Saturday, January 5, 2013

ကျော်မောင်ရင် စိတ်မကောင်းပါ


by Myo Tha Htet on Saturday, January 5, 2013 at 2:30pm 

လက်ချောင်းဖြူနုသည် သွယ်လွန်း လှလွန်းလှသည်၊ အသားအရေကလည်း အပြစ်ပြောစရာ မရှိ၊ သူမသည် နတ်သမီးလေးတပါး လူယောင်ဖန်ဆင်းလို့ လူပြည် အလည် လာလေသလားလို့ မှတ်ထင်မှားလောက်ပါသည်။

ကျော်မောင်ရင်က သူ့ဘ၀မှာ အရေးအကြီးဆုံးလို့ ထင်ထားတာ သုံးခုသာ ရှိသည်။ အလုပ်လုပ်မည်၊ ထမင်းစားမည်၊ အရက်သောက်မည်။ ဒါဆိုရင်ပဲ ဘ၀က ပြီးပြည့်စုံနေသလို သူက ခံစားတတ်သည်။

အလုပ်ကတော့ တကယ်ကြိုးကုတ် လုပ်ဆောင်သူ ဖြစ်သည်။ မိဘလက်ငုပ်လက်ရင်း လက်ဖက်ရည်ဆိုင်ကလေးမှာ ကျော်မောင်ရင့်လက်ထက်တွင် ထက်ထက်သန်သန် ရောင်းချလာရတာကြောင့် အခုတော့ ဆိုင်ကြီးက ဟီးနေအောင် ဖြစ်နေလေပြီ။ အိမ်သား၊ ဆိုင်သားများနှင့် မြန်မာပြည်တွင်း တနှစ်တခေါက် ဘုရားဖူး ထွက်ရုံမက သူငယ်ချင်း ပူတူးတူးရဲ့ သွေးထိုးပင့်ကော် ဆွဲဆောင်မှုတွေကြောင့် ဘန်ကောက်ကိုပင် နှစ်ခေါက်၊ သုံးခေါက် ရောက်ခဲ့ချေလေပြီ။


ဘန်ကောက်မြို့လယ်ကနေ ကောင်းကင်ရထားစီးလျှင် ခုနစ်ဘူတာ၊ တက္ကစီစီးလျှင် ဘတ် ၁၂၀ လောက် ပေးရတဲ့ ဟိုတယ်တခုမှာ ကျော်မောင်ရင် တည်းတော့ မွန်းလွဲပိုင်း ကော်ဖီသောက်ချိန်လေးမှာ သူမကို တွေ့ခဲ့ရသည်။

ပေါင်တံစင်းစင်း၊ အသားဖြူဖြူ၊ တရုတ်မဆန်တဲ့ မရယ်မပြုံးမျက်နှာ၊ နှုတ်ခမ်းကို တွတ်နေအောင် ဆိုးထားတဲ့ နတ်သမီးလေးနား ဖြတ်လျှောက်လိုက်တဲ့အခါ မွှေးကြိုင်နေတာပါပဲ။ အဲဒီခဏမှာပဲ အဲဒီနားမှာ ပန်းတွေ ပွင့်ကုန်တယ်၊ စမ်းတွေ စီးတုန်တယ်၊ ရော့ခ်သီချင်းသံတွေ ရင်ဘတ်ထဲ ဖွင့်နေသလို နှလုံးသား နေရာဟာ ဆောင်းဘောက်စ် အကြီးကြီး တဒူဒူနဲ့ အသံကြီး ဟိန်းထွက် လှုပ်နေသလို ကျော်မောင်ရင် မောဟိုက်သွားခဲ့တယ်။

ဒါဟာ အခိုက်အတန့်တခုသာ...၊ ဒါပေမဲ့ တက္ကဆက်က နွားကျောင်းသားတွေ မြင်းပေါ်ကနေ ကြိုးကွင်းပစ်လို့ နွားရိုင်း/ နွားဆိုးကို ဖမ်းအုပ် ချည်နှောင် လိုက်သလိုမျိုး၊ ကျော်မောင်ရင် ကိုယ့်လမ်းကို လွတ်လွတ်လပ်လပ် မသွားသာတော့ဘူး။ နွားကျောင်းသားက မြင်းကို ရုန်းရင်း တင်းရင်း ဆွဲခေါ်ရာ ပါသွားတဲ့ နွားပျို/ နွားဆိုးလို အားမပြည့်ဘဲ သွားစမ်းမိတဲ့ အဖြစ်မျိုးနဲ့ အပ်ကျမတ်ကျ ဖြစ်သွားတယ်။

ခြေလှမ်းတွေက ဘက်ဂီယာ ထိုးလိုက်တဲ့ လူစီးကားလေး တစီးလို ရှေ့ဆက် မလှမ်းတော့ဘဲ နောက်ပြန် ရောက်လာတယ်။ တောသားမြို့ရောက် အူကြောင်ကြောင် မျက်နှာဘေးနဲ့ ကျီးကန်းတောင်းမှောက် အမေပျောက်တဲ့ ကလေးငယ်လို ကျီးကြည့်ကြောင်ကြည့်ရင်း နတ်သမီး အမွှေးနံ့တွေ လေရှုတိုင်း ရနိုင်တဲ့ နေရာတခုကို ရွေးလို့ ကျော်မောင်ရင် ထိုင်တယ်။ မသောက်တတ်တဲ့ ကော်ဖီတခွက်ကို စကားကို အတော်ခက်ခက်ခဲခဲ ပြောရပြီးနောက် မှာတယ်။

နေရောင်က ရော့ပြီ၊ လေနုက သော့ပြီ။ ကဗျာမဆန်တတ်တဲ့သူ ရင်တွေ ခုန်နေသည်။ ခက်တော့ဖြင့် ခက်လှပါသည်လို့ ကျော်မောင်ရင် တွေးလေသည်။ သူ့မျက်လုံးတိုင်းကတော့ နတ်သမီးဆီမှာ... ပထမ ၁၇ မိနစ်တိတိအထိ မျက်တောင် တချက်မှ မခတ်မိခဲ့တဲ့။ အလုပ်လုပ်သည်၊ ထမင်းစားသည်၊ ညကျ အရက်သောက်သည်၊ စက်ရုပ်ဟန်နဲ့ ခံစားချက်မဲ့ အချိန်ပို မရှိတတ်သူ ကျော်မောင်ရင်တယောက် ခံစားချက် အသစ်အတွက် အချိန်ကုန်၊ အလုပ်ပျက်တာအပြင် နှလုံးတုန် ရင်ခုန်နေသည်မှာ တခြားကမ္ဘာထဲ သူတယောက်ထဲ ရှိနေသလို အားကိုးမဲ့လွန်းလှသည်ဟု ကျော်မောင်ရင် ၀မ်းနည်းခဲ့မိသည်။

၁၇ မိနစ်အတွင်း အနုလုံပတိလုံကြည့်ဖြစ်ခဲ့တော့ မြင်ကွင်းမှာ ရှင်းပြတ်နေသည်။ ဖိုးကပ်စ်က ပြတ်သည်၊ ဇွမ်းအင်၊ ဇွမ်းအောက် အကြိမ်ကြိမ် အ၀င်အထွက်လုပ်တော့ အားလုံးဟာ ရှင်းရှင်းကြီး ဖြစ်နေသည်။ တကိုယ်လုံးငြိမ်နေပြီး နှလုံးသားတ၀ိုက်မှာသာ ရစ်ခ်ျတာစကေး ၉ ပြင်းအားရှိ ငလျင်ရော၊ နောက်ဆက်တွဲ ဆူနာမီပါ ဖြစ်နေတော့သည်။

ဘုရားသခင် ကယ်တော်မူပါ... အို... အလုပ်များလို့ မအားနေလည်း မကယ်ချင် မကယ်ပါနဲ့တော့လေလို့ ကျော်မောင်ရင် ချက်ချင်း ပြင်တွေးရင်း တခါ... မရိုမသေ မှောက်မှားတဲ့ စိတ်ထားနဲ့ ပြစ်မှားမိရင် တောင်းပန်ပါတယ်လို့ ပြေးပြေးလွှားလွှား တောင်းပန်လိုက်သေးသည်၊ ကျော်မောင်ရင် ဘုရားကို တကယ် ကြည်ညိုပါသည်၊ အစိုးမရတဲ့ ကိုယ့်စိတ်ကိုသာ မထိန်းနိုင် မသိမ်းနိုင် ဖြစ်ရတာ အားမလို အားမရ ဖြစ်မိတာဖြစ်သည်။

သူ့လက်ချောင်းလေးတွေက သွယ်သည်၊ ရှည်သည်၊ လှသည်။ စီးကရက်ကို ဆေးလိပ်ပြာခွက်ထဲ ထိုးချေလိုက်ပုံမှာ ကျော်မောင်ရင့် ခေါင်းကလေးကို ပွတ်ဆွဲလိုက်သလို လှ... လှလွန်းလှသည်။ ကျော်မောင်ရင့်ကို သူမြင်လေသလား၊ ဒါမှမဟုတ် ကြည့်နေလေသလား။ ကျော်မောင်ရင်ကတော့ သူ့ကို အသေအချာ ကြည့်နေပါသည်။ ခိုးကြောင်ခိုးဝှက်မဟုတ်၊ ပေါ်ပေါ်ထင်ထင် ကြည့်နေတာ ဖြစ်ပါသည်။ ဘောလုံးပွဲကြည့်သလိုကို ကြည့်နေတာ ဖြစ်ပါသည်။ သို့သော် ကျော်မောင်ရင် နှုတ်မှ ဘာမှမထွက်ပါ၊ ဘာမှ မရေရွတ်ပါ၊ အယုတ္တအနတ္တ ဆဲဆိုခြင်း အလျဉ်း မရှိပါ။

သူက နေကာမျက်မှန် ကော်ကိုင်း အကြီးကြီး တပ်ထားသည်၊ မျက်မှန်သည် မျက်နှာတခုလုံးရဲ့ ထက်ဝက်လောက် ရှိပေလိမ့်မည်။ ဒါက ကျော်မောင်ရင်ရဲ့ ခန့်မှန်းချက် ဖြစ်ပါသည်။ ဘာလို့ဆို သူ့မျက်မှန်အောက်မှာက မြင်ရတာ တခုပဲ ရှိတော့သည်။ ဒါကတော့ ထင်းထင်းလင်းလင်း ရှိလွန်းလှသည်။ မက်မန်းသီးရောင် စွဲမက်ဖွယ် နှုတ်ခမ်းတစုံ...။ စီးကရက်ကို ပြာခွက်ထဲ ထိုးမချေခင် နောက်ဆုံးတကြိမ် အဲဒီနှုတ်ခမ်းလေး မဆိုသလောက်လေး တကြိမ်ဟသွားခဲ့သည်။ ကျော်မောင်ရင် ဘ၀မှာ ပထမဆုံးအကြိမ် ချက်ချင်းဆိုသလို သေချင်စိတ်ပေါက်မိတာ အဲဒီနှုတ်ခမ်းအဟကို မြင်လိုက်ရချိန်မှာ ဖြစ်ပါသည်။ ဘုရားသခင်သည် စောင်မ ကြည့်ရှုတော်မူသည်၊ နှလုံးကား မရပ်ခဲ့...။

သူ့ဆံပင်က သာမန်စုစည်းထားရုံ၊ နက်နက်မှောင်မှောင် မဟုတ်၊ မမည်းဘူးလား ဆိုတော့လည်း မည်းသည်။ ဒီထက်တော့ ပို မပြောတတ်၊ ဇာပန်းတွေပါတဲ့ အဖြူရောင် ဘလောက်စ်အင်္ကျီ လက်ရှည်၊ အသားရောင် စကတ်တိုကို ဒူးခေါင်းလောက် ၀တ်ထားသည်။ သလုံးသားမှာလည်း လှလွန်းလှသည်။ တရုတ်ဆန်သည်ကလွဲလျှင် ဒီကော်ဖီဆိုင်မှာ ထိုင်မနေဘဲ ဟောလီးဝုဒ်မှာ မင်းသမီးလုပ်နေသင့်သည့် ရုပ်မျိုး၊ ကျော်မောင်ရင့်အတွက်တော့ ခံစားစရာ ယမင်းရုပ်လေး လာဖြစ်နေသည်။ ဘုရားသခင်သည် တခါတရံတော့ မျှမျှတတ ရှိလှပါ့တကားလို့ ကျော်မောင်ရင် ပထမဆုံးအကြိမ် အတွေးပေါ်မိသည်။

မိန်းမပျိုတယောက်၊ စားပွဲတလုံး၊ ကုလားထိုင်တခု၊ ကြက်သွေးရောင် တပွင့်ထဲ ထိုးထားတဲ့ မိုးပြာရောင် နှင်းဆီပန်းအိုးလေး၊ ထိုးချေထားတဲ့ စီးကရက်တို သုံးခုပါတဲ့ အမည်းရောင် အသည်းပုံ ကြွေပြာခွက်ကလေး၊ အဖြူရောင် ပန်းကန်လုံးထဲက အမည်းရောင် ကော်ဖီတ၀က်၊ တခါမှ မတွေ့ဖူးတဲ့ ပိန်ပိန်ရှည်ရှည် ကိုကာကိုလာတဘူး၊ အဲဒါကို ထည့်သောက်ထားတဲ့ ဖန်ခွက်ရှည်ရှည်လေးတလုံး အားလုံးကို ချိတ်ဆက်ကြည့်လိုက်တော့ နာမည်ကျော် မင်းသား၊ မင်းသမီးတွေကို နေရာတကျ ချထားပြီး ရုပ်ရှင် ရိုက်နေတဲ့ ဒါရိုက်တာ တယောက်လို သူမက အသက်ပါ လှလွန်းလှပါတယ်လို့ ကျော်မောင်ရင် အသေအချာ တွေးလေတော့တယ်။

ဘယ်သူမှ မကြည့်ရသေးတဲ့ ဇာတ်ကား၊ အို... ရုံတောင် မတင်ရသေးတဲ့ (တင်ဖို့ကို) အခုမှ ရိုက်နေတဲ့ ရီဟာဆယ် မပါတဲ့ ရုပ်ရှင်ဇာတ်ကားတကား ရိုက်နေတာကို သူတယောက်ထဲ ကြည့်နေရတဲ့ ကျော်မောင်ရင်တယောက် ၁၇ မိနစ်နဲ့ တစက္ကန့် အကြာမှာ ပထမဆုံးအကြိမ် မျက်တောင် ခတ်လိုက်မိတယ်။ နောက်တော့ ချက်ချင်းဆိုသလို ဆက်တိုက် ခတ်လိုက်ပြီး ပြုံးတယ်။ နေရောင်ဟာ တချက် တင်းတင်းရင်းရင်း လင်းတယ်၊ ခဏနေ ဆည်းဆာ ဖြစ်တော့မယ် ထင်ပါရဲ့...၊ ဒီညနေခင်းကို မှတ်ပုံတင်ထားရမယ်လို့ လက်ဖက်ရည်ဆိုင်မှာ ကောင်တာထိုင်ရင်း ကြားဖူးနားဝ စကားတွေ ပြန်ကြားယောင်ရင်း ကျော်မောင်ရင် တွေးလိုက်ပြီးတဲ့နောက်မှာ ပိုကြီးကျယ်တဲ့ အပြုံးတခုကို ကျော်မောင်ရင်တယောက် ထပ်ပြုံးလိုက်တယ်။

အဲဒီမှာပဲ နတ်သမီးလို့ သူ ထင်နေတဲ့ တခုံကျော်က ကောင်မလေးက ချစ်စရာကောင်းအောင် ကပိုကရိုသပ်သပ်ရပ်ရပ်လေး ထတယ်။ အို... နည်းနည်းရှုပ်သွားတယ် ထင်ပါရဲ့...၊ ခေတ်ဆန်ဆန်ကောင်မလေးက သူ ထချင်သလို ထလိုက်တာပဲ ဖြစ်ပါလိမ့်မယ်၊ ကျော်မောင်ရင့် မျက်လုံးထဲတော့ ပေ ၂၀၀ အကွာက သားဖြစ်သူရဲ့ ခေါင်းပေါ် တင်ထားတဲ့ အနီရောင်ပန်းသီးကို ထုတ်ချင်းခတ် ပစ်ပြလိုက်တဲ့ လေးသမားဖခင်လို သပ်ရပ်တိကျလွန်းနေတယ်လို့ ထင်လိုက်မိလို့ပါ။

ကောင်မလေးက တချက်မှ မပြုံးပေမယ့် လှနေပါတယ်။ လှတာထက် ပိုလွန်းနေတယ်လို့ ကျော်မောင်ရင် ထင်တယ်။ လှတာထက် ပိုတာက ဘာလဲ ဆိုတာကိုတော့ ပြောလည်း မပြတတ်ဘူးရယ်။ ကောင်မလေးက သူ့ဆီ လျှောက်လှမ်းလာနေသလို ဒီဘက်ကို ထလာတယ်၊ မိနစ်နှစ်ဆယ်လောက် မချွတ်တမ်း တတ်ထားတဲ့ မျက်မှန်ကိုင်းကို ကိုင်လိုက်တယ်၊ ချွတ်တယ်၊ အဲဒီအချိန်မှာပဲ ထိုင်နေတဲ့ ကျော်မောင်ရင်ကို စီးကြည့်နေသလို ဘေးနားရောက်လာသလို ဖြစ်သွားတယ်။

တစက္ကန့်ထက် ပိုရပ်နေသလားလို့ ထင်မှတ်သွားတဲ့ ကျော်မောင်ရင် ကောင်မလေးကို မော့ကြည့်လိုက်တော့ အကြည့်ချင်း ဆုံသွားတယ်။ အို... မျက်ရည်တွေနဲ့ပါလား...။ ကောင်မလေးက တကယ်တော့ ရပ်လိုက်တာမှ ဟုတ်ရဲ့လား မသိပါဘူး၊ ဖြတ်ကျော်သွားလို့ တလှမ်းချင်းတော့ လှမ်းနေတာပါပဲ။ ရိုင်းများသွားသလားတော့ မသိပါဘူး။ သမင်လည်ပြန်လား၊ ခြင်္သေ့လည်ပြန်လား၊ ကပြားလည်ပြန်လို့ ပြောရမလား။ ကျော်မောင်ရင် လိုက်ကြည့်မိတယ်။ ဒါပေမဲ့ အသက်မဲ့သူ တယောက်လို...။

၂၀၁၃၊ ဇန်န၀ါရီ ၅ ရက်။ ည ၁၀ နာရီ။
လန်ဒန်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...