Tuesday, January 8, 2013

တကယ့်မင်္ဂလာ အစစ်ဆိုတာ အများအကျိုးကို ဆောင်ရွက်ခြင်းပါပဲ

Soe Gyi shared Myanmar Daily News's photo.
တကယ့်မင်္ဂလာ အစစ်ဆိုတာ အများအကျိုးကို ဆောင်ရွက်ခြင်းပါပဲ

 အများအကျိုးကို ဆောင်ရွက်ခြင်းပါပဲတနင်္ဂနွေနေ့ ဖြစ်သော်လည်း မြောက်ပြင် ၉ လမ်းရှိ စာသင်တန်းသို့ ကျွန်တော် သွားရောက်၍ စာသင်ရ သည်။ စာသင်ခန်းထဲ သို့ရောက်သည်နှင့် ကျောင်းသား ကျောင်းသူများက "မင်္ဂလာပါ" ဟု နှုတ်ဆက်ကြသည်။ "ကဲဟေ့ နေ့စွဲတပ်ကြ၊ ငါတို့ လူမျိုးတွေက နေ့စွဲတွေ၊ မှတ်တမ်းတွေနဲ့ အလုပ် မလုပ်တတ်ကြဘူး။ ဒီနေ့က ဇန်နဝါရီလ ၁ ရက်နေ့၊ နှစ်သစ်ကူးနေ့၊ မင်္ဂလာနေ့နော်" ကျွန်တော်က ၁.၁.၂၀၁၂ ဟု နေ့စွဲကို ကျောက်သင်ပုန်း၏ ဘယ် ဘက်ထောင့်တွင် ရေးမှတ်လိုက်ပြီး ထိုနေ့စွဲအောက်၌ သီပေါမင်း၏ မွေးနေ့ဟု ရေးပေးလိုက်သည်။ ကလေး များက"သီပေါဘုရင် ဘယ်နှခုနှစ်မှာ မွေးတာလဲ ဆရာကြီး" ဟုဝိုင်းပြီးမေးကြသည်။

"ဓာတုဗေဒ သင်ရဦးမယ်လေ၊ ပြီးမှ ဒီအကြောင်းကို ပြောပြမယ်" ဟု စကားစကို ဖြတ်ထားလိုက်ရသည်။ ထိုနေ့က "လူမှုဝန်းကျင်ရှိ ဓာတုဗေဒ ဘာသာရပ်" အကြောင်းကို မိတ်ဆက် သင်ကြားရသည်။ ဓာတ်မြေ ဩဇာများအကြောင်း၊ သစ်ပင်များတွင် လိုအပ်နေသည့် ဒြပ်စင်များ အကြောင်း၊ အပင်များ ရှင်သန်ကြီး ထွားရန်လိုအပ် သည့်နည်းပညာများ အကြောင်း၊ သဘာဝ ပတ်ဝန်းကျင်၏ တန်ဖိုးများ အကြောင်းကို ပို့ချပေးပြီး နာရီကို ကျွန်တော်လှမ်း ကြည့်လိုက်သည်။ စာသင်ကြားချိန် ဆယ်မိနစ်ခန့်သာ လိုတော့သည်။

"ကဲဟေ့ နားထောင်ကြ၊ မင်းတို့က မြန်မာ့နောက်ဆုံး ဘုရင်သီပေါမင်းရဲ့အကြောင်းကို သိချင်တယ်ဆိုလို့ ဝမ်းသာတယ်။ ငါက တစ်ဖက်သတ် မပြောချင်ဘူး။ မေးခွန်းမေးမယ့်သူ မတ်တပ်ရပ်။ ပြီးရင်မေး" ကျောင်းသားကျောင်းသူ တွေတစ်ယောက်ပြီး တစ်ယောက် ကျွန်တော့်ကို ထပြီးမေးကြလေ တော့သည်။

"သီပေါမင်းမွေးတဲ့ခုနှစ်နဲ့ သူ့အကြောင်းကို ဆရာကြီးသိသလောက် ပြောပြပါလား"

"အေး သီပေါမင်းက ၁- ၁-၁၈၅၉ မှာမွေးတယ်ကွ။ ဒီနေ့ဟာ သီပေါမင်းရဲ့မွေးနေ့ပဲ။ မင်းတုန်းမင်း ကြီးနဲ့ လာင်းရှည်မြို့စား မိဖုရားကြီးက မွေးတာ။ 'သီပေါမြို့' ကို အပိုင်စားရလို့ 'သီပေါမင်း' လို့ခေါ်တာ။ သူ့နာမည် အရင်းက 'မောင်မျိုးဆက်' တဲ့။ သီပေါ မင်းမှာ အစ်မတစ်ယောက်၊ ညီမတစ် ယောက်ရှိတယ်။ သူကအလတ်၊ သူငယ်ငယ်တုန်းက ဗုဒ္ဓစာပေကို စိတ်ဝင်စားတယ်။ ပါဠိဘာသာကို ကျွမ်းကျင်တယ်။ အခု အ.ထ.က(၁၀)ဆိုတာ အရင်တုန်းက သံတဲကျောင်းလို့ခေါ်တယ်။ ဒိုင်အို ကျောင်းလို့လည်း ခေါ်တယ်။ အဲဒီ ကျောင်းရဲ့ကျောင်းအုပ်ဆရာကြီးက ခရစ်ယာန်သာသနာပြု "ဆရာမှတ်ကြီး" Dr.J.E Marks ပေါ့။ သီပေါမင်းရဲ့ ကျောင်းဝင်အမှတ်က ၂၇ တဲ့။ သူက အင်္ဂလိပ်လို နည်းနည်းပါးပါးတော့ ပြောတတ်တယ်။ နားလည်တယ်ကွ။ သူက ခရစ်ကတ် ကစားတာ ဝါသနာပါတယ်။ ကျွမ်းကျင်တယ်။ အသက် ၁၆ နှစ်မှာ ကိုရင်ဝတ်တယ်။ ပထမကျော်စာမေးပွဲ ကိုလည်း အောင်မြင်ခဲ့ တယ်။ လူရိုး၊ လူအေး၊ စကားနည်းတယ်"

"မင်းတုန်းမင်းမှာ သား တော်တွေ အများကြီးရှိခဲ့တယ်ဆို အဲဒီ ထဲက သီပေါမင်းကို ဘာလို့ဘုရင်အဖြစ် ရွေးချယ်ရတာလဲ ဆရာကြီး။ ကျွန်တော် သိချင်လို့ပါ"

"ပြောရရင်တော့ အရှည် ကြီးပဲဟေ့။ သက်ဦးဆံပိုင် ဘုရင်စနစ် ရဲ့ အားနည်းချက်တွေ၊ အတ္တကြီးမှုတွေ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းတွေ၊ စာမဖတ်တာတွေ၊ အချင်းချင်းမညီညွတ်တာ တွေ၊ ခေတ်မီလက်နက်ကိရိယာမရှိတာ တွေ၊ ခေတ်မီဆက်သွယ်ရေးဖွံ့ဖြိုးတိုး တက်မှုမရှိတာတွေကြောင့်ပဲ။ မင်းတို့ သိချင်ရင်တော့ သီးခြားလေ့လာကြ ဟေ့။ သီပေါမင်းက ၁၈၇၈ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှာ ဘုရင် ဖြစ်တယ်။ သူလည်းဘုရင်ဖြစ်ပြီးရော ညီအစ်ကိုတစ်ဝမ်းကွဲတွေ တစ်နည်းအား ဖြင့် အဖေတူ အမေကွဲတွေ အားလုံး အကုန်သတ်ပစ်တော့တယ်။ သူသတ် တယ်လို့ တချို့က စွပ်စွဲကြတယ်။ မြင်း ကွန်း၊ မြင်းခုံတိုင်၊ ညောင်ရမ်း၊ ညောင် အုပ်မင်းသားတွေကတော့ နိုင်ငံခြားကို ထွက်ပြေးကြတယ်ကွ"

"ဆရာကြီး ကျွန်တော်သိချင်တာ တစ်ခုရှိတယ်။ ညီအစ်ကိုတစ် ဝမ်းကွဲတွေကိုတောင် သတ်ရဲတဲ့ သီပေါမင်းက ဘာလို့အသာ တကြည်နဲ့ အဖမ်းခံရတာလဲ ဆရာ။ ဘုရင်ဖြစ်ပြီး ဘာမှလည်း မခုခံဘူး။ သူ့ဘေးနားက ရဲမက် စစ်သည်တွေကလည်း အဲဒီအချိန်မှာ ဘယ်ရောက်နေကြတုန်း။ ကျွန်တော် အဲဒါအမြဲစဉ်းစားနေမိတယ် ဆရာ။ ကျွန်တော့်အိမ်က ကျုံးဘေးမှာ ကျုံးတော်ကြီးကို အမြဲမြင်နေရတိုင်း သီပေါမင်းကို အားမရဘူးဆရာ"

"အေး သီပေါမင်းက ဦး ဆောင်ပြီးသတ်တယ်လို့တော့ မစွပ်စွဲ သင့်ဘူးကွ။ နန်းတွင်းအရေးဆိုတာ တော်တော်ရှုပ်ထွေးတယ်။ ဒီလိုပဲ အင်္ဂ လိပ်တွေလာပြီး သီပေါမင်းကိုဖမ်းတဲ့ အချိန်မှာ ဘာ့ကြောင့်မခုခံသလဲဆိုတာ ငါလည်းမင်းတွေးသလိုတွေးခဲ့ဖူးတယ်။ လိုရင်းပြောရရင်တော့ကွာ" ကျွန်တော်က စကားကို ခေတ္တခဏရပ်လိုက်သည်။ စဉ်းစားမိသည်။ သူတို့ လေးတွေက ကျုံးတော်ကြီး၊ နန်းတော် ကြီး၊ မန္တလေးတောင်၊ သုဓမ္မာဇရပ်၊ ကျောက်တော်ကြီး၊ စန္ဒာမုနိ၊ ကုသိုလ် တော်ဘုရားတွေကို နေ့စဉ်မြင်တွေ့နေ ကြရတဲ့သူတွေ၊ ဒီတော့ သီပေါမင်း အကြောင်းကို စိတ်ဝင်စားကြပေမပေါ့။ စကားကိုဆက်၍ပြောလိုက်သည်။

"အတ္တကြီးတဲ့ခေါင်းဆောင် ဆိုတာ အသေမခံရဲဘူးကွ။ စည်းစိမ်ဥစ္စာမက်တဲ့ ခေါင်းဆောင်ဆိုတာ သေရမှာသိပ်ကြောက်ကြတယ်။ သမိုင်းလှဖို့ မကြိုးစားကြဘူး။ ပြည်သူ့အတွက် စဉ်းစားတဲ့ခေါင်းဆောင်တွေက အသက်စွန့်ရဲတယ်။ စည်းစိမ်စွန့်ရဲတယ်။ အာဏာ စွန့်ရဲတယ်။ မာန်မာနစွန့်ရဲတယ်။ ခေါင်း ဆောင်တစ်ယောက်ဖြစ်လာပြီဆိုရင် ကိုယ့်အသက်ထက် အရေးကြီးတာတွေ အများကြီး ရှိနေတတ်တယ်ဆိုတာ မင်းတို့သိထား။ ဘုရင်တစ်ပါး၊ ခေါင်း ဆောင်တစ်ယောက်ဟာ ကိုယ့်အသက်ထက် သမိုင်း ဂုဏ်သိက္ခာက ပိုပြီးအရေး ကြီးတယ်လို့ သိထားရမယ်။ ကိုယ့်စည်း စိမ်ဥစ္စာ၊ အာဏာ၊ လုပ်ပိုင်ခွင့်ထက် အနာဂတ်သမိုင်း မှတ်တမ်းက ပိုပြီး အရေးကြီး တယ်ဆိုတာသိထားရမယ်။ သီပေါမင်း ကတော့ကွာ။ မပြောချင်ပါဘူး။ မင်းတို့ တတွေ စာဖတ်ကြ။ စာဖတ်ရင် ငါတို့ လူမျိုးတွေရဲ့အားနည်းချက်တွေ သိလာ လိမ့်မယ်။ ဒီလိုပဲ...ခေါင်းဆောင်ဆိုသူ တွေရဲ့အတ္တကြီးမှု၊ အရည်အသွေး ညံ့ဖျင်းမှုတွေကို သမိုင်းထဲမှာရှာကြည့် ကြ။ ဟုတ်ပြီလား"

"သီပေါမင်းက မိန်းမကြောက် ရတယ်ဆိုတာဟုတ်လားဆရာ"

"ဒါတော့ ငါလည်း မပြော တတ်ဘူး။ စုဖုရားလတ်အပြင် နောက် ထပ် မိဖုရားနှစ်ပါး ရှိသေးတယ်တဲ့။ သီပေါမင်းနဲ့စုဖုရားလတ်တို့က သား သမီး ၅ ယောက်ထွန်းကားခဲ့တယ်။ သမီးချည်းပဲ ၄ ယောက်၊ အငယ်ဆုံးက တော့ သားတော်။ သားတော်က ကျောက်ပေါက်ပြီး တစ်နှစ်သားအရွယ် လောက်မှာ ဆုံးသွားတယ်" "ဦးကောင်းလိမ်ထုတ် မင်း ဆက်ပြုတ်"ဆိုတာ ကြားဖူးပါတယ်။ အဲဒါ ဘာအဓိပ္ပာယ်လဲ ဆရာကြီး"

"ဦးကောင်းဆိုတဲ့ အမတ်မင်းက သီပေါဘုရင်ကို လိမ်ညာပြီး ထုတ်သွားတယ်လို့ မတွေးရဘူးဟေ့။ 'ဦး' ဆိုတာက တစ်၊ 'ကောင်း' ဆို တာက နှစ်၊ 'လိမ်' ဆိုတာက လေး၊ 'ထုတ်' ဆိုတာက ခုနစ်။ ဒီတော့ 'ဦးကောင်းလိမ်ထုတ်' ဆိုတာ သီပေါ မင်းပါတော်မူတဲ့ခုနှစ်ကို မြန်မာလို အတိုကောက်မှတ်သားထားတာ။ မြန်မာ လို ၁၂၄၇ လို့ အဓိပ္ပာယ်ရတယ်။ ဥပမာ ကွာ။ 'အုတ်ကျစ်ကျော်အေး မန္တလေး' လို့ အတိုကောက် မှတ်သားထားသလို မျိုးပေါ့။ 'အုတ်ကျစ်ကျော်အေး' ဆိုတော့ ၁၂၂၁ မှာ မန္တလေးမြို့တည်တယ် လို့ အဓိပ္ပာယ် ရတာပေါ့"

"သီပေါမင်းကို သင်္ဘောကြီး နဲ့ခေါ်သွားတာဆို။ ဟုတ်လား ဆရာ ကြီး"

"ဟုတ်တယ်ကွ။ သီပေါမင်းကို လာပြီးဖမ်းခေါ်သွားတာက အင်္ဂလိပ်စစ်ဗိုလ် 'ကာနယ်စလေဒင်'၊ ကာနယ်စလေဒင်ကို သွားပြီးကြိုရတာက ကင်းဝန်မင်းကြီးဦးကောင်း။ ၁၈၈၅၊ နိုဝင်ဘာလ ၂၉ ရက် ညနေ ၃ နာရီခွဲမှာ သီပေါမင်းနဲ့သူ့မိသားစု အခု ၃၅ လမ်း လို့ခေါ်တဲ့ 'အေ' လမ်းအတိုင်း ဂေါဝိန် ဆိပ်ကို ခေါ်သွားတယ်။ 'သူရိယ' သင်္ဘောပေါ်ကို တက်ရတယ်။ အဲဒီ အချိန်မှာ တော်တော်ညနေစောင်းနေပြီ။ ဆောင်းတွင်းဆိုတော့ နေရောင်လည်း အကျစောတယ်။ မှောင်နေလောက်ပြီ။ သီပေါမင်းက 'သူရိယ' သင်္ဘောပေါ် တက်တဲ့ပန်းချီကားကိုတော့ မင်းတို့တွေ့ ဖူးကြမှာပါ။ အင်္ဂလိပ်စစ်သားတစ် ယောက်က မီးအိမ်လေးကိုကိုင်လို့။ သင်္ဘော ကုန်းဘောင်ပေါ်တက်သွားတဲ့ ပုံလေးလေ။ ကုန်းဘောင်သမိုင်းဟာ နောက်ဆုံးတော့ ကုန်းဘောင်ပေါ်မှာပဲ နိဂုံးချုပ်သွား ခဲ့ရတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ရန်ကုန်ကိုခေါ်သွားတယ်။ ကြုံလို့ပြောရဦးမယ်။ သီပေါမင်းနန်း တက်တော့ အောက်ပြည် အောက်ရွာ မှာရှိတဲ့ အင်္ဂလိပ်သတင်းစာတွေမှာ ဒီ လိုရေးထားသတဲ့။ 'ယခုတက်သော မင်းသည် ဧရာဝတီမြစ်ကိုပင် မမြင်ဘူး ချေ' တ။ဲ့ တို့ဘုရင်ကို အင်္ဂလိပ်တွေက အဲဒီလောက်ထိ အထင်ကြီးတာဟေ့" နားထောင်နေသော ကျောင်းသူကျောင်းသား အားလုံး၏ မျက်နှာများ ညှိုးငယ်နေကြလေတော့သည်။

"ဒါကြောင့် ပြောတာပေါ့ ကွ။ ဘုရင်လုပ်ချင်တဲ့သူဟာ ဘုရင်လို အရည်အချင်းရှိမှ ဖြစ်မယ်။ ဘုရင်လို အရည်အချင်းမရှိဘဲ ဘုရင်လုပ်ချင်တဲ့ သူတွေကြောင့် ငါတို့တိုင်းပြည် ဒီက နေ့အထိ ဒီလိုဒုက္ခတွေ တွေ့တွေ့နေရ တာဟေ့။ ဟုတ်ပလား"

"ဘုရင်တစ်ယောက်ရဲ့ အရည်အချင်းဆိုတာ သတ်မှတ်ချက်ရှိ လို့လား ဆရာ"

"ဘုရင်တစ်ယောက်ရဲ့ အရည်အချင်းကို အတိအကျသတ်မှတ် ထားတာတော့ ငါမဖတ်ဖူးဘူး။ ဒါပေ မယ့် စစ်တိုက်တတ်ရုံနဲ့တော့ ဘုရင်လုပ် လို့မရဘူး။ တကယ့်သတ္တိဆိုတာ လက် နက်ထဲမှာ မရှိဘူး။ တကယ့်သတ္တိဆို တာ ပညာတတ်ခြင်း၊ ဉာဏ်အမြော် အမြင်ကြီးခြင်းထဲမှာပဲ ရှိတယ်။ နိုင်ငံ တစ်နိုင်ငံရဲ့ခေါင်းဆောင်ဆိုတာ စစ်ရေး အမြင်ကြွယ်ဝနေရုံနဲ့ မပြည့်စုံနိုင်ဘူး။ စာများများ ဖတ်ရမယ်။ တတ်နိုင်ရင် အင်္ဂလိပ်လိုရေးထားတဲ့ စာပေတွေကို များများဖတ်နိုင်သူဖြစ်ရမယ်။ စာပေ ကို ချစ်ရမယ်။ ကဗျာတွေကို ခံစားတတ် ရမယ်။ အနုပညာကို မြတ်နိုးရမယ်။ နိုင်ငံတကာမှာ ကျောင်းနေဖူးရမယ်။ ဉာဏ်ပညာနဲ့ပြည့်စုံရမယ်။ နိုင်ငံခြား ဘာသာစကားကို အနည်းဆုံး ၂ ခု လောက် ကျွမ်းကျင်တတ်မြောက်ထား သင့်တယ်။ ဒါ့အပြင် တိုင်းရင်းသား တွေနဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ငါတို့နိုင်ငံမှာ တိုင်းရင်းသားစကား တတ်တဲ့သူတွေ ခေါင်းဆောင်ဖြစ်ရင် ပိုပြီးကောင်းတာပေါ့။ ဘာပဲဖြစ်ဖြစ် ခေါင်းဆောင်လုပ်ချင်တဲ့သူဟာ စာများ များဖတ်ရမယ်။ ကိုယ်ကျိုးစွန့်ရမယ်"

"သီပေါမင်းက အိန္ဒိယမှာ သေတာဆို။ ဟုတ်လား ဆရာကြီး"

"အေး ဟုတ်တယ်ကွ။ ဘုရင်ကိုသေတယ်လို့ မသုံးရဘူး။ နတ် ရွာစံတယ်လို့ သုံးရတယ်။ သီပေါမင်း က အိန္ဒိယနိုင်ငံကို ၁၈၈၅၊ ဒီဇင်ဘာ ၁၅ ရက်မှာရောက်တယ်။ ၁၉၁၆၊ ဒီဇင် ဘာလ ၁၂ ရက်မှာ နတ်ရွာစံတယ်။ မြန်မာပြည်မှာ ၂၆ နှစ်။ အိန္ဒိယမှာ ၃၁ နှစ်နေခဲ့ရတယ်။ သူ့ အသက် ၅၇ မှာ နတ်ရွာစံတယ်ပေါ့ကွာ"

"ကျွန်တော်တို့က မန္တလေး သားတွေဆိုတော့ သီပေါမင်းအကြောင်း သိပ်ပြီးသိချင်တယ် ဆရာကြီး။ ဘယ် စာအုပ်တွေရှာဖတ်ရမလဲ"

"အေး မင်းတို့ငါတို့ အဲဒီလိုမေးလို့ ဝမ်းသာတယ်။ ဆရာညိုမြရဲ့ 'ကုန်းဘောင်ရှာပုံတော်'၊ ဆရာ မြသန်းတင့်ရဲ့ 'တောင်သမန်ရွှေအင်း'၊ ပြီးတော့ အများကြီးရှိသေးတယ်။ ရှာ ဖတ်ကြည့်ကြ။ ငါလည်းသိသလောက် ပြောခွင့်ရလို့ ဝမ်းသာတယ်။ အတန်း ကူးရဦးမယ်ဟေ့။ အားလုံးမတ်တပ်ရပ် ပြီး ငါ့ကိုနှုတ်ဆက်ကြ" တစ်တန်းလုံးက မတ်တပ် ရပ်ပြီး ကျွန်တော့်ကို နှုတ်ဆက်ကြလေ တော့၏။

"မင်္ဂလာပါ ဆရာကြီး၊ ကျေးဇူးတင်ပါတယ် ဆရာကြီး" သူတို့အသံက လေးတွဲ့တွဲ့ ကြီးဖြစ်နေကြသည်။

"အေး ဒီနေ့က အင်္ဂလိပ်လို နှစ်သစ်ကူးတဲ့နေ့၊ နှစ်ဦးနေ့ပဲ မင်္ဂလာ ရှိရမယ့်နေ့၊ မင်္ဂလာရှိချင်ရင် 'မင်္ဂလာ ပါ' လို့ ရွတ်ဆိုနေရုံနဲ့ မရဘူးကွ။ ကျောင်းရဲ့ပြဋ္ဌာန်း သင်ရိုးစာတွေသာမက ပြင်ပစာပေတွေလည်းဖတ်ကြ၊ မှတ်ကြ။ ဒါမှ မင်္ဂလာရှိမှာ။ ဒါမှ မင်္ဂလာရှိတဲ့လူ ဖြစ်မှာ။ မင်္ဂလာရှိတဲ့ တိုင်းပြည်ဖြစ်မှာ။ ပညာဆိုတာ ကျောင်းသင်ရိုးထဲမှာတင် မလုံလောက် ဘူး။ လူတော်တွေဟာ သူတို့လိုချင်တဲ့ ပညာတွေကို စာတွေ ဖတ်ပြီး၊ မှတ်ပြီး၊ လေ့လာပြီးမှ ရယူကြ တယ်။ ရှာဖွေကြတယ်။ မှတ်သားကြ တယ်။ အေး...အဲဒီလိုပဲ။ တကယ့် မင်္ဂလာအစစ်ဆိုတာ အများအကျိုး ဆောင်ရွက်တာကို ခေါ်တာနော်။ တကယ့်မင်္ဂလာရှိဖို့ ကိုယ်ကျိုးစွန့်ကြ။ စာဖတ်ကြ။ ဒါဟာ နှစ်သစ်ကူးစကား လက်ဆောင်ပဲ။ မနက်ဖြန်မှာ ပြန်ဆုံ မယ်ဟေ့"။

ဦးဘုန်း(ဓာတု)    By First Music News

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...