Sunday, January 6, 2013

အမျိုးသားရေးဝါဒ - ဓမ္မာဝဘ့်ဘာ


by Nay Myo on Sunday, January 6, 2013 at 12:45am ·

 နိုင်ငံတော်တည်ဆောက်သည့်ဖြစ်စဉ် (nation-building and state-building) ကဲ့သို့သော ခေတ်သစ်သို့ ဦးတည်တက်လှမ်းသည့်ဖြစ်စဉ် (modernization process) များသည် မျိုးစုံသော လူမှုရေး၊ နိုင်ငံရေးဆိုင်ရာ ပြဿနာရပ်များကို ဖန်တီးဖြစ်ပေါ်စေလေ့ရှိသည်။ အဆိုပါဖြစ်ရပ်များမှာ ကိုလိုနီစနစ်မှ ဖန်တီးထူထောင်ပေးလိုက်သော (သို့) ဒုတိယကမ္ဘာစစ် နောက်ပိုင်းမှ ပေါ်ထွက်လာသော ခေတ်သစ် အမျိုးသားနိုင်ငံများ (nation-states) ထွန်းကားရာ တတိယကမ္ဘာ နိုင်ငံများတွင် ပိုမိုဖြစ်ပွားလေ့ ရှိသည်။ အဆိုပါနိုင်ငံများတွင် ကိုလိုနီအုပ်ချုပ်သူများကို တော်လှန်ရာ၌ ကျင့်သုံးခဲ့ကြသည့် အမျိုးသားရေး လှုပ်ရှားမှုများ၏ အကျိုးဆက်များကြောင့် လူမျိုးရေးဆိုင်ရာ ပဋိပက္ခများ မကြာခဏဆိုသလိုပင် ပေါ်ပေါက် လာခဲ့ကြသည်။ မြန်မာနိုင်ငံသည်လည်း ခြွင်းချက်မဟုတ်ပါချေ။


အမျိုးသားရေးဝါဒနှင့် ပတ်သက်ဆက်နွယ်နေသော ပြဿနာများမှာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပြဿနာများနှင့် ပြည်တွင်းစစ်ပွဲများ ဖြစ်ပွားစေသည့် အဓိကအကြောင်းရင်းဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ အနေအထား၊ အခြေအနေတွင် အထူးအရေးကြီးသည်။ မြန်မာပြည်အနေဖြင့် ကိုလိုနီလက်အောက်ခံအဖြစ်သို့ ကျရောက်ခဲ့စဉ်က ကိုလိုနီနယ်ချဲ့များကို ဆန့်ကျင်ခဲ့ကြရာ၌ ထိုစဉ်က မြေပြန့်ဒေသရှိ အမျိုးသားရေးဝါဒီများက အမျိုးသားရေးဝါဒကို အသုံးပြုကာ ကိုလိုနီနယ်ချဲ့များကို ဆန့်ကျင်ခဲ့ကြလေသည်။ ထို့ကြောင့်လည်း အမျိုးသားရေးလှုပ်ရှားမှုဟု ခေါ်ဆိုခြင်း ဖြစ်သည်။ ထိုစဉ်အချိန်က ဗမာအမျိုးသားရေးဝါဒီများကျင့်သုံးခဲ့သော အမျိုးသားရေးဝါဒမှာ လူမျိုးနှင့် ဘာသာရေးအပေါ်အခြေခံသော အမျိုးသားရေးဝါဒမျိုး ဖြစ်သည်။ ဆိုလိုသည်မှာ ဗမာလူမျိုးတို့၏ ၀ိသေသလက္ခဏာ/ ဇာစ်မြစ်၊ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ဗုဒ္ဓဘာသာအပေါ် အခြေပြုထားသော အမျိုးသားရေးဝါဒမျိုး ဖြစ်သည်။ ဤအချက်ကို ဒို့ဗမာအစည်းအရုံး၏ ဆောင်ပုဒ်များဖြစ်သော “ဗမာပြည်သည် ဒို့ပြည်၊ ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား”၊ “ဗုဒ္ဓဘာသာ မြန်မာလူမျိုး” စသည်များတွင် ထင်ရှားစွာမြင်တွေ့နိုင်သည်။ ဤကဲ့သို့သော အမျိုးသားရေးဝါဒမျိုးသည် ယခင်က ကြီးကျယ်ခမ်းနားခဲ့သည်ဟု ယူဆခံရသော ရွှေရောင်လွှမ်းသည့်အတိတ်များ (အများအားဖြင့် ဗမာဘုရင့်နိုင်ငံတော်များ၊ အင်ပါယာများနှင့် စစ်အောင်နိုင်သော ဗမာဘုရင်များ၏ မြင့်မြတ်ခမ်းနားပုံများ) ၏ ဂုဏ်ယူဖွယ်တို့ကို ဗြိတိသျှ ကိုလိုနီနယ်ချဲ့များအား ဆန့်ကျင်တိုက်ခိုက်ရာ၌ စိတ်အားတက်ကြွဖွယ်စေရန် ပြန်လည်ဖော်ထုတ် အမွှမ်းတင်လေ့ရှိကြသည်။ ဤအချက်ကိုလည်း ဒို့ဗမာအစည်းအရုံး၏ သီချင်းတစ်ပုဒ်၏ စာသားများဖြစ်သည့် “တကောင်းအဘိရာဇာ၊ တို့ဗမာသာကီမျိုးဟာမို့၊ မညှိုးဂုဏ်တေဇာ၊ ယိုးဒယားနှင့် ကုလားကိုပါ တိုက်ခိုက်ကာ အောင်ခဲ့တာ တို့ဗမာ” ဟူသော စာသားက သက်သေထူလျှက်ရှိသည်။

ဤကဲ့သို့သော အမျိုးသားရေးဝါဒမျိုးသည် ကိုလိုနီနယ်ချဲ့များအား ဆန့်ကျင်တိုက်ခိုက်ရာ၌ အထူးအသုံးဝင်လှသော်လည်း ၄င်း၏ကိုယ်တွင်း၌ အကျိုးဆက်ဆိုးများကို ဖြစ်ပေါ်စေသည့် ဂုဏ်သတ္တိများလည်း ရှိနေသည်။ ပထမအကျိုးဆက်မှာ အဆိုပါ အမျိုးသားရေးဝါဒမျိုးသည် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒမျိုးဖြစ်သည်။ အကြောင်းမှာ ဗမာလူမျိုးများကိုသာ အဓိကထား အလေးပေး၍ ဗမာမဟုတ်သော အခြားလူမျိုးများကို ပထုတ်ထားခြင်းကြောင့် ဖြစ်သည်။ ဒုတိယအချက်ကား အဆိုပါ အမျိုးသားရေးဝါဒသည် ဂုဏ်ရောင်ထွန်းပြောင်သည်ဟု ယူဆထားသည့် (သို့) စိတ်ကူးဖြင့်မှန်းဆထားသည့် ကြီးကျယ်မြင့်မြတ်သော အတိတ်များအပေါ်အခြေခံ၍ မိမိတို့၏ယဉ်ကျေးမှုသည် ဗြိတိသျှလူမျိုးများသာမက ထိုင်း (ယိုးဒယား) နှင့် အိန္ဒိယ (ကုလား) ကဲ့သို့သော အခြားလူမျိုးများထက် မြင့်မြတ်သည်ဟု ခံယူခြင်းပင် ဖြစ်သည်။ ဤအချက်က ဗမာအမျိုးသားရေးဝါဒီများအား မိမိတို့သည် ဗြိတိသျှလူမျိုးများထက်သာမက အခြား ဗမာမဟုတ်သည့် တိုင်းရင်းသားလူမျိုးများထက်လည်း ပိုမိုမြင့်မြတ်သည်ဟု လက်ခံယူဆစေပြီး အခြားလူမျိုးများအပေါ် အထင်သေးနှိမ်ချမှုများ ဖြစ်ပေါ်စေသည်။ အကြောင်းမှာ ဗမာအမျိုးသားရေးဝါဒီများအား ၄င်းတို့၏ ယခင်ကဗမာဘုရင်များသည် အခြားသော တိုင်းရင်းသားအုပ်စုများအပေါ် အမြဲတစေ အုပ်ချုပ်အောင်နိုင်ခဲ့သည်ဟု တွေးထင်ယူဆစေသောကြောင့် ဖြစ်သည်။

အထက်ပါ အမျိုးသားရေးဝါဒသည် ဗမာလူမျိုးများကျင့်သုံးခဲ့သည့် တစ်ခုတည်းသော၊ ပုံစံတစ်မျိုးတည်းသော အမျိုးသားရေးဝါဒမဟုတ်ဘဲ အနည်းဆုံးအားဖြင့် နောက်ထပ် အခြားသောပုံစံ (၂) မျိုး ရှိပါသည်။ သို့သော်လည်း အထက်ပါ အမျိုးသားရေးဝါဒမျိုးက အခြားသော အမျိုးသားရေးဝါဒပုံစံ (၂) မျိုးထက် ပိုမိုအထင်ကရရှိခဲ့ပြီး ပို၍လည်း အသက်ရှည်ခဲ့လေသည်။ ၄င်းကို မြန်မာစစ်အစိုးရအဆက်ဆက်က နိုင်ငံတော်၏ အမျိုးသားရေးဝါဒအဖြစ် သတ်မှတ်ပြီး ဗမာမဟုတ်သော၊ ဗုဒ္ဓဘာသာမဟုတ်သော အခြားတိုင်းရင်းသားလူမျိုးများအပေါ် ချမှတ်ကျင့်သုံးလိုက်သောအခါ အထွဋ်အထိပ်သို့ ရောက်လာခဲ့သည်။ လက်ရှိကာလတွင် အထက်ပါ အမျိုးသားရေးဝါဒထဲသို့ ထပ်မံပေါင်းစပ်လိုက်သောအချက်ကား “အခြားလူမျိုးများအား ဗမာမှုပြုခြင်း” (Burmanization/Myanmafication) ပင် ဖြစ်ပြီး ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးစုများ၏ ကွဲပြားခြားနား (diverse) သော ယဉ်ကျေးမှု၊ သမိုင်း၊ ဇာစ်မြစ် ၀ိသေသလက္ခဏာနှင့် ဆန္ဒများကို အတင်းအဓမ္မ ဖိနှိပ်သိမ်းသွင်းခြင်းတို့ ပါဝင်သည်။ “အက်စ်ရှလေ ဆောက်” (Ashley South) ၏ အဆိုအရမူ “ဗမာ့သမိုင်းဓလေ့များမှ မြစ်ဖျားခံလာသည့်၊ တစ်သွေးတစ်ရောင်တည်းသာ ဆောင် (homogenizing) သော အမျိုးသားဝိသေသလက္ခဏာ (national identity) ၏ အောက်၌ သိမ်းကျုံး သွပ်သွင်းခြင်းဖြစ်သည်။” (အထက်ပါ ယဉ်ကျေးမှု၊ သမိုင်းနှင့် ဇာစ်မြစ်ဝိသေသလက္ခဏာအရ ကွဲပြားခြားနားမှုများသည် အန္တရာယ်ရှိပြီး စည်းလုံးညီညွတ်ရေးကို ထိခိုက်သည်ဟု စစ်အစိုးရကမြင်သည် သို့တည်းမဟုတ် အကြောင်းပြလေ့ရှိသည်။)

ဤကဲ့သို့သော လူမျိုးရေးနှင့် ဘာသာရေးအပေါ်အခြေခံသည့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒ၏ အကျိုးဆက်ကို ထင်ထင်ရှားရှား တွေ့မြင်နိုင်ကြပြီး ကျွန်ုပ်တို့သည်လည်း အဆိုပါဖြစ်ရပ်များကို ကြုံတွေ့ခဲ့ဖူးကြ၊ သိမြင်ခဲ့ဖူးကြပြီဖြစ်ပြီး အသေးစိတ်အချက်အလက်များကိုလည်း အခြားသောနေရာများ၌ ဆွေးနွေးရေးသားခဲ့ကြပြီးပြီဖြစ်သည်။ အတိုချုပ်ပြောရလျှင် အထက်ပါကဲ့သို့သော အမျိုးသားရေးဝါဒပုံစံသည် မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ်နှင့် လူမှုဒုက္ခပေါင်းစုံများကို ဖြစ်ပေါ်စေသည်။
သိပ်ပြီးမထင်မရှားဖြစ်ပြီး၊ သိပ်ပြီး သတိပြုဆင်ခြင်မိခြင်းလည်းမရှိ၊ သိပ်ပြီးရေးသားဖော်ပြခြင်းလည်း မရှိသော အကြောင်းအရာမှာ ဗမာပြည်သူများနှင့် ဗမာအတိုက်အခံအုပ်စုများအပေါ် နိုင်ငံတော်အစိုးရမှ ထောက်ခံကျင့်သုံးသော အမျိုးသားရေးဝါဒ၏ သက်ရောက်မှုများပင်ဖြစ်သည်။ နောက်တစ်ချက်မှာ ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးစုများက အဆိုပါ နိုင်ငံတော်အစိုးရ၏ အမျိုးသားရေးဝါဒအပေါ် တုံ့ပြန်ပုံ ဖြစ်သည်။

ဗမာ အတိုက်အခံအုပ်စုများအနေဖြင့် ၄င်းတို့သည် စစ်အာဏာရှင်များကဲ့သို့ လူမျိုးရေးဝါဒကို ယုံကြည်ကျင့်သုံးခြင်းမရှိကြောင်း ငြင်းဆိုကြသော်လည်း၊ ၄င်းတို့ထဲမှ အများအပြား၏ လုပ်ရပ်များနှင့် စိတ်နေသဘောထားများက ထိုသို့မဟုတ်ကြောင်း ပြဆိုလျှက်ရှိသည်။ ထိုသူတို့၏ လုပ်ရပ်များနှင့် စိတ်နေသဘောထားများတွင် လူမျိုးကြီးဝါဒများဖြင့် ဖုံးလွှမ်းနေသော်လည်း ၄င်းတို့ကိုယ်တိုင် ၀န်ခံဖို့ နေနေသာသာ ၄င်းတို့ကိုယ်တိုင် သတိပြုမိချင်မှ သတိပြုမိပေလိမ့်မည်။

၎င်းတို့၏ လူမျိုးကြီးဝါဒ သရုပ်လက္ခဏာသည် မည်ကဲ့သို့သောအချိန်များတွင် ပေါ်ပေါက်လာသနည်းဟု ဆိုလျှင် ဥပမာအားဖြင့် ၄င်းတို့၏ ဒီမိုကရေစီရရှိရန် ရည်မှန်းချက်သည် ဗမာမဟုတ်သော တိုင်းရင်းသား လူမျိုးတို့၏ အရေးနှင့် ဆန္ဒများထက် ပို၍အရေးကြီးသည် (သို့) ဗမာလူမျိုးနှင့် ဗမာမဟုတ်သော လူမျိုးစုများအကြား တည်ရှိနေသော လူမှုရေးဓလေ့ထုံးစံများ၊ အတွေ့အကြုံများ၊ လိုလားချက်များနှင့် ဆန္ဒများအရ ကွဲပြားခြားနားမှုများနှင့် မြောက်မြားမှု (differences and diversity) များကို အသိအမှတ်ပြုခြင်း မရှိဘဲ အခြားသောလူမျိုးများသည် ၄င်းတို့နှင့် အတူတူပင်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများ၏  အတွေ့အကြုံ၊ ဆန္ဒများသည်လည်း ၄င်းတို့နှင့် အတူတူပင်ဖြစ်မည်ဟု ယူဆသည့်အခါမျိုးတွင် ဖြစ်သည်။ ထိုယူဆချက်များကလည်း ဗမာလူမျိုးတို့၏ ဇာစ်မြစ်/၀ိသေသလက္ခဏာနှင့် အမြင်များမှ ဆင်းသက်လာခြင်းပင် ဖြစ်သည်။ ဥပမာအားဖြင့် ၄င်းတို့သည် ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးများ၏ အတွေ့အကြုံများကို နားထောင်ရန် ငြင်းပယ်တတ်ကြပြီး “ခင်ဗျားတို့ရဲ့ဒုက္ခတွေကို ကျွန်တော်တို့ နားလည်ပါတယ်ဗျာ၊ ကျွန်တော်တို့လည်း အဲဒီလိုမျိုး ကြုံခဲ့ဖူးတာပဲ။ ခင်ဗျားတို့ တစ်ယောက်တည်းရှိတာ မဟုတ်ပါဘူး” ဟူသော စကားများဖြင့် အခြားတိုင်းရင်းသားလူမျိုးများ၏ ပြောဆိုချက်များကို ကြားဖြတ်၍ ပိတ်ပြောတတ်ကြသည်။ နောက်ထပ် ဥပမာတစ်ရပ်မှာ စစ်တပ် (တပ်မတော်) မှ ဗမာမဟုတ်သော အမျိုးသမီးတိုင်းရင်းသားများအား အဓမ္မပြုကျင့်သည့် သတင်းများ၊ အစီရင်ခံစာများ ထွက်ရှိလာချိန်တွင် အမျိုးသမီးများ ကြုံတွေ့နေရသည့် မတရားမှုများကို ရှုတ်ချမည့်အစား၊ မိမိကိုယ်ကို ခုခံကာကွယ်လွန်းလိုသောစိတ် (defensive mechanism) များ ဗမာအတိုက်အခံအင်အားစုအချို့တို့၌ ပေါ်ထွက်ခဲ့လေသည်။ ၄င်းတို့က “စစ်တပ်မှာ ဗမာလူမျိုးချည်းပဲ ရှိတာ မဟုတ်ပါဘူး။ တခြားတိုင်းရင်းသားတွေလည်း ရှိတာပါပဲ” ဟု အလျင်အမြန် တုံ့ပြန်ခဲ့ကြသည်။

အဆိုပါ အမူအကျင့်များမှာ ၄င်းတို့နှင့် ၄င်းတို့နေထိုင်ကြီးပြင်းခဲ့ရသော စနစ်အကြား ဆက်နွယ်ပတ်သက်နေမှုများကို ၄င်းတို့အနေဖြင့် နားလည်နိုင်စွမ်းမရှိခြင်း (သို့) နားလည်လိုစိတ်လည်း မရှိခြင်းကြောင့် ဖြစ်ပေါ်လာသည်ဟု ဆိုနိုင်သည်။ ၄င်းတို့နေထိုင်ကြီးပြင်းခဲ့ရသောစနစ်ကား လူမျိုးရေးဝါဒ အပါအ၀င် ဖိနှိပ်မှုအမျိုးမျိုး၊ အဖျက်အမှောင့်ဝါဒ အဖုံဖုံတို့ကို ထုတ်လုပ်ဖြန့်ချိပေးရာစနစ်။

ကျွန်ုတို့အနေဖြင့် မမှန်ကန်သော သတင်းအချက်အလက်များ၊ ခွဲခြားဆက်ဆံမှုများ၊ မတရားသော ဆက်ဆံပြုမူမှုများကို နေ့စဉ်နေ့တိုင်း၊ စနစ်တကျနှင့် ပုံမှန်ကြုံတွေ့ရလျှင်သော်လည်းကောင်း (သို့) မိမိတို့ အကြောင်းကိုဖြစ်စေ၊ အခြားသူများ၏ အကြောင်းကိုဖြစ်စေ မှားယွင်းစွာသင်ယူခဲ့ရပြီး အဆိုပါ မှားယွင်းသော သင်ယူမှုများနှင့် ကြီးပြင်းခဲ့ရလျှင်သော်လည်းကောင်း၊ ၄င်းတို့ကို ကျွန်ုပ်တို့ လက်ခံယုံကြည်လာသည်။ စိတ်ပညာပိုင်းဆိုင်ရာ ဝေါဟာရများအရဆိုလျှင် စုပ်ယူလက်ခံသောဖြစ်စဉ် (the process of internalization) ကို ဖြတ်သန်းခဲ့ရသည်ဟု ခေါ်ဆိုသည်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်အတွင်း၌ ဖိနှိပ်မှုများ အချိန်ကာလကြာညောင်းစွာ ဆက်လက်ဖြစ်ပွားနေပါက ၄င်းတို့ကို လူများက “သဘာဝ/ပကတိ” ဖြစ်စဉ်များအဖြစ် လက်ခံသွားကြသည်။ ဆယ်ကျော်သက် (သို့) အရွယ်ရောက်သောအခါ အဆိုပါစနစ်ကြီးကို ကျွန်ုပ်တို့ လက်ခံယုံကြည်လိုက်လေပြီ။
၎င်းတို့၏အမူအကျင့်များကို ပြဿနာဟု မယူဆသည့်အချက်ကိုလည်းကောင်း၊ အဆိုပါအမူအကျင့်များကို အရေးတယူ ဂရုမူမိခြင်းမရှိသည့်အချက်ကိုလည်းကောင်း ကြည့်ခြင်းအားဖြင့် အချို့သော ဗမာအတိုက်အခံအင်အားစုများအနေဖြင့် အထက်ပါဖြစ်စဉ်အကြောင်းကို သိရှိနားလည်ကြပုံမပေါ်၊ ထိုအချက်ကို အသိအမှတ်ပြုဝန်ခံပြီး ပြုပြင်သွားရန်ကား ဝေးစွ။

ထူးဆန်းစွာပင် နိုင်ငံတော်အစိုးရမှ လက်ခံကျင့်သုံးနေသော အမျိုးသားရေးဝါဒကို ဆန့်ကျင်တိုက်ခိုက်ရန်အတွက် ဗမာမဟုတ်သည့် တိုင်းရင်းသားလူမျိုးများ အသုံးပြုသောလက်နက်မှာလည်း နိုင်ငံတော်အစိုးရမှအသုံးပြုသော အမျိုးသားရေးဝါဒနှင့် သိပ်မကွာခြားလှ။ ယင်းလက်နက်မှာ လူမျိုးရေးအပေါ် အခြေခံသည့် အမျိုးသားရေးဝါဒပင် ဖြစ်လေသည်။ ဗမာမဟုတ်သည့် တိုင်းရင်းသားလူမျိုးများမှာလည်း အရောင်အသွေး၊ စိတ်ကူးစိတ်သန်း ပုံစံတစ်သမတ်တည်း ရှိသည်မဟုတ်ဘဲ တိုးတက်ပြီး အမြင်ကျယ်သည့် အုပ်စုများလည်း ရှိပါသည်။ သို့ရာတွင်လည်း လူမျိုးရေးအပေါ်အခြေခံသည့် အမျိုးသားရေးဝါဒီများက လှုပ်ရှားမှုကြီးအတွင်း ပင်မရေစီးကြောင်းဖြစ်လာပြီး တိုးတက်သောအမြင်ရှိသူများကမူ လူနည်းစုနှင့် အပယ်ခံများ ဖြစ်လာလေ့ရှိသည်။

ဤကဲ့သို့ဖြစ်ရခြင်းမှာ ဒုတိယကမ္ဘာစစ် မဖြစ်မီ၊ ဖြစ်ဆဲနှင့် ဖြစ်ပြီးကာလနောက်ပိုင်း ကမ္ဘာတစ်ဝန်းလုံး ရေပန်းစားခဲ့သော အမျိုးသားရေးဝါဒ၏ လှိုင်းလုံးဂယက်များကြောင့်ဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့ပြင် ဗမာမဟုတ်သော အမျိုးသားရေးဝါဒီများအဖို့ ဗမာလူမျိုးများကြီးစိုးသော နိုင်ငံတော်အစိုးရ၏ အမျိုးသားရေးဝါဒကို ဆန့်ကျင်တိုက်ခိုက်ရန်အတွက် ပြည်သူများကိုစည်းရုံးရာ၌ အခြားရွေးချယ်စရာ စံနမူနာပုံစံ (models) (သို့) အမြော်အမြင် (visions) များ ကင်းမဲ့နေသောကြောင့်လည်း ဖြစ်နိုင်သည်။

ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးစု အမျိုးသားရေးဝါဒီများက နိုင်ငံတော်အစိုးရကို တန်ပြန်ရာ၌ လူမျိုးရေးအပေါ်အခြေခံသော အမျိုးသားရေးဝါဒကို ကျင့်သုံးသောအခါ စစ်အာဏာရှင်အစိုးရများ သုံးသည့်အခါကဲ့သို့ပင် ပြဿနာများကို ဖြစ်ပေါ်စေသည်။ ပဋိပက္ခများဆီသို့သာ ဦးတည်စေမည့် ခွဲခြားပထုတ်ခြင်းများ၊ တစ်ယူသန်ကျဉ်းမြောင်းမှုများ၊ သံသယကြောက်ရွံ့မှုများ၊ ၀ါးလုံးရှည်နှင့် ရမ်းခြင်းများ စသည်များကိုသာ ဖြစ်ပေါ်စေသည်။
လူမျိုးရေးအပေါ်အခြေခံသော အမျိုးသားရေးဝါဒကို ကျင့်သုံးခြင်းဖြင့် လူမျိုးစုတစ်ခု၏အတွင်း၌ ရှေ့တွင် ကျွန်ုပ်ဖော်ပြပြီးခဲ့သည့်အတိုင်း ဧကစည်းလုံးရေးယဉ်ကျေးမှုများ (culture of monolithic unity)၊ အထက်မှအောက်သို့ အာဏာစီးဆင်းသည့် ယဉ်ကျေးမှုများ (top-down culture)၊ ခေါင်းဆောင်များအပေါ် အလွန်အမင်းအားကိုးလွန်းသော ဓလေ့များကို အထောက်အကူပြု အားပေးစေသည်။ (Philip Resnick) ကလည်း ဤသို့ မှတ်ချက်ချထားဖူးသည်။
“လူမျိုးစုတစ်ခု၏ အချင်းချင်းကြား၌မှာပင် အစွန်းရောက်သမားများက အလယ်အလတ်လမ်းစဉ် သမားများကို မောက်မာရန်လိုစွာ တုံ့ပြန်မည်ဖြစ်ပြီး၊ ၄င်းတို့အနေဖြင့် ထိုလူမျိုးစု၏ သင်္ကေတများကို အလွဲသုံးစားပြုကာ သည်းခံမှုမရှိစွာ ပြုမူလှုပ်ရှားလိုလေ့ရှိကြသည်။”

ကျွန်ုပ်၏ပုဂ္ဂိုလ်ရေးအမြင်အရဆိုလျှင် ထိုကဲ့သို့ဖြစ်ရခြင်းမှာ လူမျိုးရေးအပေါ်အခြေခံသော အမျိုးသားရေးဝါဒကို ကျင့်သုံးမှုတိုင်းသည် အတိတ်ကဂုဏ်ရောင်ထွန်းပြောင်ခဲ့သည်ဟုဆိုသည့် ခေါင်းဆောင်များ (ဘုရင်များနှင့် ဧကရာဇ်များ) နှင့် အခြားသူများအပေါ် အနိုင်ရအောင်ပွဲခံခြင်းများ စသည်တို့ကို ပြန်လည်ဖော်ထုတ်ပြသရန် လိုအပ်ခြင်းကြောင့်ဖြစ်သည်။ ဤကဲ့သို့သော အတိတ်က ဂုဏ်ရောင်ထွန်းပြောင်မှုများကို အမျိုးသားရေးလှုပ်ရှားမှုများက ပြန်လည်ဖော်ထုတ်ခြင်းသည် အဆိုပါ လှုပ်ရှားမှုထဲရှိ လူများအား သည်းညည်းခံမှုမရှိသော၊ အာဏာရှင်ဆန်သော၊ ခြစားအကျင့်ပျက်သော၊ ဒီမိုကရက်တစ်မဆန်သော အကြွင်းမဲ့အာဏာရှင်များ၊ စစ်သူရဲများဖြစ်လေ့ရှိသော ဘုရင်များ၊ ဧကရာဇ်မင်းများ၊ အောင်နိုင်သူ သူရဲကောင်းများကို အားကျအတုယူလိုစိတ်များကို ဖြစ်ပေါ်စေသည်။

လူမျိုးစုတစ်ရပ်၏ ပြင်ပပိုင်း (သို့) အခြားသောအုပ်စုများနှင့် ဆက်ဆံရေးတွင်မူ တိုင်းရင်းသားလူမျိုးစု အသီးသီးက ၄င်းတို့၏ကိုယ်ပိုင်အကျိုးစီးပွားများနှင့် ဆန္ဒများကိုသာ အမြင့်မြတ်ဆုံး၊ အရေးကြီးဆုံးဟု ထင်မြင်ယူဆစေပြီး အခြားသောလူမျိုးများ၏ အကျိုးစီးပွားနှင့် ဆန္ဒများကိုမူ မိမိတို့ထက် မနိမ့်ကျလျှင် မိမိတို့လောက် အရေးမကြီးဟု မှတ်ယူလေ့ရှိကြသည်။ လူမျိုးရေးဝါဒအပေါ်အခြေခံသော အမျိုးသားရေးဝါဒသည် ကွဲပြားခြားနားသော တိုင်းရင်းသားလူမျိုးစုများအကြား စိုးစိတ်သံသယများ၊ ၀ါးလုံးရှည်နှင့် ရမ်းခြင်းများ၊ မယုံကြည်မှုများဆိုင်ရာ တံတိုင်းများကို တည်ဆောက်ပေးသည်။ ထိုသို့ပြုခြင်းအားဖြင့် civil society ၏ အသွင်သဏ္ဍန်တစ်ရပ်လည်းဖြစ်၊ စစ်အစိုးရများ၏ အာဏာများကိုလည်း ထိရောက်စွာ ချိန်ခွင်လျှာထိန်းညှိပေးနိုင်မည့် တိုင်းရင်းသားလူမျိုးစုများအကြား ထိရောက်သော မဟာမိတ်အဖွဲ့များ၊ တပ်ပေါင်းစုများ တည်ဆောက်ဖွဲ့စည်းခြင်းမှ တားဆီးပေးသည်။ ဥပမာပြရလျှင် အထူးသဖြင့် ဗမာအုပ်စုများနှင့် ဗမာမဟုတ်သော အုပ်စုများအကြား၊ အတိုင်းအတာတစ်ရပ်အရ ကရင်အုပ်စုများနှင့် မွန်အုပ်စုများအကြား တပ်ပေါင်းစု၊ မဟာမိတ်ဖွဲ့သည့် ကိစ္စရပ်မျိုးဖြစ်သည်။

မျှမျှတတသုံးသပ်ရသော် ဗမာတိုင်းရင်းသားများနှင့် ဗမာမဟုတ်သော တိုင်းရင်းသားများအပါအ၀င် ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံသူ နိုင်ငံသားအားလုံးအနေဖြင့် ဤစနစ်ကြီး၊ အထူးသဖြင့် လူမျိုးရေးအပေါ် အခြေခံသော အမျိုးသားရေးဝါဒ၏ အလုပ်လုပ်ပုံ၊ လည်ပတ်ပုံတို့ကို ကောင်းစွာနားလည်သိရှိခြင်း မရှိကြချေ။
သို့သော်လည်း ထိုနားလည်သဘောပေါက်မှုသည် ဗမာလူမျိုးများအတွက်ရော၊ ဗမာမဟုတ်သော လူမျိုးများအတွက်ပါ အလွန်အရေးကြီးပြီး မရှိမဖြစ် အရေးပါသည်ဟု ဆိုချင်ပါသည်။ အကြောင်းမှာ ထိုနားလည်သဘောပေါက်မှုမျိုးသည် ဗမာလူမျိုးများနှင့် ဗမာမဟုတ်သော အခြားလူမျိုးများအကြားရှိ ဆက်ဆံရေးများသာမက ဖိနှိပ်သူနှင့် ဖိနှိပ်ခံများအကြားရှိ ဆက်ဆံရေးများအပေါ်တွင်ပါ ရှုဒေါင့်သစ်မှနေ၍ မီးမောင်းထိုးပြနိုင်စွမ်းရှိသောကြောင့် ဖြစ်သည်။

အထက်ပါ နားလည်သဘောပေါက်မှုမှာ Civil Society များအတွက်လည်း အရေးပါသည်။ အကြောင်းမှာ နိုင်ငံသားတို့၏ အဖွဲ့အစည်းများအနေဖြင့် ဤစနစ်ကြီး၏ သားကောင်အဖြစ်သို့ လွယ်ကူစွာ ကျရောက်သွားနိုင်ပြီး အစွန်းရောက်လူမျိုးရေးဝါဒီများ၏ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များအဖြစ်သို့ ပြောင်းလဲသွားနိုင်ကိန်း ရှိသောကြောင့်ဖြစ်သည်။ သို့ဆိုလျှင် ပဋိပက္ခသံသရာမှာ လည်နေတော့မည်။ ဒေါက်တာ စ၀်ဇန့်ယောင်ဟွေ က ဤကဲ့သို့ အကဲခတ်ထားပြီး သတိပေးထားသည်။
“ခံစားချက်များနှင့် လူမျိုးရေးအရ သွေးစည်းခြင်း (emotion and ethnic solidarity) များအပေါ် အခြေခံထားသော တော်လှန်ရေးများ၌ စိတ်ဝင်စားဖွယ်ကောင်းသော အချက်တစ်ရပ်ရှိသည်။ ၄င်းကား ဖိနှိပ်အုပ်စိုးသည့်နိုင်ငံ (သို့) ဖိနှိပ်အုပ်စိုးသည့်လူမျိုး (သို့) ဖိနှိပ်အုပ်စိုးသည့်လူတန်းစားအလွှာ စသည့် ရန်သူများ ပပျောက်သွားပြီဟု ဆိုသည်နှင့်တပြိုင်နက် ပြည်သူလူထုအတွက် စစ်မှန်သောလွတ်လပ်မှု မရှိတော့။ တော်လှန်သူများအကြား အာဏာနှင့် ဗိုလ်ကျစိုးမိုးမှုများက ခေါင်းပြူလာသည်။ ဆိုရိုးတစ်ခုရှိပါသည်။ မည်သည့်တော်လှန်ရေး (လူတန်းစားအလွှာအပေါ် အခြေခံသည်ဖြစ်စေ၊ လူမျိုးနှင့် နိုင်ငံအပေါ် အခြေခံသည်ဖြစ်စေ) မဆို ပထမဦးဆုံး သားကောင်များကား ထိုတော်လှန်ရေး၏ အတောက်ပဆုံး၊ အလင်းလက်ဆုံးသော သားသမီးများပင် ဖြစ်သည်။ အမှန်တကယ်လည်း ပြင်သစ်တော်လှန်ရေး၊ မက်ဆီကန်တော်လှန်ရေး၊ ကူဘားတော်လှန်ရေး၊ ရုရှား (သို့) ဘော်ရှီဗစ်တော်လှန်ရေး၊ မော်တော်လှန်ရေးနှင့် အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အာရှရှိ ကိုလိုနီနယ်ချဲ့များကို ဆန့်ကျင်သည့် အမျိုးသားရေးဝါဒီများ၏ တော်လှန်ရေး စသည်တို့တွင် ထိုအတိုင်းပင်ဖြစ်ခဲ့သည်။”

“ပြည်သူများ အမှန်တကယ်လွတ်မြောက်ရန်အတွက်၊ တိုင်းပြည်ကြီး သာယာဝပြောပြီး ငြိမ်းချမ်းစွာ တိုးတက်ဖွံ့ဖြိုးရန်အတွက်ဆိုလျှင် ရည်မွန်သောသူများနှင့် ၄င်းတို့၏ခေါင်းဆောင်များအနေဖြင့် ပြည်သူများ၏ သားသမီးများကို မျက်ကန်းတစ္ဆေဖြစ်စေပြီး ထုံထိုင်းတိတ်ဆိတ်ကာ ဆင်းရဲမွဲတေစေသည့်အပြင် မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် သတ်ဖြတ်နေသော သဘောတရားများ၏ ဆိုးကျိုးများကို နားလည်သဘောပေါက်ရပေမည်။ လူမျိုးရေးဝါဒအပေါ်အခြေခံသော အမျိုးသားရေးဝါဒသည် ထိုကဲ့သို့သော သဘောတရားမျိုးပင်ဖြစ်သည်။
Philip Resnick ကလည်း ဤသို့ မှတ်ချက်ချခဲ့သည်။

          “အမျိုးသားရေးဝါဒတွင် လူမျိုးရေးကိုအလေးပေးခြင်းက ဒီမိုကရေစီ၏ ဖွဲ့စည်းမှုဘောင်အား ခြိမ်းခြောက်အန္တရာယ်ပြုနိုင်သည်။”
          အကယ်၍ သာမန်ပြည်သူများ၊ လှုပ်ရှားထက်သန်သူများ၊ ပြည်သူ့အသင်းအဖွဲ့များအနေဖြင့် ဤနားလည်သဘောပေါက်မှုမျိုးကို ပိုင်ဆိုင်ထားမည်ဆိုလျှင် ကျွန်ုပ်တို့၏ တွေးခေါ်ရှုမြင်မှုပုံစံများ၌ ကြီးမားသောပြောင်းလဲမှု (paradign shift) ပင် ဖြစ်ပေါ်လာနိုင်သည် ဆိုလိုသည်မှာ မိမိတို့၏ လူမျိုးစုအပေါ်ကိုသာ ကွက်ပြီးရွာသော လူမျိုးရေးဝါဒ၏ မျိုးချစ်မိုးနေရာတွင် တရားမျှတမှု၊ လူသားတို့၏ ဂုဏ်သိက္ခာ၊ မတရားမှုအပေါ်ရွံရွာသော စိတ်ဓာတ်များမှ ပေါ်ထွက်လာသည့်၊ မိမိတို့၏ လူမျိုးစုကိုသာမက လူသားအားလုံးအပေါ် တန်းတူညီမျှထားရှိသည့် ချစ်ခြင်းမေတ္တာက အစားထိုးနေရာယူလာနိုင်သည်။

          နောက်ဆုံးတွင် ဤနားလည်သဘောပေါက်မှုက အာဏာရှင်များကို ဆန့်ကျင်တိုက်ခိုက်ရာတွင် အထူးလိုအပ်နေသော မျက်နှာစာတစ်ရပ်ကို အားဖြည့်ပေးနိုင်သည်။ အဆိုပါ နားလည်သဘောပေါက်မှုမျိုးက ပြည်သူ့အသင်းအဖွဲ့များ အကြား၌ဖြစ်စေ၊ ဗမာလူမျိုးများနှင့် ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးများ အကြားတွင်ဖြစ်စေ စစ်မှန်လေးနက်၍ ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများကို ဖြစ်ပေါ်စေနိုင်မည် ဖြစ်သည်။

          ရှမ်းပြည် တိုင်းရင်းသားလူမျိုးစုများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဌဟောင်းဖြစ်သူ ဦးရွှေအုံးက ၄င်း၏ယုံကြည်ချက်အတိုင်း “ကျဉ်းမြောင်းလွန်သော လူမျိုးရေးဝါဒကို လက်မခံသလို လူမျိုးကြီးဝါဒကိုလည်း ရွံရှာစက်ဆုပ်၍ မဇ္ဈိမပဋိပဒါလမ်းစဉ်ကို ကျင့်သုံးသည်” ဟု ကြေငြာလိုက်ခြင်းသည် ကျွန်ုပ်တို့အဖို့ နောက်ထပ်ရွေးချယ်စရာ နမူနာကောင်းတစ်ရပ် တိုးပွားလာခြင်းပင် ဖြစ်သည်။

ဝန်ခံချက်။              ။“ဓမ္မာဝဘ့်ဘာ” (Dhammar Vappa) ၏ “Civil Society နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းများအကြား ဆက်စပ်မှုများကို စူးစမ်းရှာဖွေခြင်း” မှ ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...