သေ့ဘောဘိုးစခန်း၏ ဖြစ်ရပ်မှန်များ
by Aung Tha Nge on Sunday, January 20, 2013 at 9:24pm ·

ကျနော်တို့ဟာ ဖြန့်ကျဲခံလိုက်ရတဲ့ မျိုးစေ့တွေလိုပါပဲ... ကျရာ အရပ်မှာ ပေါက်ဖွားရှင်သန်ခဲ့ကြရတယ်... သို့သော်လည်း ကျနော်တို့ဟာ သွေးသား အရင်းတွေသာ ဖြစ်တယ်... အတူတကွ မဖူးပွင့်ကြရသည့်တိုင် တဦးကိုတဦး လှမ်းမြင်နိုင်ကြရသေးတာကိုကပဲ ကုသိုလ်ကံကောင်းခဲ့ကြလို့ ဖြစ်တယ်...
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး-လို့ အမည်ရတဲ့ လက်နက်ကိုင်တော်လှန်ရေးတခုကို ဖော်ဆောင်နေတဲ့ အဖွဲ့အစည်းတခုမှာ အတူတကွ ၀င်ရောက်ပါဝင်လာကြတဲ့အခါ... ကျနော်တို့ဟာ ညီရင်းအကို မောင်နှမတွေထက်တောင် ပိုပြီး နီးစပ် ထိကပ်ကြပါသေးတယ်... အဲ့သည့် အကြောင်းတရားကတော့ ကျနော်တို့ရဲ့ ယုံကြည်မှုပါ...
ပိုးတကာ့ ပိုးထဲမှာ ငှက်ဖျားပိုး-က မကြောက်ရဘူး... သော့ဘောဘိုးက ကြောက်ရတယ်-လို့ မကဒတ ဗဟိုကော်မတီက နောက်ပြောင်ပြောသည်အထိ ကျနော်တို့ သေ့ဘောဘိုးစခန်းက လက်သံပြောင်ခဲ့ပါတယ်... နယ်စပ်မှာရှိသမျှ ကျောင်းသား စခန်းတွေမှာ... သေ့ဘောဘိုးက အကြီးဆုံး... ပြဿနာအများဆုံး... ကေအန်းယူရဲ့ ဥက္ကဌ ဗိုလ်ချုပ်မြကိုတောင် ဆန္ဒပြ လွှတ်လိုက်တာ... သေ့ဘောဘိုး...
ခေတ်သစ် တော်လှန်မှုသမိုင်းမှာ သေ့ဘောဘိုး-ကိုတော့ ဘယ်သူမှ ချန်လှပ်ထားခဲ့လို့ရမှာ မဟုတ်ဘူး... ထို့အတူ... သေ့ဘောဘိုးရဲ့ သားပျို သမီးပျိုတွေကိုလည်း ချန်လှပ်ထားခဲ့လို့ မရဘူး...
ခုတော့ သေ့ဘောဘိုး စခန်း ဖြစ်ရပ်မှန်များ-ဆိုပြီး စာအုပ်တအုပ် ထွက်လာတော့ သည် ညီအကိုမောင်နှမတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားရပြီ....
ကျနော် သိပါတယ်... ကျနော်တို့ အားလုံးဟာ သွေးမကျဲဘူး... ကျား-ကျား မ-မ... သေ့ဘောဘိုးစခန်းက ဒင်တွေချည့်...
ခုလို စာအုပ် တအုပ် ထွက်လာတော့... ဘယ်သူရေးတာလဲ... ဘာတွေ ပါမှာလဲ... ကျနော်တို့ မောင်နှမတွေ အလုပ်များသွားကြပြီ...
အားလုံးက အဖြစ်မှန်ကိုသာ လိုလားတယ်...
တယောက်ကိုတယောက် မက်ဆေ့တွေလှမ်းပို့ကြ... မေးကြ... မြန်းကြ... ရှုပ်ရှက်ခပ်သွားကြတာပါပဲ...
အဲ့သည်မှာ သေ့ဘောဘိုးရဲ့ သံယောဇဉ် ကြိုးတွေကို မြင်လိုက်ရတယ်...
ကျနော်တို့ မောင်နှမတွေဟာ နေရာဒေသတွေသာ ကွဲလွဲတယ်... နှလုံးသားတွေကတော့ တထပ်တည်းပဲ...
အဲ့သည် စာအုပ်ကို ဘယ်သူ ရေးတယ် ဆိုတာ ကျနော် သိပြီ... စာအုပ်ကို ကျနော် မဖတ်ရသေးပေမယ့်... မဟုတ်တမ်း တရားတွေကို သူ မရေးလောက်ဘူးလို့ ကျနော် ယုံကြည်နေတယ်...
ဒါ့အပြင် ရေးဖို့သင့်တယ်လို့ သူယုံကြည်လို့ ရေးတာပါ-လို့ ကျနော် ယုံကြည်နေတယ်...
(atn)
0 comments:
Post a Comment