Saturday, January 5, 2013

ဗီဗာ အိန်းအိန်းနှင့် လျှပ်နှစ်ပြက် အင်တာဗျူး


by Han Thit Nyeim on Saturday, January 5, 2013 at 6:38pm 


ဟန်သစ်ငြိမ်။ ။  မင်္ဂလာပါ ဗီဗာအိန်းအိန်း
ဗီဗာ အိန်းအိန်း။ ။ ဝုတ်... ဝုတ်ကဲ့... 
ဟန်သစ်ငြိမ်။ ။ ဟ... ဟ... ဘယ်ကခွေးတုန်းဟ... 
ဗီဗာ အိန်းအိန်း။ ။ အာ... ဟုတ်ကဲ့... လို့ ပြောတာ


ဟန်သစ်ငြိမ်။ ။ အေး... အဲဒါဆိုလည်း ပီပီသသ ဟုတ်ကဲ့လို့ ပြောပါတော့လား... ပရိသတ်တွေဆီက ပြောင်းဖူးရိုးတွေ မကြောက်ဘူးလား...

ဗီဗာ အိန်းအိန်း။ ။ ကြောက်ပါဝူး... အိန်းက... ပြောင်းဖူးရိုးမကလို့... ပြောင်းဖူးနဲ့ ထိုးလည်း... အဲ... အားလုံးကို နှုတ်ဆက်ပါတယ်... မင်းကုလားပါ...

ဟန်သစ်ငြိမ်။ ။ အာ... မင်္ဂလာပါ လုပ်စမ်းပါ...

ဗီဗာ အိန်းအိန်း။ ။ အာ... ဦးလေးကလေ... သိပ်ခေတ်နောက်ကျတာ... ဒီနှစ်မှာ ကုလားတွေ နာမည်ကျော်နေတယ်လေ... အိုဘားမားဆိုတဲ့ ကုလားကြီးတောင် ဒီလာပြီး “မင်းကုလားပါ မြန်မာ” ဆိုပြီး အော်သွားသေးတယ်...

ဟန်သစ်ငြိမ်။ ။ ဟ ဟ... တော်... တော်... ငါက မေးရမှာလား နင်ချည်းပဲ စွတ်ဖြေနေမှာလား... 

ဗီဗာ အိန်းအိန်း။ ။ မမေးလည်း ဖြေမှာပဲ... မကြိုက်လည်း ရိုက်မှာပဲ... မလှလည်း ကမှာပဲ... နားကြားပြင်းကပ်လည်း ဆိုဦးမှာပဲ...

ဟန်သစ်ငြိမ်။ ။ ဟ... ဟ... အဲလိုတွေ သိပ်မလုပ်နဲ့ ဟိုမှာ ဖေ့စ်ဘွတ်ခ်က နင့် page မှာ... ခဲတွေ၊ အုတ်ခဲကျိုးတွေဆို ပလူပျံလို့...

ဗီဗာ အိန်းအိန်း။ ။ အဲဒါ ဘာဖြစ်တုန်း... ဘယ်သူ့ သောက်ဂရုစိုက်ရမှာတုန်း... အဲဒါ အိန်းလေးကို မနာလိုလို့ ဖြစ်နေတာကိုးများ...

ဟန်သစ်ငြိမ်။ ။ အင်း... လျှောက်လုပ် လျှောက်လုပ်...

ဗီဗာ အိန်းအိန်း။ ။ အာ... ဒါလျှောက်လုပ်နေတာ ဟုတ်ဝူး အူးအူး ဟန်သစ်ညောင်...

ဟန်သစ်ငြိမ်။ ။ ဟန်သစ်ငြိမ် လုပ်စမ်းပါဟာ... မရှိတဲ့ ငါ့နာမည် ပျက်တယ်

ဗီဗာ အိန်းအိန်း။ ။ အင်းပါ... အဲဒါ... ဒါ စတန့်ထွင်တာလို့ ခေါ်တယ်... သိဝူးလား... စာတွေရေးပြီး သိပ်ခေတ်နောက်ကျတာပဲ ဒီလူကြီးနှယ်...

ဟန်သစ်ငြိမ်။ ။ ဟုတ်လား...

ဗီဗာ အိန်းအိန်း။ ။ ဝုတ်ဒယ်...။ စတန့်ထွင်ရင် စတိုင်ရှိတယ်၊ စတိုင်ရှိရင် စတားဖြစ်တယ်လေ...

ဟန်သစ်ငြိမ်။ ။ အေး… အေး... ညည်း စတားဖြစ်မှ... စတုန်း (Stone) တွေ လာနေမယ်...

ဗီဗာ အိန်းအိန်း။ ။ စတုန်း မကလို့  စလောင်းပဲ လာလာ… စလက်ပဲလာလာ အိန်းတို့က သောက်ဂရုမစိုက်ဘူး အိန်းတို့က...

ဟန်သစ်ငြိမ်။ ။ ကဲ... ထားပါလေ... ဘယ်လို အတွေးမျိုးနဲ့ ဒီလို ဗီဒီယိုတွေကို ဖန်တီးမိတာလဲဆိုတာ...

ဗီဗာ အိန်းအိန်း။ ။ ဒီလိုလေ... အမ်တီဗွီ မရိုက်ခင်မှာ အိန်း... အရင်ဆုံး သတ်မှတ်ထားတာ ၃ ချက်ရှိတယ်။ အဲဒါတွေ ပါကို ပါရမယ်...

ဟန်သစ်ငြိမ်။ ။ အင်း... ဆိုပါဦး

ဗီဗာ အိန်းအိန်း။ ။ (၁) အိန်းကိုယ်တိုင် အားရပါးရ ဆိုမယ်... (၂) အိန်းကိုယ်တိုင် အပီအပြင်ဆောင့်မယ်...

ဟန်သစ်ငြိမ်။ ။ ဟ... ဟ... ဘာတုန်းဟ...

ဗီဗာ အိန်းအိန်း။ ။ အာ... ကိုယ်တိုင် သရုပ်ဆောင်မယ်လို့ ပြောတာ... ဒီလူကြီးနှယ် ဝေးပါ့... လာလာ ဒီနားကို ကပ်...

ဟန်သစ်ငြိမ်။ ။ တော်ပါ... တော်ကြာ ငါပါ နင့် သရုပ်ဆောင့်... အဲ... သရုပ်ဆောင်တဲ့အထဲ ပါသွားဦးမှဖြင့်... ထားဟာ... ဆက်ပြော နောက်တစ်ချက်ကို...

ဗီဗာ အိန်းအိန်း။ ။ အင်း... နံပါတ် (၃) အချက်က... အိန်းကိုယ်တိုင် ကြက်သီးထ စေတဲ့ အမ်တီဗွီ ဖြစ်ရမယ်...

ဟန်သစ်ငြိမ်။ ။ ဟ... ဟ... ဘြား... ဘြား... ကျောထဲမစိမ့်သာ ရှိလိုက်တာနော်...

ဗီဗာ အိန်းအိန်း။ ။ အင်းပေါ့… အဲလိုကို ဖြစ်သွားအောင် လုပ်နေတာပါဆို... ဒါမှလည်း ပရိသတ်က ကြက်သီးတွေ ဖြန်းဖြန်းထမှာလေ...

ဟန်သစ်ငြိမ်။ ။ ဟာ… ငါ့နှယ်နော်... ဗျူးမိတာကိုကမှားပြီ... ကဲ ဒါဆိုရင် သီချင်းတွေနဲ့ ပတ်သက်ပြီး မေးချင်တာ...

ဗီဗာ အိန်းအိန်း။ ။ အော်... ဒီလိုလေ... သီချင်းတွေနဲ့ ပတ်သက်ပြီး... အိန်းက တကယ့်ကို ရွှေတံဆိပ် ဆုရ...

ဟန်သစ်ငြိမ်။ ။ မြန်မာဘီယာ လား...

ဗီဗာ အိန်းအိန်း။ ။ အာ... ရွှေတံဆိပ် ဆုရ တေးဂီတ ပညာရှင် တကယ့် ထင်တိုင်းကြဲတွေကို...

ဟန်သစ်ငြိမ်။ ။ ဒိတ်ဒိတ်ကြဲတွေ လုပ်ပါဟာ...

ဗီဗာ အိန်းအိန်း။ ။ ဟီး... မွှားသွားလို့... အဲဒီပညာရှင်တွေကို ဖိတ်ခေါ်ပြီး အစွမ်းကို အရမ်းကုန်တီးခတ် လက်စွမ်းပြခိုင်းပါတယ်။

ဟန်သစ်ငြိမ်။ ။ ကျားပျံ တီးဝိုင်း မဟုတ်လား... ကြားတာနဲ့ ပြန်ကြတာလေ...

ဗီဗာ အိန်းအိန်း။ ။ အင်း... အဲဒီလို သူတို့ တီးခတ်ပြီးပြီ ဆိုတော့မှ အနောက်တိုင်းက ဂီတတွေနဲ့ ရောသမမွှေပြီး ဒီဂျေပွတ်သံ... တက်ကနိုဟစ်သံတွေကို ထည့်တယ်။

ဟန်သစ်ငြိမ်။ ။ အဲဒီတော့

ဗီဗာ အိန်းအိန်း။ ။ အဲဒီတော့ တကယ့်ကို လှလှပပကြီး မြန်မာဆန်... ဆန်...

ဟန်သစ်ငြိမ်။ ။ ခုနင့်ဟာက မြန်မာမဆန်ဘဲ မြန်မာအန် တာ ဖြစ်နေပါပြီဟာ...

ဗီဗာ အိန်းအိန်း။ ။ အင်း... ဒါကိုကလည်း အောင်မြင်မှု တစ်ခု... ဝုတ်ပေဘူးလား အူးလေးကလည်း...

ဟန်သစ်ငြိမ်။ ။ အေးအေး... နင့်ဘာသာနင် ဆက်အောင်... နင့်ဘာသာ ဆက်ဟောင်... ဝုတ်ဝုတ် ဆိုပြီး

ဗီဗာ အိန်းအိန်း။ ။ အောင်မယ်... လူကြီး စကားပြော ဆင်ခြင်နော်... စာနယ်ဇင်း သမားဆိုပြီး လုပ်ချင်တာ လုပ်လို့ ရမယ် ထင်သလား... မျက်နှာပေါ်တင်ကြီးနဲ့ မုန့်တွေ ထည့်နေတာမျိုး ဂျာနယ်ထဲ ပါသွားမယ်... ဟွန်း...

ဟန်သစ်ငြိမ်။ ။ ထားဟာ... ညည်း... အဲ... နင်... အဲ... မင်း ခုနက ပြောတဲ့ မြန်မာအန်ချင်... အဲ... မြန်မာသံစဉ် စစ်စစ်ဆိုတာတွေထဲက တစ်ပုဒ်လောက် နမူနာအနေနဲ့

ဗီဗာ အိန်းအိန်း။ ။ အင်း... ကိုယ်ပိုင် မြန်မာသံစဉ် စစ်စစ်ကို ပြောတာလား...

ဟန်သစ်ငြိမ်။ ။ ဝုတ်... အဲ... ဟုတ်တယ်။

ဗီဗာ အိန်းအိန်း။ ။ အင်း... ဟိုတလောက ရေပန်းစားတယ်လေ... ကမ္ဘာ့ဖလားတုန်းက... အိန်းက တကယ်လို့ မြန်မာပြည်မှာ ကျင်းပဖြစ်ခဲ့ရင် ဆိုတဲ့ အတွေးနဲ့ အဲဒါလေးကို ဆိုလိုက် ကလိုက်တာ... သီချင်းနာမည်က “ဟာလဝါ ပလာတာ” တဲ့...။

ဟန်သစ်ငြိမ်။ ။ အော်... ဟုတ်လား... ကြားဖူးသလိုပဲ...

ဗီဗာ အိန်းအိန်း။ ။ ဒီလိုလေ... အိန်းဆိုပြမယ်... တစ်ပိုဒ်လောက်...

ဟာလာဝါ ဟာလဝါ အေးအေး…
ပလာတာ ပလာတာ အေးအေး…
ထမင်းစားပြီးပြီလား နေကောင်းလား
ဒစ်တိုင်းဖော် ရွှေမြန်မာ...

ဟန်သစ်ငြိမ်။ ။ အော်... အဲဒီသီချင်းလား... သိတာပေါ့... ဒါ Copy ကြီးပဲ...

ဗီဗာ အိန်းအိန်း။ ။ C - O - P - Y  ကိုယ်ပိုင် လုပ်စမ်းပါ ဦးလေးရာ... သိပ်ဝေးတာပဲ... လာလာ ဒီနားလာ...

ဟန်သစ်ငြိမ်။ ။ တော်စမ်းဟာ... ဒါဆို ဒါပဲ... နင့်ကို ကျေးဇူးတင်တယ်။ ပရိသတ်ကို ဘာမှ မပြောနဲ့တော့...

ဗီဗာ အိန်းအိန်း။ ။ ဟ... ဒီလိုဘယ်ရမှာတုန်း... ပြောရမှာပဲ... ပြောကို ပြောဦးမှာ... မကြားချင်လည်း ပြော... ဦး... မှာ...

ဟန်သစ်ငြိမ်။ ။ တိန်... ကဲ.. ပြောဟာ...

ဗီဗာ အိန်းအိန်း။ ။ အင်း... အခုလို... ဗီဗာအိန်းအိန်းရဲ့ အဆိုအတီး၊ အကအလှတွေကို အင်မတန်မှ သောက်ကျိုးနည်း... အဲ... သောက်သောက်လည်း အားပေးကြတဲ့ ပရိသတ်ကြီးကို

ဝုန်း... ဖုန်း... ဂလုံး...

အသံနှင့်အတူ အင်တာဗျူးလုပ်ရာ ကျွန်တော်တို့၏ ကော်ဖီစားပွဲကို အမှိုက်ကားတစ်စီး ဝုန်းခနဲ ဝင်ဆောင့်လေတော့သည်။ အမှိုက်သရိုက်များ ကျွန်တော်တို့ နှစ်ယောက်အပေါ် ဝှီးကနဲ လွင့်ပျံလာလေရာ...

တီ... တီ... တီတီ... တီ...
တီ... တီတီ... တီ... တီ...

နှိုးစက်မြည်သံနှင့်အတူ ကျွန်တော်လည်း အိပ်ရာမှ လန့်နိုးလာလေတော့သည်။ ကံကောင်းလေစွ။

မေတ္တာဖြင့်
ဟန်သစ်ငြိမ်

(စာကြွင်း။ ။ အိပ်မက်ဖြစ်ပါသည်။ ယုံချင်ယုံ မယုံချင်နေကြပါ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...