ဒီမိုကရေစီဆိုတာ လူအုပ်စုနှင့် အနိုင်ကျင့်တာလား
by လင်း သက် on Wednesday, January 23, 2013 at 8:01am
မြန်မာနိုင်ငံတွင် လူအများစုမှာ ဒီမိုကရေစီနှင့်ပတ်သက်၍ ဘူးလုံးနားမထွင်း မရှင်းမလင်းဖြစ်နေကြဟန်တူသည်။ အာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်းများစွာ ဖိနှိပ်ခံရသည့်အလျောက် ဒီမိုကရေစီနှင့် ပတ်သက်လျှင်အဆုံးစွန်
ထိ လွတ်လပ်လိုသည့် ချဉ်ခြင်းတပ်မက်မှုနှင့် ဒီမိုကရေစီကိုမျောက်အုန်းသီးရသလို မည်သို့ကျင့်သုံးရမည်မသိသည့်မသိခြင်းဒုက္ခ၊ ထိုခံစားမှုနှစ်ခု ဒွန်တွဲနေကြသည်ကို တွေ့ရသည်။ အများစုမှာ ဒီမိုကရေစီဆိုသည်မှာ ဂရိ ဘာသာစကားဖြင့် Demos (ပြည်သူ) + Kratos (အာဏာ (Power)/ (သို့မဟုတ်) အုပ်ချုပ်ရေး (Rule) ) ၊ သို့ဖြစ်၍
ဒီမိုကရေစီဆိုသည်မှာ People's Power of Authority(ပြည်သူ့အာဏာစိုးပိုင်မှု) ဖြစ်ကြောင်း၊ ဒီမိုကရေစီကို အထင်ရှားဆုံးပုံဖေါ်နိုင်သည့် စကားတစ်ခွန်းမှာ အမေရိ ကန်နိုင်ငံ၏ (၁၆)ယောက်မြောက် သမ္မတ ကြီးလင်ကွန်း၏
"Government for the people, by the people, for the people" (ပြည်သူတို့အတွက် ပြည်သူတို့ ကိုယ်တိုင်တင်မြှောက်သော (သို့မဟုတ်) ပါဝင်သောပြည်သူ့အစိုးရ) ဖြစ်ကြောင်း စသည်ဖြင့် ကြက်တူရွေးစာအံ
သကဲ့သို့ အလွတ်ကျက်မှတ်ငြင်းခုန်နေရုံမျှဖြင့် ရောင့်ရဲတင်း တိမ်နေကြသည်ကို တွေ့ရပါသည်။ "တရားသည် ကျမ်း
စာအုပ်မဟုတ်" ဟူသော အဆိုအမိန့် အတိုင်းပင် ဒီမိုကရေစီဆိုသည်မှာလည်း စာအုပ်ထဲမှအဓိပ္ပါယ်ကိုကျက်မှတ်၍
လူကြားကောင်းရုံ ငြင်းခုန်နေခြင်းဖြင့် မည်သည့်အနှစ်သာရမှ ခံစားသိရှိနိုင်မည် မဟုတ်ချေ။
ဒီမိုကရေစီသည် ၀ါဒမဟုတ်၊ အုပ်ချုပ်ရေးစနစ်တစ်ခုသာဖြစ်သည်။ ထို့ထက်ပိုပြောရမည် ဆိုလျှင် ဒီမိုကရေစီ ဆိုသည်မှာ ကျင့်စဉ်တစ်ခုဖြစ်ပါသည်။ မသိနားမလည်သူ များအား ဒီမိုကရေစီသည် အများဆန္ဒဖြစ်သည်၊ ထို့ကြောင့်မဲခွဲဆုံးဖြတ်ခြင်းဖြင့် အများဆန္ဒပြု ဆုံးဖြတ် ချက်သည် အတည်ဖြစ်ဟု ဆိုကာ နားလှည့်ပါးရိုက် လက်တစ်လုံးခြား လုပ်စားနေသူများ ရှိကြပါသည်။ ထိုပုဂ္ဂိုလ်များကြောင့်ဒီမိုကရေစီဆိုသည်မှာ "အများညီလျှင် ဤ ကို ကျွဲလုပ်ဖတ်"သည့် စနစ်တစ်ခုပမာ လူအများက ထင်ယောင်ထင်မှား ရှိလာကြသည်။ ၅၀+၁=၅၁ မဲ ဆိုသည့် ရလာဒ်ဖြင့် အရေးနိမ့်သူ (၄၉)ဦး၏ ဆန္ဒအား နိုင်လိုမင်းထက် ချိုးနှိမ်ခြင်းသည်ဒီမိုကရေစီမဟုတ်ချေ။ ထိုအချင်းအရာကို "လူအုပ်စုဖြင့် အနိုင်ကျင့်ခြင်း"ဟု ပြင်သစ်လူမျိုး နိုင်ငံရေးသိပ္ပံပညာရှင်တော့ကီးလ်(၁၈၀၅-၁၈၉၅)က ဆိုသည်။
သို့တိုင်အောင်ပင် လူအုပ်စု (မဲအများစု)အားကိုးဖြင့် ဂျပိုးကို လိပ်ဖြစ်အောင်ပြော၊ ၀ါးလုံးကို ၀ါးခြမ်းဖြစ်အောင်လုပ်
နေသော ဒီမိုကရက်တစ် (အမည်ခံ/အယောင်ဆောင်) ပုဂ္ဂိုလ်ကြီး များကို စိတ်ဆင်းရဲဖွယ် မြင်တွေ့နေရဆဲဖြစ်ပါသေး
သည်။ ထို့ထက် ရင်နင့်ဖွယ်ပိုကောင်း သည့် အချက်မှာ မိမိကိုယ်မိမိ Democrat ဟု ခံယူထားကာ ဒီမိုကရေစီကို
ပါးစပ်ဖျားက မချတမ်း တဖွဖွပြောနေသူများကပင် ကွန်မြူနစ် ရနံ့များမကင်း၊ ဆိုရှယ်လစ်သံယောဇဉ်မပြတ်၊ အမျိုး
သားရေးစိတ်ဓါတ်တထောင်းထောင်းထနေသော ဖက်ဆစ်ဆန်ဆန်ပုဂ္ဂိုလ်များဖြစ်နေ ကြခြင်းဖြစ် ပါသည်။ ထိုအချက်
ကပင် လစ်ဘရယ်ဝါဒအတွက် ရှေးရိုးအစဉ်အလာ ကြီးမားသော အသိုင်းအ၀န်း၊ လူမျိုးရေး စိတ်ဓါတ်ပြင်းထန်သော
ပတ်ဝန်းကျင်မျိုး တွင် အခြေကုပ်အမြစ်တွယ်ရန် ကြီးမားသော စိမ်ခေါ်မှုတစ်ခု ဖြစ်နေပါသည်။
၂၀၁၂ ခုနှစ်အတွင်း စာရေးသူကို ကျောင်းသားများ အမေးဆုံးမေးခွန်းများမှာ "မြန်မာ့ရေမြေတွင် ဒီမိုကရေစီအမြစ်
တွယ်ရှင်သန်ရန် ဘာတွေလိုအပ်သလဲ" "အမြစ်တွယ် ရှင်သန်နိုင်သည့် ရေခံမြေခံရော ရှိသလား" "အချိန်ကာလ
ဘယ်လောက်ကြာမလဲ" ဆိုသော မေးခွန်းများနှင့် အလားတူမေးခွန်းများသာဖြစ်ပါ သည်။ ထိုမေးခွန်းများ အတွက်
အဖြေမှာ ရှေးရိုးအစဉ်အလာကြီးမားပြီး ဂိုဏ်းဂဏ္ဍပြဿနာရှုပ်ထွေးများမြောင်ကာ လူမျိုးရေးအစွဲအလမ်းကြီးသော
မြန်မာ့ဒီမိုကရေဗဟိုချက်သို့ လစ်ဘရယ်ဝါဒ ဘယ်လောက်ချဉ်းကပ်စွဲမြဲနိုင်သလဲ ဆိုသည့် အပေါ်တွင် မူတည်နေပါ
လိမ့်မည်။ ထိုသို့ပြောရခြင်းမှာ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ် Democratization သည် ခေတ်မှီရေး
(Modernization) အပေါ် တည်မှီနေခြင်းကြောင့်ပင်ဖြစ်ပါ သည်။ Cultural Change ရမည်စိုး၍
Modernization ကိုလက်မခံနိုင်သော နိုင်ငံများမှာ Democratic Consolidation ကိုရောက်ရန်ကြန့်ကြာ
တတ်ပါသည်။ ထိုအဆင့်မရောက်မီ နိုင်ငံရေးပိတ်ဆို့မှု (Political Deadlock)ဖြစ်ပြီး အထက်မရောက် အောက်
မကျသည့် ဇော်ကန့်လန့်ဒီမိုကရေစီ (Partial Democracy)လည်းဖြစ်နိုင်သလို၊ Democratic Consolidation အဆင့်သို့ ရောက်ပြီးမှ နောက်ကြောင်းပြန်လှည့်သွားချင်လည်း လှည့်သွားနိုင်ပါသည်။ ယဉ်ကျေး မှုအစဉ်အလာကြီး
မားသော နိုင်ငံများတွင် လူတစ်ဦးချင်းကို အဓိကထားသည့် (Individualism) ထက် အမျိုးသား အကျိုးစီးပွားကို
အသားပေးသည့် အစုအဖွဲ့အသွင်သဏ္ဍန် သို့ ပိုတိမ်းညွတ်တတ်ကြသည်။ (ဥပမာအားဖြင့်- ဂျပန်နိုင်ငံဖြစ်သည်။) ထို
နိုင်ငံများ တွင် လစ်ဘရယ်ဝါဒထက် ဆိုရှယ်လစ်ဝါဒ (သို့တည်းမဟုတ်) အမျိုးသားရေးဝါဒများက ပိုမိုပျော်ဝင်မှု အား
ကောင်းတတ်ကြပါသည်။ ထို အချက်ကြောင့်ပင် မြန်မာ့ဒီမိုကရေစီ ဗဟိုချက်သို့ လစ်ဘရယ်ဝါဒထိုးဖေါက်ဝင်ရောက်
ရန် ခက်ခဲလိမ့်မည်ဟု ကောက်ချက်ချ ခဲ့ခြင်းဖြစ်သည်။ လစ်ဘရယ်ဝါဒ၏ အဓိကကိုယ်ကျင့်တရားစံမှာ ခန္တီ(သည်းခံ
ခြင်းတရား) (Toleration)ဖြစ်သည်။ လစ်ဘရယ်တို့က မတူခြားနားသည့်အမြင်များကို လက်ခံပြီး နိုင်ငံရေးနှင့်
လူမှုရေးဆိုင်ရာ ၀ိဝါဒကွဲပြားခြင်းကို အပေါင်းလက္ခဏာအဖြစ်ကြိုဆိုကြပါ သည်။ ထိုသို့ ကွဲပြားခြားနားခြင်းကပင်
လူမှု့အသိုင်းအ၀န်းတိုးတက်မည့် သင်္ကေတဟု ကောက်ယူကြ သည်။ ဒီမိုကရေစီဆိုသည်မှာ ဆရာကြီးဒဂုံတာရာ၏
စကားဖြင့်ပြောရလျှင် "မတည့်အတူနေ စနစ်" ဖြစ်ပါသည်။ Agree to disagree မတူကွဲပြားခြင်းကို လက်ခံ
တတ်သည့် နိုင်ငံရေး ယဉ်ကျေးမှု (Political Culture)တစ်ခုထွန်းကားရန် မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းတွင်
များစွာလိုနေပါသည်။ သို့မဟုတ်ပါက ဝေဖန်ခံရတိုင်း အရေးယူသည့်ဓလေ့သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ရိုးရာတစ်ခုပမာ စွဲမြဲကျန်ခဲ့ပါလိမ့်မည်။ သို့အတွက် ထိုအကျင့်ကို အရင်ဆုံးအမြစ်ပြတ်ကုစားရန် အရေးကြီးလှပါသည်။
မြန်မာနိုင်ငံအနေနှင့်ဆိုရသော် လစ်ဘရယ်ဝါဒထက် ပိုမိုစိမ့်ဝင်အားကောင်းသော (သို့တည်းမဟုတ်) အသားကျပြီး
ဖြစ်သော ကွန်ဆာဗေးတစ်ဝါဒနှင့် ဆိုရှယ်လစ်ဝါဒတို့ကို မော်ဒန်နိုင်ဇေးရှင်းအနေဖြင့် ခက်ခဲကြမ်းတမ်းစွာ ကျော်
ုဖြတ်ရပါလိမ့်မည်။ သို့သော် မြန်မာ့လူငယ်များ၏ ရုန်းထလာသော လွတ်လပ်လိုသည့် ဆန္ဒနှင့် အမြင်သစ်တို့ကို
ရှေးရိုးစွဲလူကြီးများ ကာလကြာရှည် ထိန်းထားနိုင်ဖွယ် မရှိလှချေ။ ယခုအခြေအနေတွင်မူ မတူခြားနားသည့်အမြင်
ကို လက်ခံပေးရန်များစွာလိုအပ်နေပြီး၊ Democratic Culture ကို ယခုထက်ပိုမို အသားကျစေရန်အရေးကြီး
လှပါသည်။ သို့မဟုတ်ပါက ဒီမိုကရေစီအား မြန်မာလူထု၏ ငြီးငွေ့စိတ်ပျက်ကာ စနစ်ဟောင်းကို ပြန်တမ်းတသည့်
အန္တရာယ်နှင့် ကြုံတွေ့ရနိုင်ပါသည်။ နောက်တစ်ချက်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် ဦးဆောင်နေသူ
Key Player များ (အခင်းအကျင်းတွင် Key Player မဟုတ်သော်လည်း ပြည်သူလူထုအမြင်တွင် Key Player
ဟုအထင်ခံနေရသူများ)၏ အံ့အားသင့်ဖွယ် လွဲချော် ချက်များကို မကြာခဏမြင်တွေ့နေရပါက နောင်လာမည့် ရွေး
ကောက်ပွဲများတွင် မဲပေးရန် စိတ်မ၀င်စားတော့သည့်(သို့မဟုတ်) နိုင်ငံရေးကို စိတ်ပျက်သည့် အန္တရာယ်နှင့် ထိပ်
တိုက် ရင်ဆိုင်ရဖွယ် ရှိပါသည်။
သို့ဖြစ်ပါ၍ မြန်မာ့ရေမြေတွင်ဒီမိုကရေစီအမြစ်ရှင်သန်ခြင်း၊ မရှင်သန်ခြင်းသည် အထက်ပါ အချက်များတွင် များစွာတည်မှီနေသည်ဟု ယူဆမိပါသည်။ ထို့အပြင် ဒီမိုကရေစီဆိုသည်မှာ "လူအုပ်စုနှင့် အနိုင်ကျင့်သည့် စနစ်မဟုတ်ကြောင်း" သက်သေပြရန် ဒီမိုကရက်တစ်များတွင် အဓိကတာဝန်ရှိကြောင်း ပြောကြားလိုပါသည်။
(လင်းသက်)
0 comments:
Post a Comment