အသက်
သမ္မာအာဇီဝကိုမြိုချဖို့ ပြောင်းဆန်ထက်တောင်
ဘာကြောင့် ကြမ်းရှတာလဲ
အမှန်တရားအတွက်လွန်ဆွဲတိုင်း အဓမ္မသမားတွေပဲ
ဘာကြောင့် နိုင်စားတာလဲ
အင်အားကြီးသူတွေရဲ့ အတ္တစစ်ပွဲမှာအပြစ်မဲ့သူတွေရဲ့ သွေး၊ ချွေး၊ မျက်ရည်တွေ
ဘာကြောင့် ချောင်းစီးနေတာလဲ
အခြေအနေနဲ့ အချိန်အခါသင့်မှ
မဇ္ဈိမပဋိပဒါ လမ်းစဉ်လိုက်သူတွေ
ဆုံထဲထည့်ဆီညှစ်သလိုခိုင်းခံပြီးမှ
နွားလိုရုန်းပြီး ကြောင်စာပဲစားရသူတွေ
ပြောင်ပြောင်တင်းတင်း ဆိတ်ဆိတ်နေပြီး
အကြောက်တရားနဲ့ အသက်ရှင်နေသူတွေ
မရှိကြ၊ မသိကြနဲ့ မတိမကျဘ၀တွေ
အကျဉ်းစံ၊ အနင်းခံနဲ့ အရင်းပါမကျန်တဲ့ဘ၀တွေ
မခိုးမရ၊ မရိုးကြနဲ့ မနိုးထနိုင်တဲ့ဘ၀တွေ
ကျွန်မတို့မှာ ဆန်မရှိဘူး
ကျွန်တော်တို့မှာ လယ်မရှိဘူး
ငါတို့ကလေးတွေ ကျောင်းမနေဘူး
တချို့လူတွေ ကြားနေ မြင်နေရက်နဲ့ ကန်းနေတယ်
တချို့လူတွေ ပါးစပ်တွေဖွင့်ထားရက်နဲ့ နားတွေအနေတယ်
တချို့လူတွေ ပါးစပ်ပိတ်ပြီး မကြားဖူးတာတွေ ပြောတယ်
လူပါးဝမှ ၀မ်းဝကြမယ်ဆိုလည်း ရှိစေတော့
ဘ၀င်ဆောင်မှ အနေချောင်မယ်ဆိုလည်း ရှိစေတော့
သာရာကူးမှ အခါထူးမယ်ဆိုလည်း ရှိစေတော့
မနေ့ကအကြောင်း စဉ်းစားရင် အသက်တစ်ခါ တိမ်းပါးတယ်
ဒီကနေ့ကို ဖြတ်သန်းရင် အသက်တစ်ဝက်ပျက်တယ်
မနက်ဖြန်ကိုတွေးရင် အသက်တစ်ရက်တိုတယ်
ဒါနဲ့တောင် ဒီအသက်
မထိရက်မကိုင်ရက်
ဖက်နဲ့ အထပ်ထပ်
ပတ်နေမိတယ်။
written by ယုပမ်

0 comments:
Post a Comment