Monday, January 28, 2013

သားစိုး ဒီမိုကရေစီ

by Bo K Nyein on Monday, January 28, 2013 at 6:22pm ·


အမှတ်မထင် စာဆောင် ဂျနယ်တစ်ဆောင်မှာ သားစိုးအကြောင်းဖတ်မိတယ်။
မထင်မှတ်ပဲ ပေါ်လာတဲ့ အတွေးအခေါ် တစ်ခုပါ။

စာရေးသူက အမေရိကားမှာ ၁၉၈၂ ကတည်းက ရောက်နေပေမဲ့ ဟစ်ဟော့ ရော ရက် (Rap) ဂီတကို စိတ်ဝင်တစား တခါမှ နားမထောင်ဖူးပါ။ အမှန်စင်စစ် မြန်မာခေတ်ပေါ် တေးသီချင်း ၊ ရုပ်ရှင် နဲ့ လည်း ရင်းနှီးမှု မရှိခဲ့ပါ။
ထိုင်းနိုင်ငံရောက်မှ မြန်မာနိုင်ငံက ခေတ်ပေါ်တေးဂီတကို နားယဉ်ခဲ့ရပါတယ်။ အကြောင်းက စာရေးသူဟာ အနုပညာပါရမီ နဲခဲ့သူပါ။ ရုပ်ရှင်လည်း မကြိုက်ပါ။
သို့သော် စာရေးသူရဲ့ အိမ်ရှင်မက ရုပ်ရှင်သရဲ။ မြန်မာ အခွေတွေ ကြည့်နေရရင် မပျင်းနိုင် ၊ မရိုးးနိုင်။ စာရေးသူတို့သိတာက ဂျင်မီဂျက် ၊ မင်းမင်းလတ် ၊ အမေတစ်ခု ၊  သားတစ်ခု ။ မာမီရယ်ရှာပေးကွယ် ၊ ရည်းစားလိုချင်တယ် ဆိုတဲ့ တက္ကသိုလ်ထွန်းနောင် ရဲ့ တေး။
တနေ့ ဗိုလ်ဇေယျ ရဲ့မြေး ဟေမာနေ၀င်း ရဲ့ စတိတ်ရှိုး အခွေကို ကြည့်မိတယ်။ ကြိုက်တယ်။ အသံကောင်း တယ်ရယ်လို့ သတိထားမိတယ်။ သီချင်းဆိုရာမှာလည်း အိနြေ္ဒရှိတယ်လို့ သုံးသပ်မိတယ်။ အဆုံးနားမှာမှ ဟေမာနေ၀င်းက သူ့ရဲ့အကို နဲ့ ကော့ကော် ကန်ကား အမူအရာ ပိုလွန်းတယ်ထင်မိပေမဲ့ မစ့် အရောအနှော ဂီတ ကိုတော့ ခံစားလို့ရတယ်။ ကြိုက်မိ တယ်။ မတူတာကို ရောထားတဲ့ ၊ ၀ိရောဓိ သံစဉ်ကိုမှ သဘော တွေ့မိတယ်။

မကြာခင်မှာပဲ ၊ အမျိုးသမီးက ဖွင့်နားထောင်ရင်း သာစိုးရဲ့ ဒဿဂီရိ မစ့်ဂီတကို နားထောင်မိတော့ ထပါ ကြည့်ရတယ်။ သားစိုးက အသံအပြင် ၊ အက ပါပါတာကိုး။ သံစဉ်က စိတ်ကြွစေတယ်။ မယ်သီတာက လှမှလှ။ ခေတ်ပေါ် ရက် (rap) ကို ဂန္တ၀င်ဇာတ် နဲ့ ညှိပြီး မြန်မာပုံဖေါ်ထားတဲ့ အနုပညာဟာ လေးစား စရာပါ။

သားစိုးရဲ့ မင်းသားဝတ်စုံကို ကြည့်နေရင်း မြန်မာနိုင်ငံက မထွက်ခွာမှီ ၊ ဇာတ်သဘင် လောက က တကယ့် အဖြစ်မှန်ဇာတ်လမ်းလေးကို သွားသတိ ရမိတယ်။ စာရေးသူ မိဘ ပိုင် ၉၅ရွှေဂုံတိုင် မှာနေစဉ်က အိမ်န ဘေး မှာနေတဲ့ အမျိုးသမီးဟာ နံမည်ရှိတဲ့ ဇာတ်မင်းသားနဲ့ အကြောင်းပါတယ်။ မင်းသားက နံမည်ရှိသမို့ ဇာတ်ဆရာက ရုံသွင်းလိုက်ပါတယ် ၊ ကွက်ကွက်လန်အောင် ရှုံးရပါတယ်တဲ့။ အကြောင်းက မင်းသား ခါးကျိုးထားးတာကို ဇာတ်သွင်းသူက မသိလိုက်ဖူးတဲ့။ အက မှာ ခါးက အဓိက ၊ ခါးကျိုးနေမှတော့ အက လည်း မနိုင် တော့ဖူးပေါ့။

တချို့က သားစိုးရဲ့ အနုပညာကို မကြိုက်ကြဖူးတဲ့။ မြန်မာ့သီချင်းကြီး ကိုမှ မြန်မာ့ထုံးတမ်းစဉ်လာ လို့ ထင်တဲ့သူတွေ အဖို့ကတော့ ဟုတ်မှာပါ။ ဒါပေမဲ့ ခေတ်ဆိုတာက တဖြည်းဖြည်းပြောင်းလဲလာတာပဲ။ လောကမှာ ပြောင်းလဲ မှု နှေးမှဖြစ်တာတွေ ရှိသလို ၊ ပြောင်းလဲမှု မြန်တာတွေလည်းရှိကြတာပဲ။ သီချင်းကြီး ဆိုတာ ပြောင်းလဲမှု နှေးပေမဲ့ ခေတ်ပေါ်ဂီတ ကတော့ ခေတ်နဲ့ အလိုက်ပြောင်းကြတာပဲ။ ပြဓါးတလမ်း သံတလမ်း ဖြစ်နေတဲ့ ဂီတ နှစ်ခုကို ရအောင် ဆက်ယူတဲ့ သားစိုးကို ချီးကျူးရမယ်။  စာရေးသူကတော့ သားစိုးဟာ ရှေးထုံး ကိုဖျက်စီး သူလို့ မမြင် ၊ မတူတဲ့ သံစဉ် နှစ်ခုကို ရအောင် ကူးယူနိုင်သူလို့မြင်မိတယ်။ ထုံးတမ်းရှိတဲ့ သီးချင်းကြီးတွေကို မပျက်မစီး ထန်းသိမ်းသူတွေက ထိန်းသိမ်းထားဆဲပဲ မဟုတ်ပါလား။ တင်တင်မြ တို့ ၊ မာမာအေးတို့ အသံတွေ ကျန်သေးသမျှ သီချင်းကြီးဆိုတာ ရှင်သန်ရုံမက စွဲလန်းတဲ့သူတွေ ရှိနေကြမှာပဲ

ဂီတ ဖြစ်စဉ် နဲ့ ယနေ့ နိုင်ငံရေးဖြစ်စဉ် တွေကို ဆက်စပ်ကြည့်ရအောင်။

ဦးသိန်းစိန် အပါအ၀င် လက်ရှိ အစိုးရက အများစု ဟာ စစ်ဗိုလ်တွေ။ သူတို့နားယဉ်နေ မှာက စစ်ချီ သီချင်းတွေ။ ၂၀၁၀ ရွေးကောက်ပွဲမှာ ဦးသန်းရွှေက စစ်ဗိုလ်တွေ ၊ ဘောင်းဘီချွပ် ၊ တောင်ရှည် နဲ့ ခေါင်းပေါင်း ၀တ်ခိုင်း ၊ ဆောင်းတီးပြီး မြမန်းဂီရိ ဖွင့်ပေး လိုက် တော့ အာလုံး စည်းနဲ့ဝါး ၊ စည်းနဲ့ဝါး လိုက်လုပ်နေကြရတာ။ ဆိုလိုတာက တသက်လုံး ခါးထောက် အုပ်ချုပ် ၊ ဗိုလ်ကျလာတဲ့ စစ်ဗိုလ်အုပ်စု ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပလို့ဂျိ  ဒီမိုကရေစီ ခေတ်ရောက်ပြီ ဆိုပြီး ဒီမိုကရေစီ တေးကြီးဖွင့်ပြီး ၊ မင်းတို့ ဒီမိုကရေစီ ယိမ်း က ကြတော့ ၊ တာ့တာ ဆိုပြီးထားခဲ့တော့ ၊ တိုင်ပြည်ချစ်စိတ်ရှိတဲ့ ၊ တိုင်းပြည် ကောင်း စားစေချင်တဲ့ ၊ ရှေ့တန်းက လူတစ်စု ကလွဲလို့ ကျန်တဲ့ သူ အများစုက ၊ ဒီမိုကရေစီတေး ကို ဖြီးဆို နေကြတာပါ။ ဒီမိုကရေစီ အော်တဲ့ အလှည့်ရောက် မှ ဒီမို ကရေစီ ၊ ဒီမိုကရေစီ ၀ိုင်းအော်နေကြတဲ့ ၀ူးဝူးဝါးဝါး ဒီမိုကရေစီ ယိမ်းသမားတွေပါ။

တချို့ကလည်း ဒီမိုကရေစီ ဆိုတာ ဒါမဟုတ်ဖူးကွ ၊ ဒီဖက်ခေတ် မှာ ဟစ်ဟော့ ကွ ၊ မင်းတို့ အက ကြီးက နှေးလွန်းတယ် ၊ စိုင်းစိုင်းခမ်းလှိုင်လို့ အော်ပါတော့လား ၊ ဖြူဖြူခိုင်သင်း လိုကြမ်းပါတော့လား ၊ ချမ်းချမ်း လို လမ်းပါတော့လားဆိုပြီး ၀ိုင်း သမ ကြရင် ၊ ပရိတ်သတ် အကြိုက် မင်းသားလိုက် (က) ရင်ဖြင့် ၊ စစ်သားကို သဘင်သမား လုပ်ခိုင်းထားတာကြောင့် ၊ မက တတ် က တတ် နဲ့ မင်းသားခါးကြိုး သွား မှဖြင့် ဒုက္ခ။

တော်တော်ကြာကြာ ၊ မထူးပါဖူးဆိုပြီး ၊ စစ်ချီသူချင်းတွေနဲ့ ဘယ်ညာဘယ်ညာ ပြန်မောင်း နေမှ အကျိုးနဲ ရချည် ရဲ့ဖြစ် နေပါဦးမယ်။

အက ကို အမှတ်ပေးနေတဲ့ ဒိုင်သူကြီး အဖွဲ့ ရှေ့တန်းမှာ ဒေါ်စု တို့လည်းရှိပါတယ်။ ၈၈ က မင်းကိုနိုင် နဲ့ ကိုကိုကြီး တို့လည်း ရှိပါတယ် ။ ပရိသတ် သဘောမတွေ့ ရင်တောင် ဒိုင်သူကြီး တွေရဲ့ အမှတ်ပေး တာကို စောင့်ကြည့်စေချင်ပါတယ်။
အကြောင်းက ရှင်းရှင်းလေးရယ်ပါ။

ဗကပ နဲ့ တိုင်းရင်သား လက်နက်ကိုင်တွေဆို အနှစ် ၆၀ ကျော် ၊ ၈၈ နောက်ပိုင်း ရောင်စုံ အတိုက်ခံတွေ ဆို အနှစ် ၂၀ ကျော် ၊ စစ်အာဏါရှင်စနစ် ကို ရင်ဆိုင်ခဲ့ကြပြီး ၊ စစ်အာဏါရှင် ကို မဖြိုလှဲ နိုင်ခဲ့ ကြလို့ ၊ ဗျူဟာ ရှင် ဇာတ်ဆရာ ရေးခဲ့တဲ့ ဇာတ်လမ်း အတိုင်း ၊ ၂၀၁၀ ဒီမိုကရေစီယိမ်း ကနေ ကြရတယ်မဟုတ်လား။ ဒီစစ်သား တဖြစ်လဲ ဒီမိုကကရေစီ ယိမ်းကို မကြည့်ချင်လည်း ၂၀၁၅ အထိ  ကြည့်နေကြရမှာပဲ။ မနက်ဖန် ၊ အတိုက်ခံ တွေ အုပ်ချုပ် ကြပါတော့ ဆိုလာရင် ၊ စီးပွားရေး ၊ လူမှုရေး ၊  အုပ်ချုပ်ရေး နိုင်တဲ့သူတွေ ပြည့်ပြည့် စုံစုံ ရှိပါသလား။

အုပ်ချုပ်ရေး ၊ စီးပွားရေး ဘာမှနားမလည်ပဲ ၊ ယူတိုးပီးယား စိတ်ကူးယဉ် သမားတွေ နဲ့ဆို ဦးဘငြိမ် လို စိတ်ကူးယဉ်ပြီး ကာကာဆိုင် မကျန် လိုက်ပြည်သူပိုင်သိမ်းချင်တဲ့ သူတွေနဲ့ဆို တိုင်းပြည် နလန်ထူ နိုင်မှာတောင် မဟုတ်။

စာရေးသူ စဉ်းစားတဲ့အချက် က တိုင်းပြည် နဲ့ ပြည်သူတွေ သိပ်ဆင်းရဲ ကြတယ်ဗျာ။

ဇီရိုးဆန်း အတွေးအခေါ် နဲ့ ငါ့အလိုချည်း ပဲဖြစ်မှ ၊ ရန်-ငါ စည်းပြတ်မှ ဆိုရင် ၊ တိုင်းပြည် ပြန်ထူထောင်ခွင့် မရရင် ၊ မြန်မာနိုင်ငံသား ၊ မြန်မာပြည်သူ တွေ ဆင်းရဲ တွင်းက ဘယ်တော့ မှ ထွက်နိုင်တော့မှာ မဟုတ်ဖူး။ စာရေးသူကတော့ ၊ ဘယ်အရာမှ ၁၀၀% ကောင်းတယ်ဆိုတာမရှိနိုင်ပါဖူး။ အနှစ် ၆၀ ကျော် မှောင်ထဲမဲမဲ မှာ ပြည်သူတွေ ခံစားခဲ့ရတယ်။ နေလေးထွက်ကာစ ၊ နေသာလာမှာကိုမျှော်ကိုးပြီး ဆင်းရဲနေတဲ့ ပြည်သူ တွေ အတွက် စပါးမျိုးစေ့လေး ချပေးခဲ့ချင်တာပါ။

ထပ်ပြောပါရစေ ၊ ဗမာပြည်သူတွေ သိပ်ဆင်းရဲ ကြတယ်ဗျာ ၊ သူတို့အတွက် တိုင်းပြည် ထူထောင် ခွင့်ကလေး ရစေချင်တယ်။

တချို့က သားစိုးကို အမြင်မရှင်းပဲ ရိုးရာကို ဖျက်သူလို့ မြင်ချင်မြင်ကြမယ် ၊ စာရေးသူကတော့ မတူတဲ့ သံစဉ် နှစ်ခု ။ ယဉ်ကျေးမှု နှစ်ခုကို တံတားခံပေးတဲ့ ဂီတ လို့ပဲ မြင်မိတယ်။

နောက်မြီးစွဲ စိတ်ဓါတ် နဲ့ကြည့်ရင် ၊ သာစိုးကို အနုပညာ ရှင်လို့မြင်ချင်မှ မြင်ကြမယ်။
တိုးတက်တဲ့ အမြင်နဲ့ ကြည့်ရင် သားစိုး ဟာ အနုပညာ သမားဆိုတာကို လက်ခံမှာပဲ
ဘယ်သူမှန်တယ်ဆိုတာ ၊ ဘယ်သူဘယ်လို သက်သေပြ မှာလဲ
အနုပညာ ဆိုတာ ခံစားမှု နဲ့ဆိုင်ပါတယ်။

နိုင်ငံရေးမှာလည်း (ယ) နဲ့ (က) ၊ ကြည့်တဲ့ ရှုထောင့်ပေါ်မူတည်တာပဲ။

မရေရာတဲ့ အခြေအနေ မှာ ပြည်သူတွေ မနစ်နာစေချင်တာပါ။

တိုင်းပြည်တိုးတက်ရင် ပြည်သူတွေလည်း ဆင်းရဲဘေး ကမလွပ်သေးတောင် ၊ သက်သာလာမှာပါ
တရုတ်ပြည်ကြီးမှာ တိန့်လျှောကိပိန်ဟာ တရုတ် သန်း၃၀၀ ကျော်ကျော် ကိုဆင်းရဲတွင်း ကဆွဲထုတ် နိုင်ခဲ့တယ်။ သို့သော် ကွန်မြူနစ် တွေမျှော်မှန်းတဲ့ တပြေးညီ တော့မဟုတ်။ ဆင်းရဲချမ်းသာ ကွာဟ မှု များတယ်။ သို့သော် နင်းပြားတွေ အသက်ရှူနိုင်လာတယ်။

နိုင်ငံတိုင်းမှာ တကယ်ခံရတာ အောက်ကနင်းပြာတွေပဲ။ မြန်မာနိုင်ငံမှာ လည်းစီးပွားရေးတိုးတက်လာရင် အောက်ခြေလူတန်းစားကို ဆင်းရဲတွင်း က ဆွဲထုတ်လာနိုင်မှာပါ။
ဗမာပြည်သူတွေ သိပ်ဆင်းရဲ နေတာကို သာ အာလုံး မမေ့ကြပါနဲ့။

ဒါဒီနေ့ထုတ် မစ္ဇျိမဂျာနယ်မှာပါတဲ့ ဆောင်းပါးပါ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...