စင်ကာပူပညာရေး၊ စီးပွားရေးတိုးတက်မှုမော်ဒယ်နှင့် မြန်မာ
စင်ကာပူတိုးတက်ရခြင်းမှာ
ပညာရေးက အဓိကအချက်အနေနဲ့ပါခဲ့ပါတယ်။ 1965ခုနှစ်ကစပြီး စင်ကာပူဟာ အနာဂတ်မှာ
ယှဉ်ပြိုင်နိုင်ဖို့မျိုးဆက်သစ်တွေမွေးထုတ်ပေးနိုင်မယ့်
ပညာရေးပြုပြင်ပြောင်းလဲမှုတွေကို
စတင်လုပ်ဆောင်ခဲ့ပါတယ်။1945-1965အထိကာလတွေကြား စင်ကာပူဟာ မုန်တိုင်းထန်တဲ့
ကာလတွေကိုဖြတ်ကျော်နေရချိန်ဖြစ်ပါတယ်။
-မျိုးနွယ်စုတွေမတူညီကြခြင်း၊ နိုင်ငံရေးတည်ငြိမ်မှုမရှိခြင်း၊ Infrastructure တွေရှားပါးအဆင့်မမီခြင်း၊ အလုပ်လက်မဲ့နှုန်းများပြားနေခြင်းတွေက စင်ကာပူကို စိန်ခေါ်နေခဲ့တယ်။ စင်ကာပူရဲ့ အဓိက စိန်ခေါ်မှုက တရားဝင်အစိုးရတစ်ရပ်ကို ဖန်တီးနိုင်ဖို့ပဲဖြစ်ပါတယ်။
လူဦးရေပိုများတဲ့ မလေးရှားနဲ့ပူးပေါင်းခြင်းက ကောင်းမလားလို့ စဉ်းစားစရာဖြစ်ခဲ့ရပါတယ်။
1963-1968 မှာ မလေးရှားနဲ့ပူးပေါင်းဖို့အစီအစဉ်ပျက်သုန်းသွားပြီးနောက်ပိုင်း မှာ စင်ကာပူအနေနဲ့ လူမျိုးပေါင်းစုံ ပူးပေါင်းပါဝင်တဲ့ နိုင်ငံတော်တစ်ခုတည်ဆောက်နိုင်ဖို့ဟာသည် အဓိက နိုင်ငံရေးစိန်ခေါ်မှုဖြစ်ခဲ့ပါတယ်။
Entrepot Economy ကနေ Export Based Economy ဖြစ်ဖို့သည် စင်ကာပူရဲ့ စီးပွားရေးဦးတည်ချက်ဖြစ်ခဲ့ပါတယ်။ လူမှုရေးဦးတည်ချက်ကတော့ လူမျိုးနွယ်စုမတူညီသူတွေကြားထဲ တင်းမာမှုတွေလျော့ကျပြီး ပြေလည်စေရေးဖြစ်ပါတယ်။ ပညာရေးဦးတည်ချက်ကတော့ တိုင်းပြည်နဲ့နိုင်ငံရေးစံနစ်ကို ကောင်းကောင်းအထောက်အကူပြုမယ့်သူတွေပေါ်ထွက်လာစေဖို့ပဲဖြစ်ပါတယ်။
စင်ကာပူမှာ သင်င့်္တင့်တဲ့ အခြေခံကျွမ်းကျင်မှုရှိတဲ့လုပ်သားတွေအမြောက်အမြားလိုအပ်ခဲ့ပါတယ်။ နောက်ပြီး နိုင်ငံတကာနဲ့ဆက်သွယ်ဖို့အတွက် ဘာသာစကားတစ်ရပ်လဲ အပူတပြင်းလိုအပ်နေပါပြီ။ ဒါ့ပြင်နိုင်ငံတော်ရေးရာကိစ္စတွေ ကိုင်တွယ်ဖြေရှင်းဖို့ ထက်မြက်တဲ့ အရည်အသွေးရှိသူတွေလိုအပ်နေပြီဖြစ်ပါတယ်။
"Survival-Driven Education (1965-1978)"
အဲ့ဒီကာလ ပညာရေးပေါ်လစီက တိုင်းပြည်ဆက်လက်ရှင်သန်နိုင်ဖို့ ကို အဓိကထား ပေါ်လစီချမှတ်ရတာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ပညာရေးစံနစ်တစ်ခုထဲကို လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ တစ်ညီတစ်ညွတ်ထဲ စီးဆင်းအလုပ်ဖြစ်နိုင်ဖို့ လုပ်ဆောင်ခဲ့ရပါတယ်။ နောက်ပြီး ဘာသာစကားအတွက် Bilingual Education System လို့ခေါ်တဲ့ မိခင်ဘာသာစကား+အင်္ဂလိပ်ဘာသာစကားကို ပြဌာန်းခဲ့ရပြီး အခြေခံ ပညာရေးအဆောက်အဦးတွေ၊ ကျောင်းတွေကို အလျင်အမြန်တိုးချဲ့ဆောက်လုပ်ခဲ့သလို ဆရာ၊ ဆရာမတွေကိုလဲ အကြီးအကျယ်တိုးမြှင့် အလုပ်ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။1973 ခုနှစ်မှာ ပညာရေးတက္ကသိုလ်ကို ထူထောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ နောက်ပြီး အခြေခံလုပ်သားလိုအပ်မှုအတွက် အလုပ်သင်ထရိန်နင်အခွင့်အလမ်းတွေကို တိုးပွားအောင် ရင်းနှီးမြုပ်နှံမှုတွေကို လုပ်ခဲ့ပါတယ်။ ပညာရေးမှာ အဓိက ဦးစားပေးခဲ့တာကတော့ သိပ္ပံ၊ သင်္ချာနဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာတွေကို ဦးစားပေးသင်ကြားစေခဲ့တာပါ။
"Efficiency-Driven Education (1978-1997)"
1987 ပတ်ချာလည်ကစပြီး ပညာရေးလမ်းစဉ်ဟာ တစ်ဆစ်ချိုးပြောင်းလဲလာခဲ့ပါပြီ။ ယခင် တိုင်းပြည်ရှင်သန်ရေးအတွက်ကနေ ထိရောက်မှုအဓိက ဖြစ်လာခဲ့ရပါပြီ။ 1980လွန်ကာလများကတည်းက စင်ကာပူဟာ စက်မှုတိုင်းပြည်အဖြစ်တဖြည်းဖြည်းအသွင်ပြောင်းလာခဲ့ပြီ ဖြစ်ပြီး စီးပွားရေးအရ အလုပ်သမားလိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့ ပညာရေးပေါ်လစီကို အသွင်ပြောင်းလာခဲ့ရတာဖြစ်ပါတယ်။ ထိရောက်မှုအဓိက ပညာရေးစံနစ်က Vocational Trainings တွေကို ပိုမိုပွင့်လန်းစေခဲ့ပါတယ်။ ဒါပေမယ့် 1990 ကာလတွေမှာ ပညာရေးစံနစ်ဟာ Knowledge-Based Economy လို့ခေါ်တဲ့ စီးပွားရေးစံနစ်ရဲ့ စိန်ခေါ်မှုတွေနဲ့စတင်ရင်ဆိုင်လာရပါပြီ။ ဒါကြောင့် Efficiency driven Education system ကို မုချပြောင်းလဲမှဖြစ်ပါတော့မယ်။
"Ability Driven Education (1997-Present)
ဒီလိုနဲ့ Thinking Schools, Learning Nations ဆိုတဲ့ အစီအစဉ်ကို စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ အဓိက ရည်မှန်းချက်က တီထွင်ဆန်းသစ်မှုတွေကို လက်ရှိရာစုနှစ်မှာ ဦးဆောင်နေနိုင်အောင်လို့ပဲဖြစ်ပါတယ်။ ကျောင်းသားတွေရဲ့ ကိုယ်ပိုင်အခြေခံအရည်အသွေးတွေကို ပိုမိုဖွံ့ဖြိုးလာအောင် သင်ယူခွင့်တွေအမြောက်အများ ပေးအပ်ထားပြီး ပံ့ပိုးပေးထားပါတယ်။ အဲ့ဒီအတွက် လက်ရှိထွန်းကားလာတဲ့ အိုင်တီနည်းပညာကို အသုံးချအမြတ်ထုတ်ပြီး ကျောင်းသားတွေ ပညာသင်ကြားနိုင်အောင် ရင်းနှီးမြှပ်နှံခဲ့ပါတယ်။ ဒါ့အပြင် ဆရာတွေကို ထရိန်နင်ပိုမိုပေးခဲ့ပါတယ်။ Life-Long training ဆိုတာ စင်ကာပူမှာ စာသင်ကြားပေးမယ့် ဆရာ၊ဆရာမများအတွက် အခြေခံနားလည်ထားရမယ့် ဥပဒေသ စည်းမျဉ်းပဲဖြစ်ပါတယ်။
နှစ်လေးဆယ်စင်ကာပူပညာရေးစီမံကိန်းမှာ ပြဆိုထားတာကတော့ တစ်သက်တာဆည်းပူးခြင်း (Life Long Learning) ကို ဖြစ်စေနိုင်ဖို့ ဖြည့်ဆည်းပေးရေးသည် နိုင်ငံတော်အဆင့် စီမံကိန်းဖြစ်ပါတယ်။ ဒီလိုပညာရေးအောင်မြင်ရခြင်းသည် စိတ်ဓါတ်ပြင်းထန်ခိုင်မာတဲ့ ဦးဆောင်မှုပေးမှုကို ရရှိခဲ့ပြီး အစဉ်အမြဲပြောင်းလဲနေတဲ့ လက်ရှိကမ္ဘာစီးပွားရေးရေစီးတွေကို ချက်ခြင်းဆိုသလို တုန့်ပြန်နိုင်အောင် လိုက်လျောညီထွေရှိတဲ့မျိုးဆက်တွေကို မွေးထုတ်ပေးနိုင်ခဲ့လို့ပဲဖြစ်ပါတယ်။
ကျွန်တော့်သုံးသပ်ချက်
=============
စင်ကာပူတိုးတက်ရခြင်းမှာ ပညာရေးအပေါ် ရင်းနှီးမြုပ်နှံမှု အကြီးအကျယ်ပြုလုပ်ခဲ့လို့ ဆိုတာ အငြင်းပွားစရာမရှိပါဘူး။ စင်ကာပူဖြတ်သန်းသွားရတဲ့ ခရီးစဉ်ကို ကြည့်ရင်
(၁) တိုင်းပြည်တည်ဆောက်ရေးကာလ
(၂) တိုင်းပြည် ထူထောင်ရေးကာလ
(၃) အရှိရလာသော စီးပွားရေးကို ခေတ်နှင့်အညီ လိုက်လျောညီထွေ အုပ်ချုပ်သွားသည့်ကာလ လို့
သုံးပိုင်းခွဲမြင်နိုင်မှာဖြစ်ပါတယ်။
တည်ဆောက်ရေးကာလမှာ ပညာမဲ့တွေကို ပညာရိုက်သင်ပါတယ်။ အလုပ်လက်မဲ့နှုန်းကျစေပြီး ဂျီဒီပီတက်စေဖို့ပါ။ တည်ဆောက်ရေးကာလကိုဖြတ်ကျောအပြီး အနည်ထိုင်စကာလမှာ စက်မှုနိုင်ငံဖြစ်ဖို့အတွက် ပညာရေးမြှင့်တင်မှုကို တစ်ဆစ်ချိုးလုပ်ခဲ့တာကို တွေ့ရမှာပါ။ တိုင်းပြည်အနေနဲ့ စီးပွားရေးအောင်အောင်မြင်မြင် ဖွံ့ဖြိုးသွားအပြီးမှာတော့ လက်ရှိသွားနေတဲ့ ရေစီးကို လိုသလို ပဲ့ကိုင်နိုင်မယ့် မျိုးဆက်တွေအဆင်သင့်ရှိနေအောင် ကြိုးပမ်းနေတာကိုတွေ့ရမှာဖြစ်ပါတယ်။
မြန်မာပြည်မှာဆိုရင်
(၁) နိုင်ငံရေးအဖြေရှာမှု (အမျိုးသားပြန်လည်ရင်ကြားစေ့မှု)
(၂) တိုင်းပြည်တည်ဆောက်မှု
(၃) တိုင်းပြည်ထူထောင်မှု
တွေကို စင်ကာပူလိုပဲ ဖြတ်သန်းရမှာဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ တစ်ခုရှိတာက Knowledge Worker မဟုတ်ပေမယ့် Vocational Training ပေးရင် ချက်ခြင်းဆိုသလို အဆင်ပြေနိုင်တဲ့ဘွဲ့ရလူတန်းစားတစ်ရပ်ရှိနေတာဖြစ်ပါတယ်။ ဒါဟာ စင်ကာပူထက် ဖွံ့ဖြိုးရေးခရီးဟ အချိန်တိုတို ရောက်နို်င်တယ်လို့ပြဆိုနေတယ်လို့မြင်မိပါတယ်။ နောက်ပြီး ထိုင်းနဲ့ မလေးမှာ အလုပ်လုပ်နေတဲ့ လူငယ်ခြောက်သန်းလောက်ကို ထည့်တွက်ရင် Young and fresh Large scale labour ကိုမျှော်လင့်လို့ရနိုင်မှာပါ။
ဒါပေမယ့် ဒါတွေအားလုံးဟာ နိုင်ငံရေးတည်ငြိမ်မှုကို ဖော်ဆောင်နိုင်မှ ဖြစ်နိုင်မှာမို့ ပြည်တွင်းစစ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ အငြင်းပွားမှုတွေကို အမြန်ဆုံးရပ်တန့်ပြီး ဆုံမှတ်တစ်ခုကို ရှာနိုင်ဖို့သည် ဒီအစိုးရသက်တမ်းအတွင်း အဓိက ရည်ရွယ်ချက်ဖြစ်သင့်ပါတယ်။
ကိုးကား
ပါမောက္ခလီယိုတန် (စကာပူပညာရေးတက္ကသိုလ်)
"စင်ကာပူပညာရေးခရီးနှစ်လေးဆယ်" စာတမ်း

0 comments:
Post a Comment