Friday, January 4, 2013
BC ၃၀၀ နှင့် AD ၂၁ ရာစုမှ လူများ
  နည်းပညာတိုးတက်လာသည်နှင့်အမျှ လူသားတို့ နေထိုင်ရာ ကမ္ဘာကြီးသည်လည်း အံ့သြဖွယ်ရာ နည်းပညာတို့ ဖြင့် တိုးတက်လာနေသည်။ ပို၍ဦးမော့လာသည့် လူနေမှုအဆင့်အတန်းမြင့်မားမှုသည် လူ့ ဘ၀ကို ပိုမိုစည်ပင်လာစေခဲ့သည်။ သိပ္ပံ ပညာ၏ တီထွင်ဆန်းသစ်မှုဖြင့် လူတို့ သည် ၄င်းတို့ ဘ၀ကို လောကီစည်းစိမ် ချမ်းသာတွင် အသုံးချလာကြသည်။ ခလုတ်တစ် ချက်နှိပ်၍ ထမင်းချက်ထားနိုင်သည်။ ခလုတ်တစ် ချက်နှိပ်၍ ရေကို အပူအအေးလိုချင်တာ ယူတတ်လာသည်။
          သိပ္ပံပညာတိုးတက်မှုက လူ့ ဘ၀ကိုသက်တောင့်သက်သာ စည်ကားအောင်လုပ်ပေးသလို လူ့ လောကကိုခြိမ်းခြောက်မှု ဖြင့်လည်း ဖန်တီးလာတော့သည်။ အဘယ်ကြောင့်ဆိုသော် သိပ္ပံပညာကိုအသုံးချ၍ပင် လူသားတို့ သည် ၄င်းတို့ ၏ ဆန္ဒဆိုးများ ကိုအကောင်အထည်ဖော်လာကြသည်။ ထို့ ကြောင့်လူသားများထဲတွင် ပဋိပက္ခများ၊ အနိုင်ယူချင်မှုများ၊ စစ်ပွဲများဖြစ်လာကြရ တော့သည်။ ခေတ္တတစ်ဘ၀စာလောကီဘ၀ချမ်းသာလေးသာဖြစ်သော ရုပ်ဝတ္ထုပစ္စည်းများအတွက် သူတို့ ၏ဆင်ခြင်တုံတရား များ ပျောက်ဆုံးလာကြသည်။
          စင်စစ်လူဆိုသည်မှာ- မိမိလုပ်မည့်အလုပ်ကို
၁- အကြောင်း၊ အကျိုး
၂- အကောင်း၊ အဆိုး
၃- ဟုတ် ၊ မဟုတ်
၎- မှန်သည် ၊ မမှန်သည်
၅- အကျိုးရှိသည် ၊ မရှိသည်ကို ဝေဖန်စိစစ်တတ်သော အင်္ဂါ၅ရပ်နှင့်ပြည့်စုံမှသာ လူဖြစ်သည်။
          ယခုလက်ရှိလောက၏ လူသားရာခိုင်နှုန်းအများစုသည် အတ္တ၀ါဒီများသာဖြစ်ကာ ကိုယ်ချင်းစာစိတ်၊ သည်းခံစိတ်၊ နားလည်ပေးစိတ်များ ဝေးလွင့်နေကြသည်။ မိမိအကျိုးစီးပွားလည်ပတ်နိုင်မှုအတွက် ကိုယ်ကျင့်တရား၊ ယဉ်ကျေးမှုနှင့် ကိုးကွယ် မှုများအထိပါ ပျက်စီးလာနေပြီး ဂါရ၀တရား၊ နိဝါတတရားစသော စံတန်ဖိုးများ ယိုယွင်းလာသည်။
          စင်စစ်ဘ၀သည်နေတတ်ရင် ချမ်းသာကြောင်းဖြစ်သော်ငြား လူအများစုမှာ မနေတတ်၍ ဆင်းရဲများနှင့်ပြည့်နေရသည်။ လိုချင်ဆန္ဒများကြောင့် ဖြစ်လာသောဆင်းရဲ၊ ရလာသောအရာများကို ပျောက်ကွယ်သွားမှာကြောက်သည့်ဆင်းရဲများဖြင့် ဒုက္ခ၏ သားကောင်များဖြစ်လာနေရသည်။
          လူဖြစ်လာတော့ ပညာတတ်ချင်သည်။ ပိုက်ဆံရှိချင်သည်။ ရာထူးလိုချင်သည်။ အာဏာရှိချင်သည်။ ထိုဆန္ဒများအတွက် သူတို့ ရသော ရက်ပေါင်း ၃၀၀၀၀ ကျော်မှ တစ်ဝက်ခန့် ကို ရက်ရက်ရောရောပေးပစ် လိုက်ကြသည်။
          သူတို့ လိုချင်တာ ရလာသောနေရာအရောက်တွင် သားတွက်မယားအတွက် တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ စုဆောင်းကြသည်။နွေအတွက် မိုးအတွက် ရာသီစာမျိုးစုံသိုလှောင်မှု၏ အကုသိုလ်ကတော့ သူ့ အတွက်ရှိနေသည်ကို ဂရုမပြုမိ ကြ။ အတူတူစားသောက်ကြသော အစာများထဲတွင် ကိုယ်စားသောအစာက ဘာကြောင့် အဆိပ်ဖြစ်နေလဲ သူတို့ မသိကြ။ ဤ သည်မှာ အင်္ဂါ၅ရပ်နှင့်ပြည့်စုံသောလူ မဟုတ်သောကြောင့်ဟုဆိုရပေမည်။
          ကြားဖူးသောပုံပြင်တစ်ပုဒ် ပြောပြလိုပါသည်။ လူသားတစ်ယောက်သည် မျက်ရည်လည်ရွဲဖြင့် ငိုနေသောကြောင့် ဤသည်ကို မကြည့်ရက်သော တိရစ္ဆာန်လေးများက အကူအညီလိုလျှင် ပြောပါဟုဆိုကြသည်။ ထိုအခါ လူသားက
" အမြင်အာရုံကောင်းကောင်းနှင့် သန်မာချင်သည် " ဟုဆိုရာ ကျားသစ်က " သင်ကျွန်ုပ်ကဲ့သို့ သန်မာစေ " ဟု ပေး၏။
နောက်တဖန် ကမ္ဘာကြီး၏လျို့ ဝှက်ချက်ကို လူသားက သိလိုပြန်သည်။ ထိုအခါ မြွေက " ကျွန်ုပ်ပြပါ့မယ် " ဟုပြောသည်။
တိရစ္ဆာန်အားလုံးက လူသားလိုအင်ဆန္ဒများဖြည့်ပေးပြီးကြသောအခါ ဇီးကွက်က
" သူတော့ အားလုံးကို သိသွားပြီ။ လူသားမှာ လိုချင်တာတွေရနေပြီမို့  သူ့ ဆန္ဒတွေ ပြည့်နေပြီ " လို့ ပြောလိုက်ရာ အဲဒီအချိန်မှာ သမင်လေးက ဘာပြောသလဲဆိုရင်……
" တကယ်တော့ လူသားရဲ့ ဆန္ဒဆိုတာ ဘယ်တော့မှပြည့်မှာ မဟုတ်ဘူး။ ကမ္ဘာမြေကြီးက ငါ့မှာပေးစရာတွေ မရှိတော့ဘူးလို့  ဆိုတဲ့အထိတောင် သူက တွင်းတူးယူမဲ့ လောဘသားကောင် " လို့ ဆိုပါတယ်။ ကျွန်မ ထိုပုံပြင်ကို သဘောကျပါသည်။ ရာခိုင်နှုန်း နီးပါးမှန်သည်။
တွင်းနက်နက်တူး၍ လိုချင်မှုများရခြင်းမှာ အ၀ိဇ္ဇာကြောင့် တဏှာလောဘကြောင့်ဟု မသိလျှင်ထားတော့ မိမိလုပ်သော အလုပ်သည် တစ်ပါးသူ မနစ်နာဖို့  လိုသလို မိမိမထိခိုက်ဖို့ လည်း လိုပါသည်။ ပြင်းပြစွာစွဲလမ်းနေသော ဤစည်းစိမ်ဥစ္စာများ သည် ရုပ်ဘ၀၏လောကီချမ်းသာသာ ဖြစ်သည်။ ခဏလေးသော ပျော်ရွင်မှုပေးသည်ကို သတိချပ်ဖို့ လိုသည်။
ယနေ့ ကမ္ဘာတွင် လူသားတို့ ဖန်တီးကြသော ရုပ်ဝတ္ထုများကို ခံစားကာနေနိုင်ဖို့ ပဲ အားထုတ်ကြသည်။ ထို့ ကြောင့် AD ၂၁ ရာစုမှလူသားများသည် ရုပ်ဝါဒ၏ လွှမ်းမိုးမှုကို ခံနေကြရတော့သည်။ အလိုဆန္ဒပြည့်ဝမှု၏ ပန်းတိုင်ဆိုသည်မှာ သူတို့  အတွက် ရှိပါ၏လော။ သေချာသော သေရေးကို မေ့ကာ မသေချာသော နေရေးထဲတွင် ခဏတာခံစားရသောစည်းစိမ်တို့ ကို မက်မက်မောမောဖက်တွယ်ခဲ့ကြသည်က အခုမှတော့မဟုတ်ပါ။
 " စည်းစိမ်ချမ်းသာကို အပြည့်အ၀ခံစားရတာက အကောင်းဆုံး"
( Pleasure is the highest good )
အထက်ပါအယူအဆသည် BC ၃၀၀ စုလောက်က ဂရိနိုင်ငံမှ အက်ပီကျူးရီးယန်းများလက်ထက်က ပေါ်ပေါက်ခဲ့သော အယူအဆတစ်ခုပါ။ ယနေ့ ခေတ် လူတွေရဲ့ အပြုအမူတွေနဲ့ နှိုင်းယှဉ်ကြည့်ပါဦး။ ယနေ့  ၂၁ ရာစုဆိုသောခေတ်မှလူသားများ သည် BC ၃၀၀ရာစုက လူများ၏ အတွေးအခေါ်နှင်နှင်သာဖြစ်နေသည်။
ဘာကို တိုးတက်သည်ဆိုပါသလဲ။
ဘာကို ခေတ်မီသည်ဆိုပါသလဲ။
ရုပ်ဝါဒတွေ တိုးတက်သလောက် နာမ်ဝါဒအတွေးအခေါ်များက ဘာကြောင့်နောက်ကျနေကြရသေးတာပါလဲ။
ဆန့် ကျင်ဘက်အတွေးအခေါ်များကြောင့် ၀ိရောဓိများဖြစ်ကာ ပဋိပက္ခဖြစ်နေကြသော စစ်ပွဲများ၊ အဓိကရုဏ်းများ ရပ်စေလိုသည်။ တစ်ခဏတာ ဆင်ခြင်တုံတရားမရှိမှု၏နောက်တွင် ဖြစ်လာကြသည့်အပျက်အစီးများကို မကြည့်လိုပြီ။ မိမိ၏ မတော်လောဘကြောင့် တစ်ပါးသူ၏မျက်ရည်တို့ လည်း မကျစေလိုပြီ။ ထို့ အတူ မိမိကိုယ်တိုင်လည်း မနစ်နာစေလိုပြီ။
BC ၃၀၀ ရာစုကထက် ရုပ်ဝတ္ထုပစ္စည်းများ တိုးတက်ဖွ့ံဖြိုးလာသလို BC ၃၀၀ ရာစုကနှင့်မတူသော အတွေးအခေါ်များ လည်းတိုးတက်ဖို့ လိုနေပြီဟုထင်သည်။
အစမထင်သော သံသရာမှ အဆုံးမရှိသော သံသရာထဲ ဆက်မလည်လိုလျှင်ဖြင့် လူ့ အင်္ဂါ၅ရပ်ဖြင့်ညီအောင် နေထိုင် သွားရမည်။ များများလိုချင်လျှင် များများပင်ပန်းမည်။ လူဖြစ်၍ သူများထက်သာချင် ချမ်းသာချင်သည်ကို လက်ခံပါသည်။ သို့ သော် ထိုအရာများအတွက် မိမိ၏လက်ရှိဘ၀၏ သိက္ခာ၊ နောင်ဘ၀၏ လားရာများကို အစွန်းအထင်းမဖြစ်စေသင့်ပါ။ ဘာသာ အယူဝါဒဘယ်လိုပဲကွဲပြားပါစေ အားလုံးဟာ လူသားများဖြစ်သည်မို့  တစ်ဦးနှင့်တစ်ဦး စာနာနားလည်မှုဖြင့်လည်းကောင်း အသိ တို့ ဖြင့် နေထိုင်သင့်သည်။
အကန့် အသတ်မဲ့သော လိုအင်များကိုလျော့ ကာ စိတ်၏ချမ်းသာမှုများများတည်ဆောက်ယူပါ။ အာဏာ၊ လာဘ်လာဘ နှင့် ကျော်ဇောခြင်းတို့ ကို မက်မောမှုကင်းလျှင် ဘ၀အသစ်အတွက်လည်း အကုသိုလ်ပြုနေမှုများနည်းသွားမည်။ ဆန္ဒလိုအင်များ ကို သင့်လျော်သော အကွာအဝေးတွင်ထား၍သာ လူသားပီသစွာနေထိုင်နိုင်ဖို့ ရည်ညွှန်းပါသည်။ 
                                                                             ဧပရယ်ဆွေဆွေ
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...