Sunday, January 20, 2013

နွားကျောင်းသားချိုသည့်ဆီးသီးနှင့် မြေခွေးချဉ်သော စပျစ်သီး ( ရောက်တတ်ရာရာ)

by Mg Han on Sunday, January 20, 2013 at 1:46pm ·
 
ကျနော်တို့ငယ်ငယ် သင်္ကြန်ကာလတစ်ခုမှာ အမေတရားစခန်းဝင်ပါသည်။ ပြာဂလောင် ပြာလချောင်ထဲက သူရို့အမေ ခင်ချောစွိမရှိသလို အခြေအနေမျိုးဖြစ်တဲ့ ထူးထူးကဲကဲသင်္ကြန်ကာလတစ်ခုပါ။ လမ်းမထွက်နဲ့၊ ဟိုမသွားနဲ့ ဒီမသွားနဲ့တားမည့်လူမရှိ၊ တော်တန်တိတ်၊ ငါးကြော်ပန်းကန်ဖိတ် (ဖိတ်အေးတာပဲ ငါးကြော် ဆိုလို့ကတော့ လုံးလုံးမနှမျော) တစ်ချက်လွှတ်အမိန့်ထုတ်မယ့်လူမရှိ၊  အနားဖြတ်မသွားနဲ့ ဇက်ကျောတွေထိုးလို့၊ ခြေသလုံးတွေတောင့်လို့ ဆိုပြီးခေါ်နင်းခိုင်း နှိပ်ခိုင်းမယ့်သူမရှိ၊
ယောင်လို့မှ အားအားမမြင်လိုက်နဲ့ ဟိုနားက ဟိုဟာသည်ယူလာ၊ သည်နားကအမှိုက်ဟိုသွားပစ်၊ ဟိုဟာသည်နားချထားပြန်ပလား၊ စက်သေနှတ်ပစ်မယ့်သူမရှိ၊ ညီအကို၃ယောက်စလုံး အလံကို အပြည့်တင်ကာ လွတ်လပ်ရေးကို ရက်ရှည်ယူထားသော ကိုယ့်မင်းကိုယ့်ချင်းကာလ။ ၁၀နှစ်မှ တစ်ခါကြုံရခဲဘိခြင်း၊ သြကာသ၊ သြကာသ ဝါးးးးးးးးး လို့သန်းတတ်သည့် အမေ(ညီအကိုတတွေလဲ အဲဒီအကျင့်ကိုပါကြပါသည်) အဘွားအမိန့်ဖြင့် မောင်ဟန့်ကိုချစ်တဲ့ ကြီးဒေါ်အပါအဝင် သူရို့ညီအမတတွေ တရားစခန်းဝင်ကြရတာပါ။ ကြီးဒေါ်ကြီးက တရားစခန်းဆိုရင် အမြဲဝင်လေ့ရှိပါတယ်။ သူတရားစခန်းဝင်ရင် ဟိုလူခိုင်း၊ သည်လူခိုင်း ခိုင်းမစိုးလို့ အဖေ့အမေအိမ်ပို့ထားကာ၊ ငါစခန်းပြန်ထွက်လို့ မောင်ဟန်ဆီက ပြန်ကြားရလို့ကတော့ နင်တို့လင်မယား သေမယ်မှတ်လို့ အမြဲကျိန်းတတ်ပါတယ်၊ မောင်ဟန်အဖို့ အဖေအမေ့အိမ်ဆိုတာ ရက်ရှည်တည်းလို့ရတဲ့ ဧည့်ဂေဟာပါ၊ အဘွားအိမ်ကိုသာ အိမ်လို့မှတ်ပါတယ်။

အဲသလို ကျနော်တို့တတွေ လွတ်လပ်ရေးရပေမယ့်၊ အဖေ့မှာတော့ မူလတံမြက်လှည်း၊ ရေဖြည့် တာဝန်အပါအဝင်၊ အိမ်ကိစ္စနှင့်တကွ  ညနေအအေး၊ မနက်ကော်ဖီမစ် (ထိုစဉ်က ကော်ဖီမစ် သည် ပေါ်ဦးပေါ်ဖျား) တရားမဝင် ကွမ်းယာအပါအဝင်၊ အိမ်တွင်ရှိသည့် ရှူဆေး၊ လိမ်းဆေး၊ သောက်ဆေး မှ အစ စမူစာ၊ အီကြာကွေး၊ ပူတီ၊ ဆနွမ်းမကင်း၊ ကျောက်ကျော တစ်နေ့တစ်မျိုး မရိုးအောင် မောင်ဗျတ္တ ပန်းဆက်သလို ရိပ်သာနှင့် အိမ်ကို လွန်းပြန်ကူးကာ စိတ်ပုတီးနှင့် ရိပ်ကြီးခိုကာ နိဗ္ဗာန်လမ်းသို့ ၁၀ရက်တာ လှမ်းသွားသည့် ထမုန်ကင်းဟုန်ကင်းယောကီ သူ့ချစ်ဇနီးချောကြီးကို ယောက်ျားသံယောဇဉ်၊ သားသံယောဇဉ်၊လောကီစိတ်တွေကုန်မှာစိုး၍လားမသိ အမျိုးမျိုး ဖျားယောင်း၍နေရရှာပါတော့သည်။
ထိုအခါ မနက်စောစောနိုးရန်ကိစ္စမှအပ (စောစောနိုးပီး ရွနေတာကိုး ကမြင်းကျောထဖို့) ကျန်ကိစ္စများကို သည်သား၃ယောက်ဘက် သူမလှည့်နိုင်ရှာပါ။ အသံမဆဲ ပဌာန်းပွဲ၏ အမှုဆောင်လူကြီးလဲဖြစ်၊ လမ်းလူကြီးလဲဖြစ်၊ သင်္ကြန်တွင်း ကုသိုလ်ရေးကိစ္စများ တရားပွဲဖြစ်မြောက်ရေးများ၊ စတုဒီသာများနှင့်တကွ အိမ်ရှေ့ ရေတိုင်ကီ ရေမပျက်စေရေး ဇယ်ဆတ်သလို လုပ်နေရသဖြင့်၊ "လိုချင်တာယူပါ စတိုထဲမှာ" ဟုမှာကြားလျက် စွပ်ကျယ်တစ်ထည် စက်ဘီးတစ်စီးဖြင့် မျက်စိနောက်လောက်အောင် ဖြစ်နေရရှာပါတော့သည်။

မနက်စောစော ဘုရားရှိခိုးရန်ပြောမယ့်လူမရှိပါ။ ပေါက်စိန်ပေါက် ၃ကြိမ်ချကာ မနေ့ကလိုပဲဘုရားဟု ၃ယောက်ပြိုင်တူပြောရုံပင်။ အဖေလာသည်နှင့် ဘုရားရှိခိုးပြီးပြီဟု စာရင်းလိမ်တင်၍ရနေပါသည်။ မနက်စာသည် ထမင်းကြော် မဟုတ်၊ လက်ဖက်ရည်ဆိုင်တွင် အဖေ့နာမည်နှင့် ဝါးရခြင်း၊ မုန့်ဟင်းခါးဆိုင်နှင့် အနီးရှိကွမ်းယာဆိုင်တွင် စိတ်ကြိုက်စားနိုင်ခြင်း၊ ရေသေနှတ်များသာမက ရေပူဖေါင်းများလဲ တားမြစ်မထားသည့်အပြင် အလုံအလောက်ဝယ်ပေးခြင်း၊ အိမ်ရှေ့ တိုင်ကီနားမှ ပက်ရသည်မက ရပ်ကွက်ကလေးများနှင့် လျောက်လည်လို့ရခြင်း၊ ကြိုက်တဲ့စတုဒိသာမှာ ကြိုက်သလိုစားနိုင်ခြင်း၊ လိုက်ခေါ်မည့်လူမရှိခြင်း၊ ဆူနိုင်သလောက် ဆူခွင့်ရှိသည့်အပြင် အိမ်ရှိ ကက်ဆက်ကိုပါ အသံကုန်ဖွင့်ထားနိုင်ခြင်းဖြင့် တစ်ခါမှမချစ်သော ချစ်ခြင်းဖြင့် ဖခင်မေတ္တာရိပ်တွင် အအေးချမ်းကြီးအေးချမ်းနေရပါတော့သည်။

နေကျဲကျဲပူသည့် ၁၂-၁ချက်ထိုးထိ (အညာလို ၁နာရီ) ကမြင်းချင်တိုင်းကမြင်းကာ နုတ်ခမ်းတွေပြာ၊ လက်အရေပြားတွေနူး၍ အိမ်ပြန်လာလျင် ချက်ပြုတ်ကြော်လှော်နေသော အဖေ့ကို သနားစဖွယ်တွေ့ရတတ်ပါသည်။ အမေဆိုလျင် မီးဖိုချောင်ကို ခြေဖေါ့နင်းဖြတ်လေ့ရှိသော်လည်း အဖေ့ကိုတော့ သနားကာ ဘာကူရမလဲလို့ စိတ်ပါလက်ပါမေးသည်အထိ အတော်သနားစရာကောင်းနေ တတ်ပါသည်။ ပုံမှန်အဖေပြန်ပြောသည်မှာ "ငါ့သားတို့ ရေချိုး၊ ပြီးရင်ဆေးသောက်(ပါရာစီတမော့ တခြမ်းနှင့် ရေနွေးကြမ်း) ပြီးရင် ထမင်းစားရအောင်စောင့်" ဟုသာမှာပါသည်။ အမှန်တော့ အဖေသည်ဟင်းချက်ကောင်းသူ တစ်ဦးပါ။ အိုးကြီးချက်၊ အိမ်ချက် အနံ့ရသည်နှင့် သွားရည်ကျအောင် ချက်နိုင်သည်သာ။ သို့သော် နေ့စဉ်ရက်ဆက် အလျင်မှီအောင် စီစဉ်ရသည်ကိုတော့ ကျွမ်းကျင်ပုံမရ။ ထမင်းအိုးတစ်ဖက်တွင် ဟင်း၂မျိုးလောက် တွဲချက်လျင် ဆိုင်းဝိုင်းထဲက ဆိုင်းဆရာလို ဖြစ်မနေပဲ။ ၆လုံးပတ်နှင့် ပတ်မတီးဆရာ စတိုင်သာထွက်နေပါတော့သည်။

အနည်းငယ်ရှင်းပါမည်။ အမေမီးဖိုချောင်ဝင်နေလျင် စစ်ပွဲတွင် တိုက်ပွဲဝင်နေသည်နှင့်တူပါသည်။ မီးခိုးကတလူလူ၊ မီးဖွားက တလွင့်လွင့်၊ စိတ်မရှည်စွာ ထောင်းနေသော ငရုပ်ဆုံသည် ဒုန်းကနဲ ဒုန်းကနဲ၊ လက်အဝေ့တွင် တိုက်မိသည့် ဒယ်အိုး၊ ဒန်အိုးအဖုံးတို့ ယောင်းမပြုတ်ကျသံတို့သည် ဂျိုင်းကနဲ၊ ဂွမ်းကနဲ၊ ဘေးနားတွင် တစ်ယောက်ယောက် ကူနေပြီဆိုလျင် သူလိုချင်သူကို အရေးတကြီးအော်ပြောသံ၊ ဝင်လာသည့် ကြောင်များကို မောင်းထုတ်သံ၊ ပတ်လည်တိုးနေသည့် ကြောင်ကို သူတက်နင်းလို့ ကြောင်အောင်သံ၊ ကူနေသည့်သူ(ညီငယ်တွေထဲကတစ်ယောက်ယောက်)က တလွဲလုပ်လိုက်လျင် ပြောဆိုနေရသံတို့သည် တိုက်ပွဲဝင် စစ်သည်တစ်ယောက် စစ်မြေပြင်ရောက်နေသည်နှင့်တူပါသည်။ ယောင်လို့အနားမဖြတ်နဲ့ ဟိုကောင် ဟိုနားက ဟိုဟာယူခဲ့ဟူ၍ လှမ်းပြောပါဦးမည်။

ကြီးဒေါ်မီးဖိုချောင်ဝင်လျင်တော့ မီးခိုးအူသည်ခပ်ရှားရှား၊ မီးတွေလိုတိုးပိုလျော့လုပ်လျင်လဲ မီးဖိုဘေး ပြာပူထဲတွင်ပင် သပ်သပ်ရပ်ရပ်၊ ငရုပ်ဆုံကို လက်တစ်ဘက်ဖြင့်အုပ်၍ တစ်ဘက်နှင့် ထောင်းနေသံမှာ စည်းချက်ကျကျ၊ ဘာပြီးလျင် ဘာလုပ်မည်။ ထိုအချိန်အတွင်း ဘယ်အရာကို ဘာလုပ်ထားရမည်ဆိုသည်ကို အစီစဉ်ကျကျ ဆောင်ရွက်နေကာ၊ အမေလို ထိုင်လိုက် ထလိုက်၊ ဟိုဟာဆွဲလိုက် သည်ဟာပြုတ်ကျလိုက် မဖြစ်၊ ဖင်ထိုင်ခုံအပုလေးတွင် ထိုင်ကာ ပတ်ချာလှည့်ရင်း ဇယ်ဆတ်နေသလို သူသံစဉ်နှင့်သူ သပ်သပ်ရပ်ရပ် ချပ်ချပ်ကပ်ကပ်လေးသာဖြစ်သည်။ အသံမညံပဲ အနံ့မွှေးနေအောင်ထွက်သည့် ဟင်းချက်နေသည့်ပုံကိုမြင်ကြည့်ပါလေ။ တစ်ချက်တစ်ချက် ညှော်မည်ဆိုလျင် ခဏနေညှော်မယ်နော်လို့ အော်လိုက်ပုံက ဆိုင်းဆရာတစ်ယောက်ရဲ့ ဘယ်သီချင်းလေးကို တီးပါ့မယ်လို့ ပြောသယောင်။ တစာစာအော်ကာ ဝင်လာသည့် ကြောင်အပြင်(အဘွားအိမ်မှာ ခွေးတွေပါရှိတော့) ခွေးတွေကိုပါ ရှိတာထုတ်ကျွေးသည့်အပြင် တစ်ကောင့်တစ်ကောင် မကိုက်အောင် မာန်တတ်၊ ခြောက်တတ်၊ ငေါက်တတ် ထိန်းတတ်ပုံမှာ ဆိုင်းနောက်ထနှင့် ဆိုင်းဆရာတို့ အချီအချ အပေးအယူမျှနေသလိုပင်။ ခွေးက ကြောင်ဟင်းနိုက်စား မည်ကို တားသလို၊ ကြောင်က ခွေးအသားဆွဲမည်ကို တားကာ ကြီးတော် ဟင်းချက်အပြီးကို မျှော်နေပုံက ဆိုင်းနားထောင်မည့် ပရိသတ်များနှင့်ပင်တူတတ်ပါသည်။ ဟင်းချက်ရင်းပင် မလိုသော ပစ္စည်းများသိမ်းသွားရာ၊ ဟင်းအကျက် မီးဖိုချောင်အရှင်း ပလို့ဂျိနှင့် ဆိုင်းတီးကွက်အသိမ်းကွက်တိပင်။ ထို့အပြင် မောင်ဟန်က သဘောကျလို့ သွားထိုင်ကြည့်လျင် နီးရာအိုးမှ ဟင်းတစ်ဖက် ဆယ်ကာ ကျွေးတတ်သည့်အပြင်၊ ဘယ်ဟာကဘာလို့တုန်း၊ ဘာကဘာတုန်း လက်ညိုးတထိုးထိုး အမေးကို စိတ်ရှည်ရှည် ဖြေတတ်သေးသည်။ "ဘာကူရဦးမလဲ ကြီးကြီး"ဟု မေးလျင် "အမလေး အမောကိုပြေပါပြီတော်၊ ငါ့သားထိုင်သာနေပါ။ သားထိုင်နေရင်ကို ကြီးကြီးအလုပ်တွေက တစ်ဝက်ပြီးပီတော့" လို့ဖြေတတ်သည့်အပြင် (ဟုတ်တာပဲ ဝင်ပြီး စပ်စုရင် သူအလုပ်မှမလုပ်ရပဲ၊ မနှောက်ယှက်ခြင်းနဲ့ ကူညီတယ်လို့ ကြီးကြီးက နာမည်ပေးပါသည်)ဆန်အိုးထဲက သြဇာသီး၊ ကြောင်အိမ်ထဲက လက်ဖက်ခွက်၊ ဖန်ဘူးထဲကပုဇွန်ခြောက်၊ မြေအိုးထဲက ပဲဆန်ကြော် စသည်တို့ကို ထမင်းစားပွဲတွင် ရေနွေးတစ်အိုးနှင့်ချပေးတတ်ပါသေးသည်။ (အဓိကကတော့ အဲဒါကွာတာပဲ။ ကျုပ်တို့အမေ PR ညံ့ချက်...:D၊ အမေကျော် ကြီးဒေါ်နားကပ်နေတဲ့ မောင်ဟန်ပါ)

အဖေချက်သည်ကတော့ ဆိုင်းဆရာအဆင့် မဟုတ်ပါချေ။ ၆လုံးပတ် နှင့် ပတ်မတီးဆရာ ဟန်ရှိပါသည်။ သူချက်မည့် ဟင်းအစဉ်ကိုသိသော်လည်း။ ဘယ်ပစ္စည်းဘယ်နားကို လက်မှန်းကျဟန်မရှိပေ။ သူမှမီးဖိုချောင်ဝင်လေ့မရှိပဲ။ ယာယီမီးဖိုချောင်မှုးအနေနဲ့ ဆွဲခန့်ခန့်ထားတော့ ဟိုကငြိမ်းလာသူတွေ ဟိုဌာနရောက်သလိုပင်။ သူချက်မည့် ဟင်းအိုးများကို ခြောက်လုံးပတ်ဆရာ တီးသလို လက်လည်သော်လည်း။ လိုချင်သည့် ပစ္စည်းထထရှာရသည်နှင့် ဟိုပစ္စည်းတိုက်လိုက် ပြုတ်ကျလိုက်၊ သည်ပစ္စည်းတိုက်လိုက် မြည်လိုက်ရှိသည်မှာ တစ်ချက်တစ်ချက် ပတ်မကြီးထထ ဂျိရသည်နှင့်တူပါသည်။ ထို့အပြင် အခါကြီးရက်ကြီးဆိုသည့် သင်္ကြန်ကာလဖြစ်၍ သားငါးမရသည့်အပြင်၊ အဖေသည် အမဲသားမစားသူဖြစ်၍ အမဲခြောက်ကိုလဲ မသုံးပေ။ ငါးခြောက်ကြော်နှင့် ကန်စွန်းရွက်၊ ပဲဟင်းနှင့် ဝက်အူချောင်း ၊ ငရုပ်သီးထောင်း ခြင်ပေါင်ရွက်ကြော်၊စသည်တို့ကိုသာ ဖြိုသလစ်နဲ့ ဖြစ်သလို စားရပါသည်။ အမေရှိတုန်းကလို တိုက်ပန်းကန်တွေကွဲမယ် (ကြွေပန်းကန်ကို အညာတွင် တိုက်ပန်းကန်ဟုခေါ်ကြသည်) ကြွေရည်သုတ်ဇလုံ၊ သံပန်းကန်တို့နှင့်သာ စားရသည်မဟုတ်ပဲ။ ကြိုက်တဲ့ ပန်းကန်နှင့် ကြိုက်သလို စားရသည်ဖြစ်ရာ(ဖိတ်ချင်သလောက်ဖိတ် ဟင်းကြိုက်သလိုထည့်)ထမင်းပူပူ ဟင်းပူပူကို ရှူးရှဲမြည်အောင် စားရသည်မှာ ဘာနဲ့မှ မတူအောင် ကောင်းပေသည်။

နေ့လည် ထမင်းစားပြီးလျင် အသံမစဲပဌာန်းပွဲမှ ပဌာန်းကို အဖေက လိုက်ရွတ်ရင်း နေ့လည်နေ့ခင်း တရေးတမော လှဲပါသည်။ နေ့လည် ၂နာရီခွဲလျင်၊ ကွမ်း၊ ဆေး၊ အအေးအစုံဖြင့် ရိပ်သာသို့ ပေးအဖွဲ့အဖြစ် တက်ရပေဦးမည်။ မဟုတ်လျင်တော့ အဖေက ပရိတ်ကြီး၁၁သုတ်ကို ရွတ်ရင်း အိပ်တတ်ပါသည်။ မအိပ်ခင်တွင် မျောက်၃ကောင်ကို ငြိမ်စေသောငှာ မရှိသော ဂျိုင်းမွှေးကို တစ်ဘက် ၅ကျပ် ၁၀၊ ဆံပင်ဖြူတစ်ပင် ၁ကျပ်ပေးကာ ရှာခိုင်းပါတော့သည်။ မောင်ဟန်က မာနမင်းသား၊ ကြီးဒေါ်ပေးသွားသော မုန့်ဖိုးတွေ မကုန်သေး၍ အေးအေးလူလူသာ ကာတွန်းဖတ်နေတတ်ပါသည်။ နေ့လည်မအိပ်တတ်ပေ။ အပေါက်တရှာတွေးမိသည်က မူလသဘာဝ ဆံပင် အနက်က ဖေါက်လွှဲဖေါက်ပြန်သမား အဖြူတစ်ပင်လောက်ပင် ဘာကြောင့် တန်ဖိုးမရှိရသနည်းဆိုသည့် အတွေးပင်။ ဆံပင် အဖြူတစ်ချောင်း ၁ကျပ်တန်သည်လေ။ လောကနိယာမပေလား၊ဖေါက်ပြန်တတ်သော လူ့သဘောကြောင့်ပေလား၊ သမုဒယနယ်မှာ သစ္စာရှာရခြင်းသည် အင်မတန်ခက်ပေသည်။ ဆံပင်ကောင်းသော အဖေ့ဆီမှ ဆံပင်ဖြူရရန်မှာ ဘိုဖြူ၊ ဘိုဝါ၊ ဘိုနီ၊ ဘိုနက် ဆိုသည့် ကြောင်လေးကောင်ပေါ်တွင် မူတည်ပါသည်။ ထို ၄ကောင်စလုံး အဖြူနှင့် နာမည်ပါ အရောင်များ လှလှပပစပ်ထားကြသည့်အပြင် အမွှေးရှည်ရှည် များဖြစ်သည်။ သူ့တို့အမေသည် အဖြူမပါသော ကျန်အရောင်များချည်းအစဉ်းကျားနှင့် ကြောင်မကြီးဖြစ်သည်။ ဆိုတော့ သူရို့အဖေသည် ဘိုဖြူလို စွတ်စွတ်ဖြူတစ်ကောင် ဖြစ်နိုင်သလို၊ ငုတ်ဗီဇပေါ်လာသည်လဲ ဖြစ်နိုင်သည်။ (ဟယ် လွဲပြန်ပဟ)
ထို ကြောင်တစ်ကောင်ကောင်ကို အမိအရ ဖမ်းမိလိုက်လျင် ခါးအစပ်ဆီမှ အမွှေးသန်သန်များထဲမှ လက်ရွေးစဉ်ရွေးထားသော အမွှေးဖြူဖြူများဖြင့် ညီ၂ကောင် နေ့တွက်ကိုက်ပေတော့သည်။ ကြောင်မွှေး များကို နုတ်ပြီးလျင် ဆံပင်နှင့်တူစေရန် အနားကို ကတ်ကြေးဖြင့်ကိုက်ရသေး၏။ အတိုအရှည် မညီအောင်လဲ လုပ်ရသေး၏။ သို့သော် ဆံပင်နှင့်မတူသည်မှာ ဆံပင်အရင်းရှိ ဂလင်းကလေးများဖြစ် သည်။ ဆံပင်ဖြူကို အမြစ်ပါမှ ပေးပါသည် ပြတ်လျင်မပေးချေ။ ထို့ကြောင့် ကြောင်ကို မိမိရရဖမ်း ကာ ကြောင်မွှေးကောင်းကောင်းကို သေသေချာချာ နုတ်တတ်ဖို့လိုပေသည်။ အဖေသည် သူ့ဆံပင်ကို မှန်ထဲကြည့်ကာ အဲသလောက်များသလားကွာ မင့်တို့ဟာကလဲကွာဟုသာ ဆိုလျက် ဆံပင်ဖြူဖိုးကို ထုတ်ပေးတတ်ပါသည်။

ထိုသို့ဆိုသော် အဖေ့ကို အာရုံလွှဲစေဖို့ မနက်ကဟင်းက ဘယ်လိုကောင်းကြောင်း၊ အဖေ့လက်ရာကို ချီးမွမ်းကြရပါတော့သည်။ ထိုအခါအဖေက" အေး ကောင်းမှာပေါ့ကွာ နွားကျောင်းသား ဆီးသီးချိုချိန်ရောက်ပကိုးကွ " ဟု ဆိုတတ်ပါသည်။ ဘာလဲဟု မေးလျင် အဖေက "အဖေငယ်ငယ်ကကွာ နွားကျောင်းရတော့၊ နွေခေါင်ခေါင်ရောက်လာပြီဆို ရွာနားက စားကျက်တွေက မကောင်းတော့ ဆည်နားထိသွားရတာပေါ့ကွာ။ ရွာအစပ်ကနေထွက်လိုက်တာနဲ့ ယာကွင်းနေပူပူတွေဖြတ်ရတာ ဆည်နားရောက်တော့မှ စိမ်းစိမ်းစိုစိုတွေ့ရတော့တာ။ အဲဒီနားမှာ ဆီးပင်တွေရှိတယ်ကွ။ ရှိပေမယ့် ရောက်စကတော့ တစ်လုံးစားကြည့်ချဉ်၊ စိမ်းလို့ထင်ပါရဲ့။ မှည့်တာစား၊ ချဉ်၊ မချဉ်တဲ့ဟာက ဖွယ်တယ်တယ်လောက်ရှိတာ။ သည်တော့လဲ မစားတော့ဘူးပေါ့ကွာ။ ပြွေလေးမုတ်လိုက်၊ လေးဂွတစ်လက်နဲ့ ဟိုပစ်၊သည်ပစ်ပေါ့။ သည်လိုနဲ့ ထမင်းစားချိန်ရောက်လာတော့ အရင်ကပို့နေကျ ထမင်းပို့တဲ့ လူကလဲ သည်ယာကွင်းခေါင်ခေါင်ကြီးဖြတ်မလာချင်တော့ ဆာရင်လာစားလိမ့်မယ်ဆို သည်အထိလာမပို့၊ တို့ကလဲ ဗိုက်ကဆာ။ ပြန်ရအောင်ကလဲ မွန်းတည့်နေကြီးမှာ ယာပြင်ကြီးဖြတ်ပြန်ရမှာ အထက်ပူအောက်ပူနဲ့ မတော်သေနိုင်တယ်။ နွားတွေထားပစ်ခဲ့လို့ကလဲ မဖြစ်။ သည်တော့ စောနက နွားစားရင်တောင် သည်နွား ငတ်သာ လို့ ငေါက်ခဲ့တဲ့ ဆီးသီးတွေထဲက မှည့်တယ် ထင်တာလေး ကောက်စား။ သည်တော့လဲ တစ်ယောက်နဲ့တစ်ယောက် အားပေးရင်း မဆိုးဘူး ချိုသားဟနော်၊ ဝါသာလေးရွေးစား၊ နေလောင်သာလေးရွေးစား ကောင်းသယ် နဲ့ ဆီးသီးတွေ ချိုကုန်တော့တာပေါ့ ငါ့သားရာ။ မင်းတို့လဲ ဆော့ပြီး ဗိုက်ဆာပြန်လာ အဖေချက်တာမှအပ မင်းတို့လဲ ဘာမှမရှိတော့ ငါ့လက်ရာကောင်းပြီပေါ့ဟ" တဲ့။ နောက်များ ကျနော်တို့အိမ်မှာ ဗိုက်ဆာပြီဆို နွားကျောင်းသားဆီးသီးချိုပြီလို့ ကုတ်နိမ်းပေးသလို၊ အချိုလွန်လို့ ပုရွက်ဆိတ်တောင် တက်နေပါပြီလို့ အဆာလွန်တာကို ကုတ်နိမ်းဆင့်ပွားပါတယ်။ သြော် စားစရာမရှိတော့လဲ ဆီးချဉ်ပင် ချိုရသပေါ့လေ။ ကိုယ့်ဆီးသီးကိုယ်ချိုတာ ကိုယ်ဝမ်းဝသပေါ့။ အညာက ဆီးပင်များက ဆီးကြက်ဥ ဆိုသည့် တရုတ်ဆီးသီး အမျိုးအစားလို အလုံးကြီးမှအပ ခပ်သေးသေးများကို ဘယ်သူမှ အရေးအရာမလုပ်ကြပါ။ ဆီးချဉ်ပင်ဟုသူ သတ်မှတ်ပြီး ဆိတ်စား၊ နွားစား ထားကြသည်သာ။ ထိုသို့အလုံးသေးသေးထဲမှ အချဉ်ပေါ့သည်ကို အချိုသီးလို့ဆိုပြီး မြို့သူ/သားကြီးတွေကို
နောင်နောင်သည်မှ တဆင့်ရောင်းခြင်း၊ ထန်းညက် အကူယူကာ ယိုထိုးရောင်းခြင်းပါ။ ခုတော့ ဘယ်ရှိတော့မလဲ။ ဇီးကွက်စီးပွားရေးကိုး...။



ချဉ်တာချိုတာနဲ့ ပက်သက်လို့ နောက်ထပ် မှတ်မှတ်ရရကတော့ စပျစ်သီးပါပဲ။ အဖေက ဆီးသီး၊ စိမ်းစားဥ၊ ထန်းသီးဆံ၊ ဆံချည်ထွေး၊ စတာတွေကို မက်မက်စက်စက်ရှိသလို သူ့သားတွေကိုလဲ စားစေပါတယ်။ အခင်းထဲမှာတင် ထိုင်ပြီး ဖရဲသီးစားနေတာ၊ ဗာဒံသီးထုစားတာ၊ထန်းသီးအရည်တည် နုနုလေးတွေကို ထိတ်ကဖြတ်ပြီး မျက်တွင်းထဲ လက်မထိုးကာ ပေပေတေတေ ထန်းသီးစုပ်စားနေတာတွေ၊ ခံသီးတွေကို ခူး၊ ဆား၊ ဆေးသကြားနဲ့ စားနေတတ်တာတွေ၊ သရက်သီးကို စိမ်းစားသီးဖြစ်ဖြစ်၊ ရွမ်းပြင်းဖြစ်ဖြစ်၊ အမှည့်ဖြစ်ဖြစ် အလုံးလိုက်စားတတ်တဲ့အပြင် အစေ့ကို စုပ်တတ်တာတွေ၊ အပင်ပေါ်က အသီးကို မြင်တာနဲ့ တက်ခူးစားတတ်တာတွေ၊ အထူးသဖြင့် မာလကာသီး၊ သစ်ချိုသီးပေါ့။ အပင်ပေါ်မှာထိုင် ခူးလိုက် စားလိုက် လွှင့်ပစ်လိုက်၊ ထပ်တက်လိုက် နောက်တစ်ပင်ကူးလိုက်၊ စားလိုက် မျောက်တစ်ကောင်လို လုပ်နေတာတွေကို အမေက မကြိုက်ပါဘူး။ မောင်ဟန်က ခပ်ချူချာချာသမားမို့ အမေ့စကားကို နားထောင်သလိုလိုရှိသော်လည်း အငယ်၂ကောင်က အခါမသင့်ရင် အပင်တွေပေါ်ကနေ ကူးရင်း ရပ်ကွက်ကျော်သွားတတ်သူတွေပါ။ သို့သော် အမေက အသီးအနှံကိုတော့ ပုံမှန်စားစေသူပါ။ ငှက်ပျောသီး၊ သင်္ဘောသီး၊စပျစ်သီး၊ သြဇာသီး၊ ပိန္နဲစတာတွေကို ပန်းကန်ထဲမှာ ခက်ရင်းလေးတွေတပ်ပြီး ငြိမ်ငြိမ်စားစေချင်သူပါ။ မာလကာသီးကိုတောင် ကီလိုသီး(ပန်းမာလကာခေါ်တယ်)ကို ဆားသကြားနှယ်တာနဲ့ အခွံနွာပြီးသား တို့စားစေချင်တာပါ။ အဲသည်တော့ အသီးအနှံတွေကိုတောင် အိမ်မှာ တောစာနဲ့ မြို့စာဆိုပြီး သတ်မှတ်ထားသလို ဖြစ်နေတတ်ပါတယ်။ "နင့်အဖေမြှောက်ပေးတိုင်း တောစာတွေစား နင့်ဗိုက်ထဲ သံကောင်တွေချည်းနေမှာ မအေလုပ်သူက သန့်သန့်ရှင်းရှင်း လုပ်ပေးရင် အပင်းဆို့တာကျလို့ " စသည့်စသည် မြည်တွန်တောက်တီးတဲ့အခါ ငယ်ငယ်ကတည်းက နီချင်ချင် အညာသားများပီပီ အမေ့မြို့စာတွေ မကောင်းကြောင်း မီးထွန်းရှာထားတတ်ပါတယ်။ ဥပမာ ငှက်ပျောသီးဆို ဆေးစိမ်ပြီးမှမှည့်တဲ့ဟာ၊ (ဘာဆေးစိမ်မှန်းမသိပါဘူး၊ အငယ်ကောင် ဘယ်ကသိလာမှန်းလဲ မသိပါဘူး၊ ရွှေသွေးထဲကပဲသိသလား မပြောတတ်ပါ။ ထိုစဉ်က ဘယ်ကျော်သူရ ကာတွန်းများသည် ထိုသို့ ဗဟုသုတများကို အခြေခံလေ့ရှိပါသည်။သူ့စနက်နဲ့ အမေကိုယ်တိုင် သူ့ကို ခေါ်သွားပြီး ပင်မှည့်ဆိုတာ ဝယ်ပေးရပါတယ်။(ဈေးပိုကြီးပါသည်) ဆေးမစိမ်နဲ့ဆိုတာ ပါပါသေးတယ်) သဘာဝမဟုတ်ဘူး ဘာညာ ရှာကြံပြောတတ်သော်လည်း "နင်တို့ကအမေလား၊ ငါကအမေလား၊ လမ်းဘေးက အဆိပ်အရောင်ဆိုးထားတာကျ ပါးတောင့်အောင်ဝါးတယ်(ပီကေ) ငါကအမေ စေတနာနဲ့ကျွေးတာ စား" ဆိုသည့် ဗီဒိုအာဏာအောက်တွင် အဖေပါ ငြိမ်ဝပ်ပိပြား မှသည် အေးချမ်းသာယာခဲ့ရသည်များပါသည်။

ထိုသို့အမှတ်အတေးလေးတွေ ရှိဆဲတွင်။ ကျနော် ကျောင်းစာအတွင်း အီစွပ်ပုံပြင်များ ပါလာသောအခါ ဇာတ်လမ်းကစပါသည်။ နွေကျောင်းပိတ်သည်နှင့် နောက်တစ်တန်းတက်မည့် မြန်မာစာ၊ အင်္ဂလိပ်စာစာအုပ်များကို အမေက ယူလာကာ ပေးထားပါသည်။ စာမသင်ပေးပါ။ ကျူရှင်မလွှတ်သေးပါ။ သင်္ကြန်ပြီးမှ လွှတ်တာ။ ပုံပဲလှန်ကြည့်ကြည့် စာပဲဖတ်ဖတ်၊ အမြည်းသဘောမျိုး ရှိတော့ဖတ်ဖြစ်ပါသည်။ မြန်မာစာ၊ သမိုင်း၊ ပထဝီဝင်၊ စသည်တို့ကို ဖတ်မိနှင့်ပါသည်။ သမိုင်းဆိုလျင် ခုနှစ်တွေကို မှတ်စရာမလိုသောကြောင့် ပုံပြင်လိုဖတ်ကာ ညညဆိုလျင် ဦးကြီးဦးလေးများကို အပြောခိုင်းပါတော့သည်။ ဟုတ်တာရော မဟုတ်တာရော စုံအောင်ကြားညပ်ကာ တစ်ခါတစ်ခါ အတည်ကြီး သူတို့အချင်းချင်း ငြင်းကြလျင် ပျော်စရာကောင်းပါသည်။ သို့သော် အင်္ဂလိပ်စာကိုတော့ဖြင့် အမေဖတ်အပြကို စောင့်ရပါသည်။ အထူးထုတ်ပေးမကိုင်ပါ။ အမေကိုယ်တိုင်ကလဲ အဖေ့ရှေ့တွင် အင်္ဂလိပ်လို ဖတ်ပြရတာကို သဘောကျဟန်ရှိပါသည်။ အဖေကလဲ မသိမသာ နားထောင်နေတတ်ပါသည်။ ကျနော်တို့အဖေ ရွာသားက အင်္ဂလိပ်စာဆိုလျင် ဓါတ်လိုက်မည်ထက် ကြောက်ရှာ၏။ (သို့သော်...နောက်မှရေးဦးမည်) ထိုတွင် အီစွပ်ပုံပြင်များ ရောက်သောအခါ မြေခွေးက စပျစ်သီးကို ချဉ်တဲ့ ပုံပြင်အရောက်တွင်၊ အမေက " မြေခွေးကြီးက စပျစ်သီးကို ချဉ်သတဲ့ သားတို့ရယ်" ဟု အဆုံးသတ်လိုက်သောအခါ ညီအကို ၃ယောက်လုံး ဘာမှခံစားရဟန်မပြတော့ချေ။ အမေကိုယ်တိုင် ပြန်အံ့သြကာမှ အငယ်ကောင်က "ဟုတ်တယ်လေအမေ စပျစ်သီးက ချဉ်တယ်လေ"ဟု ထောက်ပါတော့သည်။

ဟုတ်ပါသည်။ အမေဝယ်လာသော စပျစ်သီးများသည် ဈေးချိုရာကို ရှာခဲ့လေဟန်ရှိပါသည်။ ချဉ်ပါသည်။ အဖေကိုယ်တိုင် ရွေးစားရင်းပင် ရပ်ထားရသည်များရှိပါသည်။ အကြမ်းဖျဉ်းအားဖြင့် အညိုသီးနှင့် အစိမ်းသီးတွင် အညိုသီးက ချိုသလိုရှိသော်လည်း သူချိုသည်က ဆီးသီးချဉ်သလောက် ဖြစ်သည်။ အသားထူထူ၊ ချိုချိုအီအီ ထိုင်းမှလာသော၊ တရုတ်မှလာသော စပျစ်သီးမှည့် (စိမ်းစိမ်း၊ညိုညို) ချိချိုကြီးကြီးများကို အဘွာ;အိမ်ကပ်နေသော ကျနော်စားဘူးသော်လည်း၊ ညီငယ်များ မစားဘူးချေ။ သူတို့အသိသည် စပျစ်သီးသည် အလုံးသေးသေး အကြေများများ၊ အစိခါးခါး အသားချဉ်ချဉ်သာ ဖြစ်သည်။ ဘုရားဆွမ်းတော်ကပ်သည်နှင့် ဘုန်းကြီးအချိုပွဲတွင် တို့ကြည့်ဆိတ်ကြည့်သည်မှအပ ဘယ်သူမှ မက်မက်စက်စက် မစားသော အသီးဖြစ်သည်။ ထိုသည်နှင့် သီအိုရီသမား မာတာမိခင်နှင့် လက်တွေ့သမား ညီငယ်၂ယောက်တို့ စပျစ်သီးချိုသည် ချဉ်သည် တိုက်ပွဲသည် ပြင်းထန်ပါတော့သည်။ အဖေကမူ ပြုံးရီကာ " အေးလေ မင့်စပျစ်သီးကလဲ ချဉ်သကိုးကွ" ဟုသာ မှတ်ချက်ပြုပါသည်။ အမေကလဲ "နင်တို့ဟာပြောရ လက်ပေါက်ကပ်တယ်။ အေး မချဉ်တာ ငါဝယ်ကျွေးဦးမယ်"ဟု ဆိုလိုက်သောအခါ။ အငယ်၂ကောင်က ဒါဆိုမချဉ်တဲ့ စပျစ်သီးရှိတယ်ပေါ့နော် ဟု ထောက်ပါသည်။ ရှိပါတယ်ဟု ဖြေမိသော အမေ ထို၂ကောင်၏ ထောက်ခြောက်ထဲ တည့်တည့်နင်းမိပါတော့သည်။ ချိုသောစပျစ်သီးရှိပါလျက် စပျစ်သီးအတု အချဉ်များကိုသာ ဝယ်ကျွေးကြောင်း၊ အမေဖြစ်လို့ စေတနာရှိတယ်ဆိုသော်လည်း သူတို့ တစ်ခါဘူးမှ မစားခဲ့ရဘူးကြောင်း၊ မြို့စာများသည် အတုများသာဖြစ်ကြောင်း လူစုံတိုင်းပြော ကြုံတိုင်းပြောကြပါလေတော့သည်။ နိုင်ကွက်ရကြပြီကိုး။ စပျစ်သီးတွေ့သည်နှင့် "အင်း..သည်စပျစ်သီးကချိုသားဟေ့" ဆိုသည့် အဖေ့အသံကျယ်ကျယ်သည် ယခုအချိန်ထိ အမေ၏မျက်စောင်းခဲစရာ ဖြစ်နေတုန်းပင်ဖြစ်သည်။



ကျနော် မောင်ဟန်ကတော့ ခပ်ကြောင်ကြောင် ခပ်ငေါင်ငေါင်သမားပင် ဖြစ်ရာ အချိန်ကျလာ၍ အနှီ ချိုလိုက်ရသည့် ဆီးသီးများအကြောင်းနှင့် ချဉ်သလားချိုသလား ဝေခွဲမရသည့် စပျစ်သီးများ သို့မဟုတ် ချမကျွေးရဲသည့် စပျစ်သီးများအကြောင်း၊ မြေခွေးကြီး၏ မှတ်ချက်မှန်၏မမှန်၏ကို အဖွဲ့အစည်းအသီးသီး၊ ခေတ်ကာလအသီးသီးနှင့် အသိုက်အဝန်းအသီးသီးတွင် မဆီမဆိုင် ထည့်စဉ်းစားကာ ထိုဆီးသီးများ တကယ်ချိုတာလား၊ စပျစ်သီးတိုင်းကရော ချိုသလား၊ နောက်မျိုးဆက်များသည် စပျစ်သီးအချိုသီးများ စားဖူးရဲ့လား၊ ဆီးပင်အောက် အထိ ယာကွင်းနေပူပူကို ဖြတ်ကာ နွားပိုင်ရှင်ကြီးဒေါ်များက ထမင်းလာပို့တာကြုံနေရပြီလား၊ ကြုံလာမည်လား ၊ ထိုဆီးသီးချဉ်ချဉ်များကို မစားပဲ ချဉ်လိုက်နိုင်ကြတော့မည်လား ဆိုတာ တွေးမြဲ၊ ငေးမြဲ တွေးဆဲနှင့် ရောက်တတ်ရာရာများကို ရေးချလိုက်ပါသည်။ လက်လဲညောင်းလှပြီ။ တော်သေးပြီ။       ။

(ဓါတ်ပုံ အင်တာနက်။ စပျစ်ပုံကတော့ အမကြီး အစိမ်းရောင်လွင်ပြင်ဆီက ခပ်တည်တည် ခိုးသုံးသည်)
ကျန်းမာချမ်းသာကြပါစေ။
 ကျနော် မောင်ဟန်ပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...