ဖယ်ဒရယ်ပြည်ထောင်စုထူထောင်ရေး နှင့် ငြိမ်းချမ်းရေး
by သံလွင် ရရစ် on Tuesday, January 15, 2013 at 8:05am
·
လူအတော်များများ ရေးပီးသား အကြောင်းအရာတွေပါပဲ မေ့ချင်ယောင်ဆောင်နေသူတွေအတွက် ပြောချင်
တာလေးတွေထပ်ဖြည့်ကြည့်တာပါ စစ်တိုက်တယ်ဆိုတာ သူရဲကောင်းဆန်ဆန်တိုက်ကြသလို စိတ်ဓာတ်စစ်ဆင်ရေးအရ အလိမ္မာသုံးတာမျိုးလဲရှိတယ်ဆိုတာ သဘောပေါက်ထားပါတယ်။ အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆိုတာလဲ သဘောပေါက်ပါတယ်။..ဒါပေမယ့် လူနဲ့လောကမှာတော့ တရားတာနဲ့ မတရားတာရှိတယ်လို့ဆိုချင်ပါတယ်။
ဝါဒဖြန့်မှု မရှိသင့်
ပြည်ပရန်သူလဲမဟုတ်ပဲ တိုင်းရင်းသာမျိုးနွယ်ချင်းကြားမှာဆို ဝါဒဖြန့်မှုဟာနှစ်ဖက်လုံးအတွက် မလိုအပ်ပါဘူး။ အထက်ကတာဝန်ပေးတဲ့အခါ စစ်ပွဲကို ရဲဝံ့ပြောင်မြောက်စွာတိုက်ပါ။ သူရဲကောင်းဆန်ဆန် သေပြတဲ့အခါ ဘယ်ဘက်ကဖြစ်ဖြစ် ဝမ်းနဲနေမှာအမှန်ပဲ။ ဒါပေမယ့် သူရဲကောင်း မဆန်တဲ့ ဝါဒဖြန့်မှုမျိုးကိုတော့ မလုပ်စေချင်ပါ။
တစ်ယောက်ဗိုက်တစ်ယောက် ဓားနဲ့ထိုးလို့သေတာကတစ်သက်ပဲ သေတာ။ ဒါပေမယ့်ပါးစပ်နဲ့ဝါဒဖြန့်ခဲ့တာ
ကတော့မဆုံးနိုင်တဲ့ အသက်ပေါင်းများစွာကိုသေစေတာ နောက်ထပ်စစ်ပွဲပေါင်းများစွာကို ဖန်တီးနေတာ
တအုံ့နွေးနွေးဒါဏ်ရာကို မကျက်အောင်လုပ်နေတာပါ.. လူဒါဏ်ရာထက် မတရားပြောခံရလို့ရတဲ့ဒါဏ်ရာက
ပိုပါတယ်။ လက်ဝှေ့သမား နှစ်ယောက် ကြိုးဝိုင်းထဲမှာထိုးတယ် ပွဲပီးသွားရင် တစ်ယောက်ပုခုံးတစ်ယောက်
ဖက်ကြတယ်။ ချစ်ချစ်ခင်ခင်ပဲ ခုနက အသေအကြေထိုးနေတာတွေမရှိတော့ဘူး။ ဒါပေမယ့် တချို့လက်ဝှေ
့သမားကတော့ ပြိုင်ဖက်ကိုဟုတ်တာတွေရော မဟုတ်တာတွေရော လျှောက်ပြောတယ်။ အဲဒိတော့
နာကျည်းချက်တွေနဲ့ဆော်ကုန်ကြတယ်။ ပွဲပီးသော်လည်း ရင်ထဲက အခဲကမကြေ ထစ်ခနဲရှိတာနဲ့
ထပ်ဆော်ချင်နေတာပဲ။ ထပ်မတွေ့လို့မဆော်ရလဲ တသက်လုံးအခဲမကြေတာမျိုး လက်ဝှေ့ပွဲတွေမှာ
မကြာမကြာတွေ့ရဖူးတယ် ဒါဟာပါးစပ်သေနတ်ရဲ့ ဒုက္ခပေးမှုတွေပါ။
ခုထိလုပ်ရိုးလုပ်စဉ်မဖျောက်
အခုအွန်လိုင်းပေါ်မှာပြောနေတဲ့ စကားတွေကို လေ့လာကြည့်မိတော့ အခြေအနေကတော်တော်ကိုဆိုးနေပါပီ
အခုနောက်ဆုံး ကချင်(ဂျင်းဖော)နဲ့ တခြားကချင်မျိုးနွယ်စုတွေကိုပါ ရန်တိုက်ပေးတဲ့သဘောတွေတောင်တွေ့နေ
ရပါတယ် အပြင်မှာတော့ဂျင်းဖောနဲ့အတိတ်ရန်ငြိုးရှိခဲ့ဖူးတဲ့ ရဝမ်ကိုပြည်သူ့စစ်ဖွဲ့ပေးပီး ရန်တိုက်ထားတာ
ကြာပါပီ။ မျိုးနွယ်စုချင်းရန်တိုက်တာမျိုးကို KNU ကို ဖြိုခွဲခဲ့စဉ်ကကြုံခဲ့ဖူးပါတယ်။ KNU ရဲ့မာနယ်ပလောကို ဆုံးရှုံးခဲ့ရတယ်။ အဲဒီအချိန်က ကေအိုင်အိုဟာ အမျိုးသားညီလာခံကိုတက်ပီး စစ်အစိုးရနဲ့တည့်နေတဲ့အချိန်ပေါ့။
( ကေအိုင်အိုတက်တာကိုအပြစ်မပြောလိုပါဘူး။ ကောင်းမယ်ထင်လို့ တက်တာသူ့အခွင့်အရေးပါပဲ)
အဲဒီအချိန်ကအစိုးရဟာ KIO ကို ကချင်ကိုယ်စားပြုပါတယ်ဆိုပီး တက်ခိုင်းခဲ့တာမဟုတ်ဘူးလား။ အခုတော့
ညောင်နှစ်ပင်ကို မယုံတော့တဲ့အတွက် ကိုယ်စားမပြုပါဘူးပြောနေပြန်ပါပီလေ .. အခု ကရင်ကိုယ်စားပြုပီး အစိုးရနဲ့ငြိမ်းချမ်းရေးစကားအဆင်ပြေနေတဲ့ KNUကိုကျတော့အဲဒီအချိန်ကကရင်ကိုကိုယ်စားမပြုပါဘူးလို
့ ပြောခဲ့ဖူးပါတယ် ဒါမျိုးတွေလုပ်သင့်ပါသလား။ တိုင်းရင်သားစည်းလုံးညီညွှတ်ရေးတည်ဆောက်နေပါတယ်။
ပြောပီး KNU အကြမ်းဖက်သောင်းကျန်းသူက ဗုံးခွဲခဲ့လို့၊ ဗုံးထောင်လို့ ရွာမီးရှို့လို့ဆိုတာတွေကို အဖြစ်မှန် တဝက်ကို ဖုံးပီးပြောသင့်ပါသလား။ ရုပ်ရှင်တွေရိုက်ပီးမကောင်းတဲ့အခန်းကသရုပ်ဆောင်ခိုင်း သင့်ပါ သလား။ ဒါတွေဟာ မသိနားမလည်တဲ့ လူငယ်တွေရဲ့စိတ်မှာ စွဲထင်ကျန်ရစ်နိုင်တယ်ဆိုတာ မသိကြဘူးလား။ ။။ မယုံကြည်နိုင်မှုတွေ တိုးပွားစေတယ်ဆိုတာကို နားမလည်ကြဘူးလား။ အဲလိုစိတ်ဓာတ်စစ်စင်ရေးလုပ်ပီးမှရလာတဲ့ အောင်ပွဲကို ခုံမင်နေမှာလား။ မကျက်တော့တဲ့ အနာတွေကို ထပ်ခါထပ်ခါဖြဲနေရင် ပြဲသွားပီးစေ့စပ်မရဖြစ်မယ်ဆိုတာ မတွေးကြဘူးလား။ ကျနော်တို့ငယ်ငယ်လေးတုန်းက သတင်းစာတွေမှာထိန့်လန့်ဖွယ်ဖတ်ပီး သူပုန်ကိုမုန်းခဲ့ဖူးတယ်။ တိုင်းပြည်ရဲ့အဖျက်အမှောင့်တွေလို့ထင်ခဲ့ဖူးတယ်။
ကျောက်စိမ်း နဲ့ ရွှေ ပလက်တီနမ် ပါထွက်တဲ့ ကချင်ရတနာသိုက်
ကချင်ပြည်နယ်အကြောင်းကိုအစက ဒီလောက် စိတ်မဝင်စားခဲ့ ပါဘူး။ ဟောင်းပါးနဲ့တာ မခန်ကျောက်တွင်းတွေဖက် နွေရာသီဆို အမြဲရောက်ဖြစ်ခဲ့တယ်။ ကျောက်တွင်းနဲ့ရွှေတွင်းတွေ မှာ အောက်ပြည်အောက်ရွာကလူတွေနဲ့ အညာသားတွေ အများဆုံးလာတူးပါတယ် အလွန်စည်ကားတဲ့ တာမခန်မှာ ပြည့်တန်ဆာခန်း၊ လောင်းကစားဝိုင်း ဘိန်းခန်းတွေ နဲ့ နေတတ်သူတွေအတွက်တော့ ပျော်စရာကြီးပေါ့ တာမခန်ရဲ့ အီကြာကွေးလမ်းကြားမှာ တရားဝင်အတိုင်းပဲ လက်ကိုတောင် ဆွဲခေါ်တဲ့အထိ ပြည့်တန်ဆာခန်းပေါပါတယ် အဲဒီဘိန်းခန်းတွေ
ပြည့်တာဆာခန်းတွေကိုပိုက်ဆံကောက်တာက စစ်တပ်၊ ရဲ၊ ဆရဖ၊ မီးသတ်ပါပဲ (မီးသတ်ကအဲမှာတန်ခိုးအလွန်ထွားတယ်)
ကျောက်တွင်းတွေကိုကောက်တာလဲ သူတို့ပါပဲ ။ ခဏခဏ ကောက်ပါတယ်။ လတိုင်းပါပဲ (ကချင်ပြည်နယ်ကို လက်ဗလာနဲ့ လာတဲ့စခန်မှုးတိုင်း အပြန်မှာ ကား ၃ စီးတိုက်လောက်နဲ့ပြန်ပါတယ်) အဖွဲ့တိုင်းကိုပေးရတာမျိုးပါ ဘာလို့ပေးရတာလဲဆိုတော့ ခိုးကျင်းတွေမို့ပါ။ သူတို့ထက်ကြီးတဲ့ စစ်အစိုးရထိပ်တန်းခေါင်တွေကတော့ အဲလိုပေါက်စနတွေကို မကောက်ပါဘူး။ တရုတ်ဖက်စက် ကုမ္ပဏီကြီးတွေနဲ့ ထူးကုမ္မဏီ တို့ဆီင်္ကအခွန်ရမယ်ထင်ပါတယ်။
ကုမ္ပဏီကြီးတော့ စက်ပိုကြီးပါတယ်။ ရာချီတဲ့ယန္တယားကြီးတွေနဲ့ မြေလှန်တူးပါတယ်။ လုပ်ကွက်တွေ တနေရာပီးတနေရာချဲ့ရပါတယ်။ ဒါကတော့ကချင်ပြည်ရတနာသိုက်ကို ဝင်နှိုက်ကြပုံပါ လက်လုပ်လက်လက်စား
ကတော့ရိုးရိုးပဲတနိုင်တပိုင်လာတူးပီး ကုမ္ပဏီကြီးတွေက နင်းကန်တူးတယ် တောတောင်တွေကျတော့ယုဇနကခုတ်
ပါတယ် ။ ယုဇနကုမ္ပဏီက တောရှင်းပီး ကလောပင်တွေ စိုက်လို့ တိရိစ္ဆာန်တွေပါ အိန္ဒိယထဲဝင်ပြေးရပါတယ် ။ ကျားထိန်းသိမ်းရေးစခန်းမှာတောင် ကျားရှိသေးရဲ့လား မသိပါဘူး။
အဲဒီတော့အခုပြောနေတဲ့ ကချင်ပြည်နယ်ကို ကေအိုင်အို ကေအိုင်အေ ကဖျက်စီးနေပါတယ်ဆိုတာ ကျနော့်မှာ စဉ်းစားရအတော်ခက်နေတာပါ။
မီးကြိုးတွေထိလို့ မလည်ပတ်နိုင်တော့တဲ့ မလိခ လျှပ်စစ်ဓာတ်အားပေးစက်ရုံကလဲ ကေအိုင်အို ဆောက်ထားတာပါ ။
ကေအိုင်အို က ကချင်တွေပါ အိမ်တိုင်းအိမ်တိုင်း တစ်ယောက်ဝင်ရပါတယ် ဂုဏ်ယူကြတာတွေ့ရပါတယ် အဲဒါကြောင့် အရပ်သားနဲ့ရောနေပါတယ် ပုံမှန်အချိန်ဆိုအရပ်ဝတ်နဲ့ပဲနေပါတယ် အဲဒါကြောင့် ဘယ်ကျောက်တွင်းမှာ ဘယ်ကျောက်အောင်တာကအစ သူတို့သိပါတယ် သိန်း ၅၀၀ ကနေထောင်ချီ တဲ့ ကျောက်တွေဆို သူတို့ရန်ပုံငွေတောင်းပါတယ်။ ပေးတဲ့လူကလဲ ကျေကျေနပ်နပ်ပဲပေးပါတယ်။ ဘာလို့လဲဆိုတော့ တူးတာက တခြားနယ်သားအများစုဆိုတော့ သူတို့ပြည်နယ်တက်တူးတာ။ ဒိလောက်ရတယ် ဒီလာက်ပေးရ တန်တယ်ဆိုပီး ကျေးဇူးတောင်တင်ပါသေးတယ်။ ကျန်တဲ့လစဉ်
ပိုက်ဆံလာမကောက်ကြပါဘူး တောင်းတယ်ဆိုတာ သူတို့လိုအပ်တဲ့အချိန်လေးလောက်ပါပဲ။ စစ်တပ်နဲ့ကျန်တဲ့အဖွဲ့တွေကခဏချင်းလာတောင်းနေတာမို့ အလွန်စိတ်ညစ်ကြရပါတယ်။ ဝေါ်ကီတော်ကီ ဝယ်ချင်လို့ ယူနီဖောင်းမရှိလို့ လူကြီးလမ်းကြောင်းကျွေးမွေးဖို့အဲလို အကြောင်းအမျိုးမျိုးပြတောင်းတာပါ။ ဒီလိုအစိုးရအုပ်ချုပ်ရေးအဖွဲ့က လူတွေလိုက်တောင်းတာဟာ သူတို့အပြစ်လဲမဆိုသာပါဘူး ။ ဘာလို့လဲဆိုတော့ သူမသာကိုယ်မနာမို့ပါပဲ သူတို့မှာလဲလစာမလောက်တာမို့တောင်းတယ်လို့ပဲ နားလည်ထားပါတယ်။ အကုန်တိတိကျကျလုပ်ကုန်ရင် ဘယ်သူမှလဲ လုပ်စားလို့ရမှာမဟုတ်တော့တဲ့ အတွက် စိတ်ညစ်ပေမယ့် ပေးပျော်ပါတယ်။ ဖားကန့်ဘက်မှာလည်း အကုန်ရတာပါပဲ မူးယစ်ဆေးဝါးနဲ့ လောင်းကစားဝိုင်းပေါချက်များ တရားမဝင်ဆိုတာကိုမေ့ထားလို့ရတဲ့နေရာတွေပါ။ တွင်းထွက်ပစ္စည်းကြွယ်ဝပီး မွဲနေပေမယ့် အစိုးရကိုကောင်း ကောင်းလုပ်ကြွေးနေဆဲပါ။
ရထားလမ်းမိုင်းခွဲတယ်ပြောပီး ပြည်သူနဲ့ရန်တိုက်နေသူများ
တံတားဖောက်မိုင်းခွဲတာတွေ လုပ်တယ် ဆိုတာတော့ မှန်ပါလိမ့်မယ် ဒါပေမယ့် ရန်သူရဲ့ လမ်းကြောင်းကို ဖြတ်တောက်ဖို့ခွဲရတယ်ဆိုတာ နားလည်ပေးသင့်ပါတယ်။ အဲဒီ ရထားလမ်းခွဲတာ အကြောင်းပြပီး ပြည်သူနဲ့ရန်တိုက်တဲ့အလုပ်ကို ဆက်မလုပ်ကြပါနဲ့လို့ပြောချင်ပါတယ်။ ရထားလမ်းဖောက်တာ ၂၀၁၀ ကနေအခုထိအကြိမ် ၇၀ ရှိပါတယ်။ ပြည်သူတစ်ယောက်မှ
မသေခဲ့ပါဘူး။ ပီးတော့ ဒီရထားလမ်းဖောက်မှုတွေအကုန် ကေအိုင်အေလုပ်တယ်လို့တော့ တရားသေ သတ်မှတ်လို့လဲမရပါဘူး။ ရန်တိုက်ပေးချင်တာမျိုးလဲရှိတတ်ပါတယ်။ သာမာန်ပြည်သူတွေဟာ စစ်ဗျူဟာတွေလဲနားမလည်ပါဘူး။ ရထားလမ်းကို ရထားလမ်းလို့ပဲမြင်တဲ့လူတွေပါ။ မကစားကြပါနဲ့ အကုန်အမြင်တွေလွဲကုန်ရင် သမိုင်းကပေးဆပ်ရမယ့်တန်ကြေးကြီးပါတယ်။
မှတ်ချက်-အနောက်နိုင်ငံများကပင် ဗမာပြည်မှာ ဒိလောက်တော်တဲ့ စစ်ဗိုလ်ချုပ်ရှိတာ သူတို့မသိရပါလား ဟု အံ့သြချီးမွမ်းရသော တစ်ချိန်ကဗမာတပ်မတော်ရဲ့ စစ်ပါရဂူ ဗိုလ်မှုးချုပ်ကျော်ဇော ဦးစီးတဲ့ အစိုးရတပ်နဲ့ ကေအင်ဒီအိုရဲ့ တိုက်ပွဲအခြေအနေကို သူကိုယ်တိုင်ရေးထားတာ ဖတ်ရှုကြည့်ပါ (ထိုရန်သူကို ရန်ကုန်မြို့ကြိးမှနေ၍ ခုခံတိုက်ခိုက်ရန် အလွန် ခက်ခဲတော့မည်ကို သိမြင်၍ ဖြစ်ပါသည်။ သို့သော် ကျနော်ဘာမှမတတ်နိုင်ပါ။ ခင်ဗျာတို့ပဲခူးကဆုတ်ခွာရင် ပဲခူးမြို့အစပ်ရှိ ပဲခူးမြစ်ပေါ်က ပဲခူး- ရန်ကုန် ကားလမ်းတံတားနဲ့ ရထားလမ်းတံတားတို့ကိုတော့ မုချချိုးပီးဖျက်ဆီးပါ ဟုမှာကြားရပါတော့သည်)
စစ်သတင်းပေးတွေ သူလျိုဒလန်တွေကိုတော့ သတ်ရင်သတ်ပါလိမ့်မယ်။ အဲမှာ ကျောက်တွင်းရွှေတွင်းလာ
တူးနေတဲ့ သာမန်လူတွေတော့ အေးဆေးတူးလို့ရပါတယ်။ မြန်မာပြည်ရဲ့အခြားနေရာတွေကို ကျူးကျော် တာမျိုးမတွေ့ပါဘူး။
ကေအိုင်အေဗိုလ်ချုပ်တွေရှေ့တန်းထွက်မတိုက်ဖူး ဆိုရင် အခုအစိုးရစစ်ဗိုလ်ချုပ်တွေရော အခုရှေ့တန်း ထွက်တိုက်လို့လား မေးချင်ပါတယ်။ သူ့နေရာနဲ့သူ့ဆိုတဲ့သဘောတရားကို နားလည်ရင် သဘောပေါက် မှာပါ။ ကဲထားပါတော့ ဒါတွေဟာ စစ်တပ်နဲ့အစိုးရကိုအကြည်ညိုပျက်အောင် လုပ်နေတယ် ထားပါတော့။ အေအိုင်အိုဖက်ကချည်းလိုက်ပြောတယ်ထင်နေမယ်။
ကချင်တမျိုးသားလုံးကိုစော်ကားခဲ့တာ ဘယ်သူလဲ
ကချင်လူမျိုးတရပ်လုံးနဲ့သက်ဆိုင်တာလေး တစ်ချက်လောက်ပြောပြချင်ပါတယ်။ မနောကွင်းမနောတိုင် ဆိုတာ ကချင်လူမျိုးတို့ရိုးရာပါ။ မနောကွင်းဆိုတာ ဘိုးဘေးစဉ်ဆက် မနောပွဲကျင်းပဖို့လုပ်ထားတဲ့နေရာပါ မနောတိုင်ဟာ မနောပွဲပီးပီးချင်းလဲ မဖျက်ကောင်းပါဘူး။ ဖျက်စီးသူကို ကချင်တမျိုးသားလုံးရဲ့ရန်သူအဖြစ် မှတ်ယူလေ့ရှိပါတယ်။ အဲလောက်အလေးထားခဲ့တာပါ။ အင်္ဂလိပ်အစိုးရ ဂျပန်အစိုးရ မဆလအစိုးရ ကတောင် လက်ဖျားနဲ့မထိခဲ့ပါဘူး။
အခုတော့ ၂၀၀၉ နိုဝင်ဘာလ ကချင်ရိုးရာကောက်သစ်စားပွဲနဲ့ မနေပွဲမှာ မနောကွင်းကိုမြေလှန်ဖျက်စီးပီး မနောတိုင်တွေကိုပါဖျက်ဆီးပစ်ခဲ့ပါတယ်။ ဘယ်လောက်နာကျင်စရာကောင်းမလဲ။ အနာပေါ်အနာထပ်ဆင့် လိုက်တာမျိုးပေါ့။ မဆလ ကတောင်မထိခဲ့တဲ့ အဲဒီတသက်လုံးလုပ်လာတဲ့မနောကွင်းဟာ စစ်အစိုးရ လက်ထက်ရောက်မှာ သိမ်းယူရောင်းစားခြင်းကို ခံလိုက်ရပါတော့တယ် မနောပွဲတိုင်းကိုလဲ အစိုးရ စစ်ဗိုလ်ချုပ်တွေကသာ ဦးဆောင်ကျင်းပပီး ဖွင့်လှစ်ပေးခဲ့တာ ဘယ်လောက်ရင်နာကျမလဲ။ တသက်လုံး လုပ်လာတဲ့ကိုယ့်ရိုးရာတောင် ကိုယ့်ဘာသာ လုပ်ပိုင်ခွင့်မရှိတဲ့ဘဝမျိုးပေါ့။ အခုအစိုးရသစ်တက်လာတော့ရော ဘာထူးသေးလဲ။ အခုနောက်ဆုံးလုပ်သွားတဲ့ မနောပွဲမှာလဲ ပွဲပီးပီးချင်းဖျက်ဖို့ အမိန့်ပေးခဲ့ကြပြန်တာပဲမဟုတ်လား။

ဒါတွေကိုကြည့်ချင်းအားဖြင့် ပြည်မကလူတွေမသိတဲ့ ဒုက္ခသုက္ခမျိုးစုံဟာ ကချင်ပြည်နဲ့ ဝေးလံခေါင်သီတဲ့ အရပ်တွေမှာ နေ့စဉ်ဖြစ်ပွားနေတယ်ဆိုတာ ခန့်မှန်းကြည့်ကြပါ။ ကချင်တွေမက ဗမာတွေလဲ ခံရပါတယ်ကွာဆိုရင် ဟုတ်ပါတယ်။
အကုန်ခံရတာပါ။ လူသိများတဲ့နေရာကလူတွေတောင် ဒီလောက်ခံရရင် လူသိနည်းတဲ့ သတင်းလက်လှမ်းမမှီ တဲ့နေရာလူတွေ ဘယ်လောက်ခံရမလဲဆိုတာ တွက်သာကြည့်ကြပါတော။့ နောက်ထပ်ကျန်ပါသေးတယ် ဘုရားကျောင်းဆောက်ခွင့်မပြုတာ ဘုရားရှိခိုးခွင့်ပိတ်ပင်တာ လက်ဝါးကပ်တိုင်ဖြိုတာတွေထည့်မပြောသေးပါဘူး။ မဟုတ်တာပြောတယ်
ဖြစ်မှာဆိုးလို့။ ကချင်တွေကိုသာမေးကြည့်ကြပါတော့ အဲလိုခံရတာ အနာတွေကိုပြန်တူးပီး အသစ် လုပ်နေတာမဟုတ်ဘူးနော်။
အစိုးရက ကချင်အများစုဟာ သူတို့ကိုထောက်ခံကြောင်း ပြောနေလို့ ပြောပြတာပါ။ အစိုးရဆီဝင်လာတဲ့ ကေအိုင်အေ စစ်သား ၁၀ယောက်ကိုပြပီး ဝါဒဖြန့်ကြသေးတယ်။ ဒါဟာလဲ သူတို့
လက်နက်ချတာ စစ်ကိုရွံ့မုန်းလို့ပါ။ အစိုးရကိုထောက်ခံလို့ဝင်တာပါဆိုရင်
အစိုးရစစ်တပ်ထဲထည့်ပီး တိုက်ခိုင်းကြည့်ပါလား။ ဝငိပါ့မလား
ဒီလိုလုပ်တဲ့အစိုးရတပ်ကို ထောက်ခံရအောင်ကချင်တွေက ရူးနေတာမှမဟုတ်တာလို့ပဲ ပြောချင်ပါတယ်။
ကိုယ့်ခြံထဲလဲလာတယ် ကိုယ့်ခြံက အပင်ကိုခုတ်တယ် အဖိုးတန်ပစ္စည်းကိုယူတယ် ကိုယ်ကိုးကွယ် ယုံကြည်မှုတွေကိုလဲဖျက်စီးတယ်။ ကိုယ့်ကို ပါးရိုက်ပီးပိုက်ဆံတောင်းတယ်။ ရတဲ့ပိုက်ဆံနဲ့ ကိုယ့်ကို နှပ်စက်ဖို့လက်နက်ဝယ်တယ်။ အဲလိုလူကိုထောက်ခံနေပါတယ်ဆိုတော့ အလုပ်ခံရသူက ဘယ်လောက်တောင်ခံပြင်းလိမ့်မလဲ အစိုးရတွေးကြည့်သင့်ပါတယ်။ တခြားနေရာတွေမှာသာ ဝါဒဖြန့်လို့ရရင်ရမယ် အကြောင်းသိနေတဲ့ကချင်ပြည်နယ်မှာတော့ သွားလုပ်လို့မရပါဘူး။
ပီးခဲ့တဲ့နှစ်က ဦးဘရန်ရှောင်အမှုကိုပဲကြည့်ပါ။ သူပုန်ဆိုပီးဒုက္ခသည်စခန်းကနေဖမ်းခေါ်သွားတယ် (ဘယ်လက်နက်ကိုင်အဖွဲ့ကမှမဟုတ်တာကို သူ့ရဲ့ပတ်ဝန်းကျင် အကုန်သိပါတယ် ) စစ်တပ်ကရိုက်တယ် ရဲကလဲထုတယ် မီးစနဲ့ထိုးတယ်။ တရားရုံးရောက်တော့ ဒါဏ်ရာတွေဗရပွနဲ့ သားသည်မအေဖြစ်တဲ့ သူ့မိန်းမမှာ မခံစားနိုင်လို့မေ့မျောတဲ့အထိပါပဲ။
ဘေးကလူတွေရဲ့အသည်းကိုလဲ အပ်နဲ့ဆွသလိုခံစားရတယ် ဒိထက်ဆိုးတာက
ဒါဏ်ရာတွေ့လို့ ဘာကြောင့် ရတဲ့ဒါဏ်ရာလဲ မေးတော့ ဆိုင်ကယ်မှောက်လို့ပါလို့
တုန်တုန်ရီရီနဲ့ဖြေရှာတယ်။ မသင်္ကာလို့ တရားသူကြီး က အင်္ကျီချွတ်ပီးစစ်တော့ တကိုယ်လုံးမှာ အညိုမည်းစွဲနေတဲ့ဒါဏ်ရာတွေနဲ့ တိပ်နဲ့ကပ်ထားတယ်။ အသံဖမ်းစက်လေးတစ်လုံးကို ကိုယ်မှာရှာတွေ့တယ်။
ကဲဒါမျိုးတွေရောလုပ်သင့်ပါသလား။ ထားပါတော့ မင်းတို့ပဲမှန်တယ် ထားပါတော့။ အကုန်ထပ်ပေးတယ် အမှန်တရားကြီးကိုမင်းတို့ပဲမောင်ပိုင်စီးထားလိုက်ပါအုံ့း အစိုးရတပ်တွေကိုကချင်တွေကထောက်ခံပါတယ်။ ထပ်ပြောလိုက်ပါအုံး။
လက်တလောအခြေအနေရဲ့လတ်တလောအကြောင်းရင်း
ပကတိအခြေအနေကိုပြောပါမယ်။ လက်ရှိတိုက်ပွဲတွေရဲ့အစက ၂၀၀၈ အခြေခံဥပဒေပါ အဲဒီဥပဒေအရ လက်နက်ကိုင်အဖွဲ့တွေအကုန် စစ်တပ်လက်အောက်သွင်းပီး လူလျှော့ကာ နယ်ခြားစောင့်တပ် လုပ်ခိုင်း ပါတယ်။ ငြင်းပယ်တဲ့အဖွဲ့ကို ပက်ပက်စက်စက်နှိပ်ကွပ်ပါတယ်။ အထူးဒေသ (၄) က မိုင်းလားအဖွဲ့ကို ကြည့်ပါ။ အဖွဲ့ကြီးတဲ့ ဝကိုကျတော့ သူတို့လိုချင်တာမရှိတဲ့အပြင် အားကတောင့် တိုက်ဖို့ခက်တာသိတော့ ကိုယ်ပိုင်အုပ်ချုပ်ရေးပေးလိုက်ပါတယ်။ အခု ဒီကေဘီအေက အစပိုင်းပဲလက်ခံပီးနောက်ပိုင်း အလိမ်ခံရပီဆိုပီး နယ်ခြားစောင့်တပ်မလုပ်ပဲ ပြန်တိုက်လို့ အသာထိန်းထားရပြန်ပါတယ်။ အလားတူပဲ မွန်ပြည်သစ်နဲ့ KNU တော့ ဆက်မထိတော့ပါဘူး။ စစ်မျက်နှာသုံလေးဘက် ဖွင့်နေရင် တိုက်ပွဲ အောင်မြင်အောင်ဖော်ဆောင်ဖို့လဲမလွယ် အသွင်ကူးပြောင်းရေးကာလလို့ ကမ္ဘာကိုပြောမရ မှာ ကြောက်ပုံရပါတယ်။ အဲဒါကြောင့် အခုတိုက်နေတဲ့ကေအိုင်အေကိုလဲတိုက်တယ်လို့ ဗြောင် မပြောရဲပါဘူး။ လျှပ်စစ်ဓာတ်အားပေးတိုင်ကို ကာကွယ်တာပါလို့ပြောပါတယ်။ ..ကျနော့်အမြင်ပြောရရင်တော့ ကေအိုင်အိုက အလိမ်ခံခဲ့ရတာပါ ငြိမ်းချမ်းရေးကာလမှာ အစိုးရက ကချင်ပြည်နယ်ထဲစစ်တေပ်တွေ တိုးချဲ့ဆောက်ပါတယ်။ အေအိုင်အိုတပ်ရင်းတွေ အနီးမှာကို ဆောက်ပါတယ်။ အခြေခံဥပဒေပီးတော့မှ ဝက်အူကိုတဆင့် ထပ်ရစ်လိုက်တာပါ။ အစိုးရက လိုင်ဇာကိုမသိမ်းဘူးပြောတယ်။ လိုင်ဇာပတ်ဝန်းကျင်ကိုတော့ပတ်ဝိုင်းပါတယ်။ စစ်လက်နက်တွေ စစ်သားတွေအလုံးအရင်းပို့လို့ ရထားလမ်းမိုင်းခွဲတော့ ဝါဒဖြန့်ဖို့အကွက်ရပြန်ပါတယ်။ တိုက်ပွဲတွေမလိုချင်ဘူးဆိုရင် ငြိမ်းချမ်းရေးကာလထဲက ဘာလို့စစ်တပ်တွေကို မဆုတ်ခွာခဲ့တာ လဲ။ နိုင်ငံရေးအရ ညီကိုချင်းဆွေးနွေးချင်တယ်ဆို စစ်တပ်ဆုတ်ခွာချိန် အများကြီးရခဲ့ပီးသားပါ။
(၁၉၉၄ ကနေ ၂၀၁၁ အထိဘာလုပ်နေလဲ) အခုသူတို့ကမဆုတ်ပဲ ကေအိုင်ကေက ဆုတ်ပေးရမယ် ဆိုတော့ မထူးဘူး တရုတ်ပြည်ထဲသွားနေဖို့သာ ကျန်ပါတော့တယ်။ အခုဖြစ်တဲ့စစ်က မြန်မာပြည်မကိုအေအိုင်အေက လာကျူးကျော်တာမဟုတ်ပါဘူး။ သူ့ဘာသူလာ တိုက်နေတာပါ။ သူတို့လာမတိုက်ရင် ဒီဓာတ်အားပေးတိုင်ကြီးကို ကေအိုင်ကေက ဘာလုပ်ရမလဲ ဗုံးခွဲချင်ရင် ခွဲတာကြာပီပေါ့ ..ဓာတ်အားပေးတိုင် ဖွင့်တဲ့အချိန်က ဦးသိန်းစိန်ကိုယ်တိုင် လာဖွင့် သွားတာ။ အေအိုင်အေက ဘာလုပ်ခဲ့လို့လဲ အေးအေးချမ်းချမ်းမို့လာလို့ ရတာမဟုတ်ဘူးလား။
တော်ကီနဲ့ချုပ်တာမျိုးဟာ အလုပ်မဖြစ်တော့ပါဘူး။ အခုနှစ်ဖက်လုံးပြောနေတာက စစ်ပွဲကိုရပ်ချင်ပီး နိုင်ငံရေးအရ ဆွေးနွေးဖို့ပဲ လိုလားတယ် ဒါပေမယ့် မယုံသင်္ကာဖြစ်နေတာ့ တိုက်ပွဲတွေက ဆက်ဖြစ်နေ တယ် လို့ဆိုပါတယ်။မြင်မိတာကတော့ဆွေးနွေးပွဲတွေမှာ BGF လုပ်ဖို့ပဲဆက်ပြောနေရင် ဆွေးနွေး ပွဲ အောင်မြင်မယ် မထင်ပါဘူး။
ဒီလိုလုပ်ရမလိုဖြစ်နေပီ
ကျနော့်အစိတ်ကူးပြောရရင်တော့ စစ်ပွဲပီးဆုံးကြောင်းကြေငြာချက်ကို သတင်းစာ ရေဒီယို ရုပ်မြင် သံကြားတွေကနေ ကေအိုင်အေ ဗိုလ်ချုပ်တစ်ယောက် အစိုးရဗိုလ်ချုပ်တစ်ယောက် ပူးတွဲပီးတရား ဝင်ကြေငြာ သင့်ပါတယ်။
တိုက်ပွဲပီးပီ ရပ်လိုက်ကြတော့ တပ်တွေလဲမဆုတ်ကြနဲ့ (ဆုတ်ရင် ဆုတ်ကာကာပစ်နေရဦးမယ်လေ အဲတော့ရောက်တဲ့နေရာမှာ ငြိမ်ငြိမ်လေးထိုင်နေကြပါ) မင်းတို့ဆီငါတို့လာခဲ့မယ် တို့လာခေါ်မှထွက်ကြ ဆိုပီး တိုင်းရင်းသားအရေးကြားဝင်ပေးဖို့တောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရယ် မကြာခင် က ကေအိုင်အေစခန်းတွေကိုရောက်ခဲ့တဲ့ ဦးမင်းကိုနိုင်တို့ရယ် ကေအိုင်အေ ဗိုလ်ချုပ်တွေရယ် အခုငြိမ်းချမ်းရေးအဆင်ပြေနေတဲ့ KNU ခေါင်းဆောင်တွေ ဒီကေဘီအေ ခေါင်းဆောင်တွေ ရှမ်းခေါင်းဆောင်တွေ အစိုးရဖက်က ဥိးအောင်မင်းတို့ နဲ့ စစ်ဗိုလ်ချုပ်တွေပါဝင်တဲ့ ငြိမ်းချမ်းရေး မစ်ရှင်အဖွဲ့ဖွဲ့ပီး ရှေ့တန်းတပ်စခန်းတွေရှိရာကိုသွားပီးဖျောင်းဖြကြပါ။ ဘာလို့လဲဆိုတော့ အခုဟာက ဗိုလ်ချုပ်တွေကမတိုက်ချင်တော့ဘူး ငယ်သားတွေကတိုက်ချင်သေးလို့ တိုက်နေရတဲ့ ပုံစံပြောနေလို့ပါ) ပီးရင် နှစ်ဖက်တပ်က လူတွေကို ချစ်ကြည်ရင်းနှီးအောင် တဖက်နဲ့တဖက်ဆယ်ယောက်တဖွဲ့
ခေါ်ခေါ်တွေ့ပီးမျက်နှာပြခိုင်းကြ မိတ်ဆက်ကြပါ။ ဘောလုံးအသင်းခွဲပီး အစိုးရစစ်တပ်ထဲကလူနဲ့ ကေအိုင်အေ အဖွဲ့ကလူ ရောထွေးပီး ဘောလုံးတစ်သင်းစီလုပ်ပီးကန်ခိုင်းပါ ။ တစ်သင်းထဲမှာနှစ်ဖက်လုံးပါပါစေ တဖက်စီထားရင်ထချကြဦးမယ်) အဲဒီအစီစဉ် မကောင်းဘူးလား ဗျာ။ ငြိမ်းချမ်းရေးအဖွဲ့လဲ လူစုံတက်စုံဖြစ်တာပေါ့ ဒေါ်စုကလဲ အစိုးရမီးစိမ်းပြဖို့လိုတယ်ပြောထားတာပဲ အခြားတိုင်းရင်းသားတွေကလဲ ဝင်ကူမှာပါပဲ တကယ်လုပ်ချင်ရင် ဘာများခက်တာရှိပါသလဲဗျာ။

သမိုင်းကြောင်းနဲ့ ကိုယ်မြေကိုယ်စိုးပိုင်ခဲ့တာ
မြန်မာပြည်တိုင်းရင်းသားတွေအကုန်လုံးဟာ တိဘက်မြန်မာနွယ်ဝင်တွေ မွန်ဂိုလွိုက်တွေလို့ သမိုင်းကဆိုပါတယ်။
မြန်မာလိုပဲ ကျန်တဲ့ ယိုးဒယား ကမ်ပူးချားတို့ဟာလဲ ဒီအနွယ်တွေထဲမှာပါတယ်လို့ဆိုပါတယ် ။ အခုမြန်မာပြည်လို့ခေါ်ဆိုနေတဲ့နေရာမှာ အခုမြန်မာတိုင်းရင်းသားများလို့ ခေါ်ဆိုနေတဲ့သူတွေဟာ နှစ်ပေါင်းရာထောင်ချီသမိုင်းတွေနဲ့ သူ့နေရာနဲ့သူ တကွဲတပြားနေထိုင်ခဲ့ကြတာကိုလေ့လာသိရှိရပါတယ်။ သူ့လူမျိုးကိုသူ သူ့ဒေသအသီးသီးအုပ်ချုပ်နေထိုင်ခဲ့ပါတယ်။ သပ်သပ်စီပါပဲ သမီးပေးသမက်ယူ ပဏ္ဏာဆက် တည့်တဲ့အခါတည့်၊ မတည့်တဲ့အခါချ အရင်ခေတ်နိုင်ငံရေးဆိုတာ ခေါင်းဆောင်တွေရဲ့ သဘောထား အပေါ်မှီနေရပီးတိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးဆိုတာ စကားအဖြစ်တောင်မရှိပါဘူး။ သက်သပ်ဆီနေလာခဲ့ကြတာပါ ဘယ်တုန်းကမှ ပြည်ထောင်စုမဖြစ်ခဲ့ပါဘူး။
အခု ပြောနေကြတဲ့ ပထမဒုတိယ မြန်မာနိုင်ငံတော်ကြီးတွေဆိုတာ ပြည်ထောင်စုစိတ်ဓာတ်နဲ့ တည်ဆောက်ထားတာမဟုတ်ပါဘူး။ လက်နက်အားကိုးသိမ်းပိုက်ထားလို့သာခံနေရတဲ့သဘောပါ။ အဲဒါကြောင့် အမြဲပြိုကွဲခဲ့တာလဲ သမိုင်းကသက်သေပါပဲ ဗြိတိသျှတွေဟာ သူတို့ရဲ့နေမဝင်အင်ပါယာကြီးကို တမ်းတကောင်းတမ်းတမယ်။ ရွှေရောင်ခေတ်ကြီးလို့ ဆိုချင်ဆိုမယ်။ ဒါပေမယ့် ကိုလိုနီပြုခဲ့ရတဲ့ နိုင်ငံလေးတွေအတွက်တော့ နေမဝင်အင်ပါယာကြီးဟာ မိစ္ဆာကြီးပါ။
ဆန်မရှိစောက်စားကြီးဆိုချင်ဆို ကိုယ့်နေရာကို ကိုယ့်လူမျိုးပဲအုပ်ချုပ်ချင်တယ် ဆိုတဲ့ ဗိုလ်ချုပ်ရဲ့ တော်လှန်ရေးအမြင်နဲ့ လက်ရှိအစိုးရဝန်ကြီးစကားကွာခြားချက်
အခု စစ်တက္ကသိုလ်တွေမှာ အဲဒိရှေးစစ်ဘုရင်တွေရဲ့ရုပ်ထုကြီးတွေကို တခမ်းတနား ထုလုပ်ထားတာဟာ စစ်အစိုးရရဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို နားမလည်မှုပါပဲ ဘယ်လောက်ထိနားမလည်နိုင်ဘူးဖြစ်နေလဲဆိုရင် ဝန်ကြီးဦးအောင်မင်း အင်တာဗျူးမှာပြောသွားတယ် "တိုင်းရင်းသားတွေလက်နက်ကိုင်တာ စီးပွားရေး အဆင်မပြေလို့ပါ တဲ့" ကဲ ရှင်းရော။ ဝန်ကြီးတစ်ယောက်ကကို အဲလိုနားလည်ထားတာဆိုတော့ ပွဲကိုသိမ်းရောပေါ့။ အင်္ဂလိပ်က အမျိုးမတူလို့ အုပ်ချုပ်တာလက်မခံနိုင်ရင် အနီးလေးမှာရှိတဲ့မျိုးနွယ်တူ တိဘက်တို့ ယိုးဒယားတို့က ငါတို့စေတနာနဲ့ အုပ်ချုပ်ပေးမယ်ဆိုရင်ကော မြန်မာပြည်သူတွေ လက်ခံနိုင်ကြပါ့မလား။ မခံနိုင်ဘူးဆိုရင်တော့ ဆက်ပြောရပါဥိးမယ်။

နာမည်ကြီးပင်လုံအကြောင်းပေါ့ လူသိများပေမယ့် မပါမဖြစ်ဖို့ ထပ်ကိုးကားပါရစေ ။ ပြည်ထောင်စု စိတ်ဓာတ်နဲ့ပြည်ထောင်စုအကြောင်းပြောရင်ပင်လုံဟာစစ်မှန်တဲ့ပြည်ထောင်စုစိတ်ဓာတ်ကို မွေးဖွားသန့်စင်
ခြင်းနဲ့အတူ မြန်မာ့လွတ်လပ်ရေးကို တပြည်ထောင်လုံးစုပီး ရယူပေးခဲ့တဲ့အကြောင်းအရာဖြစ်နေလို့ပါပဲ။ လွပ်လပ်ရေးမတိုင်မီက မြန်မာပြည်လို့ သူတို့သတ်မှတ်ထားတဲ့နေရာကို သူတို့ကိုလိုနီယန္တယားကြီး ရေရှည် လည်ပတ်နိုင်အောင် ထပ်မံသပ်သလျိုပီး
ဘုရင်ခံ အုပ်ချုပ်သောနယ်မြေ ဘုရင်တိုက်ရိုက် အုပ်ချုပ်သောနယ်မြေ ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးရ နယ်မြေ တွေအဖြစ် သတ်မှတ် အုပ်ချုပ်ခဲ့တယ်လို့သိရပါတယ်။ အင်္ဂလိပ်ကိုတော်လှန်ခဲ့ တာလဲ။ နေရာအသီးသီးပေါ့ တစုတစည်းထဲမရှိခဲ့ပါဘူး။
သူလဲသူ့နေရာက အဂ်လိပ်ကိုတော်လှန်ကိုယ်လဲ ကိုယ့်နေရာက အင်္ဂလိပ်ကိုတော်လှန် ။ ကယားပြည်နယ်ကတော့ အင်္ဂလိပ် မြန်မာ စစ်ပွဲအတွင်းက စာချုပ်အတိုင်း သီးခြားလွပ်လပ်သော နယ်အဖြစ်နေခွင့်ရခဲ့ပါတယ်။
တောင်တန်းပြည်မပူးပေါင်းဖို့ အခက်ခဲတွေကြားက ကြိုးစားခဲ့ရ
လွတ်လပ်ရေးရယူမယ်ဆိုတော့လည်း ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဖဆပလဟာ တောင်တန်း ဒေသတွေကို ချန်လှပ်ပီး ဗမာပြည်လွတ်လပ်ရေးပေးမည်ဆိုတာကို ကန့်ကွက်သော်လည်း တောင်တန်းဒေသမပါပဲလဲ ယူတန်ယူရမှာဟု ဆိုတဲ့အတွက် တိုင်းရင်းသားများက တန်းတူညီမျှရေး ကိုယ်ပိုင်အုပ်ချုပ်ရေး နှင့် ခွဲထွက်ခွင့်ကိုအာမခံပါက အတူတကွလွတ်လပ်ချင်ပါတယ်
လို့ တောင်းဆိုသောကြောင့်သာ ပင်လုံညီလာခေါ်ဖြစ်ပေါ်လာပီး ပြည်ထောင်စု တည်ထောင်လိုစိတ် များ မွေးဖွားလာတာလို့လေ့လာသိရှိရပါတယ်။ ဘုံရန်သူဂျပန်ကိုတော်လှန်စဉ်ကရခဲ့သော ညီညွှတ်မှုကို ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးများက ထပ်မံ၍ လက်တွေ့အကောင်အ ထည် ဖော်လိုက်ခြင်းဟုယူဆမိပါတယ်။
ဗိုလ်ချုပ်ရဲ့ရိုးသားပွင့်လင်းမှု များဟာ တိုင်းရင်းသားခေါင်ဆောင်တွေရဲ့မယုံသင်္ကာမှုတွေကို လွင့်စင်စေခဲ့ ပါတယ်။

ဗိုလ်ချုပ်ပြောစကားများကို ပြန်လေ့လာကြည့်တဲ့အခါ ခွဲထွက်ခွင့်သည် တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးဖြစ် မခွဲထွက်ချင်အောင် လူများစုဗမာများကလုပ်ပြရမည်ဟုဆိုသည် တဖန်ကချင်ပြည်နယ်သို့ ဗိုလ်ချုပ်ရောက်သောအခါတွင်လည်း သီးခြားကချင်နိုင်ငံတော့မထူထောင်ပါနဲ့ အကယ်၍နောင်တချိန်တွင် ကချင်လူမျိုးစုများအပေါ် နှိပ်စက်ကလူပြုပါက ဒူဝါးကြီးတို့နှင့်အတူ ကချင်နိုင်ငံထူထောင်ရေးမှာ
တက်တက်ကြွကြွပါဝင်ပါမည်ဟု ကတိပေးခဲ့ဖူးတာကိုတွေ့ရပါတယ်။

ဗိုလ်ချုပ်ရဲ့ပင်လုံကတိကဝတ်များနဲ့ တိုင်းပြုပြည်ပြုလွှတ်တော်မှာ ဗိုလ်ချုပ်ကိုယ်တိုင်တင်သွင်းပီး တိုင်းရင်းသားကိုယ်စားလှယ်တော်များ ထောက်ခံခဲ့တဲ့ အဆိုတွေကို လေ့လာကြည့်ကြပါကုန်။ ဒါပေမယ့် ဗိုလ်ချုပ်တို့ခေါင်းဆောင်တွေကျဆုံးသွားခြင်းနဲ့အတူ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးဟာ ယိမ်းယိုင်ခဲ့ပါတယ်။ ဗိုလ်ချုပ်ချပေးတဲ့ အခြေခံဥပဒေရေးဆွဲရန်မူများကိုလဲ ပစ်ပယ်လိုက်ကြပါတယ်။ တိုင်းရင်းသားခေါင်းဆောင်များကတော့ ဗိုလ်ချုပ်တို့ လောလောလတ်လတ်ကျဆုံးထားခြင်း ဥပဒေ စကားများထက် စိတ်ဓာတ်ကိုကိုယုံမိခဲ့ခြင်း လွတ်လပ်ရေးအမြန်ရယူရန် အခြေခံဥပဒေတစ်ခုရှိရမည်ဆိုတဲ့ အတွက် သိပ်ဈေးမဆစ်တော့ပဲ ဦးနုရဲ့ ၁၉၄၇ အခြေခံဥပဒေကိုလက်ခံလိုက်ကြပါတယ်။
ဦးနုရဲ့ ၁၉၄၇ အခြေခံဥပဒေဟာ ပြည်ထောင်စုစနစ်မဟုတ်ပါဘူး။ တပြည်ထောင်စနစ်ကို ပြည်ထောင်စု ပုံစံသဘောဖြစ်အောင်ရေးဆွဲခဲ့တာပါလို့ ရေးဆွဲခဲ့သူ ဥပဒေပညာရှင် ဦးချန်ထွန်းကိုယ်တိုင်နောက်ပိုင်းမှာ ဝန်ခံခဲ့ရပါတယ်။

ခွဲမထွက်ခွင့်ရှိတာတောင်ခွဲမထွက်ပဲ ရန်ကုန်အစိုးရကို ကူညီခဲ့
အခြေခံဥပဒေအားနည်းချက်ကြောင့် တိုင်းရင်းသားအခွင့်ရေးများအတွက် မကြေမနပ်ဖြစ်လာကြတယ်
နိုင်ငံရေးပါတီများ ဂိုဏ်းဂဏစွဲပြင်းထန်မှုနဲ့ ကရင်တိုင်းရင်းအခွင့်အရေး ဆုံးရှုံးမှုများကြောင့် ပြည်တွင်း စစ်ဖြစ်ရာက စစ်တပ်ရဲ့အခန်းကဏ္ဍမြင့်လာပီး ၁၉၅၈ မှာ ဗိုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်းပါတယ် ။ အဲဒီရန်ကုန်အစိုးရအခေါ်ခံနေရတဲ့အချိန်မှာတောင် အခန်း (၁၀) မှာဖော်ပြထားတဲ့ ခွဲထွက်ပိုင်ခွင့်ကို အသုံးချပီးခွဲမထွက်ခဲ့တာ သတိပြုသင့်ပါတယ်။
ကချင် ကယား ချင်း ရှမ်း တွေဟာပြည်ထောင်စုကို ကာကွယ်ခဲ့တာ သမိုင်းကသက်သေပါပဲ ။ ၊၁၉၆၀ ရွေးကောက်ပွဲအပီးမှာ ပြန်တက်လာတဲ့ ဦးနုဟာ ပထမအခြေခံဥပဒေအားနဲ့ချက်နဲ့ သူ့အမှားတွေကိုသိပီး အခြေအနေကို သဘောပေါက်တာမို့ အချိန်မဆွဲတော့ပဲ အခြေခံဥပဒေပြင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လွှတ်တော်ထဲမှာ ပထစအမတ်တွေနဲ့ တိုင်းရင်းသာအမတ်တွေပေါင်းရင်
ပြင်လို့ရနေတဲ့အနေအထားဖြစ်နေပါပီ အဲဒါကြောင့်ဗိုလ်ချုပ်ရဲ့အခြေခံမူ (၄) ချက်နဲ့ လမ်းညွှန်ချက် (၇) ချက်ကိုဥိးထိပ်ထားပီး ပင်လုံမူအတိုင်း တိုင်းရင်းသားပေါင်းစုံလွတ်လပ်ရေးအရသာ ခံစားပီးကျေနပ်နိုင်မယ့် အခြေခံဥပဒေရေးဆွဲဖို့ ၁၉၆၂ ဖေဖဝါရီမှာ လူမျိုးပေါင်းစုံပါဝင်တဲ့ ပြည်ထောင်စုမူ (ဖယ်ဒရယ်မူ) ဖလှယ်ပွဲကြီးကို ကျင်းပခဲ့ပါတယ်။ ပထစအစိုးရခေါင်းဆောင်အသီးသီးနဲ့ လွှတ်တော်အမတ်များ တိုင်းရင်းသားခေါင်းဆောင်များ နိုင်ငံရေး ခေါင်းဆောင် အသီးသီးတက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
ဒါကို အကွက်ချောင်းနေတဲ့ ဗိုလ်ချုပ်နေဝင်းဟာ အဲလိုတက်ရောက်ဆွေးနွေးကြသူတွေအကုန်လုံးကို ဖမ်းဆီးပီးအခြေခံဥပဒေကိုဆွဲဖြဲကာ အာဏာသိမ်းပီး တိုင်းပြည်ကိုကယ်တင်တာပါလို့ ဗြောင်လိမ်ခဲ့ပါတယ်။

ဗိုလ်ချုပ်လမ်းစဉ်ကိုလိုက်မလား ဗိုလ်နေဝင်းလမ်းစဉ်ကိုလိုက်မလား
ဗိုလ်ချုပ်အောင်ဆန်းလမ်းစဉ်နဲ့သွေဖယ်ပီ့း သူ့အာဏာတည်မြဲအောင်တပ်မတော်ကို ခုတုံးလုပ်ကာ တပါတီ
အာရှင်စနစ်ထူထောင်ပါတယ်။ ခေါင်းဆောင်ပိုင်းတွေနဲ့စစ်သားတွေဟာ ဗမာအများစုဆိုတော့ ဗမာနဲ့ တိုင်းရင်းသားကို အောင်အောင်မြင်မြင်သွေးခွဲနိုင်ခဲ့ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးလဲ ပြိုကွဲသွားခဲ့ပါတယ်။ တိုင်းပြည်လဲမွဲသွားပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲရေးလို့ တို့တာဝန်အရေး (၃) ပါးမှာ ထည့်ထားတာတွေ့ရပါတယ် ။ စည်းလုံးညီညွှတ်မှုမပြိုကွဲရေးဆိုတာ ရုပ်မပြိုကွဲရေးထက် စိတ်မပြိုကွဲရေးကို ဦးစားပေးသင့်တယ်လို့ယုံကြည်ပါတယ် စိတ်ပြိုကွဲတဲ့အခါ ခွဲထွက်စရာအကြောင်းရင်းရှိရင် ခွဲထွက်ခွင့်မပြဌာန်းပဲပါကစ္စတန်ကနေဘင်္ဂလားခွဲထွက်သလိုချက်
ကိုစလိုဗက်ကနေစလိုဗက်ခွဲထွက်သလိုခွဲထွက်ကုန်တာသက်သေပါပဲ.ဆိုဗီယက်နဲ့ယူဂိုဆားဗီးယားခွဲထွက်ခွင့်ကြောင့်ခွဲထွက်
ကုန်တယ်လို့ပြောနေပေမယ့် အဓိက က ကွန်မြူနစ်အာဏာရှင်စနစ်ကြောင့်ဒီမိုကရေစီမထွန်းကားပဲ ဖိနှိပ်ခံရလို့သာ ခွဲထွက်ခွင့်ကိုအသုံးပြုခဲ့တာပါလို့ ပညာရှင်များကဆိုပါတယ်။ ဒီမိုကရေစီထွန်းကားတဲ့ ဖဒရယ်ပြည်ထောင်စုတွေဖြစ်တဲ့ အမေရိကန်နဲ့ ဆွစ်ဇာလန်မှာတော့ ငြိမ်းငြိမ်းချမ်းချမ်းပါပဲလို့ လဲထောက်ပြကြပါတယ်။
ကေအိုင်အိုမှားတယ်ထားအုံး ကေအိုင်အိုမရှိလဲ တော်လှန်ရေးရှိနေမှာပဲ
အခုကေအိုင်အိုစစ်ပွဲကိုပြောချင်တာ အဓိမဟုတ်ပါဘူး။ တိုင်းရင်းသားတွေရဲ့ လိုလားချက်မပြည့်စုံ ရင် ကေအိုင်အို မရှိလည်း
တော်လှန်ရေးဆက်ရှိနေအုံးမှာပါပဲ လက်နက်ကိုင်တော်လှန်ရေးမရှိတော့ရင်တောင် စိတ်ထဲမှာတော့
အမြဲတော်လှန်နေမှာမို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာ စိတ်မပါတဲ့ ရုပ်ချည်းသက်သက်ပဲဆိုရင်
စည်းလုံးညီညွတ်တယ်မခေါ်နိုင်ပါဘူး အဲဒါကြောင့်တိုင်းရင်းသားအပေါင်းရဲ့ မူအခွင့်အရေးဖြစ်တဲ့ ဖယ်ဒရယ်မူပါဝင်တဲ့ အာဏာခွဲဝေမှုမျှတတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာတောင့်တမိပါတယ်။

ကိုးကား - ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ဖော်ဆောင်ရေး (ခွန်မာရ်ကိုဘန် (ဖယ်ခုံလွှတ်တော် ကိုယ်စားလှယ်)
တာတေစနေသား (ဦးနု) မန်စုမှသည်ပန်ဆိုင်းဆီသို့ (ဗိုလ်မှုးချုပ်ဟောင်းကျော်ဇော)
(ကချင်ပြည်စစ်ပွဲတွေနဲ့အပြိုင် သတင်းတစ်ပုဒ်ကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ၅၁ခုမြောက်ပြည်နယ်
ဖြစ်စေဖို့ ပွာတိုနိုင်ငံသားတွေကဆန္ဒပြုလိုက်တဲ့သတင်းပါပဲ ပုံဖော်ပြပေးလိုက်ပါတယ်)

0 comments:
Post a Comment