ရှေးဦး ကျောရိုးရှိသတ္တဝါတို့နှင့် ငါး ဆင့်ကဲပြောင်းလဲမှုသမိုင်း
ရှေးအကျဆုံး အလယ်ရိုးရှိသတ္တဝါများ (Chordates)
ဟိုက်ကူအစ်ခ်ျသီးစ် (Haikouichthys) (ကန်ဘရီယန်ယုဂ် လခသန သန်း ၅၃၅-၅၂ဝ)
ဟိုက်ကူအစ်ခ်ျသီးစ် သည် တစ်လက်မခန့်သာ ရှည်ပေမည်။ သို့ရာတွင် ၎င်းသည် ဆင့်ကဲဖြစ်စဉ်ရှုထောင့်တွင် အလွန် အရေးပါလှသည်။ ဤသတ္တဝါ၏ အပြင်ပန်း၌ အကာကွယ်မဲ့ပေမည်။ သို့သော် ကိုယ်ခန္ဓာ အတွင်း၌ ကြံခိုင်ပေသည်။ ခေါင်းမှ အမြီးထိ ကျစ်လျစ်သိပ်သည်းလှသော ဆဲလ်များပါရှိသည့် ရှည်မျောမျော တစ်ရှုးတစ်ခုရှိသည်။ ၎င်းအင်္ဂါကား ကျောရိုး၏ ရှေ့ပြေးတည်ဆောက်ပုံ တစ်မျိုးဖြစ်သော အလယ်ရိုး (Notochord) ဖြစ်သည်။
အလယ်ရိုး ပေါ်ပေါက်လာခြင်းသည် ကျောရိုးရှိ သတ္တဝါ လောကသစ်ကို ဖွင့်ပေးလိုက်ခြင်းပင်ဖြစ်သည်။ အခွံမာ အာသရိုပေါ့တို့သည် အခွံလဲပြီး ကြီးထွားရသည်။ ကျောရိုးရှိသတ္တဝါများမူ အတွင်း အရိုးငြမ်း အဖွဲ့အစည်း ရှိလာ၍ အရွယ်အစား များစွာ ကြီးထွားနိုင်စွမ်း ရှိလာကြသည်။ ၎င်းတွင် ထူးခြားသော ခန္ဓာဖွံ့ဖြိုးပုံ ရှိသည်။ အလယ်ရိုးသည် ခေါင်းမှ အမြီးထိ အဆစ်ပိုင်းများ ဖွံ့ဖြိုးစေသည်။ ထိုအဆစ်ပိုင်းအလိုက် ဆိုင်ရာ ကြွက်သား၊ အရေပြား ၊ အာရုံကြောတစ်ရှုးများ အသွင်ကွဲ ဖွံ့ဖြိုးလာသည်။ ဟိုက်ကူအစ်ခ်ျသီးစ် သက်ကြီးကောင်၏ အလယ်ရိုးသည် ကျွန်ုပ်တို့ ကျောရိုးရှိသတ္တဝါ သန္ဓေသားတို့တွင် ရှေးဦးကျောရိုး အနေဖြင့် တွေ့ရှိနိုင်သေး၏။ ဟိုက်ကူအစ်ခ်ျသီးစ်တွင် ပါးဟက်၆စုံခန့် ရှိပြီး မေးရိုးမရှိပေ။

ဟိုက်ကူအစ်ခ်ျသီးစ် ကိုပြန်လည်တည်ဆောက်ထားပုံ
ပထမဆုံး ကျောရိုးရှိသတ္တဝါများ (Vertebrates) - ရှေးဦး မေးရိုးမဲ့ငါးများ (အော်ဒိုဗစ်ရှီယန်ယုဂ် လခသန ၄၈၅သန်း)
အော်ဒိုဗစ်ရှီယန်ခေတ်တွင် စတင်ပေါ်ပေါက်လာသော မေးရိုးမဲ့ငါးမှာ အော်စထရာကိုဒမ် (Ostracoderm) ဖြစ်သည်။ ယင်းတို့သည် ဟိုက်ကူအစ်ခ်ျသီးစ် ကဲ့သို့ ကန်ဘရီယန် အလယ်ရိုးရှိသတ္တဝါများမှ ကွဲထွက်လာသော မျိုးနွယ်သစ်များဖြစ်၏။ ခန္ဓာကိုယ်တစ်ခုလုံးကို အရိုးမာပြားများဖြင့် ဖုံးအုပ်ထားပြီး ပင်လယ်ကြမ်းပြင်နှင့် ကပ်လျက် သွားသော ငါးများဖြစ်သည်။ အရိုးမာပြား အုပ်သော ငါးများ ဆင့်ကဲပေါ်ပေါက်လာရခြင်းမှာ ထိုခေတ်က ရေနေကင်းမြီးကောက်နှင့် ဆက်ဖလိုပေါ့ သားရဲများကို တုပြိုင်ရှင်သန်ရန် ကြိုးစားခြင်း တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဓာတ်သတ္တု ဇီဝကမ္မစနစ် အတွက် ဓာတ်သတ္တု စုပုံနည်း ဖန်တီးခြင်း တစ်ပိုင်းဖြစ်သည်။ အတွင်းအရိုးငြမ်းမှာမူ အရိုးနု ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် ကျောရိုးတစ်စုံကိုမူ ပိုင်ဆိုင်သဖြင့် ကျောရိုးရှိသတ္တဝါစစ် (Vertebrate) ဟုသတ်မှတ်နိုင်သည်။ ၎င်း၏ ကျောဖက်မှ အာရုံကြောမကြီးကို အရိုးနု ကျောရိုးဖြင့် ကာကွယ်ထားသည်။ အော်စထရာကိုဒမ်တို့သည် ဆင်းသက်သော မျိုးနွယ်များစွာ ပါဝင်ပြီး အုပ်စု တစ်ခုတည်း မဟုတ်ပေ။ သို့ဖြစ်၍ ဤအမည်မှာ အရိုးချပ်အုပ်ငါးများဟု အရပ်အခေါ်မျိုးသာ ဖြစ်သည်။

အရန်ဒက်စပစ် (Arandaspis) ခေါ် မေးရိုးမဲ့ငါးမျိုး
မေးရိုး ပေါ်ပေါက်လာခြင်း (ဆိုင်လော်ရီယန်ယုဂ် လခသန သန်း ၄၄ဝ)
ရှေးဦးမေးရိုးမဲ့ငါးတို့၌ ပါးဟက်ကို ပတ္တာဆက်ကဲ့သို့ အရိုးကွေးများ ဖြင့် ထောက်မထားသည်။ ရှေ့စွန်းမှ ပါးဟက်ရိုး အစုံ တို့သည် ကျန် ပါးဟက်အစိတ်အပိုင်းထဲသို့ ရေဝင်အောင် စုပ်တင်ပေးသည်။ ထိုပါးဟက်စုံ တို့သည် ခန္ဓာကိုယ် ရှေ့ဖက် ရောက်လာခြင်းဖြင့် ပါးစပ်နှင့် လာရောက် ဆက်နွယ်လာခဲ့သည်။ ရေစုပ်တင်ရန် ကြွက်သားတည်ဆောက်မှုနှင့် ပတ္တာဆက် အဆစ်တို့ကြောင့် မေးရိုးစစ် အဖြစ် ဆင့်ကဲပေါ်ပေါက်ရန် မခက်လှပေ။ ရှေးဦး ငါးများတွင် ပါးဟက်သည် အောက်ဆီဂျင်စုပ်ရန်လည်းကောင်း၊ အစာမှုန်များကို စကာ ကဲ့သို့ စစ်ယူ စားသုံးရန် လည်းကောင်း သုံးခဲ့ကြသည်။ မေးရိုးပေါ်ပေါက်လာခြင်းက အစာကြီးကြီးများကို စားနိုင်စေသည် သာမက ပါးဟက်ကိုလည်း လုပ်ငန်းစဉ် တစ်ခုတည်းကို ဇောက်ချနိုင်ရန် ထောက်ကူပေးသည်။ မေးရိုး၏ အဆင်တန်ဆာ အဖြစ် သွားများလည်း ဆင့်ကဲပေါ်ပေါက်လာခဲ့သည်။ မမျိုချခင် အစာကို ပါးစပ်တွင် ထိန်းသိမ်းထားနိုင်ရန် ပေါ်ပေါက်လာခြင်း ဖြစ်နိုင်သည်။ နောက်အခါမှသာ အဆိုပါ သွားသည် ပိုမို ထူးခြား ထက်မြက်လာပြီး ကိုက်ဝါးရန်၊ သားကောင်ကို သတ်ဖြတ်ရန် ဖြစ်လာသည်။ မေးရိုးပေါ်ပေါက်လာခြင်းသည် ကျောရိုးရှိသတ္တဝါတို့ကို ရေစစ်စားကောင် အနေအထားမှ ဝါးမျိုကောင်နှင့် သားစားကောင်များအဖြစ် ပြောင်းလဲပေးခဲ့သည်။ ဤအပြောင်းအလဲသည် နောင် တစ်ခေတ်ဖြစ်သော ဒီဗိုနီယန်ယုဂ်ကို ငါးများ၏ ခေတ်ဟု ခေါ်ဆိုလောက်အောင် ငါးမျိုးနွယ်တို့ကို စည်ပင်ပေါက်ပွားစေခဲ့ပေသည်။

မေးရိုးဆင့်ကဲပေါ်ပေါက်ပုံ
အကန်သိုဒီယန် (Acanthodians) (လခသန သန်း ၄၂ဝ-၂၅ဝ)
ဆိုင်လော်ရီယန်ယုဂ်နှောင်းပိုင်း လွန်ခဲ့သောနှစ်သန်း ၄၁ဝခန့်တွင် အရပ်အခေါ် ဆူးထူငါးမန်း (Spiny Shark) ဟု အမည်ရသည့် အကန်သိုဒီယန် ခေါ် မေးရိုးရှိငါးများ ဆင့်ကဲပေါ်ပေါက်လာခဲ့သည်။ ၎င်းတို့၏ မေးရိုးသည် မေးရိုးမဲ့ငါး ရှေ့ပြေးမျိုးနွယ်များ၏ ပထမမြောက် ပါးဟက်ရိုးတို့သည် အဆစ်ပိုင်းပါရှိသော အရိုးနုသည် အကန်သိုဒီယန်တို့၌ မေးရိုးအဖြစ် ပြောင်းလဲလာခဲ့သည်။ ပါးစပ်ပတ်လည်မှ ကြွက်သားများနှင့် ချိတ်ဆက်မိသည့်အခါ အဆိုပါ မေးရိုးသည် အလုပ်လုပ်သော (ပိတ်နိုင်ဖွင့်နိုင်သော) အင်္ဂါဖြစ်လာခဲ့သည်။ အော်ထရာကိုဒမ်များသည် ပင်လယ်ကြမ်းပြင်၌နေသော ငါးများဖြစ်၍ ရေယက်များမလိုအပ်။ အကန်သိုဒီယန်ငါးသည် အော်စထရာကိုဒမ် ထက်စာလျှင် ပိုမို ပေါ့ပါးသော ငါးများဖြစ်၍ ရေကူးကောင်များဖြစ်ကြသည်။ ရေကူးရာတွင် ၎င်းတို့၏ ခန္ဓာကိုယ် ဟန်ချက်ထိန်းသိမ်းရန် ဆူးတောင်များ ဆင့်ကဲပေါ်ပေါက်လာခဲ့သည်။ အရိုးမာငါး၏ ရေယက်ကဲ့သို့ ကြွက်သားတည်ဆောက်မှု မပါရှိသဖြင့် လှုပ်ရှား၍ မရသော အင်္ဂါများသာ ဖြစ်သည်။ ဆူးထူငါးမန်း ဟူသော အမည်အတိုင်းပင် ၎င်းတို့၏ ဆူးတောင်များ၌ အလွန်မာသော အရိုးမာဆူးချွန်များ ပါရှိကြသည်။
အကန်သိုဒီယန်၏ အကြေးခွံသည် အရိုးမာပြားဖြင့် ပြုလုပ်ထား၍ အတော် လေးလံတောင့်တင်းသော ငါးမျိုးဟု ဆိုရပေမည်။ အစောပိုင်း အကန်သိုဒီယန်တို့သည် သွားမရှိ။ ရေစစ်စားကောင်များဖြစ်သည်။ နှောင်း အကန်သိုဒီယန် မျိုးစိတ်တို့သည် ထူးခြားသော ဆင့်ကဲပြောင်းလဲမှု တစ်ရပ်ကို စတင်လိုက်သည်။ ၎င်းတို့၏ အရိုးမာအကြေးခွံကို ဖြစ်ပေါ်စေသော အရေပြားသည် အာခေါင်အတွင်းသားထဲ အထိ ပျံ့နှံ့ဖွံ့ဖြိုးလာခြင်းဖြစ်သည်။ ရလဒ်ကား ပါးစပ်အတွင်း အရိုးမာအကြေးခွံများ ဖြစ်ပေါ်လာခြင်းပင်။ အဆိုပါ ပါးစပ်တွင်းမှ အရိုးမာအကြေးခွံသည် ကျွန်ုပ်တို့နှင့် ရင်းနှီးပြီးသားဖြစ်သော သွားများ ဖြစ်ပေါ်လာစေခဲ့သည်။ သွားပါသော အကန်သိုဒီယန်တို့သည် ရေစစ်စားကောင် ဘဝမှ လွန်မြောက်လျက် အခြားသော အစာအာဟာရများကို မှီဝဲနိုင်လာခဲ့သည်။

အကန်သိုဒီယန်
တစ်မျိုးဖြစ်သော ‘ကလိုင်မက်တီးယပ်စ်’ (Climatius)။ ရုပ်ကြွင်းမှတ်တမ်း၌
ဆိုင်လော်ရီယန်နှောင်းပိုင်းမှ ဒီဗိုနီယန်ဦးပိုင်းအထိ တွေ့ရနိုင်၏။
ပလက်ကိုဒမ် (လခသန သန်း ၄၃ဝ-၃၆ဝ)
ပလေကိုဒမ်သည် ဆိုင်လော်ရီယန်ယုဂ် နှောင်းပိုင်းတွင် စတင်ပေါ်ပေါက်လာသည် ဟု ယူဆရသော ကနဦး မေးရိုးရှိငါး တစ်ခုမှ ဆင်းသက်သည့် ငါးမျိုးနွယ် တစ်ခုဖြစ်သည်။ ပလက်ကိုဒမ်ငါးများကို ဒီဗိုနီယန်ယုဂ်ဦးပိုင်းတွင် ပြည့်စုံသော ရုပ်ကြွင်းများ အနေဖြင့် စတင်တွေ့ရှိရသည်။ ပလက်ကိုဒမ် (Placoderm) ဟူသည်မှာ အရိုးမာပြားဖြင့် ဖုံးအုပ်ထားသည့် ငါး(Placo= အရိုးမာပြား ၊ Derm= အရေပြား) ဟုဆိုလိုသည်။ အရိုးမာပြားတို့ကို ခေါင်းပိုင်းနှင့် လည်ဆစ်ပိုင်းတွင် တွေ့ရှိနိုင်သည်။ လည်ဆစ်ပိုင်းရှိ ကျောဖက် အရိုးမာပြား နှင့် ခေါင်းပိုင်းရှိ အရိုးမာပြားတို့ကြားတွင် ထူးခြားသော အဆစ်တစ်ခုရှိသည်။ ဤအဆစ်၏ ကျေးဇူးကြောင့် ၎င်းသည် အောက်မေးရိုးကို ချ၍ ပါးစပ်ဖွင့်သည့်အခါ အပေါ်မေးရိုးနှင့် ခေါင်းတစ်ခုလုံးကို အပေါ်သို့ မ ကြွနိုင်သဖြင့် ပါးစပ်ကို ပိုဖွင့်နိုင်စွမ်းရှိသည်။ မေးရိုးမှာ လျင်မြန်စွာဖွင့်နိုင်ပြီး သားကောင်ကို ပါးစပ်ထဲသို့ ရေနှင့်အတူ စုပ်သွင်းနိုင်သည်။ ပလက်ကိုဒမ်တို့၌ သွားဖုံးမှ ဖြစ်ပေါ်သော ကြွေသား၊ အမြစ်၊ တို့ပါရှိသည့် သွားစစ်စစ် မရှိပေ။ မေးရိုးနှင့် ဆက်နေသော အရိုးမာပြားများ၏ အတက်အလက်တို့က သွားသဖွယ် ဆောင်ရွက်သည်။ ပလက်ကိုဒမ်တို့သည် ဆင့်ကဲဖြစ်စဉ် သဘောအရ ကြည့်လျှင် မျိုးနွယ်၏ အောင်မြင်မှုမှာ ထွန်းလင်းလှသော်လည်း ခဏသာ ကြာသည့် ကောက်ရိုးမီး သဖွယ် ဖြစ်သည်။ မျိုးကွဲများစွာ ကွဲထွက်လျက် အောင်မြင်သော မျိုးနွယ်ဖြစ်သော်လည်း နှစ်သန်း ၅ဝခန့်သာ ခံခဲ့သည်။ ထို့နောက် ပလက်ကိုဒမ် အားလုံးလိုလို မျိုးတုံးကွယ်ပျောက် သွားခဲ့သည်။ ပလက်ကိုဒမ်တို့သည် ဤတိုတောင်းသော ကာလအတွင်း ရေချိုကို ပထမဆုံး ချဲ့ထွင်သော ကျောရိုးရှိသတ္တဝါများတွင် ပါဝင်ခဲ့သည်။ ရေတိမ်ပင်လယ်များမှ ပင်လယ်ရေပြင်ကျယ်ကြီးကို ချဲ့ထွင်သော ပထမဆုံး ငါးများလည်း ဖြစ်သည်။ မေတာပစ်စစ် အတန်ဘိုးရိုင်း (Materpiscis attenboroughi) မည်သော ပလက်ကိုဒမ် သည် အကောင်လိုက် မွေးသော ငါးမျိုးများ ဖြစ်သည်။ ၎င်းရုပ်ကြွင်း၏ ခန္ဓာကိုယ် နောက်ပိုင်း နေရာ၌ သူ့ထက်ပိုသေးသော ငါး သန္ဓေသားလောင်းလေးကို ချက်ကြိုးနှင့်တကွ တွေ့ရှိ ထားသည်။ ပလက်ကိုဒမ်တို့သည် အရွယ်အားဖြင့်လည်း ဒီဗိုနီယန် ခေတ်တွင် အကြီးမားဆုံး ငါးကြီးများဖြစ်သည်။ ဒွန်ကလီယို စတီးယပ်စ် (Dunkleosteus) သည် ၃၃ပေမျှ ရှည်သော သားစား ငါးဘီလူးကြီး ဖြစ်သည်။
အရိုးနုငါး (လခသန သန်း ၃၇ဝ)
အရိုးနုငါးသည် ပလက်ကိုဒမ်တို့၏ အဆက်အနွယ်များဖြစ်ကြပြီး ပလက်ကိုဒမ်တို့၏ အရိုးမာချပ်ပြား အင်္ဂါများ ဆုံးရှုံးထားကြသည့်အပြင် ခန္ဓာတွင်း အရိုးငြမ်းအဖွဲ့အစည်းတွင်လည်း အရိုးမာ တည်ဆောက်မှု ကင်းမဲ့ကြသော ငါးများဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံးကို အရိုးနုဖြင့်သာ ထောက်မ ထားရသည်။ အရိုးနုငါးမျိုး ဖြစ်သော ရှေးဦးငါးမန်းမျိုးတို့အနက် ဒီဗိုနီယန်ယုဂ်ဦးပိုင်း လွန်ခဲ့သောနှစ် ၄ဝ၉သန်း ဟုဆိုနိုင်သော တွေ့ရှိရသမျှ ရှေးအကျဆုံး နှင့် ပြည့်စုံသော ရုပ်ကြွင်းကို ၂ဝဝ၃ ခုနှစ်၌ တွေ့ရှိရသည်။ ငါးမန်းတို့သည် ဒီဗိုနီယန်ယုဂ် အလယ်ပိုင်းနှင့် နှောင်းပိုင်းတို့တွင် မျိုးကွဲဖြာလျက် အောင်မြင် လာသော သတ္တဝါများ ဖြစ်လာခဲ့သည်။ ကလက်ဒိုဆယ်လက်ခ်ျ (Cladoselache) သည် ဒီဗိုနီယန်ယုဂ်နှောင်းပိုင်း၌ တွေ့ရှိရသော ထင်ရှားသည့် ငါးမန်းမျိုးဖြစ်ပြီး ၆ပေရှည်၏။ ယနေ့ ငါးမန်းများကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး ဖုံးအုပ်ထားသော အကြေးခွံမျိုးမရှိ။ ပါးစပ်၊ မျက်လုံးတစ်ဝိုက်၊နှင့် ဆူးတောင် အဖျားများ၌သာ အနည်းငယ်ရှိတတ်သည်။ ယနေ့ငါးမန်းများနှင့် မတူ၊ ပါးစပ်သည် ခေါင်း၏ ရှေ့စွန်းတွင် တည်ရှိသည်။ ၎င်းသည် အရိုးနုဖြင့် တည်ဆောက်ထားသဖြင့် ပေါ့ပါးဖျတ်လတ်သော သားစားငါးမျိုးဖြစ်သည်။ ငါးမန်းတို့သည် ၎င်းတို့၏ ပြိုင်ဖက်ဖြစ်သော ပလက်ကိုဒမ်တို့ကို အောင်မြင်စွာယှဉ်ပြိုင်နိုင်ခဲ့သည်။ ဒီဗိုနီယန်အကုန် မျိုးပြုန်းမှုကြီးတွင် ပလက်ကိုဒမ် အဆက်အနွယ်တို့ လုံးလုံး ကျရှုံးသွားခဲ့သည်။ အရိုးနုငါးမျိုးနွယ်တို့မူ အကြီးဆုံး သားစားငါးများအဖြစ် ယနေ့ထိဆက်လက် ကျန်ရစ်ကြသည်။

ဒွန်ကလီယိုစတီးယပ်စ်သည်
ကနဦးငါးမန်း တစ်မျိုးဖြစ်သော ကလက်ဒိုဆယ်လက်ခ်ျကို လိုက်ဖမ်းနေပုံ။
ဒွန်ကလီယိုစတီးယပ်စ် သည်ပလက်ကိုဒမ်ငါးမျိုးနွယ်ထဲမှ ထင်ရှားသည့်
အာသရိုဒိုင်ယာ (Arthrodire) အုပ်စုတွင် အကြီးဆုံးဖြစ်သည်။
ဒွန်ကလီယိုစတီးယပ်စ် ၏ ရုပ်ကြွင်းမှာ ခေါင်းပိုင်းမှ အရိုးမာပြားများသာ
ဖြစ်သဖြင့် ၎င်းကို ပြန်လည်တည်ဆောက်ကြည့်ရသောအခါ ခန္ဓာကိုယ် နောက်ပိုင်း ကို
ကော့ကိုစတီးယပ်စ် (Coccosteus) ကဲ့သို့ ပြည့်စုံသော ပလက်ကိုဒမ်များ၏
ရုပ်ကြွင်းတို့ကို မှီငြမ်း မှန်းဆကြည့်ရပေသည်။
အရိုးမာငါးများ (လခသန ၄၂ဝ-ယနေ့ထိ)
အရိုးမာငါးတို့သည် လွန်ခဲ့သောနှစ် သန်း ၄၁ဝခန့် ဆိုင်လော်ရီယန်ခေတ်နှောင်းပိုင်းတွင် အကန်သိုဒီယန်တို့မှ ဆင်းသက် ပေါ်ပေါက်လာကြသည်။ ဆိုင်လော်ရီယန်ယုဂ် ကတည်းက ငါးများစွာသည် ရေချိုတွင် နေထိုင်ကြသည် ဖြစ်ရာ အရိုးမာငါး အစပြုရာနေရာသည်လည်း ရေချိုဖြစ်ဟန်တူ၏။ ဒီအန်အေ ဆန်းစစ်ချက်များနှင့် မျိုးစိတ်ဆင်းသက်ဟန်ကို ဆက်လက် လေ့လာကြည့်သော် ဤအထောက်အထားကို ပိုမို လက်ခံဖွယ် ရှိလာခဲ့သည်။ ဒီဗိုနီယန်ယုဂ်၌ ပင်လယ်သည် ပလက်ကိုဒမ်နှင့် အရိုးနုငါးတို့ကသာ စိုးမိုးထာသဖြင့် ဒီဗိုနီယန်ခေတ် အလယ်ပိုင်းအတွင်းထိ ပင်လယ်ထဲ၌ မပေါက်ပွား မစည်ပင်သေးပေ။ ၎င်းတို့၏ အရိုးငြမ်း အဖွဲ့အစည်း၌ အရိုးနုသည် ဓာတ်သတ္တုများ စုပုံခြင်းကြောင့် မာကြောသော အရိုး ဖြစ်ထွန်းလာခဲ့သည်။ ၎င်းတို့၏ အူလမ်းကြောင်း အထက်ပိုင်း၌ အိတ်သဖွယ် အင်္ဂါငယ် တစ်ခု ပါရှိတတ်ကြသည်။ အရိုးမာငါးတို့ ဆက်လက် မျိုးကွဲကြရာမှ ဆူးတောင်ပါငါး (Ray-finned fish) နှင့် အသားစိုင်ရေယက်ပါငါး (Lobe-finned fish) တို့ဖြစ်ပေါ်လာခဲ့သည့်အလျောက် အိတ်သဖွယ် အင်္ဂါငယ်မှာလည်း ဆူးတောင်ငါး၌ လေစည်ဖောင်း အဖြစ်လည်းကောင်း၊ အသားစိုင်ရေယက်ပါငါး၌ ကနဦးအဆုတ် အဖြစ်လည်းကောင်း ပေါ်ပေါက်လာခဲ့ပေသည်။
(က) ဆူးတောင်ပါငါး
ဆူးတောင်ပါငါးတို့သည် ကိုယ်တွင်း အရိုးငြမ်းနှင့် ဆက်စပ်နေသော အရိုးချွန်များသည် ကျောမှလည်းကောင်း၊ ခေါင်းနောက်ဖက်မှလည်းကောင်း၊ ဝမ်းဗိုက် နောက်ပိုင်းမှ လည်းကောင်း ထိုးထွက်လျက် ရှိပြီး အရိုးချွန်တို့ကို အရေပြား ပါးပါးဖြင့် ဖုံးအုပ်ထားသည်။ ၎င်းတို့သည် ဖျတ်လတ်သော ရေကူးကောင်များဖြစ်ကြပြီး လေစည်ဖောင်းသည် ၎င်းတို့၏ ပါးဟက်အရိုးစုံမှ ဖြစ်တည်လာသော ရှေးဦးနားနှင့် ဆက်နွယ်ထားသဖြင့် ရေကူးစဉ် ဟန်ချက် ထိန်းသိမ်းနိုင်သည်။ ထို့အပြင် ရေထုအမျိုးမျိုး၌ ကိုယ်တွင်းဖိအားကို ထိန်းညှိပေးနိုင်သည်။
(ခ) အသားစိုင် ရေယက်ပါငါး
အသားစိုင် ရေယက်ပါငါးတို့၌ အရိုးချွန်များအစား ကြွက်သားမျှင်များနှင့် ၎င်းကြွက်သား ချိတ်ဆက်ရန် အရိုးတစ်ခု ပါဝင်ကြသည်။ မြစ်ချောင်း ကြမ်းပြင်များ၌ နေထိုင်ကြပြီး စမ်းချောင်းကဲ့သို့ ရေနည်းသော နေရာမျိုး၌ပင် နေထိုင်နိုင်သည်။ သို့သော် ရေအောက်အပင်များ၏ အောက်ဆီဂျင် စုပ်ယူမှုကြောင့် သော်လည်းကောင်း၊ ရေအပူချိန်များ၍သော် လည်းကောင်း စမ်းချောင်း၌ အောက်ဆီဂျင် နည်းလွန်းသည့် အခြေအနေပြင်းများကို ကြုံရဖန်များလာသော မျိုးနွယ်ဖြစ်သဖြင့် ၎င်းတို့တွင် အူလမ်းကြောင်းမှ အိတ်ငယ်သည် လေကိုရှုနိုင်သည့် အဆုတ်အဖြစ် ပြောင်းလဲခဲ့သည်။
(Kyaw Zwar Lynn)
0 comments:
Post a Comment