Thursday, January 10, 2013

"ဒရာမာဘောလုံးပွဲ"

၂၁ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပွဲစဉ်တွေထဲက
မြန်မာအသင်းကန်တဲ့ပွဲ အများစုကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ကြည့်ရှုခွင့်ရခဲ့သည်။
ဘောလုံးပွဲဆိုတာကလည်း အချိန်နှင့် တစ်ပြေးညီ တိုက်ရိုက်ကြည့်ရမှ အရသာရှိသည်။
ရုပ်ရှင်တို့၊ ဗွီဒီယိုတို့ဆိုတာက ဒီတစ်ပွဲမမီလျှင် နောက်တစ်ပွဲကြည့်လို့ရသည်။ မအားသေးလျှင်
အဆင်ပြေတဲ့အခါကျမှ အခွေငှားကြည့်လို့ရသည်။ ဘောလုံးပွဲဆိုတာကတော့ အဖြေသိပြီးလျှင်
ကြည့်ရတာသိပ်အရသာမရှိတော့။

ဟိုအရင်၁၉၉၄ ခုနှစ်တုန်းက ကမ္ဘာ့ဖလားပွဲတွေကို နောက်တစ်နေ့ နေ့လယ်ကျမှ
နောက်ကျ လွှင့်ထုတ်ပေးခဲ့စဉ်က အကြောင်းကို သတိရမိသည်။ ထိုစဉ်က တချို့သောဘောလုံး
ဝါသနာအိုးကြီးများသည် သူတို့ကြိုက်တဲ့အသင်း ကန်မယ့်ပွဲပြမည့်နေ့ဆိုလျှင် မနက်အိပ်ရာ
နိုးကတည်းက အိမ်ပေါ်မှ အိမ်အောက်မဆင်းဘဲ နေသည်။ ဘယ်သူနဲ့မှ မတွေ့ရအောင်အိမ်တွင်း
အောင်းနေသည်။ သတင်းစာလာလျှင်လည်း မဖတ်ဘဲ ခေါက်ထားသည်။ အိမ်ကလူတွေကိုလည်း
ညကကန်ခဲ့သည့် ဘောလုံးပွဲသတင်းကြားလျှင်တောင် အိမ်မှာ လုံးဝမပြောရဟု တားမြစ်ထားသည်။
ထို့ကြောင့် ဘောလုံးပွဲ အနိုင်အရှုံးကို ကြိုတင်မသိရ။ ဒီအခါမှာ နောက်ကျပြီးမှ ကြည့်ရသော်လည်း
တိုက်ရိုက်ကြည့်ရသလို အရသာရှိသည်ဆို၏။

ဒီနှစ် အရှေ့တောင်အာရှပွဲမှာတော့ အရေးကြီးသော ပွဲစဉ်အားလုံးလိုလိုတိုက်ရိုက်ကြည့်ခွင့်
ရခဲ့သည်။ ခုလိုကြည့်နိုင်အောင် စီစဉ်တင်ဆက်ပေးသော မြန်မာ့ရုပ်မြင်သံကြားကို ကျေးဇူးတင်ပါသည်။
ကြေညာသူဦးဝင်းအောင်ကိုလည်း ချီးကျူးပါသည်။
(အမျိုးသမီး ဘောလုံးပွဲတွေကို အမြည်းလောက်တောင် ကြည့်ခွင့်မရခဲ့တာကိုတော့
မချင့်မရဲဖြစ်ရပါသည်။ သတင်းစကားတွေအရတော့ မြန်မာအမျိုးသမီးအသင်း ခြေစွမ်းထက်သည်။
ဗိုလ်စွဲနိုင်သော အခြေအနေရှိပါလျက် ဒိုင်လူကြီး ပွဲထိန်းပုံ မူမမှန်သောကြောင့်လည်းကောင်း၊
ကံခေသောကြောင့်လည်းကောင်း တတိယကြေးတံဆိပ်နှင့်သာ ကျေနပ်လိုက်ရရှာသည်ဆို၏။
၂၀၀၃ခုနှစ်ကျလျှင်တော့ အောင်ပွဲဆင်နိုင်မည်ဟု မျှော်လင့်ပါသည်။)

* * * *

မြန်မာနှင့်မလေးရှားတို့၏ ဆီမီးဖိုင်နယ်ပွဲအကြောင်းကို အဓိကထားပြောချင်သည်။
ထိုပွဲနှင့်ပတ်သက်၍ ကြိုတင်ခန့်မှန်းကြရာမှာ အများစုကတော့ မြန်မာအသင်းအနေဖြင့် မလေးရှားကို
မနိုင်နိုင်ဟု တွက်ကြသည်။ ဒါကလည်း သဘာဝကျပါသည်။ မလေးရှားသည် အိမ်ရှင်ဖြစ်သည်။ သူ့ကွင်း
သူ့ပရိသတ်ရှေ့မှာ ကစားရမည်။ ဒိုင်လူကြီးများကလည်း အိမ်ရှင်ကိုနည်းနည်းဖြစ်ဖြစ် မျက်နှာသာ
ပေးလေ့ရှိကြသည်။
မြန်မာအသင်းကတော့ စင်ကာပူနှင့်ပွဲတွင် ခြေကုန်ထုတ်ကစားခဲ့ရသဖြင့် ပင်ပန်းနေသည်။
အတွေ့အကြုံနည်းသော လူငယ်၊ လူသစ်တွေပါနေသောကြောင့် စိတ်ဖိစီးမှုများပြီး အမှားတွေ လုပ်မိနိုင်သည်။
မလေးရှားက ကစားကွက်ကောင်းပြီး ရှေ့တန်းလူတွေ ထိုးဖောက်ဂိုးသွင်းအားကောင်းတာလည်းတစ်ကြောင်း။
ထို့ကြောင့် မလေးရှားနိုင်မည်ဟု တွက်သည်။

ကျွန်တော်ကတော့ "ပြောလို့မရဘူး" ဟု သုံးသပ်သည်။ မြန်မာအသင်းသည် စင်ကာပူကို
နိုင်သဖြင့် စိတ်ဓာတ်အထူးတက်ကြွနေသည်။ တစ်ပွဲပြီးတစ်ပွဲ ခြေပိုတွေ့လာတာမြင်ရသည်။ အုပ်စုတွင်းမှာ
အသင်းကြီးအသင်းကောင်းတွေနှင့် ကစားလိုက်ရသဖြင့် အတွေ့အကြုံရှိလာသည်။ ကိုယ့်ကိုယ်ကို
ယုံကြည်မှုပိုရှိလာသည်။
အဓိကအချက်ကတော့ မြန်မာဘောလုံးသမားများ၏ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့်စည်းလုံးမှုရှိခြင်းတို့ပင်
ဖြစ်၏။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် အပြစ်တင်ခြင်း၊ တွက်ကပ်ခြင်း၊ တစ်ကိုယ်ကောင်း
ဆန်ခြင်းများမရှိ။ သူတို့ကို ကြည့်ရတာ သူငယ်ချင်းတွေစုပြီး ဖွဲ့စည်းထားသော ဘောလုံးအသင်းတစ်သင်းလို
ဖြစ်နေလေသည်။ ထို့ကြောင့် မလေးရှားကို မနိုင်ဘူးဟု မပြောနိုင်ဟု ကျွန်တော်ထင်မြင်ခြင်းဖြစ်၏

ထိုနေ့က ပွဲမှာ ပွဲကောင်းတစ်ပွဲပင်ဖြစ်၏။ ကြည့်ခဲ့ဖူးသမျှ ၁၉၉၅တုန်းက ဗီယက်နမ်နှင့် ကစားသည့်
ဆီမီးဖိုင်နယ်ပွဲပြီးလျှင် အကောင်းဆုံးပွဲတစ်ပွဲပင်ဖြစ်သည်ဟု ထင်၏။ မြန်မာရော၊ မလေးရှားရော
နှစ်သင်းစလုံးသည် ဘောလုံးပညာကိုသာ ဦးစားပေးပြီး ကစားသွားကြသည်။ အားကြိုးမာန်တက်
တွန်းတွန်းတိုက်တိုက် ကစားတာကလွဲလျှင် လူကိုမဲပြီး ရမ်းကားခြင်း၊ ညစ်ခြင်းများမရှိ။ ဒိုင်လူကြီးကလည်း
အိမ်ရှင်မို့ ဘက်လိုက်ခြင်းမရှိဘဲ မျှတစွာ ဆုံးဖြတ်သွားသည်။ ထို့ကြောင့် အလွန်လှပပြီး ကြည့်ကောင်းသော
ပွဲတစ်ပွဲ ဖြစ်ခဲ့လေသည်။
မြန်မာအသင်းကစားပွဲနှင့် ပတ်သက်ပြီး တချို့က နောင်ရိုးစိတ်ဓာတ်ဖြင့် ကစားသွားသည်ဟု
ဆိုကြသည်။ ကျွန်တော်က ဒီလိုမထင်။ မြန်မာလူငယ်များသည် ရွှေမော်ဓောစေတီတော်ပေါ်တက်ပြီး
နားထွင်းသည့် တပင်ရွှေထီးလို စိတ်ဓာတ်ဖြင့် ကစားခဲ့ကြသည်ဟု ယူဆသည်။

ကြည့်လေ သူ့မြေ၊ သူ့ကွင်း၊ သူ့ပရိသတ်ရှေ့မှာ ရဲရဲရင့်ရင့် ထိုးဖောက်မွှေနှောက်
ကစားခဲ့ကြတာမဟုတ်လား။ အိမ်ရှင်မလေးရှား ပရိသတ်ကြီးမှာ မြန်မာအသင်း ကစားပုံကိုကြည့်ပြီး
အိပ်မက်များမက်နေရော့သလားဟု အံ့ဩမှင်သက်နေကြသည်ဟု သိရသည်။
ပွဲ၏ နောက်ဆုံးရလာဒ်ကိုတော့ အားလုံးသိကြပြီးဖြစ်၏။ မြန်မာအသင်း တစ်ဂိုးတည်းနှင့်
ကပ်ရှုံးသည်။ ဘောလုံးပွဲဆိုတာက ခြေစွမ်းခြေစပေါ်မှာ အကဲဖြတ်ပြီး အမှတ်ပေးတာမျိုးမဟုတ်။
ဂိုးပိုက်ထဲဝင်အောင်ကန်သွားနိုင်ခြင်း အပေါ်မှာသာ မူတည်ပြီး အနိုင်အရှုံး ဆုံးဖြတ်ခြင်းဖြစ်၏။ ထို့ကြောင့်
မြန်မာအသင်း ဂိုးအရေအတွက်အရ ရှုံးသည်။ ခြေကတော့ မရှုံးပါ။ အသင်းတွေ အားလုံးထဲတွင်
မြန်မာအသင်း၏ ကစားပုံ၊ ကစားကွက်သည် အကောင်းဆုံးဖြစ်၏။ ထို့ကြောင့် ဘောလုံးဥပဒေအရ
မြန်မာအသင်းတတိယသာ ရသော်လည်း ခြေစွမ်းအရ ချန်ပီယံအဆင့်ရှိသည်ဟု ကျွန်တော်
သတ်မှတ်သည်။

* * * * *

မြန်မာနှင့် မလေးရှားပွဲ ပထမပိုင်းအပြီးမှာပင် "ဒီနေ့ပွဲရှုံးရင်တောင် ကျေနပ်တယ်"ဟု
ပြောမိ၏။ ကျွန်တော်တစ်ယောက်တည်းပဲ ဒါမျိုးခံစားရလားဆိုတော့ မဟုတ်။ နောက်တစ်နေ့မနက်
လက်ဖက်ရည်ဆိုင်မှာ လူစုံသောအခါ အားလုံး၏မျက်နှာများသည် ပြုံးပြုံးရွှင်ရွှင် ရှိနေကြသည်။
မြန်မာအသင်းကစားပုံကို ကျေနပ်အားရလှကြောင်း ဝမ်းမြောက်ဝမ်းသာ ပြောဆိုနေကြသည်။
ဒီနေရာမှာ ထူးခြားချက်တစ်ခုကိုတွေ့ရပြီ။ ဘောလုံးပွဲ ရှုံးပါလျက် ဘာကြောင့် ကျေနပ်
ပျော်ရွှင်မှု ဖြစ်ကြရပါသလဲ။ ဘောလုံးဝါသနာအိုးဆိုသည်မှာ အနိုင်အရှုံးထက် ဘောလုံးပညာကို ပို၍
တန်ဖိုးထားခြင်းကြောင့်ဖြစ်ကြောင်းတွေ့ရသည်။

ကျွန်တော်ကတော့ နောက်ထပ် ရှုထောင့်တစ်မျိုးကိုမြင်မိသည်။ ကျွန်တော်တို့တွေ ဝတ္ထုဖတ်၊
ရုပ်ရှင်ကြည့်ကြရာမှာ တစ်ခါတစ်လေ ကြေကွဲဝမ်းနည်းဖွယ် ဒရာမာဇာတ်လမ်းတွေနှင့် ကြုံရသည်။
သို့ရာတွင် တသသနှစ်သက်စွဲလမ်းမှုဖြစ်ကြရသည်။ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတော့ တင်ပြပုံ
အနုပညာမြောက်သောကြောင့်ဖြစ်၏။ လူတို့သည် ဇာတ်လမ်းကို ခံစားခြင်းမဟုတ်ဘဲ အနုပညာကို
ခံစားခြင်းသာဖြစ်သည်။
မြန်မာနှင့် မလေးရှားတို့၏ ဘောလုံးပွဲမှာ အလွန်ရသမြောက်သော ကဗျာတစ်ပုဒ်၊ ဝတ္ထုတစ်ပုဒ်၊
ပန်းချီကားတစ်ချပ်၊ ပန်းပုရုပ်တစ်ရုပ်၊ ရုပ်ရှင်ဇာတ်ကားတစ်ကားကဲ့သို့ပင်ဖြစ်လေ၏။

---------------------------------------

မင်းလူ
သဘင်အနုပညာဂျာနယ်။
၉-၁၀-၂၀၀၁။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...