ဆေးပညာဝေါဟာရများ သမိုင်း
Doctor(ဒေါက်တာ)
ယနေ့ကာလမှာ Doctor ဟုဆိုလိုက်သည်နှင့် နားကျပ်ကိုလည်ပင်းမှာ ချိတ်ဆွဲလျက် ဆေးကုနေကြသည့် ဆရာဝန်များကို မျက်စိထဲ မြင်ကြမည်ဖြစ်သည်။ “အဲသည့် ဒေါက်တာက ဆေးကုတဲ့ဆရာဝန်မဟုတ်ဘူး”ဟုဆိုလိုက်
လျှင် ပညာရပ်တစ်ခုခုမှာ ပါရဂူဘွဲ့PhD အထိ အောင်မြင်ပေါက်မြောက်ထားသည့် ပညာရှင်ဟုနားလည်ကြသည်။
Doctorate ရထားသူဆိုရင်သက်ဆိုင်ရာဘာသာရပ်တွင် အမြင့်ဆုံးဘွဲ့ရထားသူဟု အဓိပ္ပါယ်ရသည်။ ဆရာဝန်များကို ဒေါက်တာဟု ခေါ်ကြသော်လည်းဆရာဝန်တိုင်း ပါရဂူဘွဲ့ရထားကြသည် မဟုတ်ပေ။
MBBS ဟုဆိုလိုက်သည်နှင့် ဆေးပညာဘွဲ့ MB နှင့် ခွဲစိတ်ကုပညာဘွဲ့ BSကို ရရှိထားသည့် (Bachelor of Medicine နှင့် Bachelor of Surgery) ဆရာဝန်ဒေါက်တာများဟု သိရှိကြမည်ဖြစ်ပါသည်။အမှန်တော့ Doctor ဟူသည့် အသုံးအနှုန်းမှာ ဥရောပသမိုင်းတွင် သီးခြားအဓိပ္ပာယ်ရှိခဲ့သည့် ဝေါဟာရတစ်ခုဖြစ် ပါသည်။
သမိုင်းကြောင်းအရ Doctor ဟူသည့် စကားလုံးသည် လက်တင်ဘာသာမှ ဆင်းသက်လာခဲ့ပြီး အတတ်ပညာများကို သင်ကြားပို့ချပေးသည့် ဆရာဟု အနက်ဖွင့်၍ရသည်။ဥရောပသမိုင်းတွင် အေဒီ ၆၀၀မှ ၁၅၀၀ အထိကို အလယ်ခေတ် Medieval age ဟု ခေါ်တွင်ပါသည်။အလယ်ခေတ်တွင် အစဉ်အလာကြီးမားခဲ့သည့် ခရစ်ယာန်ဘုရားကျောင်း ပညာသင်ကြားရေးနေရာတွင် ပိုမိုအဆင့်မြင့် မားသော ပညာရပ်များကို ပို့ချပေးသည့် တက္ကသိုလ်ကြီးများ စတင်ပေါ်ပေါက်လာခဲ့သည်။ ဘာသာရေး (Theology )၊ ဥပဒေနှင့် ဆေးပညာရပ်များတွင် ပါရဂူမြောက်အဆင့်အထိ သင်ကြားပေးနိုင်သည့် တက္ကသိုလ်ကြီး များဖြစ်ပါသည်။
အင်္ဂလိပ်စာပေအရေးအသားတွင် ဆရာဟူသည့် အဓိပ္ပာယ်ဖြင့် Doctor စကားလုံးကို ၁၄ရာစုဝန်းကျင်တွင် သုံးစွဲခဲ့သည်ကို တွေ့ရသည်။ နောက်ပိုင်းကာလများ တွင် “ပညာတတ်”ဟူသည့် သဘောမျိုးဖြင့် Doctor ကို သုံးစွဲလာကြသည်။ ပညာရပ် တစ်ခုခုတွင် တဖက်ကမ်းခတ် တတ်မြောက်ထားသူများဟူသည့် သဘောကို ဆောင်သည်။ ၁၇၃၃ခုနှစ်တွင် အလက်ဇန္ဒားပုပ် ရေးသား ခဲ့သည့် မေးခွန်းတစ်ခု၌ သည်လိုရေးထားသည်။
“ပညာတတ် ဒေါက်တာတွေ သဘောမတူဘူးဆိုမှတော့ ဘယ်သူက ဆုံးဖြတ်နိုင်တော့မှာလဲ။” Who shall
decide,when Doctors disagree?”
၁၄ရာစု အင်္ဂလိပ်အသုံးအနှုန်းတွင် ဒေါက်တာ Doctor ကို ပါရဂူဘွဲ့ (doctorate )ရထားသည့်
ဆရာဝန်များကို ဖော်ညွှန်းရာတွင် သုံးနှုန်းခဲ့ကြသေးသည်။သို့ရာတွင် ရှေးခေတ်အခါက ဆရာဝန် အများစုမှာ ဆေးတက္ကသိုလ်တစ်ခုခုမှ ဆရာဝန်ဘွဲ့ရရှိသူ နည်းပါးပါသည်။ ဆေးဝါးကုသရာတွင် သိပံ္ပနည်းကျခေတ်မီ ဆေးံပညာကို သုံးစွဲသကဲ့သို့ နတ်ဘုရားကို ပူဇော်ပသပြီး ဆေးကုသခြင်းများလည်း ရှိသည်။ ၁၉ရာစုနှောင်းပိုင်းကာလများ ရောက်သည့် အခါတွင်မူ အထင်ကရ ဆေးတက္ကသိုလ်ကြီးများ အပြိုင်အဆိုင် ပေါ်ပေါက်လာပြီး ဆေးပညာဘွဲ့ရခေတ်ပညာတတ် ဆရာဝန်မျိုးဆက်တစ်ရပ် ပေါ်ပေါက် လာသည်။ ထိုဆရာဝန်မျိုးဆက်သစ်ကိုပင် ပရိသတ်များက Doctor ဟူလျက် ၀ိသဂြိုလ်ပြု သုံးနှုန်းခဲ့ကြ ရာမှ ဆေးကုသည့် ဆရာဝန်များကို ဒေါက်တာဟုခေါ်သည့် အသုံးတွင်ကျယ်လာခဲ့လေသည်။
Doctor ကို ကြိယာပုဒ်အဖြစ် ၁၅၉၉တွင် စတင်သုံးစွဲခဲ့သည်ကို တွေ့ရသည်။ ဘွဲ့တစ်ခုကို လက်ခံရရှိခြင်းဟူသည့်သဘောကို ဆောင်သည်။ ဆေးဝါးတစ်ခုခု ထိုးနှံ၊တိုက်ကျွေးခြင်းကိုလည်း Doctor ဟုသုံးသည်။ ၂၀ရာစုရောက်သည့် အခါ Doctor ကို တိရိစ္ဆာန်များအား သင်းသတ်သည့်နေရာတွင် ကြိယာပုဒ်အဖြစ် အသုံးပြုလာကြသည်။ ၁၈ရာစုခန့်က Doctor ကို အရည်အသွေးမပြည့်မီသည့် အစားအသောက်များပြုလုပ်ခြင်း ဟူသည့် အနက်ဖြင့် သုံးစွဲခဲ့ကြဖူးသည်။ အစားအစာများကို အဆိပ်ခတ်သည့် နေရာမှာလည်း Doctor ကို ကြိယာအဖြစ်သုံးသည်။
Doctor မှ ဆင်းသက်လာသည့် နာမည်ကြီး အသုံးအနှုန်းတစ်ခုမှာ ယုံကြည်ချက်၊မူဝါဒ၊ဆိုဆုံးမ
ချက်များဟု အဓိပ္ပာယ်ရသည့် Doctrine ဟူသည့် ဝေါဟာရဖြစ်သည်။ Christian doctrine ဟုဆိုလိုက်
လျှင် ခရစ်ယာန်ဘာသာရေး အဆုံးအမ၊Obama doctrine ဟုဆိုလျှင် အမေရိကန်သမ္မတ အိုဘားမား၏
နိုင်ငံရေးအယူအဆဟု အဓိပ္ပာယ်ရလေသည်။

0 comments:
Post a Comment