Sunday, January 27, 2013

“သဝေထိုး” “င” “၀ဆွဲ”

by သက္က မိုးညို on Sunday, January 27, 2013 at 5:51pm ·
 
ဆေးခန်းဖွင့်ချိန်က စောသေးသည်။ သို့သော် ဖွင့်ရမည်။ ပိုက်ဆံလိုနေသည်။
ဆေးခန်းဖွင့်ကာစ လူနာအကြောင်း မစဉ်းစားပဲ ပိုက်ဆံအကြောင်း စဉ်းစားသင့် မစဉ်းစားသင့် မတွေးလို။ ရွတ်နေကျ ဂါထာကို သက်စေ့ရွတ်ရဦးမည်။ ၀ါးပက်လက် ကုလားထိုင်လေးကို ဆေးခန်းရှေ့ ထုတ်၍ ချလိုက်သည်။ ညင်ညင်သာသာ။


ညင်သာမှ ဖြစ်မည်။ ကုလားထိုင်က အသစ်ဝယ်သင့်နေပြီ။ မနှစ်က ၀ယ်ထားသည်ဆိုတော့ အတော်လေးနဲ့နေပြီ။ မ၀ယ်နိုင်သေး။ ပိုက်ဆံမရှိ။

မျက်စေ့မှိတ်ပြီး ဗေဒင်ဆရာပေးထားသော ငွေဝင်ဂါထာကိုရွတ်နေလိုက်သည်။

“ဆရာ”

ရင်ထဲဝယ် ထိတ်ကနည်းဖြစ်သွားသော်လည်း မျက်လုံးကို ဖြေးညှင်းစွာ ဖွင့်လိုက်သည်။ လူနာပင်ဖြစ်မည်။ သူ ၀မ်းသာသွားသည်။ ဒီနေ့ ဈေးဦးပေါက်တာ စောပါ့လား။

“ဗျ”
“သွေးလေး ချိန်ချင်လို့ပါဆရာ”

သတိထားကြည့်မိလျှင် သူ့မျက်လုံး အနည်းငယ် မှိန်သွားသည်ကို တွေ့ရမည်။ သူ့ဆေးခန်းဖွင့်စကတည်းက သွေးပေါင်ချိန်လျှင် ပိုက်ဆံမယူခဲ့။ ဈေးဦးပေါက်ဖြစ်၍ ယူလိုက်ရ ကောင်းမလား။ သွေးတော်တော်တိုးနေလျှင်လည်း ကောင်းမည်။ ကုမှဖြစ်မည်ဟု ပြော၍ စားဆေးလောက်တော့ ပေးလိုက်ချင်သည်။ သို့သော် ထိုသို့ သွေးလာချိန်သူများသည် များသောအားဖြင့် ဆေးရှိပြီးသား။ စွဲစားနေပြီးသား။

“ကဲ၊ လာဗျာ”

သွေးက တိုးမနေ။ ပုံမှန်ပင်။

“သွေးမတိုးပါဘူးဗျာ။ နေရတာ ဘယ့်နှယ့်နေလို့လဲ”
“ကောင်းပါတယ်ဆရာ၊ မနက်က ငပိရည်လေး စားမိလို့ လာချိန်တာပါ”

ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။ ဘယ်လောက်ပေးရမလဲဆရာဟု မေးလာလျှင်တော့ ငါးရာလောက် တောင်းလိုက်မည်ဟု တွေးမိသည်။ ဟိုတလောက ကိုယ်ပင် သွေးတိုးသည်ထင်၍ နီးရာ ဆေးခန်းတစ်ခုကို ၀င်ချိန်သည်။ ကျွန်တော် ဆရာဝန်ပါဟု ကြိုပြောသည့်တိုင် ဆေးခန်းမှ သူနာပြုလေးက တစ်ထောင်တောင်းလိုက်သဖြင့် စိတ်တိုပြီး ပြန်လာရဘူးသည်။

သို့သော် လူနာက ကျေးဇူးတင်ကြောင်း ပြောပြီး ထွက်သွားသည်။ သွေးချိန်ခ ဘယ်လောက်ကျပါတယ် ပြောဖို့ သူနှုတ်မရဲသေး။ လူနာဆက်မျှော်ရပေဦးတော့မည်။

လူနာလာသဖြင့် ရွတ်နေသော ဂါထာ ဘယ်လောက်ရောက်သွားပြီမှန်း မမှတ်မိတော့။ နေလည်းကျသွားပြီ။ အိမ်ဝယ် အမေ ထမင်းအိုးတည်နေလောက်ပြီ။ မီးမလာလျှင် မီးသွေးနှင့် တည်ရမည်။  လူနာကလည်း လာခဲလိုက်တာ။ တစ်နေ့ နှစ်ယောက်သုံးယောက် ဆိုလျှင် လက်ခမောင်းခတ်ရမည်။

တလောက သူငယ်ချင်းရှိသော အထူးကုဆေးခန်းကြီးမှ ဆရာဝန်ကြီးအားစောင့်နေကြသော လူနာအုပ်စုကြီးအား အားကျလိုက်ပါဘိ။ ဒီနှစ်လည်း ဘွဲ့လွန်တက်ဖြစ်မည်မထင်။ ပိုက်ဆံက ရရစားစား။ ဆရာဝန်တစ်ယောက်နှင့် လျော်ညီအောင် ဆိုင်ကယ်လေး ၀ယ်ချင်၍ စုလိုက်ရသည်။ စက်ဘီးလေးနှင့် ဆေးခန်းလာတော့ လူနာတွေက ကြည့်ပုံကတစ်မျိုး။ ဖြစ်နိုင်ရင်တော့ ကားလေးနှင့်ပေါ့လေ။ အောင်မယ်လေး၊ စိတ်ကူးပင် မယဉ်ဝံ့ပါ။ ပိုက်ဆံမရှိညည်းနေရသည်မှာ ဆေးရုံက လူနာတွေပြောသလို “ဆရာကလည်း၊ ကျွန်မတို့ညည်းဖို့ ချန်ပါဦး”တဲ့။

“ဆရာ၊ ကလေးချောင်းဆိုးလို့”

နဖူးပေါ်ဝယ် အိုးမည်းလေး တို့ထားသော ကလေးကိုချီလာသော မိခင်တစ်ဦး။ ကလေးဆိုတော့ ဆေးမထိုးချင်။ ပြီးတော့ ပါရာစီတမောအရည်၊ ချောင်းဆိုးပျောက်ဆေး အရည်က ဈေးကြီးသည်။ တစ်ရက်နှင့် မပျောက်လျှင် နောက်နေ့လာမည်မဟုတ်ဟု သိနေသည်။ ဆွဲကုသည်ဟုလည်း ထင်မည်။ ဘာပဲပြောပြော အန်တီဘိုင်အိုတစ်လေး အွန်လိုက်ရမည်လား စဉ်းစားနေသဖြင့် နားကြပ်ထဲမှ အသက်ရှူသံကို သေချာနားမထောင်မိ။ အို…. မထူးပါဘူးလေ။ ဂျီပီအားလုံး အာဂတန်ပါဂတန်ပါပဲ။

“ဆရာဘယ်လောက်ကျလဲဟင်”

ဘယ်လောက်ကျလဲ။ ဘယ်လောက်ပေးရမလဲ။ တခါတရံတော့ ဆရာ ဘယ်လိုကန်တော့ရမလဲဆိုတာလေး မေးသူများရှိမည်လား။ တစ်ထောင်ကျပါတယ်ဆိုချိန်ဝယ် ပျက်သွားသော မျက်နှာကို မြင်လိုက်မိစဉ် ငါးရာတန်ပဲပါလာခဲ့ကြောင်း၊ နောက်နေ့မှ ပေးမည်ချိန်းကာ နောက်နေ့တွင် လာတော့မည်မဟုတ်ကြောင်း သိလိုက်သည်။ ငါးရာလည်း မခါးပါဘူးလေဟုသာ တွေးလိုက်ရသည်။

တွေးသမျှ အတွေးတိုင်းဝယ် ပိုက်ဆံပိုက်ဆံဟု ဂါထာလို ပါနေသည်မှာ မည်သည့် အချိန်က စတင်ခဲ့မှန်း မမှတ်မိတော့။ ဘွဲ့လွန်ဖြေမည်ဆုံးဖြတ်ချက်ချတုန်းကလား။ ဆယ်တန်းတုန်းက ကျကျန်ခဲ့သော သူငယ်ချင်း အိမ်သို့ မာစီဒီးကြီးဖြင့် လာလည်တုန်းကလား။ သူအရင်တုန်းကရော ပိုက်ဆံကို အခုလို လိုချင်ခဲ့ဘူးသလား။ လေရူးသုန်သုန်ထဲကလို နောက်နေ့မှတွေးမည်ဟု လုံးကာ မြိုချလိုက်ရသော အတွေးပေါင်း မည်မျှရှိပြီနည်း။

မိမိရထားသော ဘွဲ့လေးနှင့် လူနာ အမြောက်အများ မျှော်၍ မရမှန်းသိနေသည်။ ထို့အတူ တစ်ရက်ကို အသားဆေး တစ်ထောင်၊ အကြောဆေး တစ်ထောင့်ငါးရာ သာတောင်း၍ရသော (ထိုထက်ပိုလျှင် မလာတော့) မြို့စွန်ဆေးခန်းလေးတွင် ချိုင်းနားဟု ဆရာဝန်များခေါ်ကြသော ပေါချောင်ကောင်း ထိုးဆေးနှင့် သောက်ဆေးများမှတပါး အခြားပေးလျှင် မွဲသွားပေမည်။ ယိုးဒယားမှလုပ်သော ပဋိဇီဝဆေးဆိုလျှင်ပင် တွက်ခြေမကိုက်ချင်။ ဆရာကြီးများဆိုလျှင်တော့ မပျောက်ခံနိုင်ရိုးလား။ တောင်းသည်ကလည်း နင့်သည်၊ အွန်သည့်ဆေးကလည်း ကိုယ့်မှာရောဂါဖြစ်လျှင်ပင် ၀ယ်မသောက်နိုင်သည့်ဆေး။

အစစ ပိုက်ဆံစကားပြောနေသော ခေတ်တွင် ပိုက်ဆံလိုချင်သည်မှာ ဆန်းပါသလား။ သူများတွေ ထရန်စဖာပြောင်းရွေ့ခွင့်တွေ တင်ချိန်ဝယ် မတင်နိုင်သေး။ မကြီး မသေး မြို့ဆိုသော်လည်း ဆေးရုံက တိုင်း အဆင့်ဖြစ်၍ ဆရာဝန်ကများချင်သည်။ ထိုအခါ နယ်ခံဆရာဝန်များသည် လူနာဈေးကွက်ကို ကိုင်ထားကြပြီးပြီ။ အမေလိုက်နေ၍ ချက်ပြုပေး၍ တော်သေးသည်။

အမေ့ကိုနားစေချင်ပြီ။ အနားယူစေချင်ကာမှ ခေါ်၍ အလုပ်ကူခိုင်းသလို ဖြစ်နေ၍ စိတ်မကောင်း။ ဆေးခန်းမှ တစ်နေ့စာလေးကို အပ်သော အခါ အမေ ခြွေတာ၍ နောက်တစ်ရက်စာ ချက်ရမည်။ အခြားမောင်နှမများအားလည်း ဤအကြောင်းများကို အသိမပေးချင်။

ဒီတစ်ယောက်လာလျှင်တော့ အသားဆေးတင်မက အကြောဆေး တစ်လုံးပါထိုးပေးလိုက်မည်။ နှစ်ထောင့်ငါးရာတော့ရမှဖြစ်မည်။  ဒါမှ…..

အိမ်မှာ အမေချောင်းဆိုးနေသည်။ နားကြပ်နှင့်နားထောင်သည်ထက်တော့ ပိုလုပ်မှ ဖြစ်မည်။ အန်တီဘိုင်ယိုးတစ် အွန်ထားသည်မှာ တစ်ပတ်ရှိပြီ။ ပျောက်သင့်နေပြီ။ မပျောက်သေး။ ညညငွေ့ငွေ့ဖျားချင်သည်။ စိတ်ပူစပြုလာပြီ။

တိုက်သော ဆေးကပင် အိန္ဒိယဖြစ်၍လော။ သလိပ်လည်း မ၀ါ။ ဓာတ်မှန်ရိုက်ရမည်။ အိမ်ပြန်လျှင် အမေရေ၊ လာ ဓာတ်မှန်သွားရိုက်ရအောင်ဗျို့ဟု အားရပါးရခေါ်ချင်သည်။ ပိုက်ဆံရမှဖြစ်မည်။ လူနာရယ်၊လာပါတော့။

ဆရာဝန်သည် ပိုက်ဆံကိစ္စနှင့် ပူလောင်နေလေသည်။

…………..သက္ကမိုးညို…………

 (ရောင်စုံ စက္ကူ ebook ထဲမှာပါတဲ့ ၀တ္တုတိုလေးပါ။ ရောင်စုံစက္ကူ လင့်ကို အောက်မှာ ပေးထားပါတယ်)


http://www.mediafire.com/?4ak559u6nko6bvv

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...