Wednesday, January 16, 2013

"အချက်မသိတာ ရှက်စရာ"

by Khant Nyi Phae on Wednesday, January 16, 2013 at 6:28am ·
        ကျွန်တော် ကြားခဲ့ဘူးသည်။ သတင်းဖလှယ်ရေး၏ အစမှာ ဆတ္တာသည်များဟု။ ဟုတ်တော့လည်း ဟုတ်ပေလိမ့်မည်။ ကျွန်တော်တွေ့ဘူးသမျှသော ဆံပင်ညှပ်ဆရာများမှာ လေပေါသူများ၏။ သတင်းရော အတင်းရော ဇာတ်လမ်းစုံကို ဆံပင်ညှပ်ရင်း လေဖောင်းနေတတ်သည့် ပုံသွင်ကို မြင်ယောင်မိသည်။ သို့သော် ကျွန်တော်တို့ လမ်းထိပ်မှ ဆံသဆရာ မောင်စိန်ဝင်းကိုဖြင့် ချွင်းချက် ထားရပေလိမ့်မည်။


         ကျွန်တော်တို့ လမ်းထိပ်တွင် မောင်စိန်ဝင်း၏ ဆံပင်ညှပ်ဆိုင်လေးရှိသည်။ ဆိုင်အသွင်အပြင်က ရိုးရိုးရှင်းရှင်းပင်။ ရှစ်ပေ ဆယ်ပေခန့် ဆိုင်ခန်းလေးတွင် ဆံသခုံတစ်လုံး ချထားသည်။ ကြည့်မှန်တစ်ချပ်က ခုံရှေ့နံရံတွင် တပ်ထား၏။ အခြားတစ်ဖက်တွင် ခုံတန်းရှည်တစ်လုံးကို ခင်းထားသည်။ ညှပ်သူက ဆံသခုံပေါ်ထိုင်၊ စောင့်သူက ခုံတန်းရှည်ပေါ်မှစောင့်၊ ပြီးပြီ။ မြို့ပေါ်ရှိဆိုင်ဆိုသော်လည်း တောမြို့လေးမှ ဆံသဆိုင်လေးနှင့် ပိုတူနေပါသည်။ တာရာဇို လက်ဆေးကန်ကို သစ်သားခုံတွင် ထည့်ရိုက်ထားပြီး ဆိုင်ရှေ့မြောင်းပေါ်ခွတင်ထားသည်က ခေါင်းလျှော်ခြင်း ကိစ္စအတွက် အဆင်ပြေချေပြီ။ သူ့ဆိုင်၏ တစ်ခုထူးခြားချက်က ဆိုင်ထောင့်တွင် စားပွဲခုံလေးတစ်လုံးနှင့်အပြည့် စာအုပ်၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ ရှိနေခြင်းပင်။ ထိုတစ်ချက်နှင့်ပင် မောင်စိန်ဝင်း၏ဆိုင်သို့ကျွန်တော်ပုံမှန် ရောက်ဖြစ်နေခြင်းပင် ဖြစ်၏။ မောင်စိန်ဝင်းက လူအေးသလို စကားလည်း အလွန်နည်းသည်။ စာဖတ်ဝါသနာပါပြီး ထွက်သမျှစာအုပ်စာစောင်း အတော်များများကို ၀ယ်တတ်သည်။ လူပျိုကြီး အပူအပင်ကင်းစွာနှင့် ၀င်ငွေတစ်ဝက်ခန့်ကို စာအုပ်စာစောင်များအတွက်သုံလည်း သိပ်ပြသနာမရှိ။ စာအုပ်ရူးသွပ်သူဖြစ်သဖြင့် ကျွန်တော်တို့က သူ့ကို အမည်ပြောင် ပုတီးကုန်းဟုသာ ခေါ်ဖြစ်၏။ စာအုပ်နှင့်ပတ်သက်ပြီး ဆွေးနွေးကြလျှင်လည်း သူက နားထောင်သမားသက်သက်။ ဆယ့်ခါ့ တစ်ခါလောက်သာ စိတ်လိုလက်ရရှိမှ ၀င်ပြောတတ်သည်။ ဘာပဲပြောပြော ရပ်ကွက်ထဲမှ ကျွန်တော်တို့လူငယ်တစ်သိုက်အတွက် သူ့ဆိုင်လေးမှာ ငြိမ်းချမ်းစွာ ကွန်းခိုရာတစ်ခု ဖြစ်နေပါသည်။

              သည်နေ့ ကျောင်းအားသဖြင့် ပုတီးကုန်းဆိုင်ဆီ ထွက်လာခဲ့သည်။ ဆံပင်ကလည်း အတန်ရှည်နေပြီမို့ ဆရာမက ညှပ်ခိုင်းနေ၏။ စာအုပ်ဖတ် လေပစ်ရင်း ပုတီးကုန်းဆီ ဆံပင်ညှပ်မည် စိတ်ကူးထားသည်။ သူ့ဆိုင်က များသောအားဖြင့် လူရှင်းလေ့ရှိသော်လည်း သည်နေ့တွင် လူတစ်ယောက်က ဆံပင်အညှပ်ခံနေ၏။ ကျွန်တော်လည်း ခုံတန်းရှည်ပေါ် ၀င်ထိုင်လိုက်သည်။ ထုံးစံအတိုင်း ပုတီးကုန်းက မေးငေါ့ နှုတ်ဆက်ပြရင်း တိတ်ဆိတ်စွာ ဆံပင်ဆက်ညှပ်နေ၏။ ဒါဆို သူ့အတွက် ဧည့်ဝတ်ကျေပြီ။ ကျွန်တော်ကလည်း ထူးထွေပြီး နှုတ်ဆက်မနေတော့။ ခုံပေါ်ရှိ စာအုပ်များဆီသာ အကြည့်ရောက်သည်။ ထိုစဉ် ခုံရှည်ပေါ်၌ ယခုလထုတ် ဖတ်နေကျ မဂ္ဂဇင်းတစ်စောင်တွေ့သဖြင့် ၀မ်းသာအားရယူပြီး ဖတ်နေလိုက်၏။ စိတ်ဝင်စားနေသဖြင့် ရှေ့ကလူ ဆံပင်ညှပ်ပြီးသွားသည်ကို သတိမထားလိုက်မိပေ။ ပုတီးကုန်းက အပေါ်ခြုံထည်ကို ဗြန်းဗြန်း ခါလိုက်သံကြားမှ အသိကပ်မိ၏။
              "  ကိုစိန်ဝင်း ကျွန်တော် ဆံပင်ညှပ်ဦးမယ်ဗျာ၊ ဆရာမကလည်း ကွိုင်လှပြီ၊ တိုတိုသာ ညှပ်ပေး "
                ကျွန်တော်လည်း ပြောပြီး ဖတ်လက်စ စာမျက်နှာကို လက်ကြားညှပ်ရင်း ဆံသခုံပေါ် တက်ထိုင်လိုက်ပါသည်။ ပုတီးကုန်းကလည်း ခြုံထည်ကို ခြုံပေးလိုက်ပြီး ကပ်ကျေးသံ တချွမ်းချွမ်းဖြင့် စိတ်ပါလက်ပါ ညှပ်ပေးနေ၏။ ခပ်စောစောက ဆံပင်ညှပ်ပြီးသွားသူလည်း မပြန်သေးပဲ ခုံတန်းရှည်ပေါ်၌ အေးအေးလူလူ သတင်းစာတစ်စောင်ကို ဖတ်နေလေသည်။ ဆိုင်ကလေးမှာ မောင်စိန်ဝင်း၏ ကပ်ကျေးသံ တချပ်ချပ်မှလွဲပြီး တိတ်ဆိတ်နေလေတော့သည်။ ကျွန်တော်လည်း မဂ္ဂဇင်းထဲမှ စာရေးဆရာ မောင်ခခွေး၏ ခေတ်ပေါ်ကဗျာတစ်ပုဒ်ကို ဖတ်နေမိသည်။ ဖတ်ရင်း စိတ်ထဲတွင် ဘ၀င်မကျသလိုလို ဖြစ်လာ၏။ ထို့ကြောင့် ကဗျာစာမျက်နှာကို မောင်စိန်ဝင်းအား လှန်းပြပြီး
                   " ကိုစိန်ဝင်း၊ ခင်ဗျား ဒီကဗျာ ဖတ်ပြီးပြီလား   "
                  မောင်စိန်ဝင်းက တစ်ချက်လှမ်းကြည့်ပြီး ခေါင်းခါပြလိုက်သည်။ ကျွန်တော်ကလည်း မအောင့်နိုင် မအီးနိုင်တော့ပဲ...
                     " ဒီမယ်ဗျာ ကျွန်တော်တို့ မောင်ခခွေးကတော့ လုပ်ချလိုက်ပြန်ပြီ၊ ထွင်လွန်းအားကြီးတော့၊ မစွံတော့ဘူး။ ဘယ်နှယ့်ဗျာ၊ စာဖတ်သူ နားမလည်အောင်ရေးမှတော့ ဘာသွားဖတ်ရတော့မတုန်းဗျ၊ ရော့ဗျာ ခင်ဗျားပြီးရင်ဖတ်ကြည့်.. "
                   မောင်စိန်ဝင်းက ဆံပင်ညှပ်နေရင်းမှ နောက်တစ်ချက်လှည့်ကြည့်လိုက်သည်ကို မှန်ထဲမှနေမြင်လိုက်ရသည်။ ပြီးနောက် ကျွန်တော့်ကို မှန်ထဲမှနေ ခေါင်းခါပြနေသည်။ ကျွန်တော်ကလည်း
                        " ဒီမယ်ဗျာ၊ ခင်ဗျားပြီးမှဖတ် လောလောဆယ် ဒီအသုံးမကျပုံတွေကို ကျွန်တော်ဖတ်ပြမယ်။ ဘယ့်နှယ့်ဗျာစာဖတ်ပရိသတ်ကို စော်ကားနေသလိုပဲဗျ  "
                      ကျွန်တော်လည်း စိတ်တိုင်းမကျသည်များကို အားရပါးရ စိတ်တိုင်းကျ ဝေဖန်ပြီးချိန်တွင် မောင်စိန်ဝင်းလည်း ဆံပင်ညှပ်ပြီးသွားသည်။ ကျွန်တော်လည်း မပြန်သေးပဲ ဆက်လေကန်လိုက်ဦးမည် စိတ်ကူးပြီး ခုံရှည်ပေါ် ၀င်ထိုင်လိုက်သည်။ လက်ထဲမှ စာအုပ်ကိုလည်း ခုံပေါ် ဗုန်းကနဲ ပစ်ချလိုက်၏ ။ နံဘေးမှ သတင်းစာဖတ်နေသူက ကျွန်တော့်ကို တစ်ချက်ပြုံးကြည့်လိုက်ပြီး
                          " ညီလေး ဒီမဂ္ဂဖင်း ဖတ်ဦးမှာလား၊ ပြီးပြီလား  "
                         ကျွန်တော်လည်း ကြောင်တောင်တောင်ဖြင့် ခေါင်းခါပြလိုက်သည်။
                           " ဒါဆို အစ်ကို ပြန်ယူသွားတော့မယ်နော်၊ စောစောက ညီလေးဖတ်မပြီးသေးလို့ အစ်ကိုက မပြန်သေးပဲ စောင့်နေတာ၊ ယူသွားပြီနော်၊ ကိုစိန်ဝင်း ပြန်ပြီဗျာ  "
                           ထိုသူက ပြောပြောဆိုဆို ဆိုင်ရှေ့မှ စက်ဘီးလေးကို နင်းပြီး ပြန်ထွက်သွားပါသည်။ ကျွန်တော်လည်း ခုမှ အရမ်းအားနာသွားမိသည်၊ ကိုစိန်ဝင်း၏ စာအုပ်မှတ်သဖြင့် အကျအန ယူဖတ်နေမိခြင်းဖြစ်သည်။ သူကလည်း စိတ်ရှည်ရှည် စောင့်ပေးနေရသည်မှာ အလွန်အားနာစရာ။ မနေနိုင်သဖြင့် ပုတီးကုန်းကို ပြောဖြစ်လိုက်သည်။
                             " ကိုစိန်ဝင်းရာ ဟိုလူ့ကို အားနာတာဗျာ၊ ကျွန်တော့်ကို စောင့်ပေးနေရတာ၊ ကျွန်တော်က ခင်ဗျား စာအုပ်အသစ်မှတိလို့ဗျ.."
                              ထိုအခါ မောင်စိန်ဝင်းဆီမှ တိုပြတ်ပြတ် စကားပြန်ထွက်လာ၏။ သူ့စကားအဆုံး လူမှာ မျက်နှာထူပူသွားပြီး လူတစ်ကိုယ်လုံး မြေကြီးထဲဝင် ပျောက်သွားချင်စိတ်ပင်ပေါ်လာပါသည်။ ကိုယ့်နဖူးကိုကိုယ် ဖြန်းကနဲသာ ရိုက်လိုက်မိပါတော့သည်။
                             " မင်းကလည်း အားနာတယ်သာပြော၊ ပါးစပ်က တယ်ဖွာသကိုးကွ၊ မင်းသိရင်ပိုတောင် ရှက်သွားမှာ၊ စောစောက ဆံပင်ညှပ်ပေးလိုက်တာ ဆရာမောင်ခခွေးပဲကွ...."

                               "ခန့်ညီဖေ" 16, January  2013, Wednesday..8:30 P;M

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...