Monday, January 21, 2013

ဆရာဝန်နဲ့လူနာကြားက-သင်ခန်းစာများ - ၁


"ကျနော်ဗိုက်ထဲက အကောင်ကိုက်သလို စစ်ခနဲ စစ်ခနဲ ဖြစ်တယ်ဆရာ"
"အင်း... " စိတ်ရှည်ရတော့မယ့် လူနာပဲ လို့ တွေးရင်း စကားထောက်ပေးရုံသာ။ အချိန်တွေ အများကြီးပေးရတော့မည့် လူနာမို့ အရင်းရှုံးသည်ဟု တွေးလိုက တွေးနိုင်သည်လေ။
"ပြီးတော့ ဗိုက်ထဲမှာ အကောင်သွားနေသလို ယားကျိကျိနဲ့"
"ဟဲ့ မမေးဘဲ မပြောနဲ့လေ" အဲဒီလူနာကို လိုက်ပို့တဲ့ Sister ကြီးက ၀င်ဟန့်သည်။ "ရပါတယ် ဆရာမကြီးရယ်။ သူပြောချင်တာ ပြောပါစေ"။ ဆရာမကြီးကလည်း ကျနော်လူနာကို ငေါက်တော့မည်ဟု မှန်းဆပြီး စကားနည်းနည်းပြောဖို့ လူနာကို ၀င်ငေါက်တာ။ မေးကြည့်တော့မှ ဆရာမကြီးရဲ့ အမျိုးတဲ့။

"အဲဒီအကောင်တွေက ကိုက်ရင် အမဲစက်တွေ ဖြစ်ကုန်တယ်ဆရာ" ဒီတခါ လူနာစကားကြားတော့ မျက်လုံးပြူးရသူက ကျနော်။ ဆက်ပါဦး၊ နောက်ထပ်ဘာတွေ ဖြစ်သေးလဲ လို့ အားပေးရ။

"ကျနော့်မိန်းမလည်း ကူးကုန်ပြီဆရာ။ သူလည်းး ယားတယ်၊ အမဲစက်တွေလည်း ပေါ်လာတယ်။ ပြီးတော့ ကျနော် ဆီးတွေပူတယ်။ အာလည်း ပူတယ်။ ဒီမယ်ကြည့်ဆရာ၊ ကျနော်မျက်စိအောက်မှာ ဖြူလာတယ်" တကယ်တော့ သူက တော်တော် အသားမည်းသူ။ မျက်ကွင်းလည်း တော်တော်ညိုသည်။ အောက်မျက်ခမ်းအောက်က ညိုနေတဲ့ နေရာကို လက်ညှိုးနဲ့ ထောက်ပြသည်။ တော်တော်ကို Formula ထုတ်မရတဲ့ ရောဂါလက္ခဏာတွေ။ သူ့ရဲ့  Idea ကို တည့်တည့်မေးကြည့်မှ။

"အိုကေ.. ဒီတော့ ခင်ဗျား ဘာရောဂါဖြစ်နေတယ် ထင်တုန်း"

ဒီလို မေးလိုက်တော့ လူနာက ကျနော်မသိပါလို့ ကမန်းကတမ်းဖြေရှာသည်။ ကိုယ်ထင်တဲ့ ရောဂါကို လူနာမှာ ပြောခွင့်မရှိ။ ကျနော်ဘာဖြစ်နေတာထင်တယ်ဆရာ လို့ ပြောကြည့်ပါလား။ "ခင်ဗျားက ဆရာဝန်လား ကျနော်က ဆရာဝန်လား။ ရော့နားကြပ်၊ ဒါက Pressure Cuff၊ ခင်ဗျားဘာသာကုတော့" လို့ ဆရာဝန်တွေက ဘုတောတာ သူကြားဖူးဟန်တူ။

"ဟုတ်ပါဘူး။ ကျနော်က ခင်ဗျား သိ နေမယ်လို့ မမျှော်လင့်ပါဘူး။ ဒါပေမဲ့ ခင်ဗျားစိတ်ထဲမှာ ငါတော့ ဘာဖြစ်နေပြီထင်တယ်လို့ တွေးမိတာ ရှိမှာပါ။"

၂ခါ ၃ ခါလောက် အာမခံတော့မှ သူအထင်ကို ပြောရှာသည်။ သူက ထွေလာဂျီမောင်းတာ မဟုတ်လား။ ရွာနဲ့ မြို့ နဲ့ ကုးတဲ့ လူတွေကို လိုက်လိုက်ပို့ရတာမို့ သူ့ကို လူနာတွေဆီကများ ရောဂါတွေကူးပြီလားမသိတဲ့။ ဆံပင်ညှပ်တဲ့ ဒါးတွေကလည်း ကူးတယ်တယ်မဟုတ်လားတဲ့။ ဒါဆို သူ့ ကိုယ်သူ ကူးစက်ရောဂါ (ပိုး) တစ်ခုခု ကူးနေပြီထင်နေတာပေါ့။ ဘာရောဂါတွေ ကူးတတ်တယ်ထင်လဲ မေးကြည့်တော့ အေ ဘီ စီတွေ ကာလသားရောဂါတွေကို ကြားဖူးကြောင်းပြောသည်။ ဒီလို ကားဒရိုင်ဘာလို လူမျိုးတွေက သတင်းစုံတတ်သည်။ သူကြားဖူးနားဝတွေနဲ့ သူ့မှာ ဖြစ်နေပြီ ထင်နေဟန်တူသည်။

"ကျနော် အေဘီစီ ကို မုံရွာမှာ ၂ ခါ စစ်ပြီးပြီဆရာ။ ကာလသားပိုးကိုလည်း မြင်းခြံသွား စစ်ပြီးပြီတဲ့။" ရွာမှာ နေသူတစ်ယောက်ရဲ့  သောက။

"ဒါဆို ခင်ဗျားကိုယ်ခင်ဗျား အကောင်တွေ အကိုက်ခံနေရတယ်လို့ ထင်တယ်ပေါ့။' ဟုတ်တယ်ဟု အပြေးအလွှား ထောက်ခံသည်။ ပိုးကောင်အရွယ်ကို စိတ်ထဲမှာ ဘယ်အရွယ်လောက်ထင်သလဲ လို့ မေးကြည့်သည်။ သူက ချက်ခြင်းမပြောနိုင်။ ဆန်စေ့၊ နှမ်းစေ့ စသည်ဖြင့် ဥပမာပေးမေးရင်းဖြင့် ဆံပင်လောက်ဟု ဈေးတည့်သွားကြသည်။

"အဲဒီအကောင်တွေ ဘယ်နေရာမှာနေနေကြတယ် ထင်သလဲ။ အရေပြားပေါ်မှာလား၊ ကိုယ်ထဲမှာ ထင်လား" လို့ မေးကြည့်တော့ အရေပြားအောက် ကိုယ်ထဲမှ လျှောက်သွားနေတယ် ထင်သတဲ့။

သူပြောတဲ့ အနက်စက်တွေကို ထကြည့်သည်။ သူကတော့ ဒါလေးတွေက ပျောက်သွားတတ်သည်တဲ့။ အိတ်ထဲ မှန်ဘီးလူးကို ထုတ်ယူပြီး သေသေချာချာ ကြည့်တော့မှ လားလား၊ မှဲ့ တွေ။

မှဲ့တွေ မဟုတ်ပါတဲ့။ ငယ်ငယ်က မရှိပါတဲ့။ မှဲ့ ဆိုတာ ကြီးမှ ပေါ်လာတာ အများကြီးရှိကြောင်း၊ ပြောတော့ သိပ်မယုံချင်။ ကျနော့်မှာ ရှိတဲ့ မှဲ့တွေ လှန်လှောရှာပြရတော့သည်။ ဒါတောင်သူက သူ့ဟာတွေက ဖျက်ရင် ပျက်သည်တဲ့။ ဒါဆို ဖျက်ဗျာလို့ ပြောပြီး အရက်ပျံဂွမ်းကို ယူပေးလိုက်သည်။ မပျက်။ ဘေးလူတွေက သူတို့ရှိသည့် မှဲ့တွေပါ လှန်ပြပြီး သူ့ကို ဖျောင်းဖြရသည်။

"နောက်ပြီး ခင်ဗျားထင်သလို ပိုးကောင်တွေက မကြီးဘူး။ အဆပေါင်း သိန်းသောင်းချီချဲ့ တဲ့ မှန်ဘီလူးအောက်ကြည့်မှ မြင်ရတာ" တအံ့တသြ ဖြစ်သွားသော လူနာ မျက်နှာ။

"ကျနော်တို့ ဆရာဝန်တွေ ပြောပြောနေတဲ့ ရောဂါပိုးက ခင်ဗျားထင်သလို မကိုက်တတ်ဘူး" ဟုတ်တယ်လေ။ အရပ်ထဲမှာ အေ ကိုက်တယ်လို့ ပြောပြောနေကြတော့သူ့ခင်ဗျာ ရောဂါပိုးတွေ တစ်ကိုယ်လုံး လှည့်ပါတ် ကိုက်နေတယ်လို့ သူထင်နေနိုင်တာ။

"ရောဂါပိုးတွေမှာ ပုရွက်ဆိတ်တွေလို ကြမ်းပိုးတွေလို ပါးစပ်မပါဘူး၊ သွားမပါဘူး။" လူနာမျက်နှာမှာ စိုးရိမ်စိတ်လျော့သွားတဲ့ ဟန် ပေါ်လာသည်။ နောက်ပြီး ခင်ဗျားမှာ ကူးစက်ရောဂါ မရှိကြောင်း ဆေးစစ်ပြီးသား ဟု ထောက်ပြရသည်။ ဒီတော့မှ ဆီးပိုးမွေးထားတဲ့ အဖြေတစ်ခု ထုတ်ပြသည်။ E;coli အကောင်ပေါက်သတဲ့။

"ဒါဆို ဒီဆီးလမ်းကြောင်း ပိုးဝင်တာကကောဆရာ" တဲ့။

"ဒါကတော့ သူများဆီက ကူးစက်လာတဲ့ ကာလသားရောဂါ ဂနိုရောဂါလို ရောဂါမျိုး မဟုတ်ဘူးလေ။ ဒီပိုးက ပေါင်ခြံတွေ စအိုတစ်ဝိုက်တွေမှာ ရှိနေတတ်တဲ့ ပိုးပဲ။ ဒါလဲ ကုပြီးသားးမဟုတ်လား"

"အော် ဒီလိုလား။ ကုတော့ ကုပြီးသားဆရာ" တဲ့။

ဒီတော့မှ လိုအပ်သလို ဆီးလမ်းကြောင်းမှာ ရောဂါတွေ ပြန်ရှာကြည့်ဖို့၊ ယားနေတဲ့ အကြောင်းရင်းကို ပြန်ရှာကြည့်ဖို့၊ အနက်စက်တွေက မှဲ့တွေသာ ဖြစ်ကြောင်း သူနဲ့ ကျနော် သဘောတူညီမှု ရသွားကြသည်။ ပြန်ထွက်တော့ သူက တစ်ခွန်း လှမ်းပြောသည်။

"ဆရာ ကျနော် ပင်နယ်ဆီလင် မတည့်ဘူးနော်" တဲ့.. စိုးရိမ်တတ်ပုံ။

ဟုတ်ကဲ့.. မန္တလေးမှာ ဆေးကုရတာ ပျော်ဖို့ကောင်းပါသည်။ ရန်ကုန်ဆို ဒီလို ပျော်စရာကောင်းချင်မှ ကောင်းမှာ။

( Updated to https://www.facebook.com/notes/maung-maung-oo/ဆရာဝန်နဲ့လူနာကြားက-သင်ခန်းစာများ၁/355463441146339 )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...