ဗာရာဏသီဆောင်းဝါကျများ
by Dhamma Ganga on Sunday, January 20, 2013 at 9:05pm ·

(၁)
အမေခြုံပေးသည့် ဘာဘူစောင်နွမ်းနွမ်လေးနှင့် ဝေးကာ ကိုယ့်ဘာသာကိုယ် စောင်ခြုံခဲ့ရလေသည့် ဘယ်နှစ်ကြိမ်မြောက်မှန်းမသိသော သာမညဖလ ဆောင်းကို ကျော်လွန်ခဲ့ပြီ။
ခုတော့ သူရွာပြန်ရလေတော့မည်..။
သူ ၀ါကျတစ်ခုကို လှပစွာ သို့မဟုတ် ဗြဟ္မစိုရ်ရွှမ်းစွာ ရေးချလိုက်ချင်သည်။
လွန်ခဲ့သောနှစ်တစ်ခုလုံး သူသည် ကိုယ်ပိုင်ရေးဝါကျများနှင့် ဝေးနေသည်။
တကယ်ပင် သူ့ဘလော့စာမျက်နှာတွင် မိုးခေါင်နေသည်။ ဘယ်လို စီးရပါ့....။ ဘယ်လို နှင်းတွေ ဝေလိုက်ရပါ့.....။
ယခုရေးချလိုက်သော ၀ါကျသည်ပင် သူ့စိတ်နှင့် သူ့ကိုယ် ဟုတ်ချင်မှ ဟုတ်မည်..။ ခပ်ယိုင်ယိုင်ဖြစ်နေဟန်ရှိသည်။ မည်သို့ဖြစ်စေ သူ့စကားလုံးများကို ဆက်လက်ထိန်းကျောင်းသွားရန် ကီးဘုတ်လက်ကွက်များပေါ်သို့ သတိပဋ္ဌာန်ကပ်လိုက်သည်။ လွန်ခဲ့သော နှစ်ဆီက မိခင်ကြီး၏ စကားလုံးလက်များသည် သူ့စိတ်နှလုံးကို ပွတ်သပ်နေဆဲဖြစ်၏။ သူပျော်ရွှင်လွမ်းဆွတ်သွားသည်။ နို့သုံးလုံးဖိုးကျေပြီနော် အမေ...။
(၂)
၂၀၀၁ ခုနှစ်တွင် သူ့ဘ၀၏ ပထမဆုံးအခြေခံဘွဲ့ကို မိခင်ဖခင်တို့နှင့်အတူ ကမ္ဘာအေးကုန်းမြေဘွဲ့နှင်းခန်းမတွင် တက်ရောက်ယူခွင့်ရခဲ့သည်။ သူ့အနန္တကျေးဇူးရှင်ကြီးများသည် ရိုးစင်းလှသည့် ကျေးလက်နေတောင်သူများသာ ဖြစ်သည့်အတွက် ရန်ကုန် မန္တလေးစသော မြို့ပြသည် အလှမ်းဝေးလှသော ဘာသာရပ်များဖြစ်လေသည်။ငွေစကြေးစမတတ်နိုင်ကြလေသူများမို့ မြို့ပြတန်ခိုးကြီးဘုရားဆိုသည်များကို ဖူးခွင့်မရခဲ့လေရှာ...။ ထုံးဖြူဖြူကျေးလက်စေတီ၏ ဆည်းလည်းခတ်သံကိုသာ သဒ္ဓါပွားကြရရှာလေသည်။ သို့သော် ကံကောင်းထောက်မစွာ သားရဟန်း၏ ဘွဲ့နှင်းအခမ်းအနားကိုတက်ခွင့်ရသဖြင့် ဘုရားစုံဖူးခွင့်ကြုံကြရသည်။
တကယ်တော့ သားရဟန်းက ဘာမှ ငွေစကြေးစ န၀ကမ္မဆိုသဟာတွင် အဖြစ်အစွမ်းရှိသူမဟုတ်..။
ရှမ်းပြည်နယ်ကျိုင်းတုံဒေသတွင် သာသနာပြုရဟန်းတော်အဖြစ် တာဝန်ပေးခံရတော့
တစ်လ ထောက်ပံ့ကြေး(လခ ဟုမသုံးနှုံး) (၃၀၀၀) ကို သုံးလတစ်ကြိမ်ထုတ်ပေးပါလေသည်။ ထိုထောက်ပံ့ကြေးက တမေ့တမောနေမှ ရောက်လာသည်ပင် ခပ်ကောင်းကောင်း...။ စုပေးထားသလို ဖြစ်နေသည်မို့ အနန္တကျေးဇူးရှင်ကြီးများထံ မန္တလေးသာသနာ့တက္ကသိုလ်ရှိ ရွာခံမိတ်ဆွေရဟန်းတော်မှ တဆင့် ပို့ပေးဖြစ်သည်။ ဘာမှတော့ သုံးလောက်ဟန်မတူ..။
သို့သော် သားရဟန်းက သတိတရရှိနေပါသည် ဟူသော သတင်းစကားအဖြစ် မိခင်ဘခင်တို့၏ ရင်ကို ငြိမ်းစေပါလိမ့်မည်။ သို့တည်းမဟုတ် ဓမ္မိယလဒ္ဓ(တရားသဖြင့် ရရှိလာသောဝတ္ထုငွေ)ဖြင့် အဝေးရောက်ပူဇော်ခြင်းလည်း မည်ပေသည်။
အမှန်ပင် ထိုသာသနာပြုနှစ်ကာလများတွင် မွေးရပ်မြေသို့ သူပြန်မရောက်ခဲ့..။ စာလေးတစ်စောင်ပင် မရေးဖြစ်ခဲ့..။ တယ်လီဖုန်းလည်း မရှိသမို့ အသံမက်ဆေ့ခ်ျလည်း မပို့ဖြစ်တော့..။
(၃)
သာသနာပြုကာလပြည့်မြောက်တော့ ဘွဲ့နှင်းတက်ဖို့ ပင့်ဖိတ်စာတစ်စောင်ရောက်လာပါလေသည်။
ထိုအချိန်တွင် ဌာနလက်ကိုင်ရှိသော သာသနာပြုရဟန်းတော်များက သူ့အတွက် စဉ်းစားပေးကြသည်။
သူက ဌာနလက်ကိုင်မရှိ..။ သာသနာပြုဗဟိုဌာတွင် အငယ်ဆုံးရဟန်းမို့ မည်သူကမျှ အသိအမှတ်မပြု..။
တစ်နေ့ တစ်နေ့ စာသင်ခန်းပေါင်းများစွာ ဖြတ်သန်းရင်း ကလေးဗိုလ်လုပ်နေခဲ့သည်။ ကလေးများ၏ ချစ်ခြင်းမေတ္တာကိုသာ ပျော်ရွှင်ကျေနပ်စွာ ခံယူနေခဲ့သည်။
အပင့်အဖိတ်ဆိုသဟာတွင်လည်း သူက ဘိတ်ချေးမို့ ဖွတ်ကလိဒင်္ဂါးနှင့် ဝေးလေသည်။ တောင်ပေါ်သာသနာပြုဌာနလက်ကိုင်ရှိသော ရဟန်းတော်များ မြို့ဈေးဝယ်ဆင်းလာချိန် ဗဟိုသာသနာပြုဌာနသို့ရောက်လာတတ်သည့်အခါ မှသာ ပေါ့ကျလက်ဘက်ရည်တစ်ခွက်ဖြင့် ခေမရဋ္ဌ်နံနက်ခင်းများကို ဖြတ်သန်းခွင့် ရတတ်လေသည်ပဲ။
ဘွဲ့နှင်းသဘင်တက်မည့် သူ့မှာ ရန်ကုန်ပြန်ဖို့ လမ်းစရိတ်ပင် မရှိ..။
(အမြဲတမ်း ချို့ချို့ငဲ့ငဲ့ဖြတ်သန်းခဲ့ရသည်ကပင် သူ့ကို ချောင်ပိတ်မိစေကာ စာတွေ အများကြီး ဖတ်ခွင့်ရလေတော့သည်.။ အော် ကောင်းလင့်တေးပါတည်း.။)
ဒကာဒကာမများနှင့် ဆက်ဆံရေးကြဲပါးလှသော သူသည်
မိတ်ဆွေရဟန်းများ၏ မေတ္တာကိုတော့ နေရာတိုင်းခံယူခွင့်ရခဲ့ပါလေသည်။
သူက အားလုံးကို ပျော်စေချင်သူကြီးပေကိုး..။
လွတ်လပ်ပွင့်လင်းစွာ နေထိုင်ပြောဆိုတတ်သူမို့ အပိုးကျိုးသည်ကိုသာနှစ်ခြိုက်ကြလေသည့် ဆရာသမားကလည်း မနှစ်သက်..။
ဒကာ၊ဒကာများကလည်း မလိုလား..။ သို့သော် မိတ်ဆွေရဟန်းများက ဂျိုကာဖြစ်သောသူ့ကို ရှာဖွေတတ်ကြပါလေသည်။ တစ်ခါတစ်ရံ သူ့ဆီက တစ်ခုခု သင်ယူဖို့၊ သို့မဟုတ် တစ်ခုခု ကြားရဖို့..။
သို့တည်းမဟုတ် တစ်ခုခု ဟားရဖို့...။
မိတ်ဆွေရဟန်းများက မရှာလျှင်တော့ သူက ရှာဖွေတတ်ပါသည်။
တစ်ခုခုတောင်းဖို့..။ တစ်ခုခု ငှါးဖို့..။ တစ်ခုခု ယူဖို့...။ :D
(မစိုးရိမ်ကြပါလေနဲ့တော့ ငါ့ရှင်တို့...။ အဲဒီ ဒုက္ခတွေ
(ဒကာတာရာမင်းဝေရဲ့ စကားအတိုင်း) မွေ့ထုံလွန်မြောက်ခဲ့ပါပြီ...။ )
ဤသည်ပင် ဆရာသမားနှင့် ဒကာ၊ဒကာမများ၏ ချီးမြောက်ထောက်ပံ့မှု များစွာ မခံယူရပါဘဲ
မိတ်ဆွေရဟန်းတော်အချို့၏ တွန်းတွန်းတိုက်တိုက်၊ဆဲဆဲဆိုဆို သဒ္ဓါတရားဖြင့် သူ့ပညာရေးလမ်း ဖြောင့်ခဲ့ရခြင်းဖြစ်လေသည်။
ဆိုရသော် ယခု ကမ္ဘာအေးကုန်းမြေတွင် ကျင်းပမည့် ဘွဲ့နှင်းအခမ်းအနားသို့ တက်ရောက်မည့် သူ့အတွက် မိတ်ဆွေသာသနာပြုရဟန်းတော်များက လုံလောက်အောင် စုပေါင်းထောက်ပံ့လိုက်ကြသည်။
သူ့တစ်ကိုယ်ရေအတွက်သာမက မိဘနှစ်ပါးကိုလည်း ပင့်ဖိတ်ပါလေဦး တဲ့..။
ကျေးဇူးကြီးလှပါပေ့..။ မိတ်ဆွေများရှိရာသို့ တစ်ခေါက်တော့ အရောက်ပြန်လာပါဦးမည်..ဟု ကတိစကားထားဖူးသည့်တိုင်
ပညာရေးစီးကြောင်းထဲက မထွက်နိုင်ခဲ့သောသူသည် ခေမရဋ္ဌ်ကို ပြန်မလှည့်နိုင်ခဲ့..။
(ဆက်ရန်)
ဓမ္မဂင်္ဂါ
(၂၁-၁-၂၀၁၃)

0 comments:
Post a Comment