Tuesday, January 1, 2013

အသက်ရှည် ကျန်းမာအောင် ဘယ်လိုနေထိုင် စားသောက်ရမလဲ


by SarPayLawKa (စာပေလောက) on Tuesday, January 1, 2013 at 6:02am ·


အသက်ရှည်ခြင်းနှင့် ကျန်းမာခြင်းတို့ကို ဖန်တီးပေးတတ်သည့် အဓိကအကြောင်း တရားကြီး လေးပါး ရှိသည်ဟု အစဉ်အလာ ပညာရှိ စကားတစ်ရပ်ရှိလေသည်။ ၎င်းင်းတို့မှာ ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ ဖြစ်ကြသည်။ ကံဆိုသည်မှာ ရှေးဘ၀အဆက်ဆက်က ပြုခဲ့ဖူးသော (ကောင်းမှု၊ မကောင်းမှု) အတိတ်ကံနှင့် ယခု ဘ၀တွင် ပြုလုပ်သော (ကောင်းမှု၊ မကောင်းမှု) ပစ္စုပ္ပန်ကံ နှစ်ရပ်ပေါင်းကို ဆိုလိုသည်။ ရှေးဘ၀ အဆက်ဆက်က ပြုခဲ့သော ကုသိုလ်ကောင်းမှုကံ များပြားလျှင် ယခုဘ၀တွင် ကောင်းစားပြီး ကျန်းမာမည်၊ အသက်ရှည်မည်ဖြစ်ပြီး၊ ပါဏာတိပါတာ (သူ့အသက်ကို သတ်ဖြတ်ခြင်း) ကံကို အများအပြား ကျူးလွန်ခဲ့ သူများသည်ကား ယခုဘ၀တွင် ကျန်းမာရေး ချို့တဲ့ကြ၊ အသက်တိုကြမည် ဖြစ်လေသည်။
ရှေးဘ၀ကံကို ယခုဘ၀တွင် လုပ်ဆောင်သည့် ကောင်းမှုကံက ပြုပြင်ပေးနိုင်သည်။ အတိတ်ကံ ညံ့ခဲ့သည်ထား၊ ပစ္စုပ္ပန်ကံက အကောင်းများလျှင် အခြေအနေ တိုးတက် ကောင်းမွန်လာနိုင်ပါသည်။ သီလစောင့်ထိန်းခြင်းသည် အသက်ရှည်စေတတ်၏။ တူသော အကျိုးပေးတတ်သည် ဖြစ်ရာ အသတ်ခံရမည့် တိရစ္ဆာန်များ၊ ငါးများအား အသက်လွှတ်ခြင်းသည် ကောင်းမှုပြုသူအား အသက်ရှည်စေမည်ဖြစ်၏။ ငါးလွှတ်ရာ၌ ငါးစိမ်းသည်၏ တောင်းထဲ၌ ရောက်နေသော သေချာပေါက် အသတ်ခံရတော့မည့် ငါးများကို ၀ယ်လွှတ်မှသာ စစ်စစ်မှန်မှန် အသက်လွှတ်ရာ ရောက်ပါလိမ့်မည်။ ယခုအခါ လုပ်နေကြသော ငါးလွှတ်မည့်သူများကို ရောင်းရန် တမင် မွေးထားသည့် (ကြီးအောင် မွေးပြီး သတ်စားရန် အစီအစဉ် မရှိသည့်) ငါးပေါက်စကလေးများကို လွှတ်ခြင်းကတော့ အသက်လွှတ်ရာ မရောက်၍ အနည်းအကျဉ်းသာ ကုသိုလ်ရမည်ဖြစ်ပါသည်။
        ကံဆိုသည်မှာ အလုပ်ကိုဆိုလိုရာ သီလစောင့်ထိန်းခြင်း၊ အသက်လွှတ်ခြင်း ကဲ့သို့သော ကုသိုလ်ကံများသာမက ယခုဘ၀တွင် လုပ်ဆောင်မှုအမျိုးမျိုးသည်လည်း ပစ္စုပ္ပန်ကံများ ဖြစ်ကြပေသည်။ ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေးဝါးမှီဝဲခြင်းတို့သည် မကောင်းသော ပစ္စုပ္ပန်ကံများဖြစ်ကြပြီး ကျန်းမာရေး ထိခိုက်စေမည်၊ အသက် တိုစေမည် ဖြစ်၏။ လမ်းလျှောက်ခြင်း၊ ရွရွပြေးခြင်း (jogging)၊ ရေကူးခြင်း စသည့် ကိုယ်လက်လှုပ်ရှား အားကစားခြင်းများမှာ ကောင်းသော ပစ္စုပ္ပန်ကံများ ဖြစ်ကြ၏။ အတိတ်ကံကိုတော့ ပြန်ပြုပြင်ချင်၍ မရနိုင်တော့ပြီ။ ယခုဘ၀ကံကိုကား မိမိတို့ စိုးမိုးခြယ်လှယ်နိုင်သေးသည်။ မည်သည့်အလုပ်မျိုးက ကျန်းမာရေး ကောင်းစေမည် ဆိုသည်ကို အလွယ်တကူ စဉ်းစားကြည့်ရှုနိုင်ပါသည်။ အသက်အန္တရာယ် ဖြစ်စေနိုင်သည့်၊ ကျန်းမာရေး ထိခိုက်စေနိုင်သည့် ကံများကို ရှောင်ရှားပြီး ကျန်းမာ အသက်ရှည်စေမည့် ကံများကို များများ လုပ်ဆောင်ပေးရန်သာ လိုပါသည်။
        စိတ်သည်လည်း ကျန်းမာရေး၊ အသက်ရှည်ရေးအတွက် အရေးကြီးပါသည်။ စိတ်ထားတတ်ကြဖို့ လိုပါသည်။ သူတစ်ပါးတို့ကို မုန်းတီးစိတ်၊ မနာလိုစိတ်၊ ငြူစူစိတ်၊ ရန်လိုစိတ်တို့မှာ မိမိစိတ်ကို ပူလောင် ဆင်းရဲစေပါသည်။ အဆိုးမြင်တတ်ခြင်းသည် လည်း စိတ်ကို ဒုက္ခပေးတတ်ပါသည်။ လောကတွင် မည်သူမဆို၊ မည်သည့် အရာမဆို ခြောက်ပြစ်ကင်းသဲလဲစင်၊ အကောင်းချည်းသက်သက် မရှိနိုင်ပါ။ အဆိုးနှင့် အကောင်း ရောနှောနေစမြဲ ဖြစ်ပါသည်။ အဆိုးကို ရှာကြည့်လျှင် အဆိုးတွေ့ပါလိမ့်မည်။ အကောင်းကို ရှာကြည့်လျှင် အကောင်းကို တွေ့ရမည် ဖြစ်ပါသည်။ အဆိုးကိုသာ ရှာကြည့်တတ်၊ မြင်တတ်သူသည် မည်သူ့ကိုမှ ဘာကိုမှ မကျေနပ်နိုင်ဘဲ စိတ်ဆင်းရဲနေမည် ဖြစ်ပါသည်။ စိတ်ဆင်းရဲနေလျှင် ကျန်းမာရေး ဘယ်လို ကောင်းနိုင်ပါတော့မလဲ။ Every cloud.as asilverlining  (တိမ်တိုက်တိုင်းမှာ ငွေရောင် အနားကွပ် ရှိသည်)ဟူသော စကားပုံရှိသည်။ တိမ်တိုက်က မည်းနက်နေပါစေ၊ အခြေအနေ ဆိုးဝါးနေပါစေ။ လရောင်၊ ကြယ်ရောင်များကြောင့် ငွေရောင်အနားကွပ် ကလေး ရှိစမြဲဖြစ်သည်။ အဆိုးထဲမှ အကောင်းရှိစမြဲ ဖြစ်သည်ဟု ဆိုလိုသည်။ ယင်းသို့ နက်မှောင်သော တိမ်တိုက်၏ ငွေရောင် အနားကွပ်ကို မြင်အောင် ရှာတတ်သည့် အဆိုးထဲမှ အကောင်းကို ရှာတတ်သူ၊ ဖြူစင် ကြည်လင်သော စိတ်ထားရှိသူသည် စိတ်ချမ်းသာမည်ဖြစ်ပြီး စိတ်ချမ်းသာလျှင် လူကျန်းမာ အသက်ရှည်ရန် နီးစပ်ပေသည်။
        အသက်ရှည် ကျန်းမာခြင်းကို ရာသီဥတုကလည်း ပိုင်းဖြတ်တတ်၏။ ပူလွန်းသော ရာသီဥတုသည် လူကို မြန်မြန် ရင့်ရော်အိုမင်းစေသည်။ အသက်တိုစေသည်။ မပူလွန်း၊ မအေးလွန်းသော ရာသီဥတုသည် ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်၏။ ရာသီဥတုနှင့် ကိုက်ညီအောင် ၀တ်စားဆင်ယင်ရန် အရေးကြီး၏။ နွေအခါတွင် ပေါ့ပေါ့ပါးပါး အရောင်ဖျော့တော့သော အ၀တ်အစားများကို ၀တ်ဆင်သင့်၏။ အမည်းရောင်၊ အညိုရောင်များသည် အပူကို စုပ်ယူပြီး ချွေးထွက်လွန်စေတတ်၍ နွေအခါတွင် မ၀တ်သင့်။ အေးသော ရာသီဥတုတွင် နွေးနွေးထွေးထွေး ၀တ်ဆင်သင့်၏။ နေပူထဲတွင် ထီး၊ ဦးထုပ်မပါဘဲ လျှောက်သွားခြင်းသည် လူကို ဒုက္ခပေးနိုင်၏။ အလွန်အေးသော အချိန်တွင် နွေးနွေးထွေးထွေး မ၀တ်ဆင်ပါက အအေးမိပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်၏။ ပူသောအချိန်တွင် အလွန်အမင်း ကိုယ်လက်လှုပ်ရှား လုပ်ကိုင်ရန် မသင့်။ အေးသောအချိန်တွင် အားကစား လိုက်စားသင့်၏။ အထူး သတိထားသင့်သည်မှာ အပြင်းအထန် အပူအအေး ပြောင်းလဲခြင်းကို ရှောင်ရှားရန် ဖြစ်၏။ မောင်ကြာညို ငယ်စဉ်က မောင်ကြာညို၏ အဖေသည် တစ်နေ့တွင် နေပူထဲမှ အပြန် ရေအေးနှစ်ခွက် ဆင့်သောက်လိုက်ရာ အကြီးအကျယ် နေမကောင်းဖြစ်သွားပြီး မနည်းကြီး ဆေးကုယူခဲ့ရ၏။ လွန်ခဲ့သည့် နှစ်အနည်းငယ်က မောင်ကြာညို၏ အစ်ကို ၀မ်းကွဲတစ်ယောက် နေပူပူ၊ ယာတောမှ အပြန်တွင် ရေချိုးလိုက်ရာ အပူငုပ်သွားပြီး ဆေးကု၍ မရတော့ဘဲ တစ်ရက် နှစ်ရက်အတွင်းမှာပင် သေဆုံးသွားခဲ့၏။ မကြာသေးမီက ပါမောက္ခတစ်ယောက်သည်  ပူအိုက်လွန်းသည့်ဒဏ်ကို တွန်းလှန်ရန် ပန်ကာကို ညလုံးပေါက် ဖွင့်အိပ်ရာ လေဖြတ်သလိုဖြစ်ပြီး သေဆုံးသွား၏။ မြင်းခြံ၊ မကွေး စသော ပူအိုက်လွန်းသည့် မြို့များတွင် နွေအခါ၌ အပူသက်သာရန် အ၀တ်ရေစို ခင်း၍၊ ကာ၍ အိပ်သူများ နေမကောင်းဖြစ်ကြကြောင်း၊ အချို့မှာ အသက်ပင် ဆုံးရှုံးကြ ရကြောင်းကို ကြားဖူးပါ၏။ မောင်ကြာညို ၀ါရှင်တန် ဒီစီတွင် နေထိုင် လုပ်ကိုင်စဉ်က တစ်နေ့တွင် နေပူထဲ၌ လမ်းလျှောက်ရင်း အဲကွန်း အပြည့်ဖွင့်ထားသော ဆိုင်တစ်ဆိုင် အတွင်းသို့ ၀င်သွားရာ အပူအအေး ရုတ်တရက် ပြောင်းလဲမှုကြောင့် ချက်ချင်း နှာရည်ယိုလာပြီး အဆက်မပြတ် ဟတ်ချိုး ချေလာသည်ကို တွေ့ကြုံဖူးပါသည်။ သို့ဖြစ်၍ နေပူထဲက လာလာချင်း အဲကွန်းအခန်းထဲ ၀င်ခြင်း၊ ရေအေးသောက်ခြင်း၊ ရေချိုးခြင်းတို့ကို မပြုလုပ်သင့်ပါ။ အချုပ်ဆိုရသော် ရာသီဥတုနှင့် လိုက်လျောညီထွေ ဖြစ်အောင် ၀တ်စားဆင်ယင်၊ လုပ်ကိုင် လှုပ်ရှားသင့်၏။
        “၀မ်းတစ်လုံးကောင်း၊ ခေါင်းမခဲနိုင်”ဟု စာဆိုရှိ၏။ ကျန်းမာ အသက်ရှည်ရေး အတွက် သင့်တင့်လျောက်ပတ်သော အာဟာရသည် အရေးကြီးကြောင်းကို ပြ၏။ ဘာတွေကို ဘယ်လို စားသောက်ကြရမလဲ။ ပထမဆုံး ဆင်ခြင်ရမည့် (အနည်းငယ်သာ စားသုံးရမည့်) အစားအသောက်များကို တင်ပြလိုပါ၏။ နံပါတ်တစ်ကတော့ ၀က်ဆီ၊ အမဲဆီ၊ ကြက်ဆီ၊ ဘဲဆီ စသော တိရစ္ဆာန်တို့၏ အဆီများ ဖြစ်ကြပါသည်။ ယင်းတို့သည် ကိုလက်စ်ထရောခေါ် သွေကြောတွင်း အဆီဓာတ်ကို ဖြစ်ပေါ်စေ၍ နှလုံးသွေးကြောကျဉ်းသော ရောဂါကို ရစေသည်။ အလွန်ကြီးမားသော အန္တရာယ် တစ်ရပ် ဖြစ်သည်။ စားအုန်းဆီသည်လည်း ကိုလက်စ်ထရောကို များစေသည်ဟု အများက လက်ခံထားကြသည်။ စားအုန်းဆီ ထုတ်လုပ် သူများကတော့ သူတို့ ပစ်္စည်းသည် ကိုလက်စ်ထရော မဖြစ်စေပါဟု သံကောင်းဟစ်ကြသည်။ ခဲစေတတ်သည့် အဆီဓာတ် ကုန်စင်အောင် စီမံကြိတ်ခွဲထားသည့် စားအုန်းဆီ ဆိုလျှင်တော့ သူတို့ ပြောသလို ကိုလက်စ်ထရော နည်းချင် နည်းပါလိမ့်မည်။ ဈေးထဲတွင် အလွယ်တကူ ၀ယ်ယူရရှိသည့် စားအုန်းဆီကတော့ အလွန်ခဲလွယ်သည်။ စားအုန်းဆီနှင့် ချက်သော ကြက်သား၊ ၀က်သားဟင်းသည် နောက်တစ်နေ့ နံနက်တွင် အေးခဲနေသည်ကို တွေ့ရလေ့ ရှိသည်။ အများစားသုံး နေကြသော မြေပဲဆီ၊ နှမ်းဆီ၊ နေကြာစေ့ဆီ၊ ပြောင်းဖူးဆီ စသည်တို့တွင် ၀ိသမလောဘရှင် မသမာသူတို့က ဈေးသက်သာသည့် စားအုန်းဆီရော၍ ရောင်းနေကြလေရာ စားအုန်းဆီ ကင်းလွတ်သော အစေ့အနှံ ဆီစစ်စစ်ရရန် တော်တော်ကြီးကို ခက်ခဲနေလေသည်။ အစေ့အနှံဆီထဲတွင် စားအုန်းဆီ ရော၊ မရော အလွယ်တကူ စစ်ဆေးနိုင်ပါသည်။ ရေခဲသေတ္တာထဲတွင် ထည့်ထားပါက စားအုန်းဆီ ပါဝင်သောဆီသည် ခဲသွားလေ့ရှိလေသည်။ စားအုန်းဆီသည် ကျန်းမာရေး အတွက် အလွန်ကောင်းပါသည် ဟူသော ဘာသာပြန် ဆောင်းပါးတစ်ပုဒ်ကို မကြာသေးမီက ဂျာနယ်တစ်စောင်တွင် ဖတ်လိုက်ရရာ အလွန် အံ့သြသွားမိပါသည်။ စားအုန်းဆီ အကြီးအကျယ် ထုတ်လုပ်သည့် နိုင်ငံက ရေးသား ထုတ်ဝေလိုက်သော ၀ါဒဖြန့် ဆောင်းပါးတစ်ပုဒ် ဖြစ်လိမ့်မည်ဟု မှန်ဆရပါသည်။ ယနေ့ အာဟာရ ပညာရှင်များ၊ ဆရာဝန်များ၊ အများ လက်ခံထားကြသည်ကတော့ စားအုန်းဆီကို မစားသုံးသင့် ဟူ၍ ဖြစ်သည်။ အခြားဆီများနှင့်စာလျှင် ဈေးသက်သာသော စားအုန်းဆီကို စားသုံးသူများ ကျန်းမာရေး ထိခိုက်မည်ကို ဂရုမထား၊ အမြတ်အစွန်း ရရှိရေးကိုသာ အဓိကထားသည့် စားကုန် သောက်ကုန် လုပ်ငန်းရှင်များက အစား အသောက် အမျိုးမျိုးတွင် သုံးစွဲနေကြရာ နို့ဆီ၊ နို့စိမ်း၊ ရေခဲမုန့်၊ ဘီစကစ်၊ ဟောလစ်၊ အိုဗာတင်း၊ ကော်ဖီ၊ လက်ဖက်ရည် စသည်တို့မှာ စားအုန်းဆီ မကင်းကြတော့သဖြင့် ယင်းတို့ကို ဆင်ခြင် စားသုံးရန် လိုအပ်နေပေပြီ။
        တိရစ္ဆာန်အဆီက အန္တရာယ်များသော်လည်း ငါးဆီ အမျိုးမျိုးက ကျန်းမာရေးကို အားပေးတတ်သည်။ ကောင်းသော ကိုလက်စ်ထရောကို ဖြစ်ပေါ်စေသည်။ နောက်ထပ် စားသုံးသင့်သော ဆီမှာ သံလွင်ဆီ (olive oil) ဖြစ်သည်။ ကိုလက်စ်ထရောကို ချေဖျက်တတ်သည်ဟု ကျော်ကြားသည်။ (extra virgin) ဟု ဖော်ပြထားသော သံလွင်ဆီက ပိုမို၍ အာနိသင် ထက်မြက်သည်ဟု သိရသည်။
        နောက်ထပ် မစားသင့်သော အစာမှာ (junk food) ဖြစ်သည်။ ပေါက်တတ် ကရ စားစရာဟု ခေါ်ရမည် ထင်သည်။ အားလူးကြော်မှ အစပြု၍ ဆီကြော်မုန့် အများဆုံးမှာ (စားအုန်းဆီနှင့် ကြော်၍) (junk food)  ဖြစ်ကြသည်။ ဆိုးဆေးနှင့် အခြား ဓာတုပစ္စည်းများ၊ စားအုန်းဆီမှုန့်များ ပါဝင်သော အသင့် စားသုံးနိုင်သည့် စားစရာ အများအပြားသည်လည်း (junk food) များ ဖြစ်ကြလေသည်။
        ကျန်းမာ အသက်ရှည်ရေးအတွက် ဆန်၊ ဂျုံ၊ အာလူး စသည့် ကစီဓာတ်၊ အသား ငါး၊ ဥ၊ ပဲ အမျိုးမျိုး၊ နို့ အစရှိသည့် ပရိုတိန်းဓာတ်၊ အဆီဓာတ်နှင့် အမျှင်ဓာတ် ပါရှိသည့် ဟင်းသီးဟင်းရွက် အမျိုးမျိုးတို့ကို သင့်တင့်မျှတအောင် စားသုံးသင့်သည်။ မလိုင်၊ ထောပတ်၊ ဒိန်ခဲ စသည်တို့မှာ ကိုလက်စ်ထရောဓာတ် များပြားစေ၍ အသင့်အတင့်သာ စားသုံးသင့်သည်။ ကိုလက်စ်ထရော အန္တရာယ်ကို ကာကွယ်လိုသူ အချို့သည် မလိုင်နုတ်ထားသော နို့ကို မှီဝဲကြသည်။
        ကျန်းမာရေးအတွက် စားသုံးသင့်သော အစားအသောက်များတွင် ပဲပုပ်စေ့ (soya bean) သည် ရှေ့တန်းမှ ပါဝင်သည်။ ပဲပုပ်စေ့မှ ထုတ်ယူသော soya bean lecithin ဓာတ်သည် ကိုလက်စ်ထရောကို ကျစေသည်။ ပဲပုပ်စေ့မှ ထုတ်ယူသော ပဲနို့သည် နွားနို့ထက် ပရိုတိန်းဓာတ် ပိုမို ကြွယ်ဝသည်ဟု သိရသည်။ ကြက်သွန် ဖြူ နီ၊ ချင်း စသည့် ဟင်းခတ်အမွေးအကြိုင်တို့သည်လည်း ကိုလက်စ်ထရောကို ကျစေသည်။ ရန်ကုန်ပေါက် အိန်္ဒိယနွယ်ဖွားတစ်ဦးသည် အင်္ဂလန်ရောက်သွားပြီး မြင်းများ၏ ခြေထောက်တွင် သွေးခဲသော ရောဂါကို သုတေသနလုပ်ရင်း ကြက်သွန်နီသည် ကိုလက်စ်ထရောကို တိုက်ဖျက်တတ်ကြောင်း တွေ့ရှိခဲ့ရသည်ဟု လွန်ခဲ့သည့် နှစ်ပေါင်း အတန်ကြာက တိုင်းမဂ်္ဂဇင်း ဆောင်းပါးတစ်ပုဒ်တွင် ဖတ်ခဲ့ဖူးသည်။
        အသက်ရှည်ဆေးများတွင် ပျားရည်သည်လည်း ပါဝင်၍ မှန်မှန်မှီဝဲသင့်သည်။ ရှေးခေတ် အီဂျစ်တို့ ရုပ်အလောင်းများကို နှစ်ပေါင်း ထောင်နှင့်ချီ၍ မပုပ်မသိုးအောင် ဆေးစိမ်ရာတွင် ပျားရည်သည် အဓိက ပါဝင်သည်ကို သတိပြုပါ။ ပဲပင်ပေါက်သည် လည်း ကျန်းမာရေးအတွက်ကောင်း၍ အစိမ်းစားသင့်သည်ဟု အဆိုရှိသည်။ ဟင်းသီး ဟင်းရွက် အများအပြားကိုလည်း အစိမ်းစားသင့်ပါ၏။ ဟင်းသီးဟင်းရွက်များတွင် ဓာတ်မြေသြဇာများနှင့် ပိုးသတ်ဆေးများ ပါဝင်တတ်၍ ယင်းတို့ကို အထပ်ထပ် ဆေးကြောပြီးမှ စားသုံးသင့်ပါသည်။ မြင်းခွာရွက်သည်လည်း နာမည်ကျော် အစာဖြစ်၍ ဂရုပြု စားသုံးသင့်ပါသည်။
        ကိုယ်ခန္ဓာမှ ထွက်ပေါ်သော အသထငခ toxic radicals ခေါ် အဆိပ် အတောက်ဓာတ်များကို anti-oxidant ဓာတ်များက ချေဖျက်တတ်၍ anti-oxident များကို မှီဝဲ သင့်ကြသည်ဟု သိရပါသည်။ ယင်းတို့ကို သိရအောင် FAME ကုမ္ပဏီမှ ထုတ်လုပ်သည့် Completec  ခေါ် ဆယ်ပင်အားဆေး ပုလင်းပါ anti-oxident  စာရင်း ကို ကူးယူ ဖော်ပြလိုက်ပါသည်။ ကြက်သွန်ဖြူ၊ နနွင်း၊ စပျစ်စေ့၊ ထင်းရှူးခေါက်၊ ဆီးဖြူသီး၊ ခရမ်းချဉ်သီး၊ ထောပတ်သီး၊ မုန်လာဥနီ၊ ဟင်းနုနွယ်၊ ပန်းမုန်လာစိမ်း၊ တဆေး။
        အသက်ရှည် ကျန်းမာရေးအတွက် အခြား လိုအပ်ချက်များမှာ တတ်ကျွမ်းသော သမားတော်များကို ဆည်းကပ်၍ လိုအပ်သည့် ကုသပေးမှုနှင့် ညွှန်ကြားချက်များကို ခံယူခြင်း၊ မကြာ မကြာ ကျန်းမာရေး စစ်ဆေးမှုများကို ခံယူခြင်း၊ ရောဂါ ကာကွယ်ဆေးများကို သူ့အချိန်နှင့်သူ ထိုးနှံခြင်းနှင့် အားဆေးများကို မှီဝဲခြင်းတို့ ဖြစ်ကြပါသည်။ ဆေးဝါးများ မှီဝဲရာတွင် တိုင်းရင်းဆေးစွမ်းကောင်းများကိုလည်း လေ့လာ ရှာဖွေ အားထားသင့်ပါကြောင်း။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...