Tuesday, January 8, 2013

တိုင်းရင်းသား အရေးဖြေရှင်းဘို့ ဒုတိယ အကြိမ်ပင်လုံညီလာခံ လိုအပ်ရဲ့လား။



by Aung Htoo on Tuesday, January 8, 2013 at 8:28am ·

 တိုင်းရင်းသားအရေးဖြေရှင်းရန် ပင်လုံကဲ့သို့အလားတူသော ၂၁ ရာစု ပင်လုံညီလာခံ (သို့မဟုတ်) ဒုတိယ ပင်လုံ ညီလာခံ ကျင်းပသင့်ကြောင်းအဆိုပြုသူများ ရှိသကဲ့သို့ လက်တွေ့ကျင်းပရန် ပြင်ဆင်စိုင်းပြင်း နေသံများပင် စတင် ကြားနေရသည်။ စာရေးသူအနေဖြင့်မူ ယင်းညီလာခံမျိုးကျင်းပရန် လုံးဝပင်မလိုအပ်ဟုရှုမြင်သည်။ အဘယ် ကြောင့် နည်း။

ပင်လုံညီလာခံသည် သမိုင်းတွင်ခဲ့ပြီးဖြစ်သည်။ တရားဝင်ခဲ့ပြီးဖြစ်သည်။ ပင်လုံညီလာခံ၏ တရားဝင်မှုကို မည်သူငြင်း နိုင်အံ့နည်း။ အလားတူအမည်ဖြင့် နောက်တကြိမ်ညီလာခံ တခု ထပ်မံကျင်းပမည်ဆိုလျှင် တ၇ားဝင်မှု ပြသနာတက် လာမည်။ ပထမပင်လုံညီလာခံက တရားဝင်သလား။ နောက်ထပ်ကျင်းပမည့် ဒုတိယညီလာခံက ပိုပြီး တရား ၀င် သလား။ ဥပဒေအရ ရှုတ်ထွေးသည့် ပြသနာပေါ်လာမည်။
ပြည်ထောင်စု တည်ဆောက်ရေးနှင့် စပ်လျှဉ်း၍ ဗိုလ်ချုပ် အောင်ဆန်းနှင့် ထိုခေတ်က တိုင်းရင်းသားခေါင်းဆောင် များ ပါဝင်တက်ရောက်ခဲ့သည့် ညီလာခံထက်ပို၍ တရားဝင် သော ညီလာခံ၊ ယခုလည်းမကျင်းပနိုင်၊ နောင်လည်းမည်သည့်အခါတွင်မျှ ကျင်းပနိုင်မည်မဟုတ်တော့ ပါ။ အကြောင်း မှာ မူလ ပင်လုံညီလာခံကျင်းပခဲ့စဉ်တုံးက နောက်ခံအခြေအနေကို လက်တွေ့ မည်သို့မျှ မရနိုင်တော့သောကြောင့် ဖြစ်သည်။ ရှင်းပါမည်။

(၁) ပြည်ထောင်စုမှာ မပါဝင်လျှင် နေ၍ရနိုင်ခဲ့သည့် အခြေအနေ
ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရခါနီး ပင်လုံစာချုပ်မချုပ်မီတွင် တိုင်းရင်းသားပြည်နယ်များသည် ပြည်ထောင်စု မှာ မပါလျှင် နေ၍ ရနိုင်ခဲ့သည့် အခြေအနေရှိခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် မြန်မာလူမျိုးများနှင့် အတူ လွတ်လပ်ရေး မယူဘဲ အင်္ဂလိပ်လက်အောက်မှာ ဆက်နေရန်၊ တဖြေးဖြေးမှ ၄င်းတို့၏ ကိုယ်ပိုင်လွတ်လပ်ရေး ယူသွားရန် ကြိုးပမ်း နိုင်ခဲ့သည့် အခြေအနေရှိခဲ့သည်။

တိုင်းရင်းသားပြည်နယ်များသည် မြန်မာများ နှင့် အတူ လွတ်လပ်ရေးမယူခဲ့ဘဲ အင်္ဂလိပ်လက်အောက်မှာ ဆက်နေခဲ့ လျှင်ပင် သက်ဆိုင်ရာ ပြည်နယ်များရှိ လူထုများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများယခုထက် အဆပေါင်း များစွာကောင်းနေမည်ဟု ယူဆသည်။

ဟောင်ကောင်ကို ကြည့်ပါ။ အင်္ဂလိပ်လက်အောက်မှာပင် တလျှောက်လုံး ဆက်နေခဲ့ပြီး ၁၉၉၇ ခုနှစ်ရောက်မှလွတ်လပ် ယူကာ တရုပ်ပြည်မကြီးနှင့် ပေါင်းသွားခဲ့သည်။ ဟောင်ကောင်တွင် ခိုင်မာသည့် ဥပဒေစနစ်ရှိနေဆဲ။ တဦးချင်း လွတ် လပ်မှု အားကောင်းနေဆဲ။ စီးပွားရေးတိုးတက်နေဆဲ။ တရုပ်ပြည်မကြီးတွင် အတိုးတက်ဆုံးဟု ပြောနိုင်သည့် ရှန်ဟိုင်း ထက်သာသည် ဟု သုံးသပ် ကြသည်။

၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် ချုပ်ကိုင်ခံထားရသည့် အခြေအနေအတိုင်းသာ ဆိုလျှင် တိုင်းရင်းသားပြည်နယ်များသည် နောက်ထပ်နှစ်ပေါင်းငါးဆယ် ကြိုးစားဦးတော့ ဟောင်ကောင်ယခုရှိနေသည့် အခြေအနေရရန်ပင် မလွယ်တော့ပါ။ ယခု ဒုတိယ အကြိမ်ပင်လုံညီလာခံကျင်းပမည် ဆိုကြပါစို့။ မူလပင်လုံညီလာခံ ကျင်းပစဉ်ကရှိခဲ့သည့် နိုင်ငံရေးအခြေ အနေ မျိုးကို အသိအမှတ်ပြုမလား၊ ပြည်ထောင်စုမှာမပါဘဲနေလိုကနေခွင့်ရသည့် အခွင့်အရေးပေးမလား ဟူ၍ ဦးသိန်းစိန် ခေါင်းဆောင်သည့် စစ်အစိုးရကို မေးကြည့်ပါ။ ပေးရန်ဝေး၍ ခွဲထွက်ရေးသမားဟု အမည်တပ်ကာ ပုဒ်မအမျိုးမျိုးဖြင့် မတရားချုပ်နှောင်ခံရမှာပင် စိုးရိမ်နေရသည်။

(၂) ယုံကြည်မှု ပြသနာ
ဗိုလ်ချုပ်အောင်ဆန်းအပေါ်ပုဂ္ဂိုလ်အရ ယုံကြည် ၍တကြောင်း၊ ပင်လုံစာချုပ်တွင် ၄င်းတို့လိုလားသော အချက်အလက် များ ပါဝင်ခဲ့သဖြင့် တကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပင်လုံစာချုပ်ကို ချုပ်ခဲ့ကြခြင်းဖြစ်သည်။ ၄င်းတို့၏ လွတ်လပ်သော နိုင်ငံတည်ထောင်ခွင့်ကို စွန့်လွှတ်ပြီး ပြည်ထောင်စုတွင် ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။ ယခုအချိန်တွင် ယုံကြည်မှုမှာ ပြသနာများစွာတက်လျှက်ရှိပြီ။ မည်သူ့ကို ယုံကြည်မည်နည်း။ မြန်မာမဟုတ်သော တိုင်းရင်းသားများ ဘက်က ကြည့်လျှင် မြန်မာများထဲက မည်သူ့ကို ယုံကြည်ရမည်ဟူသည်မှာ ပြသနာတက်နေပါပြီ။

ပြီးခဲ့သည့်ရက်ပိုင်းကမျှ ကေအင်ယူခေါင်းဆောင်များ သမတဦးသိန်းစိန်နှင့် တွေ့ခဲ့ကြသည်။ ဦးသိန်းစိန်က ကရင်လူထု ကြေနပ်စေရန် ကေအင်ယူခေါင်းဆောင်များအား စားကောင်းသောက်ဖွယ်များနှင့် ဧည့်ခံပြီး၊ ကရင်ဝတ်စုံ ၀တ်ပြလိုက် သည်။ ဤမျှသာဖြစ်သည်။ ကရင်လူထု ရသင့်ရထိုက်သည့် နိုင်ငံရေးအခွင့်အရေး တခုတလေမျှ မပေးလိုက်။ စစ်ခေါင်း ဆောင်များ လိုခြင်သည့် အပစ်အခတ်၇ပ်စဲရေးကိုသာ ခိုင်မာအောင်ထပ်လုပ်လိုက်သည်။ ကေအင်ယူ ခေါင်းဆောင်များ သည် လက်ချည်းဗလာနှင့် ပြန်လာခဲ့ရသည်။

တိုင်းရင်းသားများက မြန်မာခေါင်းဆောင်များအပေါ် ယုံကြည်မှုပျက်နေသလို၊ မြန်မာမဟုတ်သည့် တိုင်းရင်းသား အဖွဲ့ အစည်းများတခုနှင့် အခြားတခုအကြားတွင်လည်း ယုံကြည်မှုမှာ အားကောင်းကောင်းရှိမနေ။ ပင်လုံစာချုပ် မချုပ်ဆိုခင် က အခြေအနေမျိုးမရှိတော့။ ၁၉၆၂ ခုနှစ်စစ်အာဏာသိမ်းခဲ့ပြီးနောက် စစ်အစိုးရအဆက်ဆက်ကဖန်တည်းထားခဲ့သော ကြောင့်ဖြစ်သည်။

(၃) ကိုယ်စားပြုမှုပြသနာ
ပင်လုံစာချုပ် ချုပ်ဆိုသည့်အချိန်တွင် ကိုယ်စားပြုမှု ပြသနာလုံးဝမရှိခဲ့ပါ။ မြန်မာလူမျိုးများ အတွက် မရှိခဲ့သလို မြန်မာမဟုတ်သည့် တိုင်းရင်းသားများအတွက်လည်း မရှိခဲ့ပါ။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာလူမျိုးများကို ကိုယ်စားပြုသလို မြန်မာအစိုးရကိုလည်း ကိုယ်စားပြုခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း တဦးတည်း လက်မှတ်ထိုးခဲ့သည်။ ယခုအချိန်တွင် မြန်မာလူမျိုးများကို ကိုယ်စားပြု၍ မည်သူ လက်မှတ်ရေးထိုးချုပ်ဆိုမည်နည်း။  လက်ရှိသမတ ဦးသိန်း စိန် သည် မြန်မာလူမျိုးများအားလုံးကိုကိုယ်စားပြု၍ လက်မှတ် ရေးထိုးမည်ဆိုလျှင် မြန်မာတွေ တကယ် သဘောတူပါ မည်လား။ ဒေါ်အောင်ဆန်းစုကြည် က ကိုယ်စားပြု၍ လက်မှတ် ထိုးမည် ဆိုလျှင်ရော ဗိုလ်ချုပ်ဟောင်း သစ်တွေ အားလုံး သဘောတူပါမည်လား။

တိုင်းရင်းသားများ၏ ကိုယ်စားပြုမှုမှာလည်း အလားတူ ရှုတ်ထွေးနေသည်။ ဥပမာ အားဖြင့် ယခုအချိန်တွင် ကရင်အဖွဲ့ အစည်း အမျိုးမျိုးရှိနေသဖြင့် ကရင်လူမျိုး ကို မည်သူကိုယ်စားပြုမည်နည်း။ ကေအင်ယူက တာဝန်ယူလက်မှတ်ထိုး မည်ဆိုလျှင် အခြားအဖွဲ့များကြေနပ်ပါမည်လား။ ရှိသမျှ ကရင်အဖွဲ့များ အကုန်ဝင်ပြီးလက်မှတ်ထိုးမည် ဆိုလျှင် စာချုပ် ၏ အင်္ဂါရပ်နှင့်သင့်တော်ပါမည်လား။ အခြားလူမျိုးများမှာလည်း အလားတူ ပြသနာရှိနေသည်။

ပင်လုံစာချုပ်ပြသနာလား၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြသနာလား။
စာရေးသူ၏အမြင်မှာ ပင်လုံစာချုပ်သည် ပြသနာမရှိ။ တိုင်းရင်းသားများလိုလားသည့် ဒီမိုကရေစီအခွင့်အရေး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် အခွင့်အရေးများ ပါရှိနေပြီးဖြစ်သည်။ မူအားဖြင့် ဤမျှလောက်ဆိုရလောက်ပြီ။ အနှစ်သာရအရ ပြည့်စုံ လောက် ပြီ။ ပြသနာမှာ စာချုပ်ပါ အနှစ်သာရကို အကောင်အထည်ဖေါ်နိုင်ရေးအတွက် ရေးဆွဲပြဌာန်းခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေများဖြစ်သည်။

၁၉၄၇ အခြေခံဥပဒေတွင် ၃၅% ခန့်ပြသနာရှိခဲ့သည်။ ၁၉၇၄ အခြေခံဥပဒေတွင် ၇၀% ခန့် ပြသနာရှိခဲ့သည်။ လက်ရှိ ၂၀၀၈ အခြေခံဥပဒေတွင် ၁၀၀% ပြသနာရှိနေပြီ။ သို့ဖြစ်၍ ဆွေးနွေးရမည့်ကိစ္စမှာ ၁၉၄၇ ပင်လုံစာချုပ်၏ အနှစ်သာရ ကို ဖေါ်ဆောင်နိုင်ရေးအတွက် မည်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုကို တည်ဆောက်သင့် သနည်း ဟူ၍  သာဖြစ်သည်။

စစ်အစိုးရကျင်းပပေးမည့် ပင်လုံကဲ့သို့အလားတူညီလာခံ သို့မဟုတ် တိုင်းရင်းသားညီလာခံကို မည်သို့ရှုမြင်သင့်သနည်း။
တိုင်းရင်းသားအင်အားစုများ ဆက်လက်တောင်းဆိုပါက ဦးသိန်းစိန် အစိုးရသည် အားလုံးပါဝင်ခွင့်ရမည့် ပင်လုံကဲ့သို့ အလားတူ ညီလာခံမျိုး မုချကျင်းပပေးပါမည်။ ဗေဒင်မေးလျှင် ဆန်ကုန်ပါမည်။ မယုံမရှိပါနှင့်။  စစ်အစိုးရက  အတု အယောင် အမျိုးသား ညီလာခံကို ကျင်းပခဲ့ဘူးပြီ။ လက်ရှိသမတ ဦးသိန်းစိန်မှာ ဤကိစ္စ၌ အကျွမ်းကျင်ဆုံး ဖြစ်သည်။ သူကိုယ်တိုင် ကျင်းပရေးကော်မတီ ဥက္ကဌ လုပ်ခဲ့သည်။ ပင်လုံကဲ့သို့အလားတူညီလာခံ ဟူသည်တွင်လည်း ဟိုအဖွဲ့၊ သည်အဖွဲ့ အဖွဲ့ပေါင်းစုံကို ဖိတ်၊ အစိုးရက ပေးကမ်းထောက်ပံ့လက်သပ်မွေးထားသော တိုင်းရင်းသား ခေါင်း ဆောင် အမည်ခံထားသည့် ပုဂ္ဂိုလ်အမျိုးမျိုးကို ဖိတ်ကာ အုတ်အရောရော ကျောက်အရောရော ညီလာခံကြီး တခုပေါ် လာပါဦး မည်။ စစ်မှန်သည့် တိုင်းရင်းသားခေါင်းဆောင်များက ကန့်ကွက်ဦးတော့၊ မည်သူတက်သင့်သည်၊ မည်သူ မတက်သင့် ငြင်းခုံဆွေးနွေးနေသည်ကပင် တနှစ်ခန့်ကြာသွားနိုင်သည်။

အတုအယောင်အမျိုးသားညီလာခံ ကျင်းပခဲ့ရာ၌ (၁၅) နှစ်ကြာခဲ့သည်။ အချိန်ဆွဲရာ၌ အတွေ့အကြုံအင်မတန် ကြီးမား သော သမတ ဦးသိန်းစိန်က ဒုတိယ ပင်လုံညီလာခံကို ခေါင်းဆောင်ကျင်းပလျှင် နှစ်ပေါင်း (၃၀) ခန့် ကြာပါ ဦးမည်။ လက်ရှိတိုင်းရင်းသားခေါင်းဆောင် အများစုကြီးမှာ အသက် ၆၀ နှစ် အထက်ရှိနေကြပြီ။ ညီလာခံပြီးသည့် အချိန်၌ မည်သူမျှ အသက်ရှိတော့မည် မထင်ပါ။ ဒေါ်အောင်ဆန်းစုကြည်လည်း ထိုအထဲတွင်ပါသွားပါမည်။ စာေ၇းသူလည်း ကျန်မည်မဟုတ်ပါ။ သင်္ခါရနောက် သို့လိုက်ကြရပါမည်။ ညီလာခံကြီးမှာ ဘာတခုမှ ရေရေရာရာ မချမှတ်နိုင်ဘဲ နောက်မျိုးဆက် အဆင့်ဆင့် လက်ဝယ် သို့ စစ်အာဏာရှင်စနစ် အမွေ၊ တိုင်းရင်းသားများအတွက် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ကင်းမဲ့သည့် အမွေ ဆိုး များကိုသာ ချန်ထားရစ်နိုင်ဘို့ သေချာသလောက်ဖြစ်သည်။ သို့ဖြစ်၍ ညီလာခံလမ်းကြောင်းကို လုံးဝပင် မလိုက်သင့် ပါ။

ဖွဲ့စည်းပုံပြသနာကို ဖွဲ့စည်းပုံနှင့် ရှင်း။
တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းအများစုကြီး၏ ရပ်တည်ချက်မှာ ရှင်းသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သည် တိုင်းရင်းသားများလိုလားသည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် မရနိုင်ဟူ၍ဖြစ်သည်။ ၂၀၀၈ ဥပဒေသည် လူထုရင်ဆိုင်ကြုံတွေ့နေရသော မည်သည့် ပြသနာကြီးကိုမျှ မရှင်းနိုင်။ အခြားအရေးကြီးသည်များကို ထားပါဦး။ ပြည်ထောင်စုနှင့် စပ်လျှဉ်း၍ တချက်တည်းထောက်ပြပါမည်။ တိုင်းရင်းသား တပ်များ၏ တည်ရှိမှုကို ၂၀၀၈ ဖွဲ့စည်းပုံ သည် လုံးဝမရှင်းနိုင်။ ဖွဲ့စည်းပုံကတခြား၊ ပကတိ တည်ရှိနေသော အနေအထားများက တလွဲဖြစ်နေသည်။ ၂၀၀၈ ဥပဒေအရ တည်ရှိနေသည့် တိုင်းပြည်အဆောက်အအုံများသည် စစ်အစိုးရ အုပ်ချုပ်ရေးယန္တယား လည်ပတ်ရေး အတွက်သာ ထောက်ကူထားပြီး လူထုအခွင့်အရေးကို ကာကွယ်စောင့်ရှောက်မှု မည်သို့မျှမပြု။ ၂၀၀၈ ကိုအခြေပြု၍ မတရားဥပဒေများသာ တောက်လျှောက်ထွက်ပေါ်နေသည်။ ယခင်က တည်ရှိခဲ့သော မည်သည့် မတရားဥပဒေ ကိုမျှ ရုပ်သိမ်းနိုင်ခြင်းမရှိ။

တိုင်းရင်းသားအဖွဲ့အစည်းများအား နိုင်ငံရေးဆွေးနွေးပွဲ ဟူသည်များနှင့် အချိန်ဆွဲထား၊ ပင်လုံနှင့် အလားတူသော ညီလာခံ၊ တိုင်းရင်းသားညီလာခံ၊ ဟိုညီလာခံ သည်ညီလာခံ ဆိုသည်များ ကျင်းပပေးပြီး နှစ်ပေါင်း (၃၀) ခန့် မြှော ထားစဉ်တွင် ၂၀၀၈ အခြေခံဥပဒေသည် အလံထူနေမည်။ အောင်ပွဲဆင်နေမည်။ ၂၀၀၈ ဖွဲ့စည်းပုံအပေါ် အခြေခံလျှက် ရွေးကောက်ပွဲတခုပြီးတခုကျင်းပ နေမည်။ ဤသည်မှာ စစ်အစိုးရဖန်တည်းနေသော လမ်းပြမြေပုံနောက်တခုဖြစ်သည်။ ဤလမ်းပြမြေပုံအတိုင်းသွားလျှင်  ထာဝရ ငြိမ်းချမ်းရေး ရမည်ဟုလည်း ကြွေးကြော်နေကြသည်။

တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဆွေးနွေး၍ ရရှိသည့်ရလာဒ်များအား လွှတ်တော်တင်ပေးပါမည်၊ အတည်ပြုရုံပါဘဲ ဟူ၍ ဦးသိန်းစိန် အစိုးရက ချော့မြူခေါ်ဆောင်လျှက် ရှိသည်။ မည်မျှပင် နှစ်ပေါင်းကြာအောင်ဆွေးနွေးသည်ဖြစ်စေ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်အတွင်းမှာသာ လမ်းဆုံးသွားစေ၇န်ဖြစ်သည်။ စစ်အာဏာရှင်ဟောင်း သစ်များ မှာ နိုင်ငံရေးအရလူထုကို လှည့်ဖြားခဲ့သည့် အတွေ့အကြုံများနေကြပြီ။ ပရိယာယ်ေ၀၀ုဒ်များလှသည်။ တိုင်းရင်းသား များသည် လမ်းကြောင်းမှားကို ယောင်မှား လျှောက် မိလျှင် ပြည်ထောင် စု တရပ်လုံး နောက်ထပ် မျိုးဆက်ပေါင်းများစွာ ချီ၍ နစ်နာပါဦးမည်။

ယင်းကို ဖြတ်ကျော်၇န်မှာ နည်းလမ်းတခုတည်းသာရှိသည် ဟု စာရေးသူယူဆသည်။ ၂၀၁၂ ခုနှစ် နိုဝင်္ဘလာ ၂ ရက် နေ့တွင် လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက တိုင်းရင်းသားများလိုလားသည့် ဖက်ဒရယ် ဥပဒေ ပြုစုရန် သဘောတူ ကြောင်း ပြောကြားသွားခဲ့ပြီးဖြစ်သည်။ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနှင့် ဒီမိုကရေစီအင်အားစုများ စုပေါင်းကာ ၁၉၉၀ ခုနှစ်ကထဲက စတင်ရေးဆွဲခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ပထမ မူကြမ်းအဖြစ် အတည်ပြုထားသည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရှိသည်။ နိုင်ငံရေးဆွေးနွေးပွဲများတွင် ယင်းမူကြမ်းကို စတင်ဆွေးနွေးသည်မှာ အကောင်းဆုံးဖြစ်ပါမည်။

စာရေးသူသည် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးနှင့် ညီနိုင်းမှုကော်မတီ (FCDCC) က ပြုစု ထား သည့် ဖက်ဒရယ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ (ပထမမူကြမ်း) စာအုပ်ကလေး အား ပြည်တွင်းမှ မီဒီယာသမား အမျိုးသမီးတဦးအား မကြာသေးမီက ထုတ်ပြခဲ့သည်။ သူမသည် အံ့သြ တကြီးနှင့် ဟိုလှန် သည်လှန် အကြမ်းဖျင်းဖတ် ကြည့်ရုံသာမက တန်ဘိုးထားမှုကို ပြသည့်အနေဖြင့် စာအုပ်ကလေးအား နမ်းရှုံ့ခဲ့သည်။ ပြည်တွင်း လူထု ကြီးသည် စစ်မှန်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ငတ်မွတ်နေခဲ့သည်မှာ ဆယ်စုနှစ် ငါးစု ရှိခဲ့ပါပြီ။

နိုင်ငံရေးဆွေးနွေးပွဲများတွင် မည်သည့် အင်အားစုများ ပါသင့်သနည်း။
ကုလသမဂ္ဂကပင် သဘောတူချမှတ်ပေးထားသည့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ရှိပါသည်။ သို့ရာတွင် ယင်းမှာ လက်တွေ့ အခြေအနေကို မထင်ဟပ်တော့ပါ။ ဒီမိုကရေစီအင်အားစု များကို ကိုယ်စားပြုသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ လွှတ်တော်အတွင်းဝင်ရောက်သွားခဲ့ပြီ။ သို့ဖြစ်၍ တပွင့်ပြုတ်သွားပြီး နှစ်ပွင့်သာ ကျန်သည်ဟု စာရေးသူယူဆသည်။ နှစ်ပွင့်အနက် တပွင့်မှာ ယူအင်န်အက်ဖ်စီ ဦးဆောင်ပြီး လွှတ်တော် ပြင်ပရှိ စစ်မှန်သည့် တိုင်းရင်းသားခေါင်းဆောင်များပါ ကိုယ်စားပြု ပါဝင်ခွင့်ရစေမည့် တိုင်းရင်းသားအင်အားစုများ ဖြစ်မည်။ ကျန်တပွင့်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့ခေါင်းဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် များ နှင့် ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရကိုယ်စားလှယ်များ ဖြစ်ပါမည်။

အသင့်ရေးဆွဲပြီးဖြစ်သည့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအပေါ် ယင်းနှစ်ပွင့် ထိုင်ဆွေးနွေးခွင့်ရလျှင် တနှစ် ထက်ပိုပြီး မကြာနိုင်ပါ။ ကြိုက်သလိုပြင်ဆင်ဖြည့်စွက်ပြီး နောက် ကုလသမဂ္ဂ၏ ကြီးကြပ်မှုကို တောင်းခံကာ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲ များကို နောက်ထပ်တနှစ်အတွင်းပြီးအောင်လုပ်နိုင်ပါသည်။ ၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းပုံအသစ် အပေါ် အခြေပြု၍ အထွေထွေရွေးကောက်ပွဲများကို ကျင်းပနိုင်ပါမည်။ တခုခုကို အသေအချာဦးတည် တောင်းဆို တိုက်ပွဲဝင် ခြင်းမရှိလျှင် ၂၀၁၅ ရောက်သည့်အချိန်အထိ ဘာတခုမျှ ရေရောရာရာမရှိဘဲ ၂၀၀၈ ဖွဲ့စည်းပုံကြောရိုးများအတိုင်း ဆက်လက်စီးမျောသွားမည်ကို စိုးရိမ်မိပါသည်။

ဖက်ဒရယ်ဖွဲ့စည်းပုံမူကြမ်းတွင် ၀န်ကြီးချုပ်ဦးဆောင်သည့် ပါလီမန်စနစ်ကို ကျင့်သုံးထားသော်လည်း သမတ သည် ၁၉၄၇ အခြေခံဥပဒေမှာကဲ့သို့မဟုတ် သတ်မှတ်ထားသည့် အခွင့်အာဏာ ရှိကြောင်းတွေ့ရသည်။ နိုင်ငံရေးအာဏာ ရယူရန်ဆန္ဒရှိသော ဒေါ်အောင်ဆန်းစုကြည် သည်  ဖွဲ့စည်းပုံသစ်နှင့် အညီ တနေရာယူထားပြီး အခြားတနေရာမှာ တိုင်းရင်းသားခေါင်းဆောင်တဦးဦး ယူထားခြင်းဖြင့် လှပသော နိုင်ငံရေးရှုခင်းတခုပေါ်လာနိုင်ပါမည်။ တပ်မတော် မှာ မူ ဘားတိုက်ပြန်သင့်သည့် အချိန်ထက် ပိုလွန်နေပါပြီ။ စစ်တပ်က နှစ်ပေါင်း ၅၀ နိုင်ငံရေးအာဏာကို ချုပ်ကိုင်ထားပြီး နောက် မြန်မာ နိုင်ငံသည် အရှေ့တောင်အာရှ၏ အချမ်းသာဆုံးနိုင်ငံစာရင်းဝင် အဖြစ်မှ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ တနိုင်ငံ ဘ၀ သို့ ကျရောက်သွားခဲ့ရပြီ။ လူထုကိုထားပါဦး။ တပ်အောက်ခြေထုများကိုပင် ထမင်းနပ်မှန်အောင် မကြွေး နိုင်တော့။ စစ်တပ်က နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုမှာ တော်လောက်ပြီဖြစ်သည်။

ကေအိုင်အို၏ ခုခံစစ်နှင့် နိုင်ငံရေးအပြောင်းအလဲ
ကေအိုင်အို၊ ကေအိုင်အေသည် ၁၇ နှစ်တာ အပစ်ရပ်ခဲ့သည့် အတွေ့အကြုံရှိခဲ့ပြီ။ ကချင်ပြည်နယ် လူထုအတွက်ရော ပြည်ထောင်စု တခုလုံးအတွက်ပါ မည်သည့် နိုင်ငံရေး အခွင့်အရေးမျှ မရခဲ့။  သို့ဖြစ်၍ ဖက်ဒရယ် ပြည်ထောင်စု တည် ဆောက်ရေးနှင့် စပ်လျှဉ်းသည့် နိုင်ငံရေး အပြောင်းအလဲ ခြေခြေမြစ်မြစ် အာမခံချက်မရှိဘဲ အပစ် အခတ် ရပ်စဲရေး လက်မှတ်မထိုးနိုင်ဟု တင်းခံကာ တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း စာရေးသူ နားလည်သည်။ ၄င်း ထမ်း ထားရသည့် နိုင်ငံရေးတာဝန်မှာ ကြီးမားလှသည်။ ရင်ဆိုင်နေရသည့် စစ်ရေးအန္တရာယ်မှာ ကြောက်ဖွယ် ကောင်းလှ သည်။ ဤသည်ကို တန်ဘိုးထားဘို့ လိုပါမည်။

အထူးသဖြင့် “One for all, All for one” တယောက်ထိရင် မခံဘဲ အားလုံးဝိုင်းချကြမယ် ဟူသော ကြွေးကြော်သံကို စာလုံးအကြီးဆုံးများဖြင့် ရေးသားလွှင့်ထူကာ အစည်းအဝေးကြီးများကျင်းပလေ့ရှိသည့် တိုင်းရင်းသားတပ်ပေါင်းစုကြီး ဖြစ်သော ယူအင်န်အက်စီ သည် ကေအိုင်အို အသဲအသန်ခံနေရသော်လည်း ထုတ်ပြန်ချက်ထုတ် သည့်အဆင့်မှ မပို၊ မည်သည့် လက်တွေ့တုန့်ပြန်မှုမျှ မရှိသေးသည်မှာ ၀မ်းနည်းဘွယ်ဖြစ်သည်။

အောင်ထူး (ရှေ့နေ)                                                                              ဇန်န၀ါရီလ (၈) ရက် ၂၀၁၃ ခုနှစ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...