Tuesday, January 1, 2013

“မူရင်းကောင်းမှ မိတ္တူကောင်းမည်”


by Soe Min on Tuesday, January 1, 2013 at 12:22am

          “တိမ်ယံအတွင်းက နှင်းကျပြီ။ အာကာတိုင်းက မှိုင်းလို့ရီ။ ဟေမန်ခါမှီ အထူးပဲချမ်းလှသည်။ တမေခင် ဘွေသဉ္ဇာလီ စက်ရာခန်းဆောင် ကြာခြည် ကတ္တီပါစောင် ခြုံထွေးတာတောင် နွေးနိုင်ပေါင်အတည်။”
          ဘိလပ်ပြန်သန်းရဲ့ “ဆောင်းကတ္တီပါ” ဆိုတဲ့ခေတ်ဟောင်းသီချင်းကလေးကို ငယ်ငယ်ကတည်းက နားရောအသည်းရော စွဲနေခဲ့တာမို့ ပြင်သစ်ကျောင်းရောက်တော့ “Le Lambeth walk” ဆိုတဲ့ပြင်သစ်သီချင်းကလေးကို ကြားလိုက်တဲ့အခါ “ကြည့်စမ်း ကြည့်စမ်း။ တစ်သက်လုံး ငါတို့ကသာ သူတို့ဆီက ခိုးခိုးချလာခဲ့တာ။ သည်တစ်ခါတော့ ငါတို့ဆီကနေ သူတို့ပြန်ခိုးချရပဟဲ့။” ဆို ခေါင်းလေးဘာလေးတောင် မော့သွားပြီး ပြင်သစ်ဆရာမကိုတောင် “အဲဒါ ငါတို့ဆီမှာ ကိုလိုနီခေတ်တုန်းက အရမ်းနံမယ်ကြီးတဲ့ သီချင်း။” လို့ ကြွားပလိုက်မိပါတယ်။
တို့ဆီမှာ ဟိုးရှေးရှေးကတည်းက နံမယ်ကြီးပြီး သားဆိုတော့ နင်တို့ကသာ ကော်ပီဖြစ်လိမ့်မယ် လို့ သေးသေးတင်ချင်တာလည်း ပါတာပေါ့။ ဘူတန်ရောက်လို့ Youtube မှာမွှေတတ်သွားတော့မှ အဲဒါသူတို့ ပြင်သစ်သီချင်းလည်း မဟုတ်သေးဘူး။ “Me and My Girl” ရုပ်ရှင်ထဲက “The Lambeth Walk” ဆိုတဲ့သီချင်းကို သူတို့လည်း ကော်ပီပြန်လုပ်ထားတာ လို့ သိလာတယ်။ အနုပညာဆိုတာ ဒီလိုပါပဲ။ နားထဲမှာနားဝင်ပီယံဖြစ်တဲ့ သီချင်းကလေးတွေကိုခံစားဖို့ ဘာသာစကားက အတားအဆီးဖြစ်လာတဲ့အခါ ကိုယ့်ဘာသာနဲ့ ပြန်လည်ခံစားရေးဖွဲ့လိုက်တော့ ထိထိမိမိ အရသာခံစားနိုင်တာပေါ့။ ဥရောပတစ်တိုက်လုံး သီချင်းလေးတွေကို အပြန်အလှန် ကူးယူခံစားခဲ့ကြတယ်။ ဥပမာတွေ ပြလို့တောင် မကုန်ဘူး။ ခေတ်ရေစီးကြောင်း လို့ပဲ ပြောရမယ်။ စာပေလောကမှာလည်း အတူတူပါပဲ။ ဂန္တ၀င်မြန်မာစာပေတွေဖြစ်တဲ့ ပန်းသာမစာအုတို့၊ ရတနာပုံတို့ဟာ ကော်ပီကူးထားမှန်းကို ယုံနိုင်စရာမရှိအောင် ကောင်းတဲ့ အနုပညာလက်ရာတွေပါ။ “Moment to Moment” ကနေ “တိမ်လွှာမို့မို့လွင်” ဖြစ်လာတာ။ “North by North-West” ကနေ “ကျောက်ဘီလူး နဲ့ ပပ၀င်း” ဖြစ်လာတာတွေကို ကြည့်ရင် မွေးစားထားတဲ့ဇာတ်အိမ် မို့လို့ အနုပညာ မမြောက်ဘူးလို့ ပြောလို့မရမှန်း သိပါလိမ့်မယ်။
          ပြည်ပကအနုပညာလက်ရာတစ်ခုကို ကိုယ့်ယဉ်ကျေးမှုလက်ရာအဖြစ် ပြန်လည်အသက်သွင်းတဲ့အခါ ဖန်တီးမှု မပါဘူး။ အရည်အချင်းမရှိဘူး။ သူတပါးဖန်တီးမှုကို အညွန့်ခူးစားတယ် စသည်ဖြင့် တရားသေ အထင်သေးထားလို့တော့ မရပါဘူး။  ဟိုမှာနံမည်ကြီးလို့ သူများထက်ဦးအောင် ငါအရင်ကူးချထားနှင့်မယ် ဆိုတာမျိုးတောင်မှ ကော်ပီကူးတဲ့သူ အနုပညာမမြောက်ရင် မူရင်းအရသာလေးပါ ပျက်ပြီး သုံးစားလို့မရတာ တွေ့ဖူးပေါင်းများလှပါပြီ။ ဥပမာ မြန်မာလိုရေးထားတဲ့ ဒစ်စနီကာတွန်း၊ ဘာဘီကာတွန်းလေးတွေ၊ ပါဝါရိန်းဂျားကာတွန်းလေးတွေဟာ လေးမွန်ထွေးမွန်တို့၊  မောင်တီထွင်၊ ဖိုးဆိတ်ဖြူတို့လို ဖန်တီးသူအနုပညာရှင်နံမယ်ကို ဘယ်သူမှ မမှတ်မိပါဘူး။ Angry Bird အရုပ်ပါတဲ့အင်္ကျီကို ကလေးတွေ ကြိုက်ကြသလိုမျိုးသာ ခေတ်စားတုန်းခဏ လူကြိုက်များတဲ့ အမှတ်တရပစ္စည်းတစ်ခုအဖြစ် အသုံးဝင်ပါလိမ့်မယ်။ အင်္ဂလိပ်ကားကို မြန်မာမှုပြုတဲ့အခါမှာလည်း တိုက်ရိုက်ပုံတူကူးပြီး ဘာသာပြန်ရိုက်သွားရင် အနုပညာ မမြောက်ဘူးပေါ့။ ဒီအခါမှာ မွေးစားခြင်း အနုပညာဆိုတာက စကားပြောလာပါတယ်။
          ပထမဦးဆုံး လိုအပ်ချက်ကတော့ ကိုယ့်မိခင် ဘာသာစကား ယဉ်ကျေးမှု မဟုတ်တဲ့အရာတစ်ခုကို နားလည်အောင် ခံစားတတ်ဖို့ လိုတာပေါ့။ ပြောသလောက်တော့ မလွယ်ပါဘူး။ စာကြောင်းတွေရဲ့နောက်မှာ ကျောထောက်နောက်ခံပြုထားတဲ့ ရေမြေသဘာဝတွေရှိတယ်။ အိမ်လှလှလေးတစ်လုံးဆောက်တာကို ဘလူးပရင့်ထဲမှာ ပြည့်ပြည့်စုံစုံ မြင်နိုင်ပေမယ့် တကယ်ဆောက်တဲ့အခါ မြေအနေအထား၊ ဘေးနားပတ်ဝန်းကျင် အခင်းအကျင်း၊ စတဲ့ပထ၀ီတွေကို အထိုက်အလျောက် သဘောပေါက်ပါမှ ဖြစ်သလိုပါပဲ။ သူများနိုင်ငံ ရေမြေသဘာဝကို ကိုယ့်ဆီကနဲ့ ထပ်တူတွက်လို့ မရပြန်ဘူး။ “ရွှေစင်တစ်ထောင်” စာအုပ်ကို ဘာသာပြန်တဲ့အခါ မကြာခဏ ထုတ်ထုတ်ကြည့်ရတာကတော့ တရုတ်ပြည်မကြီးရဲ့ မြေပုံပါ။ ဟန်နိုင်ငံ၊ ချူနိုင်ငံ၊ ချင်နိုင်ငံ စသည်ဖြင့် နံမယ်လေးတစ်ခု ကြားရုံနဲ့ အဲဒါ ဘယ်အရပ်က ပြည်နယ်ကိုပြောနေတာလဲဆိုတာ သဘောပေါက်မှဖြစ်မှာကိုး။ ပထ၀ီပြီးရင် သမိုင်းကလည်း အရေးကြီးတာပဲ။ ဇာတ်အိမ်တည်တဲ့အခါ နေရာပြီးရင် အချိန်ကိုပါ ကန့်သတ်ပေးရတယ်လေ။ သူတို့ဇာတ်ပန္နက်ရိုက်ထားတဲ့နေရာနဲ့အချိန်ကို ရေရေရာရာ မသိပဲ ဇာတ်လမ်းကလေးတင် ကွက်ကွက်ကလေး စကားပြန်နဲ့၊ မြန်မာစာတန်းထိုးနဲ့ ကြည့်ရင် မူရင်းဖန်တီးသူရဲ့ ဆိုလိုရင်းအချက်အလက်ကို အပေါ်ယံလောက်သာ ခံစားလို့ ရလိမ့်မယ်။ ဒီ့ထက်ပိုရှုပ်ထွေးတာကတော့ သူတို့လူမျိုးတွေရဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေပါ။ အတွေးအခေါ် အယူအဆတွေလည်းပါတယ်။ ဥပမာဆိုကြပါစို့။ တရုတ်လူမျိုးတွေဟာ ဆေးရုံမှာ ငြင်ငြင်သာသာ အသက်ထွက်ဖို့ထက်စာရင် အိမ်ကို အသက်ငွေ့ငွေ့လေးနဲ့ အရောက်ပြန်ဖို့ ပိုလိုလားကြပါတယ်။ ဘာလို့ဆိုတော့ သေသူရဲ့ဝိဥာဉ်ကို အိမ်စောင့်နတ်တွေက ပေးမ၀င်တဲ့အတွက် တမလွန်မှာ ခိုကိုးရာမဲ့ဖြစ်မှာစိုးသတဲ့။ ဟိန္နူတွေကျတော့ ဘယ်အရပ်မှာပဲသေသေ၊ အရိုးပြာကလေးတော့ ဂင်္ဂါမြစ်ထဲ လာမျှောရတာ။ မှားတာမှန်တာ ကိုယ့်အရာ မဟုတ်ပါဘူး။ သူတို့ရဲ့အလေ့အထကလေးတွေကို သိထားရင်တော့ ဒါ ဘာသဘောနဲ့လုပ်တာလဲ။ သူတို့ဘယ်လိုတွေး ဘယ်လိုခံစားကြသလဲ ပိုနားလည်လာပါလိမ့်မယ်။ ဒိုင်ယာလော့ခ်တွေ နိမိတ်ပုံတွေကို အနက်ရင်း အနက်ပွား၊ စာကြောင်းကြားကအဓိပ္ပါယ်ပါ ဖတ်တတ်လာမှသာ ခံစားရတာ ပို အရသာရှိပါတယ်။ ဒီအထိက ခံစားခြင်း အနုပညာပါ။ ဖန်တီးတဲ့ဆီ မတက်သေးပါဘူး။
          ကိုယ့်ဘာသာ ယဉ်ကျေးမှုနယ်ပယ်ထဲမှာ ဆင့်ပွားဖန်တီးတော့မယ်ဆိုရင် စောစောက ခံစားထားတဲ့အတိုင်း ကာလံဒေသံ နောက်ခံတစ်ခုခုကို ဇာတ်အိမ်တည်ဖို့ ရွေးရတော့မယ်။ ဒီအခါမှာ ကိုရီးယားကအိမ်ကို အလုံးလိုက်ဖျက် သင်္ဘောနဲ့တင်လာပြီး ဒီမှာပြန်ဆောက်ယူလို့ ရပေမယ့် ၀တ္ထု၊ ရုပ်ရှင်ကျတော့ မရတော့ပြန်ဘူး။ မတူတဲ့ ယဉ်ကျေးမှုနောက်ခံတွေနဲ့ကိုး။ ကုလားကားတစ်ကားကို မြန်မာမှုပြုတဲ့ရုပ်ရှင်တစ်ကားကြည့်ဖူးပါတယ်။ မင်းသားက ရွှေတိဂုံဘုရားတက်တာ ယောဂီတဘက် လက်ကန်တော့ထိုးနဲ့ ရေလောင်းနေတယ်။ မြန်မာမှု အပြုလွန်သွားတာ ထင်ပါရဲ့။ စာကြောင်းချင်း စာပိုဒ်ချင်း ဘာသာပြန်ချင်ပြန်ယူပါ။ ဒါပေမယ့် စာအချောပြန်ရေးတဲ့အခါတော့ ဒီအတိုင်း ပြန်ကူးထည့်လို့ ဘယ်ရမလဲ။ ဆိုလိုချင်တဲ့ အဓိပ္ပါယ်ပေါ်လွင်အောင် ကိုယ့်ဘာသာစကားနဲ့ ဘယ်လိုပြန်ဖော်ပြမလဲ။ အဲဒါက အနုပညာပါ။ ဒီအခါကျတော့ ဆင့်ပွားဖန်တီးသူဆီမှာ ကိုယ့်ကိုယ်ပိုင်ယဉ်ကျေးမှုကို ခြေခြေမြစ်မြစ် နှံ့နှံ့စပ်စပ် ၀မ်းစာပြည့်နေဖို့ လိုပြန်ပါတယ်။ ဦးဝင်းဦးကြီးရဲ့ “တကျော့နှစ်ကျော့ တေးကိုသီ” ဟာ အမှီးဇာတ်အိမ်တစ်ခု ဖြစ်ပါသတဲ့။ သို့သော် သူခင်းကျင်းဖော်ထုတ်သွားတဲ့ မြန်မာ့ဂီတတွေက အဲဒါတွေကို သူဘယ်လောက်ထိလိုက်စားထားသလဲ အရမ်းထင်ရှားပါတယ်။
          အခုလောက်ဆိုရင်တော့ မှီငြမ်းရုပ်ရှင်၊ ၀တ္ထုတွေဟာ အနုပညာ မမြောက်ဘူး။ ခိုးချထားတာသက်သက်ဖြစ်တယ်လို့ တရားသေ ပြောလို့မရမှန်း သဘောပေါက်ပြီ ထင်ပါတယ်။ ဒီစကားပြောခြင်းဟာ သည်နှစ်အကယ်ဒမီတွေ တသီကြီးရသွားတဲ့ ဇာတ်ကားကြီးကို ကောင်းချီးပေးတယ်လို့ ဆွဲမတွေးလိုက်ပါနဲ့ဦး။ ဘာဖြစ်လို့ဆိုတော့ ကြည့်မှ မကြည့်ရသေးပဲနဲ့။ ဘယ်လိုလုပ် ကောင်းတယ်ဆိုးတယ် ပြောနိုင်မှာတုန်း။  ပြဿနာက အဲဒါပါပဲ။ တစ်နိုင်ငံလုံး အုန်းခြိမ့်ခြိမ့်ညံ ဆင်နွှဲနေတဲ့ပွဲကြီးမှာ အဲဒီရုပ်ရှင်ကားတွေကို ကြည့်ပြီးပြီဆိုတဲ့သူက အရမ်းအရမ်းကို နည်းပါးလွန်းပါတယ်။ ကိုယ်ဆိုတစ်ကားမှ မကြည့်ဖူးဘူး။ MRTV4 ကနေ အကယ်ဒမီရင်ခုန်သံနဲ့ ဇာတ်ကားတစ်ကားချင်းမိတ်ဆက်ပေးသွားတဲ့ ဦးကြည်စိုးထွန်းကြီးတောင် သူမိတ်ဆက်ပေးနေတဲ့ကားတွေ မကြည့်ဖူးဘူးတဲ့။ ဒီကားလေးကတော့ နံမယ်ဖတ်ကြည့်ရတာ ကောင်းမယ့်ပုံလေးနော်။ သရုပ်ဆောင်တွေလည်း အများကြီးပဲ။ ဒီဒါရိုက်တာကားတွေချည့်ပဲ လေးငါးကားပါတယ်ဆိုတော့ တော်တော် လူကြိုက်များလို့နေမှာပဲ။ ဒါကတော့ ဟာသကားဖြစ်လိမ့်မယ် ထင်ပါရဲ့။ အဲသလိုမိတ်ဆက်ပေးတာ။ စက်မှုနဲ့နည်းပညာပိုင်းကို ဘယ်လိုမှ မယှဉ်နိုင်စရာ နိုင်ငံခြားကားတွေကို အပြတ်ဖြတ်နိုင်ဖို့က ဟာသနဲ့ဖက်ရှင်ကိုပဲ အားကိုးစရာရှိတယ်။ ဒါကြောင့် မြန်မာကားအများစုဟာ လန်ထွက်နေအောင် ၀တ်စားပြီး၊ ညစ်တီးညစ်ပတ်ပြော၊ မိန်းမရှာလိုဝတ်ပြ၊ အဲဒါမှ ပိုက်ဆံရမယ် လို့ ဖြစ်လာတယ်။ မြန်မာ့ရုပ်ရှင်အဆင့်အတန်းမြှင့်တင်ဖို့ဆိုတာ ရုပ်ရှင်အစည်းအရုံးကြီး နဲ့ ရုပ်ရှင်လောကသားတွေကိုချည့်ပဲ မြင့်တင်နေလို့ မဖြစ်သေးပါဘူး။ ရုပ်ရှင်ကြည့်ပရိတ်သတ်ကြီးရဲ့ အဆင့်အတန်းကိုလည်း မြှင့်တင်ယူရလိမ့်မယ်။ ဈေးကွက်က သူ့ဆီမှာကိုး။
          အဲဒီလို တပ်ပျက်နေတဲ့ ဈေးကွက်ကြီးထဲမှာ ငွေသိန်းပေါင်းများစွာ စိုက်ထုတ်ပြီး အကယ်ဒမီကို တည့်တည့်ချိန်ရိုက်တဲ့ကားလေးတွေ လက်ချိုးရေလောက်စရာ ထွက်လာတာကိုပဲ ကျေးဇူးတင်နေရသေးပါတယ်။ ဒီအထဲမှာ ရီမြင့်ရုပ်ရှင်ရဲ့ အစဉ်အလာကို ရုပ်ရှင်တလောကလုံး သိပြီးသားမို့ သူ့ဆီကကား ဆုတွေရတာ သိပ်တော့ အံ့သြစရာ မရှိပါဘူး။ ဟုန်မင်ယန်ဆိုတဲ့ ငန်းရိုင်းတံခါးထမင်းစားပွဲတုန်းက ပြောဖူးတယ်။ တရုတ်တွေဟာ မျက်နှာနဲ့ပတ်သက်လာရင် သိပ်ဂရုစိုက်ကြသတဲ့။ အရင်နှစ်ကထက်စာရင် ရုပ်ရှင်လောကထဲကလူတွေ အကဲဖြတ်အဖွဲ့ထဲပါလာတဲ့အခါ သူတို့မှာလည်း မကင်းရာမကင်းကြောင်း ထောက်ထားစရာ မျက်နှာတွေရှိမယ် မဟုတ်လား။ မဖြစ်သင့်တဲ့ကိစ္စမှ မဟုတ်တာ လို့ နားလည်နိုင်ပါတယ်။ တစ်နှစ်တစ်နှစ် မိဘမေတ္တာကားတွေချည့် ကြည့်နေရတာ ဒီတစ်ခါတော့ ဆရာ့ကျေးဇူးကလေး အလှည့်ပေးလို့ ကြေနပ်ပါတယ်။ ကားကောင်းတာ မကောင်းတာကတော့ ဖန်တီးသူတွေ အသိဆုံးဖြစ်ပါလိမ့်မယ်။ အနုပညာဆိုတာ ငါစွဲကပ်ပြီး လေဟပ်သွားတာနဲ့ နောက်ထပ်ထွက်လာမယ့် ဖန်တီးမှုတွေမှာ အာရုံမကပ်တော့ဘူး။ တစ်ခါထက်တစ်ခါ အမြဲကောင်းနေဖို့ဆိုတာ အစဉ်တစိုက် အားထုတ်မှုလည်း လိုတာပေါ့။
          ဒီရုပ်ရှင်ကားနဲ့ပတ်သက်ရင် ဘ၀င်မကျတာ တစ်ခုပဲရှိပါတယ်။ သူဝယ်ပြီးရိုက်တဲ့ဇာတ်လမ်းက ကာတွန်းရုပ်ပြဆိုပေမယ့် တိုက်ရိုက်ကော်ပီကူးတဲ့ပြကွက်တွေ ပါနေတယ်လို့ အင်တာနက်ပေါ်မှာ တစ်ခန်းချင်း ထောက်ပြထားတာတွေ ဖတ်လိုက်ရတယ်။ မောင်သင်၊ သီသီ၊ စံရှားတင်တို့ရဲ့ အတွေ့ဇာတ်ကားကို မြန်မာ့ရုပ်ရှင်ဗီဒီယိုမှာ လေးကြိမ်လောက် ပြန်ရိုက်ခဲ့ကြပါတယ်။ မင်းသမီးတွေက အင်တာဗျူးတဲ့အခါ မူရင်းဇာတ်ဆောင်မင်းသမီးဆီက အိုက်တင်တွေကူးမှာစိုးလို့ ကားဟောင်းပြန်မကြည့်ပါဘူး လို့ဆိုကြတယ်။ ဟုတ်လောက်ပါတယ်။ ဒိုင်ယာလော့ခ်တူပေမယ့် အမူအယာတွေ မတူကြဘူး။ တိုက်ရိုက်ကူးချလိုက်ရင် အနုပညာမမြောက်ပဲ အတုပညာမြောက်သွားမှာ စိုးလို့ ထင်ပါရဲ့။ ဘယ်လိုပုံစံမျိုး ဖန်တီးခဲ့သလဲဆိုတာ ကာယကံရှင်ထက် ဘယ်သူကပိုသိဦးမှာလဲ။ လိပ်ပြာလှဖို့လိုတာ နတ်ကတော်တွေချည့်ပဲ မဟုတ်ပါဘူး။ အနုပညာရှင်တွေက ပိုတောင် လိုအပ်သေး။ အခုခေတ်က အရင်ကနဲ့မတူတော့တာလည်း လျှော့မတွက်သင့်တဲ့အချက်ပါပဲ။ ဘယ်သူမှ မကြည့်ဖူးတဲ့ကားကို အကယ်ဒမီရပြီး မိနစ်ပိုင်းကလေးမှာတင် မူရင်းတရုတ်ကား မရရအောင်ရှာပြီး ဘယ်အခန်းကဘယ်လို တစ်ခါတည်း မှတ်ချက်တွေ တက်လာတာ အံ့သြဖို့ မကောင်းဘူးလား။ အကယ်ဒမီမင်းသားလေးကို ဘယ်သူမှလည်း မသိဘူးလို့ ပြောရင်းဆိုရင်းမှာပဲ ဇာတိဇစ်မြစ်တင်မကဘူး။ ဘယ်တုန်းက ဘာဖြစ်ခဲ့တယ်ဆိုတာပါ အတိတ်ကိုလှန်သော် လုပ်နိုင်ပါသေးတယ်။ ဆယ်လီဗျစ်တီဖြစ်ချင်ရင် ကိုယ်ရေးကိုယ်တာကိစ္စတွေ တော်တော် ဆင်ဆင်ခြင်ခြင် နေရလိမ့်မယ် ထင်ပါရဲ့။ လူတစ်ယောက်ကို မြင်လိုက်တာနဲ့ သူနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေက ဟုတ်တာရော မဟုတ်တာရော ပွထသွားတာ။ ငါကူးချလိုက်တာ ဘယ်သူမှ သိမယ့်လူမရှိပါဘူးလေဆိုပြီး ခပ်တည်တည်နဲ့ ဖြီးမယ်ဆိုရင် သူများဖော်လို့ ပေါ်ကုန်တော့ အရှက်မရပါလား။ အလွတ်ကျက်လာတဲ့ ကျေးဇူးတင်စကား အရှည်ကြီးထဲမှာ ဇာတ်ကားနံမယ်လေး ထည့်ကျေးဇူးတင်လိုက်ရင် ပြီးရော။ သူလည်းသိက္ခာရှိ ကိုယ်လည်းသိက္ခာရှိမယ့်ဥစ္စာ။
          နွားပျိုသန်လှ နွားအိုပေါင်ကျိုးတဲ့။ ကောင်လေးသရုပ်ဆောင်တာ မြင်ရသလောက်တော့ဖြင့် မျက်လုံးပါလာတာ မတွေ့ရဘူး။ ဓါတ်ပုံနဲ့ကို သိသာတယ်။ မယုံရင် ဆဒ္ဒါန်ဆင်မင်းဇာတ်ခင်းတဲ့ မောင့်မျက်ရည်ရည်ဝိုင်း ဘဘကြီး ဓါတ်ပုံနဲ့ ယှဉ်ကြည့်။ မုဒ်ချင်းက အပြတ်အသတ်ပဲ။ ဒါတောင်ဟိုက ဗူးသီးလုံးလောက်ကျပြရသေးတာ မဟုတ်ဘူး။ တော်တယ်လို့ပြောရမယ်။ သက်မွန်မြင့်ကိုမြင်တိုင်း သူ့ကို သတိရတယ်။ ဒီနှစ်မင်းသမီးနှစ်ယောက်ကလည်း ရှည်လျားထွေပြားကြီးတွေဆိုတော့ ဆုတက်ယူတဲ့အချိန်မှာ မြင်ရသူတိုင်း သူ့ကိုသတိရကြမှာ မလွဲဘူး။ နှစ်ပတ်လည်လာတော့ အဟောင်းတွေ အသစ်ဖြစ်ပြီး မနှစ်တုန်းက အကယ်ဒမီချန်နယ်နဲ့အပြိုင် လခတိုးပေးမယ်ဆိုတဲ့ ဘဘကြီးကိုလည်း သတိရလာပြီ။ ဘတ်ဂျက်မလောက်သေးလို့ နောက်နှစ်ကျရင် တိုးပေးမှာဆို။ ခု နောက်နှစ်ရောက်ပြီ ဘရေ။ သားသားတို့ရဲ့ ယုံကြည်ချက်ကလေးတွေ မျှော်လင့်ချက်ကလေးတွေကို ပျက်စီးအောင် မလုပ်ဘူး မဟုတ်လား ဟင်။ ဟင် .. ပါဆို။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...