ ကြေမွသွားခဲ့ပြီ။ နှလုံးသားက နာကျင်စွာငိုကြွေးနေတာကို ဘယ်သူကြားနိုင်သိနိုင်မှာတဲ့လဲ။ သိပ်ချစ်တတ်တဲ့ တို့ နှစ်ယောက်ပဲ သိနိုင်လိမ့်မယ်နော်။ ဒါပေမယ့် နှလုံးသွေးတွေရင်းပြီး ဆက်လျှောက်ရမယ့်လမ်းမှာတော့ အပြုံးတစ်ခုကို ဟန်ဆောင်လို့ ပဲ ဖြစ်ဖြစ်တပ်ဆင်ထားရလိမ့်မယ်။ ဒါဟာလည်း နောင်တစ်ချိန်မှာ ကလေးတွေကို ဥပမာပြုဆုံးမစရာ မဖြစ်ဘူးလို့ မပြောနိုင်ဘူးလေ။

      ''သက်မှူးတို့များလိမ္မာလိုက်တာ။ ချစ်သူရှိတာတောင် မိဘသဘောမတူလို့ စွန့်လွှတ်ပြီး အိမ်က သဘောတူသူကိုပဲယူရှာတယ်'' လို့ ပြောကောင်းပြောနေကြဦးမှာပါ။ မျက်ရည်တွေမရှိတော့ဘူး နိုင်။ အသံတိတ် ငိုကြွေးရလွန်းလို့ ခမ်းခြောက်ခဲ့ပြီ။

     မောင်နိုင်ထာဝရနဲ့ မသက်မှူးညီညီတို့ ရဲ့ နှစ်ယောက်တွဲရက်ဖိတ်စာကို လူတွေမြင်ရတော့မှာမဟုတ်ပေမယ့် သူတို့တစ်ယောက် ချင်းစီရဲ့ဘေးမှာ သူတို့ရဲ့ချစ်သူမဟုတ်တဲ့သူတွေနဲ့ တွဲလို့ ထိမ်းမြားခြင်းဖိတ်စာတွေကိုလည်း မြင်ကြရဦးမှာပါ။

အဲဒီအချိန်မှာ လူတွေကဘာပြောကြမှာလဲ။ သနားကြမှာလား။ ဝေဖန်ကြမှာလား။ အံ့သြကြမှာလား။ ကိုယ်တိုင်ခံစားဖူးသူမှသာ ကိုယ်ချင်းစာနားလည်နိုင်မှာနော်။ ဖတ်ခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်ပေါ့ ... နိုင်။ ခုတော့ တို့နှစ်ယောက်ဘ၀ကို ကိုယ်စားပြုလို့နေလေရဲ့။

တွေ့ခွင့်မကြုံ
ဆုံခွင့်မရ
ဘ၀ချင်းပင်
ဘယ်လို …..
ဝေးစေဦးတော့
သူရှိနေသည်
အသိလေးနဲ့သာ
အစဉ်ကျေနပ်ကာ
အရင်ကလည်း
နေတတ်ခဲ့တာမို့
နောင်လည်း
နေတတ်အုံးမှာပါ။

နိုင်ရေ မနေတတ်ရင်လည်း နေတတ်အောင် ကြိုးစားသွားရမှာပါ....။

                                                                                                            မေဇူး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...